နိုင်ငံတကာက ခရီးသွားလုပ်ငန်းဈေးကွက်မှာ ပြည်တွင်းက ပဋိပက္ခတွေကြောင့် ပုံရိပ်မကောင်းဖြစ်လာတဲ့ မြန်မာနိုင်ငံဟာ၊ ဒီဈေးကွက်ကို ပြန်လည်မြှင့်တင်နိုင်ဖို့ နည်းလမ်းကုန် စဉ်းစားဖို့ လိုလာပြီလို့ ခရီးသွား လုပ်ငန်းရှင်တွေက ပြောဆိုလာကြပါပြီ။ ဘယ်လိုနည်းလမ်းတွေဟာ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ လာအောင် လုပ်ဆောင်နိုင်မလဲဆိုတာက ဝိုင်းစဉ်းစားကြရမယ့် အချိန်ဖြစ်လာပါတယ်။
ယခု ရက်ပိုင်းအတွင်းမှာ မီးခိုးမထွက်တဲ့ လုပ်ငန်းတွေလို့ တင်စားထားတဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက် ဆက်စပ်ပြီး အပေါင်းလက္ခဏာ မဆောင်တဲ့ သတင်းတွေ မီဒီယာတွေမှာ တက်လာတာ တော်တော်များများ ဖတ်လိုက်ရပါတယ်။
ပထမသတင်းတစ်ပုဒ် ကတော့ ပြည်တွင်းက လေကြောင်းလိုင်း တချို့ ရပ်နားကြောင်း၊ လေယာဉ်ပြေးဆွဲခွင့် ဆိုင်ရာ လက်မှတ်တွေ သက်ဆိုင်ရာကို ပြန်အပ်တယ်ဆိုတဲ့ သတင်း။ နာမည်ကျော် အဲပုဂံလေကြောင်းလိုင်း (၂၀၁၆ ခုနှစ်တည်းက ပြေးဆွဲခြင်း ရပ်နားထား) နဲ့ Apex လေကြောင်းလိုင်းက လေကြောင်းလိုင်း တည်ထောင် ပျံသန်းခွင့် လိုင်စင်တွေ ပြန်အပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ လေယာဉ် မလုံလောက်မှုနဲ့ စီးပွားရေးအရ အရှုံးပေါ်တာကြောင့်လို့ သိရပါတယ်။
နောက်တပုဒ်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်က နာမည်ကြီး နန်းမြိုင်ဟိုတယ်၊ ဧရာဝတီ တိုင်းဒေသကြီးထဲက လက်ခုပ်ကုန်း ဟိုတယ်တွေကို လုပ်ကိုင်နေတဲ့ ပိုင်ရှင် ဦးဌေးအောင်ဆိုသူက သူ လုပ်ကိုင်နေတဲ့ အဲဒီ ဟိုတယ်တွေကို အစိုးရထံ ပြန်အပ်ထားပြီး ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ထဲမှာပဲ သူပိုင်တဲ့ Orchid ဟိုတယ်ကို ဒီနှစ် ဒီဇင်ဘာကစပြီးတော့ သူ့နေအိမ်အဖြစ် အသုံးပြုကာ ခရီးသည်တွေကို အခမဲ့ တည်းခိုစေမယ်လို့ မီဒီယာတွေကနေတဆင့် ထုတ်ပြောလိုက်တဲ့ သတင်းပါ။
အခုလို ပိတ်သိမ်းလိုက်တယ် ဆိုတာက တိုင်းပြည်စီးပွားရေး ကျပ်တည်း လာပြီး လုပ်ငန်းရှင်များ လုပ်ကိုင်ဖို့ မကောင်းတော့တာကို အစိုးရ သတိပြုမိစေဖို့ တမင်သူ့သဘောထားကို ပြသတာ ဖြစ်တယ်လို့ ဦးဌေးအောင်က ပြောထားပါတယ်။ ‘‘ဒီလုပ်ငန်းတွေက စီးပွားရေးအရ အရှုံးပေါ်လို့ ရပ်တာ မဟုတ်ပါဘူး။ လုပ်ငန်းလုပ်ကိုင်လို့ မကောင်းတော့လို့ ရှေ့ဆက်ပြီး ကောင်းလာမှာမဟုတ်လို့ ရပ်ပစ်တာပါ’’ လို့ သူက မီဒီယာတွေကို ပြောဆိုထားပါတယ်။
ပြည်တွင်း ခရီးသွားလုပ်ငန်းတွေရဲ့ ပြယုဂ်ဖြစ်တဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ဟိုတယ် လုပ်ငန်းတွေ တစထက်တစ ကျားကန်ပြီး ပိတ်သိမ်းသည်အထိ မဖြစ်ရအောင် ရုန်းကန်လာရတာက ဒီနှစ်မှ စတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံထဲမှာ ရခိုင်ပြည်နယ် ပဋိပက္ခတွေ ပိုမိုဂယက်ရိုက်လာတဲ့ မနှစ် ကတည်းက စတင်နေတာပါ။
ခြောက်ကပ်ကပ် ဖြစ်နေတဲ့ ဟိုတယ်တွေ၊ လူမပါသလောက် နည်းနေတဲ့ ပြည်တွင်း လေကြောင်း ခရီးစဉ် တွေဟာ တတ်နိုင်သလောက် ရုန်းကန်ရပ်တည်နေကြပေမယ့် နည်းပါးကျဆင်းလာတဲ့ ခရီးသွား အဝင်ကြောင့်လည်း ရေရှည်ကို စဉ်းစားနေကြရပြီလို့ ဒီလုပ်ငန်း အသိုင်းအဝိုင်းက ညည်းညူနေကြ သံတွေကိုလည်း ကြားနေရပါတယ်။
ပြည်တွင်း လေကြောင်းလိုင်းတချို့ဟာ ကိုယ်ပိုင်လေယာဉ် မဝယ်သေးတဲ့ကာလမှာ လေယာဉ် ငှားရမ်း ပြေးဆွဲရတာကြောင့် ခရီးသည်ပါးလာတဲ့ ကာလမှာ အထွေထွေစားရိတ် တက်တဲ့အပြင် လောင်စာဆီ ဈေးနှုန်းတွေ ကြောင့်လည်း ဆက်လက်ရပ်တည် ပြေးဆွဲနိုင်ခြင်း မရှိတော့ဘဲ လေကြောင်းလိုင်းတွေ ရပ်ဆိုင်းဖို့ အတွက် ဖိအားတွေလိုဖြစ်လာတယ်လို့ သိရပါတယ်။
ဟိုတယ် လုပ်ငန်းတွေမှာဆိုရင်လည်း မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေဟာ တိုင်းပြည်အစိုးရ ပြောင်းလဲလာပြီး ပွင့်လင်း လာတာနဲ့အမျှ နိုင်ငံတကာက ဧည့်သည်တွေ ပိုမိုဝင်ရောက် လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့အတူ ဟိုတယ်တွေ ပိုမိုတည်ဆောက် လာကြပါတယ်။ အဲဒီအတွက် အခန်းအရေအတွက်ဟာလည်း သိသာ ထင်ရှားစွာ များပြားလာပါတယ်။ ဥပမာ – ၂၀၁၁ ခုနှစ်က တနိုင်ငံလုံးမှာ စုစုပေါင်း အခန်းရေ ၁၄၂၅၂ ခန်းလောက် ကနေ ၂၀၁၈ ခုနှစ်မှာ ၃၅၇၁၂ ခန်းအထိ ဖြစ်လာပါတယ်။ အများစုကတော့ ရန်ကုန်မြို့မှာ ဖြစ်ပါတယ်။
ဒီအရေအတွက်ကို ကြည့်မယ်ဆိုရင် ၇ နှစ်အတွင်းမှာ အခန်းအရေအတွက် ၂ ဆကျော် တိုးတက်လာတာပဲ ဖြစ်ပါတယ်။ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာဆိုရင် ၂၀၁၁ ခုနှစ်က အခန်းရေ ၇၉၃၄ ခန်းသာ ရှိပေမယ့် ၂၀၁၈ မှာတော့ ၂၀၁၂၃ ခန်းအထိ ဖြစ်လာပါတယ်။ ဒါပေမယ့် ဟိုတယ်လုပ်ငန်းရှင်တွေဟာ အခန်းတွေကို နည်းမျိုးစုံနဲ့ ငှားရမ်းရဖို့ ကြိုးပမ်းနေကြရပါတယ်။
ခရီးသွားလုပ်ငန်း မဖွံ့ဖြိုးပေမယ့် ဟိုတယ်ကောင်းတွေ အများကြီး ဆောက်လုပ်ထားတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ ဆိုရင်တော့ ပြည်ပခရီးသွားတွေ အများဆုံးလာတဲ့ ကျောက်မျက်ပွဲရှိတဲ့ အချိန်တွေမှာသာ ဧည့်သည်အပြည့်ရတတ်တာကြောင့် ကျန်တဲ့ အချိန်တွေမှာ ဧည့်မျှော်ရတာဟာ ထုံးစံလိုဖြစ်နေပါတယ်။
များသောအားဖြင့် အခုလို မိုးရာသီကာလတွေဟာ နိုင်ငံခြားသား ခရီးသည်အဝင်အထွက် နည်းပါးလေ့ရှိပေမယ့် အရင်နှစ်တွေ တုန်းကတော့ ဥရောပဘက်က ခရီးသည်တွေ အဝင်အထွက် အနည်းငယ်ရှိခဲ့တာကြောင့် မိုးတွင်း ပေမယ့် သွားလာလည်ပတ်ရ ကောင်းတဲ့ ပုဂံဒေသမှာဆို ခရီးသွားတွေ အဖွဲ့လိုက် တွေ့နေရပါသေးတယ်။ ဒါပေမယ့် ဒီနှစ်တော့ သိသိသာသာကို ခရီးသည်အဝင် နည်းသွားတယ်လို့ ပုဂံဒေသခံတွေက ဆိုပါတယ်။
မြန်မာနိုင်ငံက အထင်ကရ လည်ပတ်စရာ နေရာတွေဖြစ်တဲ့ မန္တလေး၊ အင်းလေး၊ ကလော၊ ပုဂံ၊ မြိတ်ကျွန်းစု၊ ငပလီ၊ လွိုင်ကော် စတဲ့ ဒေသတွေမှာပါ ခရီးသွားအဝင်အထွက်က တော်တော်လေးကို ခြောက်ကပ် လာနေပါတယ်။ ပြည်ပခရီးသည်တွေကို အားထားနေရတဲ့ ပြည်တွင်းခရီးသွား လုပ်ငန်းတွေဟာ ဒီလို အနေအထားကို ကုစားဖို့အတွက် နည်းလမ်းပေါင်းစုံ ရှာနေကြတာကို ကြားသိနေရပါတယ်။
မကြာသေးခင်က Nature Dream ခရီးသွားလုပ်ငန်းက အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စံပယ်အောင် တင်သွင်းတဲ့ လက်ရှိ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်း အခြေအနေနဲ့ ပတ်သက်တဲ့ စာတမ်းတစောင်ကို ဖတ်ရှုလိုက်ရပါတယ်။ အချက်အလက်ပြည့်စုံပြီး ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ဖို့ နည်းလမ်းတွေကို ဖော်ပြထားတာ တွေ့ရ ပါတယ်။
အဲဒါကတော့ Feel a Real Myanmar ဆိုပြီး တကယ့် မြန်မာနိုင်ငံက လက်တွေ့အနေအထားကို အများ ပြည်သူကို ချပြဖို့ အကြံပြုထားတဲ့ စာတမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တကယ့်အစစ်အမှန်ကို ပြသဖို့အတွက် နိုင်ငံတကာက ခရီးသွားလုပ်ငန်းအေဂျင်စီတွေ၊ ခရီးသွားဆောင်းပါး ရေးသားနေသူတွေ၊ နိုင်ငံတကာမှာ ဆုတံဆိပ်မျိုးစုံ ရရှိထားတဲ့ နာမည်ကြီးသူတွေ၊ နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေ၊ ထင်ပေါ်ကျော်ကြား သူတွေကို ဖိတ်ခေါ်ပြီး အနည်းဆုံး ၃ နှစ် စီမံချက်နဲ့ ချမှတ် လုပ်ဆောင်သင့်တယ် ဆိုတာတွေပါ ပါဝင်ပါတယ်။
နိုင်ငံတကာက အပြုသဘောဆောင်တဲ့ ခရီးသွားနဲ့ သက်ဆိုင်တဲ့ မီဒီယာတွေကို Delegate တွေအဖြစ် ဖိတ်ခေါ် ပြသတာဟာ လုပ်ဆောင်သင့်တဲ့အချက် ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီအစီအစဉ်ကို ဒီနှစ်မှာပဲ စပြီးအကောင်အထည် ဖော်မယ်ဆိုရင် လာမယ့် အောက်တိုဘာလ လောက်ကနေ စတင်ပြီး အကောင်အထည် ဖော်သင့်တယ်လို့ သူက အကြံပြုထားပါတယ်။ ဒီအချိန်က ခရီးသွားရာသီဖြစ်တဲ့ အပြင် ဧည့်လည်း အရမ်းမများသေး တာမို့ ဖိတ်ခေါ်သင့်တာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ပြန်လည် ဝေငှ ရေးသားဖော်ပြမယ့်သူတွေ ပါရှိလာခြင်းက ပိုမိုကောင်းမွန်တဲ့ အနေအထား တရပ်ကို ဖန်တီးနိုင်မယ်လို့လည်း ယူဆထားပါတယ်။
အာဆီယံနိုင်ငံတွေမှာလည်း သူတို့နိုင်ငံရဲ့ အလှအပတွေကို ဆွဲဆောင်နိုင်ဖို့ရာ ဒီလိုမျိုးလုပ်ဆောင် ပေးနိုင်သူတွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ဖိတ်ခေါ်ပြီး ပြသလေ့ ရှိပါတယ်။ ဒါဟာ အောင်မြင်တဲ့ အစီအစဉ်တခုလည်း ဖြစ်တယ်လို့ သူက ယူဆပါတယ်။ ငွေကြေး သုံးစွဲဖို့ လိုတယ်ဆိုပေမယ့် ဒီပမာဏဟာ ရေရှည်အတွက်ဆိုရင်တော့ သုံးသင့်တယ်လို့လည်း သုံးသပ်ပါတယ်။
အဓိကအားဖြင့် မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေဟာ နိုင်ငံတကာမှာ ဆိုးရွားတဲ့ ပုံရိပ်အဖြစ် ထင်နေတာကြောင့် အလားအလာ ကောင်းမွန်ခဲ့တဲ့ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းဟာ ဒီနှစ်တွေ ထဲမှာ ဗြုန်းဆို အနုတ်လက္ခဏာဆောင်တဲ့ အသွင်ဖြစ်သွားရတာကို ချေဖျက်ဖို့ဖြစ်ပါတယ်။
ဖတ်ရှုရတဲ့ စာတမ်းမှာဆိုရင် ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေကို ကိုးကားပြီး ကျဆင်းသွားတဲ့ ခရီးသွားများရဲ့ နှုန်းထားကို ရာခိုင်နှုန်းနဲ့ ဖော်ပြထားပါတယ်။
အကြမ်းဖျင်း ပြောရရင်တော့ ကနေဒါလူမျိုး (၅၅ ရာခိုင်းနှုန်းကျဆင်း)၊ ဂျာမန် (၃၃ ရာခိုင်နှုန်းကျဆင်း)၊ ပြင်သစ် (၂၉ ရာခိုင်နှုန်းကျဆင်း)၊ အင်္ဂလိပ် ခရီးသွား (၂၂ ရာခိုင်နှုန်းကျဆင်း) တာမျိုးတွေဖြစ်ပါတယ်။
ဥရောပခရီးသွားတွေ ကျဆင်းတာဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ အလားတူပဲ ဂျပန်ခရီးသွားတွေ ရုရှား၊ စပိန်၊ အီတလီလူမျိူး ခရီးသွားတွေဟာလည်း အနည်းဆုံး ၁၀ ရာခိုင်နှုန်းစီ ကျဆင်းနေပါတယ်။
ဥရောပ ခရီးသွားတွေဟာ များသောအားဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းမှာ အရေးပါကြတဲ့သူတွေအဖြစ် ပါဝင်နေပါတယ်။ သူတို့ အဝင်ကျဆင်းရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေး၊ လူမျိုးရေးပြဿနာရပ်တွေဟာ အဓိကဖြစ်နေပါတယ်။ ပဋိပက္ခတွေကြောင့် ပြည်တွင်းရေးမတည်ငြိမ်တဲ့ နိုင်ငံအဖြစ် သတ်မှတ်ပြီး ဆိုင်ရာနိုင်ငံတွေကိုက မြန်မာနိုင်ငံကို သွားလာလည်ပတ်ရ ကောင်းမွန်၊ လုံခြုံမှု မရှိလို့ သတ်မှတ်ထားခြင်းက ဆိုးဝါးလာစေတဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းကို လောင်စာထည့်ပေးသလိုပါပဲ။
ဒီလိုလျော့နည်းလာတဲ့ အကျိုးဆက်ကတော့ ဟိုတယ်လုပ်ငန်းတွေ၊ ပို့ဆောင်ရေးလုပ်ငန်းတွေကိုပါ ဆက်တိုက် ထိခိုက်လာတာပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ကျားကန်ရပ်တည်နေရတဲ့ အချိန်ကာလအတွင်း လုပ်ငန်း မပိတ်သိမ်း ရလေအောင် တတ်နိုင်သမျှ ကုန်ကျစရိတ်တွေ လျှော့ချလာကြပါတယ်။ ဥပမာအားဖြင့် လူ့အရင်းအမြစ်ကို အခြေခံ လုပ်ဆောင်နေရတဲ့ ဟိုတယ် လုပ်ငန်းမှာဆိုရင် ဝန်ထမ်းလျှော့ချမှုတွေ လုပ်ဆောင် ကြရတယ်လို့ သိရပါတယ်။
ခြုံပြောရရင် ခရီးသွားလုပ်ငန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဈေးကွက်အတွင်းမှာ ဧည့်ဝင် နည်းပါးမှုရဲ့ ပြဿနာတွေကို သိသိသာသာ ခံစားနေကြရတယ်လို့ ဆိုပါတယ်။
ဒေါ်စံပယ်အောင်ရဲ့ စာတမ်းအရဆိုရင် ဥရောပက ထိပ်တန်း ခရီးသွားကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက ခရီးစဉ်တွေကို သူတို့ရဲ့ ခရီးသွားဝက်ဘ်ဆိုက်တွေ၊ ခရီးသွား စာအုပ်တွေကနေတဆင့် ဖြုတ်ပစ်နေကြတယ် လို့လည်းဆိုပါတယ်။
“အာရှခရီးသွားတွေ ဈေးကွက်ကတော့ တည်ငြိမ်ပါတယ်။ တရုတ်ခရီးသွားတွေ အဝင်က ပိုများလာပေမယ့် နိုင်ငံရဲ့ဝင်ငွေကို သိသိသာသာ တိုးလာစေတာတော့ မဟုတ်ဘူး” လို့ ဒေါ်စံပယ်အောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လေကြောင်းလိုင်းတွေကနေ ဝင်လာတဲ့ ခရီးသွားတွေထက် နယ်စပ်ဝင်ပေါက်တွေကနေ ဝင်လာတဲ့ ခရီးသွားပမာဏ ပိုမိုများပြားတယ် ဆိုတာကို ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ကြည့်ရင် သိသာပါတယ်။ ဥပမာအားဖြင့် ဒီနှစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ အချက်အလက်တွေထဲမှာ လေကြောင်းက လာသူဦးရေ ၅၆၅၁၀၃ ရှိရင် နယ်စပ်ဝင်ပေါက်ကနေ ဝင်ရောက်လာသူဦးရေဟာ ၈၉၅၇၉၉ ဦးရှိပါတယ်။ ဆိုလိုတာက ပမာဏဟာ နှစ်ဆနီးပါး ကွာဟနေတာ တွေ့ရမှာဖြစ်ပါတယ်။
ဒီပမာဏတွေဟာ ကာလတူနှိုင်းယှဉ်ချက် လုပ်မယ်ဆိုရင် မနှစ်က ၂၀၁၇ ဇန်နဝါရီလကနေ မေလအထိ ရခဲ့တဲ့ စာရင်းမှာပဲ နည်းနေတာ တွေ့ရမှာပါ။ မနှစ်က ၅ လအတွင်း စုစုပေါင်း ခရီးသွား ၁ ဒသမ ၅ သန်းကျော် ဝင်နေချိန်မှာ ဒီနှစ် ကာလတူ ၅ လစာကတော့ ၁ ဒသမ ၄ သန်းပဲ ရှိပါတယ်။ ၂၀၁၇ ခုနှစ် တနှစ်လုံးစာ ဆိုရင်တော့ လေကြောင်း၊ ရေကြောင်းနဲ့ နယ်စပ်ဝင်ပေါက်ကနေ ဝင်ရောက်လာသူ စုစုပေါင်း ၃ ဒသမ ၃၄ သန်းရှိပါတယ်။
ဒီနှစ်အတွက်ကတော့ ဒီပမာဏကို မီဖို့ဆိုတာ ခက်ခဲမယ်လို့ ခရီးသွားလုပ်ငန်းတွေက ခန့်မှန်းထားကြပါတယ်။ ဒီအတွက် နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး ဈေးကွက် ပုံရိပ်ကို မြှင့်တင်နိုင်ဖို့နည်းလမ်းတွေ စဉ်းစားနေကြတာပဲဖြစ်ပါတယ်။
Feel a Real Myanmar လို့ ခေါင်းစဉ်တပ်ရမယ့် တကယ့်လက်တွေ့ မြန်မာနိုင်ငံအခြေအနေကို ပြည်ပက ခရီးသွားတွေ ခံစားသိရှိဖို့အတွက် ဒီအစီအစဉ်ကို ချမှတ်ဆောင်ရွက်မယ်ဆိုရင် တနည်းအားဖြင့် ခေါင်းငိုက်ကျ နေတဲ့ ဈေးကွက်ပုံရိပ်ကို မြှင့်တင်နိုင်လိမ့်မယ်လို့ ဒေါ်စံပယ်အောင်က မျှော်မှန်းထားပါတယ်။
ခရီးသွားတွေအတွက် ဆွဲဆောင်ရာ မြန်မာနိုင်ငံရဲ့ နာမည်ကျော် နေရာတွေမှာ သဘာဝအလှအပတွေကို ပြသပြီးတော့ ဖော်ရွေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ချစ်စဖွယ်ဧည့်ခံမှုတွေ၊ တိုင်းရင်းသား ဒေသတွေအကြောင်းနဲ့ အချင်းချင်း မတူကွဲပြားမှုတွေကြားက အတူတကွ နေထိုင်ရှင်သန်နေတာတွေကို နိုင်ငံတကာကို ပြသဖို့ အချိန် ရောက်နေပြီလို့ ဆိုပါတယ်။
ဒေါ်စံပယ်အောင် အကြံပြုသလိုပဲ မြန်မာနိုင်ငံမှာ တကယ့်ကို ဖော်ထုတ်ရမယ့် ခရီးသွားနေရာသစ်တွေအပြင်၊ ထပ်မံပြီးတော့ ပိုမိုသာလွန် ကောင်းမွန်တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ မာစတာပလန်ကို ထပ်မံ ပြင်ဆင် ဖြည့်စွက်လုပ်ဖို့လည်း အစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ လိုမယ်လို့ ထင်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ Tourism Master Plan အရ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံခြားသားအဝင် ၇ ဒသမ ၅ သန်းရှိရမယ်လို့ မျှော်မှန်းထားတဲ့ မျှော်မှန်းချက်ဟာ နောက် ၂ နှစ်အတွင်း ဖြစ်လာပါ့မလား။
မျှော်မှန်းချက်နဲ့ ကိုက်ညီအောင် နောက်ထပ် ၂ ဆကျော် ခရီးသွားဦးရေတွေ ဝင်ရောက်လာဖို့ကတော့ တိုင်းပြည်ငြိမ်သက် အေးဆေးပြီး နိုင်ငံရေးတည်ငြိမ်ဖို့က ရာခိုင်နှုန်းအတော်များများ အရေးပါနေပါတယ်။ မီးခိုး မထွက်တဲ့ စက်ရုံတွေကနေ ဝင်ငွေထပ်ရှာဖို့ကတော့ အစိုးရနဲ့ လုပ်ငန်းရှင်တွေ အခုထက် ပိုအလုပ်လုပ်ပြီး နည်းလမ်း ကောင်းတွေရှာမှ ရမယ်လို့ သုံးသပ်လိုက်ပါတယ်။