လူနည်းစုနဲ့ တိုင်းရင်းသား အဓိပ္ပါယ် ဖွင့်ဆိုချက်ချင်း မတူပါ
၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်မြောက် အစည်းအဝေး ကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် လက်မှတ်ထိုးထားခြင်းမရှိသည့် အဖွဲ့အစည်းများပါ စုံလင်စွာတက်ရောက်ခဲ့ကြသည် ဖြစ်သော်လည်း အရေးပါသည့်ခေါင်းစဉ် အကြောင်းအရာ တခုဖြစ်သည့် တိုင်းရင်းသား အခွင့်အရေးကိစ္စအား ထည့်သွင်းဆွေးနွေးခွင့် မရခဲ့ကြ။ ယခုတကြိမ် အစည်းအဝေးအနေဖြင့် နိုင်ငံ၏ ရှည်လျှားသည့် လက်နက်ကိုင် ပဋိပက္ခ၏ အဓိက အရင်းအမြစ်တခုဖြစ်သည့် ကိစ္စရပ်ကို ထည့်သွင်းဆွေးနွေး ညှိနှိုင်းကြရန် အခွင့်အရေးတခု နစ်နာသွားခဲ့ရပါပြီ။
ညီလာခံ မတိုင်မီ ဇူလိုင်လ ၄ ရက် မှ ၆ ရက် ထိ ပြုလုပ်ခဲ့သည့် UPDJC အစည်းဝေးတွင် ဤအကြောင်းအရာ ကိစ္စရပ်အား ငြိမ်းချမ်းရေး ညီလာခံ၏ နိုင်ငံရေးကဏ္ဍ ခေါင်းစဉ် အောက်၌ ထည့်သွင်းဆွေးနွေးနိုင်ရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့ရာတွင် တိုင်းရင်းသား လူနည်းစု နှင့် အခြားလူနည်းစု ဆိုသည့် ဝေါဟာရ တို့အပေါ် အဓိပ္ပါယ် ဖွင့်ဆိုမှု အပိုင်း၌ အကြိတ်အနယ် ဆွေးနွေးငြင်းခုံခဲ့ရသည့် အခြေအနေကြောင့် ညီလာခံတွင် ထည့်သွင်းဆွေးနွေးခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ၏ ဖြေကြားချက်မှ တဆင့် သိခဲ့ရသည်။ ထို့ကြောင့် နိုင်ငံရေး ကဏ္ဍ အောက်တွင် ကျား၊မ တန်းတူညီမျှရေး ကိစ္စတခုသာ ပါဝင်ခဲ့သည်။
ယခုဆောင်းပါးတွင် အဆိုပါ ကိစ္စရပ်နှင့် စပ်လျှဉ်း၍ လူနည်းစုနှင့် တိုင်းရင်းသား (ဝါ) ဌာနေတိုင်းရင်းသား အုပ်စု နှစ်ခု တို့၏ မတူကွဲပြားသည့် သဘောသဘာဝကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ နှင့် စံနှုန်းများ ရှုထောင့် မှ စာရေးသူ ဆွေးနွေးပါမည်။
နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် စံနှုန်းများ အရဆိုလျှင် လူနည်းစုနှင့် တိုင်းရင်းသား (ဝါ) ဌာနေတိုင်းရင်းသား အုပ်စု နှစ်မျိုးတို့သည် ကွဲပြားမှုရှိသလို ၎င်းတို့၏ အခွင့်အရေးများမှာလည်း ကွဲပြားခြားနားသည့် သဘောသဘာဝများကို တွေ့ရှိရသည်။ လူနည်းစုနှင့် ဌာနေတိုင်းရင်းသား လူမျိုးများ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များမှာ တူညီမှု မရှိကြပါ။ လူနည်းစုများ၏ အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်းနှင့် ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း ဟူ၍ ကြေညာစာတမ်းနှစ်မျိုး သီးခြား ရှိကြပါသည်။
လူနည်းစုများ၏ အခွင့်အရေးများဆိုင်ရာ ကြေညာ စာတမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ ၁၉၉၂ ခုနှစ်တွင် သဘောတူချ မှတ်ခဲ့ကြသည်။ Declaration on the rights of persons belonging to National or Ethic, Religious and Linguistic Minorities ဖြစ်သည်။ အမျိုးသားအဆင့် ဆိုင်ရာ (သို့) လူမျိုးစု၊ ကိုးကွယ်ရာ ဘာသာရေးနှင့် ဘာသာစကားဆိုင်ရာ လူနည်းစုဝင်များ၏ အခွင့်အရေးများ ဆိုင်ရာ ကြေညာစာတမ်း ဟု ဘာသာပြန်ဆိုလျှင် သင့်မြတ်မည် ထင်ပါသည်။ ဤဆောင်းပါး၌ လူနည်းစုများ၏ အခွင့်အရေးများ ဆိုင်ရာ ကြေညာစာတမ်းဟု ဆက်လက် သုံးနှုန်းသွားပါမည်။ ဤစာတမ်းအရ လူနည်းစုများ ကို သတ်မှတ်ရာတွင် လူမျိုးစု ၊ ယဉ်ကျေးမှု၊ ဘာသာရေး နှင့် ဘာသာစကား စသည့် လက္ခဏာ များအပေါ် အခြေခံ၍ သတ်မှတ်သည်ကို တွေ့ရသည်။
သို့ရာတွင် မည်သည့် အုပ်စုများ အနေဖြင့် လူနည်းစု ဖြစ်ကြောင်း၊ မဖြစ်ကြောင်းကို နိုင်ငံတကာမှ အားလုံးလက်ခံ သဘောတူသည့် တစ်ခုတည်းသော အဓိပ္ပါယ်ဖွင့် ဆိုချက် ကနေ့ ထိ မရှိသေးပါ။ သို့ရာတွင် ကုလသမဂ္ဂအနေဖြင့် လူနည်းစု ဝေါဟာရနှင့် ပက်သက်လျှင် အဆိုပါ ကြေညာစာတမ်း၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ရည်ညွှန်းကိုးကားလေ့ ရှိပါသည်။
တိုင်းရင်းသား (ဝါ) ဌာနေတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration on the rights of Indigenous Peoples) ကို ကုလသမဂ္ဂ အထွေထွေညီလာခံမှ ၂၀၀၇ ခုနှစ်တွင် အတည်ပြုပြ ဌာန်းခဲ့သည်။ လူနည်းစုများ၏ အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း အတည်ပြုပြီး ၁၅ နှစ် ကြာပြီးနောက် ပေါ်လာခြင်းဖြစ်သည်။ Indigenous peoples ကို စာရေးသူ အနေဖြင့် တိုင်းရင်းသား (ဝါ) ဌာနေတိုင်းရင်းသား လူမျိုးများ ဟု ဘာသာပြန်ဆိုပါမည်။ ရှေ့ဆက်၍ ဤဆောင်းပါးတွင် တိုင်းရင်းသား ဟုသာ ရေးသားသုံးနှုန်းသွားပါမည်။
လူနည်းစု ကိစ္စမှာကဲ့သို့ပင် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ပက်သက်၍ အငြင်းပွါးစရာ ၊ မေးခွန်းထုတ်စရာ များရှိနေဆဲဖြစ်ပြီး တကမ္ဘာလုံးမှ သဘောတူလက်ခံထားသည့် တခုတည်းသော အဓိပ္ပါယ် ဖွင့်ဆိုချက် မရှိသေးပါ။ သို့ရာတွင် အများဆုံးလက်ခံ ကျင့်သုံးသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်အရ တိုင်းရင်းသား လူမျိုးများဆိုသည်မှာ ကိုလိုနီခေတ်မတိုင်မီ (သို့) နိုင်ငံနယ်နိမိတ်သတ်မှတ်မှု မပြုမီ ကပင် မှီတင်းနေထိုင် လာခဲ့ကြသည့် လူမျိုးများမှ ဆင်းသက်လာသည့် မျိုးဆက် များကိုဆိုလိုသည်။
သူတို့တွင် ကွဲပြားခြားနားသည့် လူမှုရေး၊စီးပါွးရေး နှင့် နိုင်ငံရေး စနစ်များ၊ ယဉ်ကျေးမှု နှင့် ယုံကြည်မှုများ ရှိကြပြီး ယင်းသွင်ပြင်လက္ခဏာများကို ထိန်းသိမ်း ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုသည့် ဆန္ဒရှိကြသည်။ တိုင်းရင်းသားလူမျိုးများတွင် သူတို့၏ ဘိုးဘွားစဉ်ဆက် နယ်မြေများ နှင့် သဘာ၀ အရင်းအမြစ်များ အပေါ်တွင် ခိုင်မာသည့် ငြိတွယ်မှု ကိုလည်း တွေ့ရှိရသည်။ လွှမ်းမိုးနိုင်မှု အားနည်းသည့် အုပ်စု ဖြစ်ပြီး သူတို့ကိုယ် သူတို့ တိုင်းရင်းသားများအဖြစ် သတ်မှတ်ခံယူကြသူများဖြစ်သည်။
ဤအဓိပ္ပါယ် ဖွင့်ဆိုချက်ကိုကြည့်လျှင် တိုင်းရင်းသားလူမျိုးစု တို့မှာ သူတို့၏ ဘိုးဘွားစဉ်ဆက် နယ်မြေပိုင်ဆိုင်မှု ၊ သဘာ၀ သယံဇာတအရင်းအမြစ် တို့နှင့် ခွဲခြားမရသည့် ဆက်စပ်မှုကို တွေ့ရှိရပါသည်။ မြေ၊ ပိုင်ဆိုင်မှု နယ်နိမိတ် နှင့် အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးတို့ကို တိုင်းရင်း သားတို့၏ ရပိုင်ခွင့်များအဖြစ် ကြေညာစာတမ်း တွင် ရှင်းလင်းစွာ ပြဌာန်းထားပြီး ဤရပိုင်ခွင့်များ အတွက် အကာအကွယ်များစွာ ပြဌာန်းပါရှိသည်။ လူနည်းစု ကြေညာစာတမ်းတွင် ဤအချက်များ ပြဌာန်းထားခြင်းမရှိပေ။
လူနည်းစု အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း မှာ တိုတောင်းလျှက် အပိုဒ် (၉) ပိုဒ် သာပါဝင်ပြီး ဌာနေတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း မှာ ပိုမိုရှည်လျားပြီး အပိုဒ် (၄၆) ပိုဒ် အထိဖော်ပြထားသည်ကို တွေ့ရပါသည်။
ဤကြေညာစာတမ်း နှစ်ခု၏ အက္ခရာကျသည့် ကွဲပြားခြားနားမှု နောက်တခုမှာ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့် (right to self-determination) ဖြစ်သည်။ ဤအခွင့်အရေးအား တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကြေညာစာတမ်း တွင်သာ အသိအမှတ်ပြုပြဌာန်းထားပါသည်။ လူနည်းစု အခွင့်အရေးကြေညာစာတမ်းတွင် ဤအခွင့်အရေးအား သတ်မှတ်ပြဌာန်းထားခြင်းမရှိပါချေ။
အဆိုပါ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးဆုံးဖြတ်ပိုင်ခွင့်အရ တိုင်းရင်းသားလူမျိုးများအနေဖြင့် သူတို့၏ နိုင်ငံရေး ပုံစံ အခြေအနေ၊ စီးပါွးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ဖွံ့ဖြိုးမှုတို့ ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ကို တွေ့ရပါသည်။ ဤအခွင့်အရေးအား ကျင့်သုံးအကောင်အထည်ဖော်ရာတွင် ကိုယ်ပိုင် ပြဌာန်းအုပ်ချုပ်ခွင့် (autonomy or self-government) ဆိုင်ရာ အခွင့်အရေးများ ရှိကြောင်းလည်း ပြဌာန်းထားပါသည်။
ဤသက်ဆိုင်ရာ ကြေညာစာတမ်းနှစ်ခုကို ကြည့်ခြင်းဖြင့် တိုင်းရင်းသား လူမျိုးများ နှင့် အခြားလူနည်းစုများ၏ အခွင့်အရေး သဘောသဘာဝများမှာ များစွာကွဲပြားမှု ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေးများကို လေးစားလိုက်နာရန်၊ အကာအကွယ်ပေးရန်နှင့် ဖြည့်ဆည်း အကောင်အထည်ဖော်ရန် တာဝန်ဝတ္တရားများ ရှိနေပါသည်။ ဤ လူ့အခွင့်အရေးတာဝန် ဝတ္တရားများသည် ကုလသမဂ္ဂပဋိဉာဉ် စာချုပ်၊ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များနှင့် အထွေထွေ နိုင်ငံတကာ ဥပဒေများနှင့် နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေများ အရ ရှိနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အချို့သော နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များကို သဘောတူ လက်ခံထားသည့် နိုင်ငံတနိုင်ငံလည်း ဖြစ်သည်။
ထိုလူ့အခွင့်အရေး သဘောတူ စာချုပ်များထဲမှ တစ်ခုဖြစ်သည့် (International Covenant on Economic, Social and Cultural Rights) စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် ကို ၂၀၁၇ နှစ်တွင် အကောင်ထည်ဖော်လိုက်နာကျင့် သုံးရန် အတည်ပြုလက်ခံ ခဲ့ပါသည်။ တိုင်းရင်းသားတို့၏ အခွင့်အရေးတခုဖြစ်သည့် ကိုယ့် ကြမ္မာကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့်သည် ဤစာချုပ်တွင် ပါရှိသည့် ပြဌာန်းချက်တခုလည်း ဖြစ်သည်။
နိဂုံးချုပ်ဆိုရလျှင် လူနည်းစုနှင့် တိုင်းရင်းသား အခွင့်အရေးကိစ္စများကို တတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံ အစည်းဝေး၌ ဆွေးနွေးခွင့်ကို လက်လွှတ်ခဲ့ကြရပါပြီ။ သို့ရာတွင် ယခု ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အနေဖြင့် ရေရှည်တံ့သည့် ငြိမ်းချမ်းရေးအစစ်အမှန်ကို ရည်မှန်းရှုမျှော်သည်ဆိုပါက တိုင်းရင်းသား အခွင့်အရေး၊ လူနည်းစု အခွင့်အရေး ကိစ္စတို့အား မလွဲမသွေ ဆွေးနွေးညှိနှိုင်းကြရပေမည်။ ထိုသို့ ဆွေးနွေးအဖြေရှာကြရာတွင် သက်ဆိုင်ရာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများကို ထည့်သွင်းစဉ်းစား အဖြေရှာရန် အခွင့်အလမ်းများရှိနေကြောင်း စာရေးသူ ရှုမြင်မိပါသည်။
(ဟေမာန်ဦးသည် လူ့အခွင့်အရေး သုတေသီ တဦးဖြစ်ပြီး ဗြိတိန်နိုင်ငံ Essex တက္ကသိုလ်တွင် Master in Theory and Practice of Human Rights ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပါသည်။)