ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု

David I. Steinberg
၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ ရက် ရန်ကုန်တွင် ပြုလုပ်သော ဘာသာပေါင်းစုံ ဆုတောင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ကိုင်ဆောင်ထားသူများ / Reuters
Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာမှ အပြုသဘောဆောင်သည့် ပုံရိပ်တခု (ကမ္ဘာလုံး အတိုင်းအတာဖြင့် ကျော်ကြားမှုနှင့် ချီးကျူးထောက်ခံမှု မှတဆင့် ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော ပုဂ္ဂိုလ်ရေးအရ ယုံကြည်ကိုးစားမှု တခု) ပျက်စီးလာနေသည်ကို အနောက် ကမ္ဘာက မတားဆီးနိုင်ဘဲ မြင်တွေ့နေရသည်။

သူက အားနည်းသူတယောက် အသွင်ရှိသော်လည်း ဆုံးဖြတ်ချက် ခိုင်မာခြင်း၊ အာဏာရှင် စစ်အုပ်ချုပ်ရေးတခုကို ဆန်ကျင်သည့် ဒီမိုကရေစီ သဘောတရားများကို စံနမူနာပြခြင်း၊ ထောက်ခံခြင်း တို့အတွက် ဆယ်စုနှစ် တခုခွဲကြာ နေအိမ် အကျယ်ချုပ်ဖြင့် နေခဲ့ရသူဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ၏ ဒီမိုကရေစီ ပုံရိပ်တခုအဖြစ် သိထားခဲ့ကြသည်။

သူယုံကြည်သည့် ဒီမိုကရေစီအတွက် သူ၏ မိသားစုကို အဆုံးရှုံးခံခဲ့သည်။ ယခုအခါတွင် နိုင်ငံတကာ အဖွဲ့အစည်း အမျိုးမျိုးက သူ့ကို ပေးအပ်ထားသော သူတို့၏ ဆုများကို ရုပ်သိမ်းခဲ့ကြသည်။ အချို့ က သူ၏ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပြန်လည်ရုပ်သိမ်းရန် မညှာမတာ တောင်းဆိုခဲ့ကြသည်။ ယခင်က သူ့ကို ထောက်ခံခဲ့သည့် ထင်ရှား ကျော်ကြားသူများကလည်း သိသိသာသာပင် နှုတ်ဆိတ်နေခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုပုံရိပ်ကို ထိရောက်စွာ အသုံးပြုခဲ့သော်လည်း ဒီမိုကရေစီ ပုံရိပ်တခု မဖြစ်ချင်ကြောင်းနှင့် ပုံရိပ်ကို ဖန်းတီးခဲ့ခြင်း မရှိကြောင်း မကြာခဏဆိုသလို ပြောကြားခဲ့သည်။ ၎င်းအစား သူသည် မြန်မာ နိုင်ငံရေသမားတဦးသာ ဖြစ်သည်ဟု ဆိုသည်။ လက်တွေ့တွင် သူက ၂ ခုလုံး ဖြစ်နေသော်လည်း အတွင်းမှ ဖိအားဖြစ်သည့် သိမ်မွေ့ သော နိုင်ငံရေး အခန်းကဏ္ဍက သူ၏ နိုင်ငံတကာမှ အမွေအနှစ်ကို ထိရောက်စွာ ဖျက်ဆီးခဲ့သည်။

သူ၏ နိုင်ငံရေး ဦးဆောင်မှုနှင့် လုပ်ဆောင်ချက်များမှာ တပ်မတော်က နိုင်ငံ၏ ဗျူရိုကရေစီ စနစ်ကို ဒေသအဆင့်အထိ ဆက်လက် ထိန်းချုပ်ထားခြင်းနှင့်အတူ ဆိုးဆိုးရွားရွား ဘောင်ခတ်ခြင်း ခံထားရသည်။ သူနှင့် သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့သည် ဥပဒေပြုခွင့် အကန့်အသတ်ဖြင့် ရှိနေသော်လည်း တပ်မတော်ကို ဆန့်ကျင်ရန် ထိရောက်သည့် အာဏာ မရှိပါ။ သူနှင့် တပ်မတော်တို့ကြားတွင် ယုံကြည်မှုမရှိခြင်းကြောင့် သူက ထိရောက်သော နိုင်ငံရေးသမားတယောက် မဖြစ်ခဲ့ပါ။ မဖြစ်နိုင်ခဲ့ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အမြင့်ဆုံး အဆင့်တွင် ယုံကြည်မှု ကင်းမဲ့နေပါသည်။

နိုင်ငံတကာ၏ မုန်းတီးမှု တိုးလာခြင်း၏ အဓိက အကြောင်းမှာ မြန်မာနိုင်ငံ အနောက်ပိုင်းမှ လူနည်းစု ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် ပြုမူဆက်ဆံမှု ဖြစ်သည်။ မြန်မာ အစိုးရက သူတို့ကို ထိုအမည်ဖြင့် ခေါ်ရန် ညင်းဆန်ခဲ့ပြီး သူတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်သွားသင့်သော နိုင်ငံခြားသား ဘင်္ဂလီများဟု များသောအားဖြင့် ရည်ညွှန်း ခေါ်ဝေါ်ခဲ့သည်။ မြန်မာနိုင်ငံက ၎င်းတို့၏ တရားဝင် တိုင်းရင်းသား လူမျိုးတခုအဖြစ် သတ်မှတ်ခြင်း မရှိပါ။ ထို့ကြောင့် မွေးရာပါ နိုင်ငံသား ဖြစ်ခွင့်ရှိသူများအဖြစ် ထည့်သွင်း စဉ်းစားခြင်း မခံရပါ။

မီဒီယာအပေါ်တွင်လည်း ဥပဒေအရ ကန့်သတ်ထိန်းချုပ်သည့် အခြား မကောင်းသော အတိတ်နမိတ်များ ရှိနေသည်။ နိုင်ငံ၏ မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အချိန်တွင် အာဏာရှင်ဆန်သော အပြုမှုများကလည်း တိုးလာနေသည်။

ထိုကဲ့သို့ စိတ်ပျက်ဖွယ်ရာ အခြေအနေတွင် ရိုဟင်ဂျာ ကိစ္စ၌ ယုံတမ်းစကားများ၊ ထင်ယောင်ထင်မှားမှုများနှင့် လက်တွေ့ အရှိတရားတို့ တပြိုင်နက်တည်း ယှဉ်တွဲ တည်ရှိနေခြင်းက တင်းမာမှုများကို ပိုဆွပေးနေသည်။ လေ့လာ စောင့်ကြည့်သူများကို ဝေဝါး ရောထွေးစေသည်။ အဖြစ်မှန်မှာ အဆိုပါ နိုင်ငံမဲ့များသည် အာရှတွင် အဆင်းရဲဆုံးနှင့် အခြိမ်းခြောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံက သဘောမကျသလို ဘင်္ဂလားဒေ့ရှ် ကလည်း မလိုချင်ပါ။

ခေတ်သစ် ရွှေ့ပြောင်း အခြေချမှုကို ထည့်မတွက်ဘဲ ဒေသတွင်းတွင် သူတို့ ရာစုနှစ်နှင့် ချီ၍ ရှိခဲ့သည်ဟု သူတို့က ယူဆခြင်းနှင့် သူတို့ အများစုသည် လတ်တလောတွင် တရားမဝင် ရွှေ့ပြောင်းအခြေချလာသူများ ဖြစ်ကြ၍ နိုင်ငံသား အဆင့်အတန်း မပေးသင့်ဟု အစိုးရပိုင်းက ထင်ယောင်ထင်မှားရှိခြင်းများက ယုံတမ်းစကားများနှင့် သက်ဆိုင်နေသည်။ ၂ ဘက်လုံးတွင် ဖန်တီးထားသော ဇာတ်ကြောင်းများဖြင့် ရောနေသည်။ မြန်မာနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ ဖိနှိပ်မှုကို ခံခဲ့ရသည့်အတွက် အချို့က နိုင်ငံတကာ၏ အကူအညီနှင့် စာနာထောက်ထားမှုကို မျှော်ကိုးပြီး သနားစဖွယ် အဆင့်အတန်း ရယူခဲ့ကြသည်။

ရိုဟင်ဂျာ ၆၆၀၀၀၀ ခန့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ၆၀၀၀ ကျော် အသတ်ခံခဲ့ရသည် သို့ မဟုတ် သေဆုံးခဲ့ရသည်ဟု ဆိုကြသည်။ ကျေးရွာများ ဒါဇင်နှင့်ချီ၍ မီးလောင်ခဲ့သည်။ ဘေးဒုက္ခ၏ ဒဏ်ရာက အားလုံးကို သက်ရောက်ခဲ့သည်။ ထိုအဖြစ်ဆိုးကို နိုင်ငံတကာ အာဏာပိုင်များနှင့် အေဂျင်စီများက အတည်ပြုခဲ့ကြသည်။ နှုတ်ဆိတ်နေခဲ့အပြီး ၁ လ ခန့်ကြာသောအခါ အမေရိကန် နိုင်ငံခြားရေးဌာနက ထွက်ပြေးမှုကို “လူမျိုးဖြုတ် သုတ် သင်ခြင်း” ဟု ခေါ်ဆိုခဲ့သော်လည်း အချို့ လေ့လာစောင့်ကြည့်သူများက “လူမျိုးတုန်း သတ်ဖြတ်မှု” ဟု ဖော်ပြစွပ်စွဲ ခဲ့ကြသည်။

စွပ်စွဲမှု အများစုကို မြန်မာ့တပ်မတော်က ညင်းဆန်ခဲ့သည်။ ရိုဟင်ဂျာကိစ္စက မြန်မာနိုင်ငံတွင် ပြည်ထွက်နေသော အနာ တခု ဖြစ်ခဲ့သော်လည်း သေးငယ်ရာမှ ကြီးထွားလာခဲ့သည့် ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ်မတော် (ARSA) ၏ ၂၀၁၇ ခုနှစ် သြဂုတ်လ တိုက်ခိုက်မှုက ၎င်းတို့ကို အမျိုးသား လုံခြုံရေး ပြဿနာတခု အဖြစ် သဘောထားသည့် မြန်မာ့တပ်မတော်၏ ပြင်းထန်သော တုန့်ပြန်မှုကို ပေါ် ပေါက်စေခဲ့သည်။ အမှန်တကယ်တွင် ထိုကိစ္စမှာ ပြည်နယ်အတွင်း ကြီးထွားလာသည့် ကင်ဆာတခု ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် သူ၏ သိမ်မွေ့သော ဆန့်ကျင်လိုသော ဆက်ဆံရေး၊ လူမှုအသိုင်းအဝိုင်း၏ လိုအပ်ချက်များအပေါ် သူ၏ သဘောထားအကြား ဟန်ချက်ညီမျှစေရန် ကြိုးစားခဲ့သည်။ အလွန် ပြင်းထန်သော ရပ်တည်ချက်တခုက အခြေခံဥပဒေအရ အချို့သော အခြေအနေများတွင် စစ်အုပ်ချုပ်ရေးဆီသို့ ပြန်ရောက်သွားမည်ကို စိုးရိမ်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ရိုဟင်ဂျာကိစ္စက အထင်ရှားဆုံး ဖြစ်သည်။ သို့သော်လည်း ယင်းသည် တိုင်းပြည်တွင် စွဲကပ်နေသည့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော လူနည်းစုများ၏ လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုများထဲမှ တခုသာ ဖြစ်ပါသည်။

၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိရန် တိုင်းရင်းသား အဖွဲ့အစည်း အမျိုးမျိုးကို အတူတကွ စုစည်း၍ ပြည်ထောင်စု တခုအတွက် စေ့စပ်ညှိနှိုင်းခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေခြင်းက ထူးဆန်းသည်ထက် ပိုကောင်း ပိုနေနိုင်ပါသည်။ အမျိုးသား ညီညွတ်ရေးကို ဒေါ်အောင်ဆန်းစုကြည် အာရုံစိုက် အလေးထားခြင်း တစိတ်တပိုင်းမှာ သူ (ဗိုလ်ချုပ်အောင်ဆန်း)၏ အခန်းကဏ္ဍနှင့် သူ၏ စိတ်ထားကို အမွေဆက်ခံရမည့် ရှင်းလင်းသည့် ပုဂ္ဂိုလ်ရေး ကံကြမ္မာတမျိုး အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ယူဆခြင်းကြောင့် ဖြစ်နိုင်ပါသည်။ သို့သော်လည်း တပ်မတော်က သူတို့၏ ပင်မ ဦးတည်ချက်တခု ဖြစ်သည့် တိုင်းပြည် စည်းလုံးညီညွတ်ရေး၏ အဓိက အန္တရာယ် အဖြစ် သဘောထားသော လူမျိုးရေး သဘောကွဲလွဲချက်များကို တုန့်ပြန်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ယခုအချိန်အထိ မထိရောက်သေးပါ။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား သံတမန် အသိုင်းအဝိုင်းနှင့် ပွင့်လင်းမှု နည်းခဲ့သည်။ သူတို့ကို ပုံမှန် မိန့်ခွန်းများသာ ပြောနေခဲ့သည်။ ထိုအန္တရာယ်ပေးနိုင်သည့် အဖွဲ့ (ရိုဟင်ဂျာများ)ကို ရက်စက်မှုများနှင့် ပတ်သက်၍ နိုင်ငံခြားသားများသည် ဗဟုသုတ မရှိကြသလို လျှော့တွက်ရှုမြင်ခဲ့သည်။ အများအမြင်တွင် ဒေါ်အောင်ဆန်းစုကြည်က အမှန်တရား၏ ကြောက်မက်ဖွယ်ရာကို မေ့လျော့ထားသည့် အသွင်ရှိပါသည်။ သူက အကာအကွယ် ပိုးအိမ်တခုအတွင်းတွင် ရှိနေသလိုမျိုး ပြောခဲ့သည်ဟု အချို့က ဆိုသည်။ သူက ဝေဖန်မှုများနှင့် သီးခြားစီ ဖြစ်နေသည်ဟု ပြောကြပြီး သူ ပိုင်ဆိုင်ထားသည့် အာဏာများကို သူ၏ သစ္စာရှိသော ဝန်ကြီးများ သို့မဟုတ် လက်အောက်ငယ်သားများသို့ ခွဲဝေချထားပေးခြင်း မရှိဟု ပြောကြသည်။

အစိုးရ ထိန်းချုပ်ထားသော မီဒီယာတွင် သူများထက် ထူးကဲစွာ သာလွန်နေသော သူ၏ အခန်းကဏ္ဍက အာဏာရှင်ဆန်သော တိုင်းပြည်တခုအသွင်ကို ဖြစ်စေ၏။ သူ၏ ရုပ်ပုံများကို ဈေးဆိုင်များ၊ အိမ်များနှင့် နေရာတိုင်းတွင် တွေ့နေရသည်။ ထိုကြောင့် မြန်မာလူ့အဖွဲ့ အစည်းတွင် ယေဘုယျလို ဖြစ်နေပြီး ပုဂ္ဂိုလ်ရေး သြဇာအာဏာရှိသည့် အစဉ်အလာကို ရောင်ပြန်ဟပ်ပြနေသည့် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုက နိုင်ငံတကာတွင် ခေတ်ကုန်နေသည့်တိုင် မြန်မာနိုင်ငံတွင်း၌ တိုးတက်၍ပင် လာနေသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်းမှာပင် သူ၏ ခေါင်းဆောင်မှု ကဏ္ဍကို မနှစ်သက်သည့် လူများ ရှိနေသည်။

အားနည်းသော ခံစားချက်များက လူ့အဖွဲ့အစည်းနှင့် ခေါင်းဆောင်ပိုင်းတွင် နက်နက်ရှိုင်းရှိုင်း ပျံ့နှံ့နေသည်။ အသက်နှင့် လုံခြုံရေး ခြိမ်းခြောက်မှုအောက်တွင် ရှိသော ရိုဟင်ဂျာများက အသိသာဆုံး ဖြစ်သည်။ သူတို့၏ ပြည်နယ်တွင်းမှ အိမ်နီးချင်း ဖြစ်သော ဗုဒ္ဓဘာသာဝင် ရခိုင်များလည်း အားနည်းစိတ်ကို အမှန်တကယ် ခံစားနေရသည်။ သူတို့ကို လူများစု ဗမာများက ၁၇၈၅ ခုနှစ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဒုတိယအဆင့် နိုင်ငံသားများအဖြစ် ဆက်ဆံခဲ့ကြသည်။ ယခုအခါတွင် နိုင်ငံတကာ အကူအညီများက မွတ်ဆလင်များထံသို့သာ သွား၍ သူတို့ထဲမှ ဆင်းရဲနွမ်းပါးသူများထံသို့ မရောက်ကြောင်း ပြောကြသည်။

လူဦးရေ သန်း ၄၀ ကျော်ရှိသည့် ဗမာ ဗုဒ္ဓဘာသာဝင်များမှာလည်း သူတို့၏ ဗုဒ္ဓဘာသာ ကြီးစိုးမှုနှင့် အမွေအနှစ်များအတွင်းသို့ မွတ်ဆလင်များ ကျူးကျော်ဝင်ရောက်လာမည်ကို (မဖြစ်နိုင်သော်လည်း) တွေး၍ အားနည်းမှုကို ခံစားနေကြရသည်။ မွတ်ဆလင် လွှမ်းမိုးမှုနှင့် ကြီးထွားမှုကို ကန့်သတ်ရန် ဥပဒေများ ပြဌာန်းခဲ့ကြသည်။ ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးများ၏ လှုပ်ရှားမှုတခုက မွတ်ဆလင် ဆန့်ကျင်ရေး စိတ်ထားများနှင့် လုပ်ရပ်များကို ဦးဆောင်ခဲ့ ကြသည်။

အခြား ဘာသာရေး လူနည်းစုများ (ခရစ်ယန်၊ မွတ်ဆလင်၊ နတ်ကိုးကွယ်သူများ)မှာ တပ်မတော်မှ အဆင့်မြင့်တန်းနေရာ များ အပါအဝင်၊ အာဏာ၊ လုပ်ပိုင်ခွင့်နှင့် အရင်းအမြစ်များမှ အမြဲတမ်းဆိုသလို ကင်းကွာနေခဲ့ရသည်။ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်မှာလည်း သူ့ကို မယုံကြည်သည့် တပ်မတော် အသိုင်းအဝိုင်း ကြားတွင် အရပ်သား ခေါင်းဆောင် တဦး အနေဖြင့် သိသိသာသာ အားနည်းနေခဲ့ရသည်။ သြဇာ အာဏာရှိသည့် မြန်မာ့တပ်မတော် ကိုယ်တိုင်ပင်လျှင် အနုတ် သဘော ဆောင်သည့် စီးပွားရေး နောက်ဆက်တွဲများ ဖြစ်လာနိုင်ခြင်းနှင့်အတူ ကသောင်းကနင်း အခြေအနေတခုတွင် တိုင်းပြည်၏ ဂုဏ်သိက္ခာ ဖြစ်သည့် အမျိုးသားတိုးတက်ရေး နှောင့်နှေးနေခြင်းအတွက် အနောက်တိုင်း အကူအညီကို မျှော်လင့်ခဲ့သည်။ ရိုဟင်ဂျာများ အပေါ် အနောက်တိုင်း၏ ထောက်ခံမှုက အနောက်တိုင်းဆန့်ကျင်သည့် တုန့်ပြန်မှုတခုကို ပေါ်ပေါက်စေခဲ့ပြီး မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆန့်ကျင်မှုက လူကြိုက်များခြင်းနှင့် အတူ တရုတ်သြဇာ လွှမ်းမိုးမှု အသစ် ပြန်ဖြစ်လာအောင် လမ်းဖွင့်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး မညီမျှမှု တိုးလာခြင်း၊ အကျင့်ပျက်ခြစားမှု၊ မပြည့်စုံသော အုပ်ချုပ်ရေး၊ လူမျိုးရေး ဘက်လိုက်မှု၊ လူ့အခွင့်အရေးနှင့် မီဒီယာ အပေါ် ကန့်သတ်မှုများ တိုးလာခြင်း၊ အရပ်ဘက်အဖွဲ့ အစည်းများ သီးခြားဖြစ်နေခြင်းနှင့် နိုင်ငံခြားသား ဆန့်ကျင်သည့် အမျိုးသားရေး ဝါဒတိုးလာခြင်း စသည့် ပြဿနာ များစွာ စွဲကပ်နေသည်။ ရိုဟင်ဂျာ ပြဿနာက မြန်မာနိုင်ငံ ယနေ့ရင်ဆိုင်နေရသည့် စမ်းသပ်ချက်ဟု ဆိုရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တပ်မတော်၏ နေအိမ်အကျယ်ချုပ် ချထားခြင်းအောက်တွင် ဆယ်စုနှစ် ၂ ခုနီးပါး နေခဲ့ရသည်။ ခံစားချက်များက အလွန်မြင့်မားနေသဖြင့် ရိုဟင်ဂျာ ပြဿနာကို ဖုံးကွယ်ခြင်းက ပြည်တွင်းတွင် ကြောင်းကျိုးဆီလျော်စွာ အချေအတင် ဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းရေးကို တားဆီးထားသည်။ အကယ်၍ လူမျိုးဖြုတ် သုတ်သင်ခြင်းက ယူဆရသည့်အတိုင်း အမှန်တရားတခု ဖြစ်ခဲ့လျှင် သူတို့ပြန်သွားရေး စေ့စပ်ဆွေးနွေးခြင်းများက နိုင်ငံတကာတွင် ကျယ်ကျယ်လောင်လောင်ပင် အရှက်ရစရာ ငြင်းခုံပွဲတခု ဖြစ်လာမည်မှာ ရှင်းလင်းနေပါသည်။ ယင်းသည်ပင် ဗမာခေါင်းဆောင်ပိုင်း၊ ရခိုင်နှင့် ရက်စက်မှုကို ပြင်းထန်စွာ ခံစားခဲ့ရသော ရိုဟင်ဂျာ အများစုက လိုလားမှု မဟုတ်ပါ။

ဗမာ ပညာတတ်နှင့် များစွာ ကွာခြားကြောင်း ဖော်ပြနေခြင်း မရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး အမြင်များက မည်သို့ပင်ရှိစေ ပြည်တွင်းမှ ခွဲခြားမှုများက အလွန်အားကောင်းသည်။ လူသားတို့၏ စိတ်ဒုက္ခ ဆင်းရဲအတွက် ရေတို အဖြေမရှိသည့် အသွင် ဖြစ်ပါသည်။ သတ်ဖြတ်မှုများ ရပ်ဆိုင်းသွားသည့်တိုင် နှစ်စဉ် ရောက်လာသည့် မုတ်သုန်မိုးက ဒေသကို လွှမ်းမိုးသည်နှင့် အမျှ ဒုက္ခများက တိုးလာနေသည်။

အတိုချုပ်ရလျှင် အချို့ မြန်မာများက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး၊ ရိုဟင် ဂျာ၊ အခြား လူနည်းစုများနှင့် ပိုကျယ်ပြန့်သည့် လူ့အသိုင်းအဝိုင်းအတွက် တခုတည်းသော မျှော်လင့်ချက်အဖြစ် အခိုင်အမာ ပြောကြသည်။ ထိုအတိုင်းသာ သေချာသည်ဆိုလျှင် ဒီမိုကရေစီ စံနှုန်းများကို ထူထောင်ရေးနှင့် ထိန်းသိမ်းမှု သေချာစေရေး အစိုးရနှင့် နိုင်ငံ ခေါင်းဆောင်များ အားလုံး၏ အယူအဆ သဘောထားတွင် သိသာ ထင်ရှားသော အပြောင်းအလဲများ လိုအပ်မည် ဖြစ်သည်။ အမှန်တကယ်တွင် ထိုသို့ ပြုလုပ်ရန်မှာ အလွန်ခက်ခဲသော တာဝန်တခု ဖြစ်ပါသည်။

(David I. Steinberg သည် Georgetown တက္ကသိုလ်မှ ထင်ရှားသည့် အာရှလေ့လာရေးဆိုင်ရာ အငြိမ်းစား ပါမောက္ခ တဦး ဖြစ်သည်။ The Diplomat ပါ ၎င်း၏ Myanmar: Aung San Suu Kyi and the Cult of Personality ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading