လူထု ချစ်အောင် နေပါ

ထက်မြက်
ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် စိုက်ထူမှုကို ဇူလိုင် ၃ ရက်နေ့က ကန့်ကွက် ဆန္ဒပြသူများ / ခွန်းအသန်း
Want create site? Find Free WordPress Themes and plugins.

ယခင်နှစ်က မွန်ပြည်နယ်မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နာမည်နဲ့ ပတ်သက်ပြီး ဌာနေ တိုင်းရင်း သားတွေနဲ့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။

ဆောက်ပြီး တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားလို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပေးစေချင်တယ်၊ ဒေသခံ တွေက မပေးချင်ဘူး၊ မပေးချင်တာက ဗိုလ်ချုပ်အောင်ဆန်းကို မကြည်ညိုလို့၊ မကြိုက်လို့၊ မချစ်လို့ရယ် မဟုတ်ပါဘူး။

မွန်ပြည်နယ်မှာ စစ်တောင်းတံတား၊ သံလွင်တံတား စသဖြင့် မြစ်တွေကို အစွဲပြုပြီး ပေးလေ့ ရှိတာကြောင့် ချောင်းဆုံ တံတား လောက်ဆိုရင် လက်မခံစရာ မရှိပါဘူး။

ဒါပေမယ့် ထူးထူးခြားခြား ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ မှည့်လာတော့ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညို ပေမယ့် လည်း လွတ်လပ်ရေးရပြီးကတည်းက တလျှောက်လုံးအုပ်ချုပ်ခဲ့တဲ့ တော်လှန်ပုန်ကန်ခဲ့ရတဲ့ ဗမာ လူမျိုးကြီးတွေကို မကျေနပ်တဲ့ အငုံစိတ်ကြောင့်လို့ ဖြစ်မယ် ထင်ရပါတယ်။ တံတားနာမည်ကိစ္စ ဆန္ဒပြပွဲတွေ ဖြစ်လာတယ်။

မွန်ပြည်နယ် ဘီလူးကျွန်းနဲ့ ဆက်သွယ်ထားတဲ့ ဗိုလ်ချုပ် အောင်ဆန်း အမည်ပေး တံတား

နောက်ကွယ်က သွေးထိုးတာတွေ၊ လက်မည်းကြီးတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် မွန်ပြည်နယ်က ဒေသခံ အများ အပြား ကတော့ အဲဒီနာမည်ကို မကြိုက်ခဲ့တာ သေချာပါတယ်။ လွှတ်တော်မှာ မဲခွဲတော့ နောက်ဆုံး ဗိုလ်ချုပ် အောင်ဆန်း နာမည်က အနိုင်ရသွားတယ်။

ယခုလည်း ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ နီးကာမှ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်း ကို အခြေခံတဲ့ ပြဿနာတခုဟာ ကယားပြည်နယ်မှာ ပေါ်ပေါက်လာပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အနှစ် ၇၀ ကျော် ပြညတွင်းစစ်ကြီး အတွင်း ယခုအချိန်ထိ တိုင်းရင်းသား ဒေသအသီးသီးမှာ တိုင်းရင်း သား လက်နက်ကိုင်တွေ ရှိနေကြတုန်းပဲ။

လက်နက်ကိုင်တွေကို တော်လှန်ရေးဆိုတဲ့ ဝေါဟာရကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် တိုက်ပွဲ ဝင်နေကြသူတွေ ဖြစ်တော့ တော်လှန်ရေးသမား ဆိုပြီး ဝိဂြိုဟ် ပြုလိုက်တာဟာ မှားမယ် မထင်ပါဘူး။ (နာမည် အသုံးအနှုန်း က အစ သဘောထား မသေးကြဖို့တော့ လိုပါလိမ့်မယ်။)

ဒီတော့ တိုင်းရင်းသားတွေရှိတဲ့ ပြည်နယ်တိုင်း လိုလိုမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိနေကြတာကြောင့် သူတို့ မှာ ဗမာလူမျိုးကြီးဝါဒ ဆိုတဲ့အမြင်ကလည်း ရှိနေဆဲ၊ မကျေမနပ် ဖြစ်နေဆဲဆိုတာကို သဘော ပေါက်ဖို့လိုပါလိမ့်မယ်။

အဲဒီအခါမှာ ဗမာဆိုတဲ့အစွဲနဲ့ရော ယခုထက်တိုင် စေ့စပ်ညှိနှိုင်း နေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလမျိုးမှာ ဗိုလ်ချုပ် အောင်ဆန်း ဟာ ကြားညပ်ပြီး ချစ်ရဲ့သားနဲ့ မချစ်သလို၊ လက်ခံချင်ပါလျက် လက်မခံချင်သလို အဖြစ်မျိုး တွေ့ကြုံ နေရတာကြောင့် ဒီအဖြစ်မျိုးတွေကို ဘယ်လို တားကြမလဲ၊ ဘယ်လို ထိန်းကွပ်ကြမလဲ ဆိုတာ ပါတီ ခေါင်း ဆောင်တွေ စဉ်းစားတွေးခေါ်ဖို့ လိုလာပါပြီ။

ကယားပြည်နယ်က ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ်ကိစ္စဟာ အတော်လေး နက်ရှိုင်းလာပြီး နောက်ဆုံး ပြည်နယ် ဝန်ကြီးချုပ် ရဲ့ ထောင်လွှားမှု၊ ပြဿနာကို အသေကိုင်စွဲမှု၊ လူငယ်တွေ၊ ပြည်သူတွေ၊ တိုင်းရင်းသား တွေနဲ့ စေ့စပ် ညှိနှိုင်းခြင်း အားနည်းတာကြောင့် ပုဆိန်နဲ့ ထွင်းရမယ့် အခြေအနေမျိုးကို ရောက်လာပါတယ်။

နောက်ဆုံး တပ်မတော်ကိုပါ ခုတုံးလုပ် ဆွဲထည့် ပြီး အာဏာသိမ်းခိုင်းတော့မယောင်၊ အာဏာပဲ လွှဲပေးတော့ မယောင် အပြောအဆို၊ အသုံးအနှုန်းတွေ ကြမ်းလာတာကြောင့် တပ်မတော်ကပါ ကြေညာချက် ထုတ်လာရတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို သဘောမပေါက်ဘဲ အာဏာသိမ်းတာကို နားထဲ မကြားချင် တော့ တဲ့ ပြည်သူတွေကို ဆွပေးသယောင် ဖြစ်တာကြောင့် ပြည်နယ် လူထုကို ထိတွေ့ဆက်ဆံတာဟာ အစိုးရရဲ့ မျက်နှာကို အိုးမည်းသုတ်သလို ဖြစ်သွားပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ –

“သမိုင်းကို ပြင်ဖို့ဗိုလ်ချုပ်ကြေးရုပ်ထားခြင်းဖြစ်ပါတယ်၊ လုံးလုံးလျားလျားလက်ခံပါ၊ စည်းရုံး ပူးပေါင်း ဆောင်ရွက်တဲ့ နေရာမှာ ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေရှိရင် မငြိမ်မသက်မှုတွေဖြစ်လာရင် ကျနော် ကိုယ်တိုင် တပ်မတော်ကို တာဝန် ပေးသွားမှာ ဖြစ်တယ်၊ ပြောတဲ့ကြားထဲက ဖြစ်လာခဲ့ရင် ရဲတပ်ဖွဲ့ အင်အား နည်းနည်းလေးပဲ၊ တပ်ကို လိုလို့ ရှိရင် သူ့ကို ထိန်းခိုင်းဖို့ ကျနော်သူ့ကို အမိန့်ပေးရမယ်၊ တာဝန်ပေးရမယ်၊ ဒါ ကျနော်ရဲ့လုပ်ဆောင်ရမယ့် တာဝန်ဖြစ် တယ်”လို့ ပြောပါတယ်။

အဲဒီစကားဟာ ဆိုရှယ်မီဒီယာကိုလည်း တက်သွားတယ်၊ ဒါဟာ ငြင်းမရတဲ့ အခြေအနေဖြစ်တဲ့အခါ ဝန်ကြီးချုပ်က အဲဒီလို သူမပြောပါဘူးလို့ ငြင်းသေးတယ်၊ ဒါပေမယ့် ကျောင်းသား သမဂ္ဂရော၊ ကျောင်းသား အဖွဲ့အစည်းတွေရော၊ ပြည်သူတွေကပါ ပြောဆိုကန့်ကွက်ကြ၊ ဆန့်ကျင်လာကြတဲ့အခါမှာ ကယားပြည်နယ် ဝန်ကြီးချုပ်က ဇူလိုင်လ ၂၃ ရက် နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ထပ်မံပြုလုပ်ပြီး “အစိုးရက ဦးစီးပြီးတော့မှ မလုပ်တော့ဘူး၊ ကော်မတီကို ဖျက်သိမ်း လိုက်ပြီ၊ ပြည်သူက လိုလိုလားလားဖြစ်ချင်ရင် အစိုးရအနေနဲ့ ဝန်းရံပေးရမယ်၊ ပံ့ပိုးပေးရမယ်၊ အစိုးရအနေနဲ့ နောက် ဆက် လုပ်မယ့် အခြေအနေဆိုတာ အဲဒါပဲ”လို့လည်း ပြောဆိုပါတယ်။

အဲဒီလို ကယားပြည်နယ်မှာ ဝရုန်းသုန်းကား ဖြစ်နေတဲ့အချိန်မှာပဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇူလိုင်လ ၂၃ ရက် နေ့က ဗိုလ်ချုပ် အောင်ဆန်း ရုပ်တုရဲ့ မျက်နှာကို သင်္ဘောဆေး အစိမ်းတွေနဲ့ ပက်၊ ရုပ်တု အောက်ခြေကို ပဲ့ရွဲ့အောင် ထုရိုက်ထားတယ်။ တိုင်းရင်းသား ဒေသတွေမှာချည်းပဲ ဒီလိုအဖြစ်တွေဖြစ်နေတော့ အတော်ကို အရုပ်ဆိုး အကျည်း တန် လှပါတယ်။

မြစ်ကြီးနား မြို့လယ်ရှိ ဖျက်ဆီးခံရသော ဗိုလ်ချုပ် ရုပ်တု

ဗိုလ်ချုပ် အောင်ဆန်း ရုပ်တုတွေ ထုလုပ်လာတာဟာ ဦးသိန်းစိန် လက်ထက်ကစပြီး ယခု NLD အစိုးရအထိ အတော် ကျယ်ပြန့် လာတာပါ။ စစ်အာဏာရှင်တွေရဲ့ ဘယ်လိုသဘောမှန်း မသိတဲ့ ဗိုလ်ချုပ်အပေါ် ထားတဲ့ စိတ်ထား၊ လုပ်ရပ် တွေကြောင့် ဒီလိုတွေ ဖြစ်လာရတာ ပါပဲ။

နိုင်ငံတကာမှာ အမျိုးသားရေး လက္ခဏာဆောင်တဲ့ ခေါင်းဆောင်တွေ၊ ပုဂ္ဂိုလ်တွေရဲ့ ပုံတွေကို ငွေစက္ကူတွေမှာ ရိုက်နှိပ် ကြတယ်၊ နိုင်ငံအတွက် အနစ်နာခံတဲ့ သူရဲကောင်းတွေကို ရုပ်တုတွေ ထုလုပ်ပြီး ဂုဏ်ပြုကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ဗိုလ်ချုပ် အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးဟာ ဘယ်တိုင်းရင်းသား မဆို၊ ဘယ်နေရာမှာမဆို ဂုဏ်ပြု သင့် တယ် ဆိုတာ အားလုံး နားလည်ပြီးသားပါ။

ယခင်က ဗိုလ်ချုပ် အောင်ဆန်း ပုံပါတဲ့ ငွေစက္ကူတွေကို ဖယ်ရှား၊ ခြင်္သေ့ပုံတွေကို ငွေစက္ကူပေါ် ရိုက်နှိပ်၊ ယခင် အစိုးရ ရုံးတွေမှာ ဗိုလ်ချုပ်ပုံ ချိတ်ဆွဲတာကို ဖယ်ရှား၊ ဗိုလ်ချုပ် ကြေးရုပ်တွေကို မြို့တွေ၊ နယ်တွေမှာ တည်ဆောက်ခွင့် မပြု တာ တွေကြောင့် ပြည်သူတွေဟာ တစုံတရာ လွတ်လပ်ခွင့်ရတဲ့ အခါမှာ ဗိုလ်ချုပ် အောင်ဆန်း ရုပ်တုတွေကို အပြိုင် အဆိုင် လုပ်လာကြပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးက တောင်ဥက္ကလာပ မြို့နယ်မှာဆိုရင် ပန်းခြံတခြံတည်းမှာ ဗိုလ်ချုပ် ကြေးရုပ်ကို ၂ ရုပ်တောင် အပြိုင်ထားတဲ့ အခြေအနေမျိုး ရောက်လာခဲ့ပါတယ်။

လက်ရှိ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စား လှယ်တဦးက စည်းရုံး လှုံ့ဆော်ပြီးလုပ်ခဲ့တဲ့ အရုပ်က တရုပ်၊ ယခင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးရဲ့ အရုပ်က တရုပ် အပြိုင် တည်ဆောက်ခဲ့တာဟာ ဗိုလ်ချုပ် ကြေးရုပ် ကို အလုအယက်ထားရှိဖို့ပဲ ဖြစ်ပါတယ်။

တကယ်ပြောရင်တော့ နိုင်ငံရေးပါး မဝသေးဘူးလို့ ကောက်ချက်ချရမယ့် နိုင်ငံရေးသမားတွေရဲ့ စည်းရုံးရေး အားနည်း မှု၊ နိုင်ငံရေး အမြင်ကျဉ်းမြောင်းမှု၊ ပြည်သူလူထုကို အလေးပေးရမှာထက် မိမိရဲ့ သြဇာအာဏာ၊ ကျော်ကြားလိုမှု၊ မိမိ ကိုယ်တိုင် အုပ်ချုပ်ရေးကို နားမလည်မှုတွေကြောင့် ယခုလို အကျိုးဆက်တွေ ဆက်ဖြစ်လာရတာပါပဲ။

ကယားပြည်နယ် ဝန်ကြီးချုပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘောမပေါက် နားမလည်မှုဟာလည်း ပေါ်လွင် လာတာကြောင့် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ကြေညာချက် ထုတ်ပြီး အမှန်ကို ထောက်ပြခဲ့တဲ့ အတွက် တပ်မတော်ကို ကျေးဇူးတင်ကြောင်း ပြောရပါလိမ့်မယ်။

ဇူလိုင်လ ၂၃ ရက်နေ့ တပ်မတော် သတင်းမှန် ထုတ်ပြန်ချက်မှာ ဆိုရင် –

“၂။ တပ်မတော်သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၀၊ ပုဒ်မခွဲ (င) ပါအတိုင်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ် အခြာအာဏာ တည် တံ့ ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရန်အဓိက တာဝန်ရှိသော အဖွဲ့အစည်း ဖြစ်ပါသည်။

အရေးပေါ်အခြေအနေနှင့်ပတ်သက်၍ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၁၁)၊ ပုဒ်မ ၄၁၀၊ ၄၁၂ နှင့် ၄၁၃ တို့တွင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အတိအလင်း ပြဋ္ဌာန်းပြီး ဖြစ်သည်။

ပြဋ္ဌာန်းချက်များအရ အရေးပေါ်အခြေအနေအတွက် အဓိက လုပ်ပိုင်ခွင့်အာဏာသည် အမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၌သာရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များသို့ လုပ်ပိုင်ခွင့် အာဏာ အပ်နှင်း ထားခြင်း မရှိကြောင်း တွေ့ရှိရသည်။

ကယားပြည်နယ် ဝန်ကြီးချုပ် အနေဖြင့် အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ ၎င်း၏ ထင်မြင်ယူဆချက် အတိုင်း ပြောဆို ခဲ့ခြင်းသာဖြစ်ပြီး တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၁၁) ပါ ပြဋ္ဌာန်း ချက် များနှင့် အညီသာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်”လို့ ဖော်ပြထား ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံကို လေ့လာတဲ့ အခါမှာလည်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့ ယခု ထုတ်ပြန်ချက် အတိုင်းပဲ ပါရှိပါတယ်။ ပြည်နယ်တွေမှာ တပ်မတော်ကို တာဝန်လွှဲပေးပြီး သူတို့သဘောနဲ့သူတို့ လုပ်ခွင့် မရှိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ် ကြေးရုပ် ပြဿနာဟာ ဗိုလ်ချုပ် အောင်ဆန်း တံတားလိုပဲ NLD ပါတီနဲ့ NLD အစိုးရကို အနည်းနဲ့အများ ထိခိုက်နိုင်တယ် ဆိုတာ လေးလေးနက်နက် ဆင်ခြင်ဖို့ ကောင်းပါတယ်။

ပါတီဗဟိုက မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေတဲ့ သဘောမျိုး ထင်သလို အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါ ဘူး။

ဘာကြောင့် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့၊ ဗိုလ်ချုပ်အောင်ဆန်း တံတားနာမည် ပေးဖို့တွေကို အသည်းအသန် လုပ်နေရ ပါသလဲ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနစ်နာခံမှု၊ စွန့်လွှတ်မှု၊ အသက်ပေးမှုတွေဟာ ဘယ်သူနဲ့ နှိုင်းနှိုင်း၊ တုလို့ မရသလို ပြည်သူတွေရဲ့ ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ပုဂ္ဂိုလ်ပါ၊ ငွေစက္ကူပေါ်မှာ ရိုက်ချင်ရိုက် မရိုက်ချင်နေ၊ ဓာတ်ပုံတွေ ချိတ်ချင် ချိတ်၊ မချိတ်ချင်နေ၊ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်ချုပ် အောင်ဆန်းပါပဲ။ နံပါတ်တစ်ဟာ နံပါတ်တစ်ပါပဲ။

ဘယ်သူမှ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဂုဏ်ကို ယှဉ်လို့ ဖျက်လို့ မရပါဘူး။ ဗိုလ်ချုပ် ကြေးရုပ်ကြီးတွေရှိမှ ဗိုလ်ချုပ် သိက္ခာ တက်မယ်လို့ မျက်ကန်းတစ္ဆေ မကြောက် သတ်မှတ်လို့ မရနိုင်ဘူး၊ ဒါကြောင့်လည်း ယခုအချိန်ထိ ဗိုလ်ချုပ် အောင် ဆန်း ကို လွန်ခဲ့တဲ့ အနှစ် ၁၀၀ က မွေးခဲ့တဲ့သူရော၊ ယခုမှ မွေးတဲ့သူရော အလေးပြုကြဆဲ ပါပဲ။

နိုင်ငံရေးသမားဟာ နိုင်ငံရေးလုပ်တတ်ဖို့ လိုပါတယ်။ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒီလို အဖြစ်မျိုးနဲ့ တဇွတ်ထိုး လက်မ ထောင်တာတွေ ပျောက်ကွယ် သွားနိုင်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading