ရထားက လမိုင်းဘူတာ အတွင်းသို့ ဝင်ရောက်လာချိန်တွင် ကျွန်တော်တို့က ခရီးသည်များ၏ ကုန် ပစ္စည်းများနှင့်ဟင်းသီးဟင်းရွက်များကို အလုအယက်ဝိုင်းသယ်ပေးကြသည်။ ကျွန်တော်တို့၏ ခရီးစဉ်အတွင်းတွင် မိတ်ဆွေဖွဲ့ခဲ့သော ရထားပေါ် က မိတ်ဆွေ အသစ်များကိုလည်း ဝိုင်းပြီး အကူ အညီ ပေးခဲ့ကြသည်။ ထိုသို့ပြုလုပ်ရခြင်းမှ ကျွန်တော်တို့ကို သူတို့နှင့် အတူတူပဲထင်ပြီး မယုံသင်္ကာ မဖြစ်အောင် လုပ်ဆောင်ခြင်း၊ ပရိယယ်သုံးခြင်းဖြစ်သည်။
ကျွန်တော်တို့ ရထားတွဲ အမိုးပေါ်မှ ဆင်းလိုက်သည့် အချိန် (ရထားခေါင်မိုးပေါ်တွင် ပထမဆုံးအနေ ဖြင့် စီးခဲ့ဖူးခြင်း ဖြစ်ပါသည်) ဖရိုဖရဲ ဝရုန်းသုန်းကား အခြေအနေ တခုအတွင်းသို့ ရောက်ရှိသွားပါ သည်။ “ရဲတွေ စစ်သားတွေကို ဝေးဝေး ရှောင်” ဟု ခရီးဖော်တဦးက သတိပေးသည်။
တိုင်းပြည်က တွင်းနက်ကြီးတခုအတွင်းသို့ နစ်ဆင်းနေပြီ။ လွန်ခဲ့သည့် ၁ ပတ်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ်က အာဏာ သိမ်းယူခဲ့သည်။
သို့သော်လည်း ဘူတာကို စောင့်ကြပ်နေသည့် ရဲနှင့် စစ်သားများက ကျွန်တော်တို့ကို ထွက်ပြေးလာ သော ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများ ဖြစ်ကြောင်း သတိမပြုမိခဲ့ကြပါ။
ရထားပေါ်တွင် ရန်ကုန်က အကျွမ်းတဝင်ရှိသည့် မျက်နှာအများအပြားကို ကျွန်တော်မြင်ခဲ့သည်။ သူတို့ကလည်း မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်သို့ အလာတူခရီးစဉ်ကို လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့ကို ကျွန်တော်က ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။ သို့သော်လည်း စကားမပြောခဲ့ကြပါ။
ရထားပေါ်တွင် အလားတူ ခရီးသည်တွေ ရာနှင့်ချီ၍ ရှိကောင်း ရှိနိုင်ပါသည်။ အားလုံးက တောတွင်း နှင့် မွန်လက်နက်ကိုင်များ၏ ဌာနချုပ်များရှိရာ ထိုင်းနယ်စပ်ပေါ်မှ ဘုရားသုံးဆူ စခန်းသို့ ဦးတည် နေခြင်း ဖြစ်သည်။
လူ ၁၀ ဦးပါ ကျွန်တော်တို့ အဖွဲ့သည် လျင်လျင်မြန်မြန် လူစုခွဲလိုက်ပြီးနောက် သူတို့၏ စခန်းဆီသို့ ကျွန်တော်တို့အား ခေါ်ဆောင်သွားရန် မွန်လက်နက်ကိုင်များ စောင့်ဆိုင်းနေမည့် အနားမှ ကျေးရွာတရွာသို့ မြင်းလှည်းများစီး၍ ထွက်ခွာ လာခဲ့ကြသည်။
ယခုအခါ ကျွန်တော်တို့က အစိုးရတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အပြန်အလှန် ထိန်းချုပ်ထားသော အညိုရောင် နယ်မြေတခု အတွင်းသို့ ရောက်နေပြီဟု ဆိုရမည် ဖြစ်သည်။ ညရောက်လာသည့် အချိန် ညစာကို ဖြစ်သလို စား လိုက် ကြပြီး စောင်မပါဘဲ အိပ်စက်ခဲ့ကြသည်။ မွန်ကျေးရွာ လူကြီးတဦးက ကျွန်တော်တို့ စားပုံသောက်ပုံကို ငေးကြည့်နေသည်။
ဒီရထားခရီးစဉ်က မြန်မာနိုင်ငံအတွင်းတွင် ကျွန်တော်၏ နောက်ဆုံး စက်ဖြင့်သွားသည့် ပို့ဆောင်ရေး အတွေ့အကြုံပင်ဖြစ်၏။နောက်တနေ့တွင်တော့ ကျွန်တော်တို့၏ တောတွင်း တလျှောက် ခရီးစဉ်ကို ခြေလျင် စတင်ခဲ့ကြသည်။
ကျွန်တော်တို့၏ လမ်းပြမှာ ဝါရင့် မွန်အရာရှိ တဦးဖြစ်ပါသည်။ ထူထပ်သောတောအုပ်များ၊ တောင် များနှင့် မြစ်များကို ဖြတ်ကျော်ခေါ်ဆောင်သွားရင်း မြေမြှုပ်မိုင်းများနှင့် မြန်မာတပ်များက ခြုံခို တိုက်ခိုက်နိုင်သည့် နေရာများကို သူ၏ AK-47 သေနတ်ဖြင့် ညွှန်ပြသည်။
ရန်ကုန်သည် ဒဏ်ရာများနှင့် နောက်တွင်ကျန်ခဲ့သည်။ လွန်ခဲ့သော တပတ်ခန့်ကမှ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် အစိုးရကို ဖြုတ်ချ၍ လူ သန်းနှင့် ချီ၍ ချီတက်ခဲ့ကြသော၊ အများအပြား သေနတ်ဖြင့် ပစ်သတ်ခြင်းခံခဲ့ရသော လမ်းမများက ခြောက်ကပ်၍ ကျန်ရစ်ခဲ့သည်။ ထိုနည်းတူ ၈၈၈၈ အရေးတော်ပုံ၏ မပျက်စီးနိုင်သော ဝိဉာဉ်နှင့် ကြောက်ရွံ့ထိတ်လန့်နေသော မိသားစုဝင်များနှင့် မြေအောက်လှုပ်ရှားမှု အတွင်းမှ ကျွန်တော်တို့၏ မိတ်ဆွေများပင် ဖြစ်သည်။
ကျွန်တော်၏ ခရီးစဉ်က ယာယီဟု ယူဆခဲ့မိပါသည်။ အိမ်ကို မကြာမီပြန်ရောက်မည်ဟု ကျွန်တော် ရိုးရိုးစင်းစင်း ထင်ခဲ့မိ သည်။ အိမ်ပြန်ရောက်ဖို့ အတွက် ၂၄ နှစ်ကြာမြင့်ခဲ့မည်ကို မသိခဲ့ရိုးအမှန်။ ထိုသို့ဖြစ်ရသည့် အတွက် ထိုက်တန်သလားဟု မေးလျှင် ထိုက်တန်သည်ဟု ကျွန်တော်ဖြေရပါ လိမ့်မည်။
တောတွင်း ခရီးစဉ်က ၁၀ ရက် အကြာတွင် ပြီးဆုံးခဲ့သည်။ အလွန်ပင်ပန်းသော ခရီးဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်များစွာ ပြည်တွင်းစစ် ဖြစ်နေခဲ့သော တိုင်းရင်းသား ဒေသများသို့ မရောက် ဖူးသည့် ကျွန်တော်တို့ အားလုံးအတွက် မျက်စိပွင့်စေခဲ့သည်။
လမ်းတလျှောက်တွင် လူသူကင်းမဲ့သော ကျေးရွာ အများအပြားကို တွေ့ရသော်လည်း အပြုံးများနှင့် နက်ရှိုင်းသော ဧည့်ဝတ်ကျေပွန်မှုများကိုလည်း တွေ့ရသည်။ မွန်ကျေးရွာသားများက ကျွန်တော်တို့ အကြောင်းကို BBC ရေဒီယိုတွင် သိခဲ့ပြီး ဖြစ်သည်။ ကျွန်တော်တို့ လာနေသည်ကို သူတို့ သိကြသည်။
သူတို့၏ တိုက်ပွဲဝင်မှုနှင့် ပတ်သက်၍ ကျွန်တော်တို့ မည်မျှသိထား သနည်းဆိုသည်မှာ မွန်လက်နက် ကိုင် ခေါင်းဆောင်များက အကြိမ်ကြိမ် မေးတတ်သည့် မေးခွန်း ဖြစ်သည်။ မြို့ပေါ်မှ တက်ကြွလှုပ်ရှား သူများနှင့် ကျောင်းသားများက လူနည်းစုတိုင်းရင်းသားတို့၏ ကာလရှည်တိုက်ပွဲနှင့် ပတ်သက်၍ မည်မျှ နားလည်ထားသည်ကို သူတို့ သိလိုခဲ့ကြပါသည်။
တောတွင်း ဘဝက ခက်ခဲပင်ပန်းပါသည်။ သို့သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် တိုက်ခိုက်နေ သော တိုင်းရင်းသား လက်နက်ကိုင်များကြား ကျွန်တော်တို့ မိတ်ဆွေစစ်များ တွေ့ရှိခဲ့သည်။ အချို့သော တိုင်းရင်းသား ခေါင်းဆောင်များမှာ တော်လှန်ရေးအတွင်းသို့ မဝင်ရောက်မီက ရန်ကုန် တက္ကသိုလ်တွင် ပညာသင်ဖူးကြရာ ကျွန်တော်တို့အတွက် လူစိမ်းများ မဟုတ်ကြပါ။
ထို့ကြောင့် ကျွန်တော်တို့၏ ပါမောက္ခများကို သူတို့သိကြသည်။ ကျွန်တော်တို့ကို သမိုင်း၊ နိုင်ငံရေး၊ စာပေနှင့် မြေအောက်လှုပ်ရှားမှု အကြောင်း သင်ကြားပေးခဲ့သော အသိပညာပြည့်ဝသည့် အစိုးရ ဆန့်ကျင်သူ ကျွန်တော်တို့၏ ကျောင်းနေဖက်များကို သူတို့ သိပြီးသား ဖြစ်နေသည်။
စိတ်မသက်သာစရာ အကြောင်း အချို့ကတော့ ကျွန်တော်တို့ ရောက်သည့်အချိန်တွင် တချိန်က နယ်စပ်ကုန်သွယ်ရေးကြောင့် စည်ကားခဲ့သော မြို့တမြို့ဖြစ်သည့် ဘုရားသုံးဆူသည် သြဂုတ်နှင့် စက်တင်ဘာလ အတွင်းက ရန်ကုန်လမ်းများ ပေါ်၌ ကျွန်တော်တို့ ချီတက်နေသည့် တချိန်တည်းမှာ ပင် မွန်နှင့် ကရင်လက်နက်ကိုင်များ ကြားမှ ပြင်းထန်သော တိုက်ပွဲတခုကြောင့် ရွာပျက်ကြီးဖြစ်ခါ ခြောက်ကပ်သွားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးရွာသားများ စွန့်ပစ်သွားသည့် တဲများနှင့် အိမ်များက ကျွန်တော်တို့ နေစရာ ဖြစ်လာသည်။
ထိုအချိန်တွင် ထိုင်း-မြန်မာနယ်စပ်မှ ငှက်ဖျားနှင့် သေလုမျောပါး ရင်ဆိုင်ရခြင်းကြောင့် သို့မဟုတ် ခက်ခဲပင်ပန်းသော ဘဝကြောင့် ကျွန်တော်တို့၏ မိတ်ဆွေတချို့ မြန်မာပြည်သို့ ပြန်သွားခဲ့ကြသည်။ မူလက ၁၀ ဦး ရှိသည့် ကျနော်တို့ အဖွဲ့တွင် ၃ ဦးသာ ကျန်ခဲ့သည်။
ဘုရားသုံးဆူမှ ထွက်လာခဲ့ပြီးနောက် နယ်စပ်တလျှောက်တွင် ကြုံရာကျပန်းလုပ်ကိုင်ရင်း ကျွန်တော် တို့ နိုင်ငံနှင့် နယ်စပ်တလျှောက်တွင် မည်သို့ ဖြစ်နေသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းကို သတင်း ပေးရန် အတွက် မဂ္ဂဇင်းတစောင် တည်ထောင်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်တွင် တချို့က လက်နက်ကိုင် လမ်းစဉ်ဘက်ကို လိုက်ခဲ့သလို တချို့က တတိယနိုင်ငံများသို့ သွားရောက် အခြေ ချခဲ့ကြသည်။ တချို့ပညာဆက်လက်သင်ကြားခဲ့ကြသည်။ တချို့ကတော့ ပြည်ပ လှုပ်ရှားမှုဖြင့် တိုက်ပွဲဝင်ရန် တက်ကြွလှုပ်ရှားသူများ သို့မဟုတ် မြန်မာနိုင်ငံအရေး ကျွမ်းကျင်သော ပညာရှင်များ ဖြစ်လာခဲ့ကြသည်။ ကျနော်ကတော့ မြန်မာ့အရေး ကို ဆက်လက်လုပ်ဆောင်ရန် အာသီသပြင်းပြခဲ့သည်။

၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဧရာဝတီ (The Irrawaddy) က ၁၉၈၈ ခုနှစ် အရေးတော်ပုံနှင့် တိုက်ရိုက်ဆက်နွယ်နေသည်ဟု ဆိုပါက မှားလိမ့်မည် မဟုတ်ပါ။ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တစုံတဦး ၏ ဦးဆောင်မှု အောက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများကို ဆက်လက် ရေးသား ဖော်ပြပေးနေရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို သတင်းပေးနိုင်ရန် ဧရာဝတီ က ရည်မှန်းခဲ့သည်။
သို့သော်လည်း လွတ်လပ်သော ထုတ်ဝေမှုတခု အနေဖြင့် ကျွန်တော်တို့က သမာသမတ်ကျရမည် ဖြစ်သည်။ စာနယ်ဇင်း စံနှုန်းများကို လိုက်နာရမည် ဖြစ်သည်။ တစုံတယောက်၏ ပါးစပ်ပေါက် အာဘော် မဖြစ်ရပါ။ မြန်မာနိုင်ငံအရေးက နိုင်ငံတကာ၏ မျက်နှာစာ အရေးပေးမှုတွင် ဆက်လက်ရှိ နေရန် ကျွန်တော်တို့ ဆန္ဒ ရှိခဲ့ပါသည်။ သို့သော်လည်း ကျွန်တော်တို့ ကိုယ်တိုင်က ဘန်ကောက်မြို့ တနေရာတွင် ပုန်းခိုနေရသည်။ ထိုသို့ ပုန်းလျှိုးနေနိုင်ရန် တနည်းတဖုံ စီစဉ်ခဲ့ရသည်။
ထိုအစောပိုင်း နှစ်များအတွင်းတွင် 9/11 အဖြစ်အပျက်အပါအဝင် ကမ္ဘာပေါ်တွင် အရေးပါသော အဖြစ်အပျက်များ၊ ကြီးမားသော အချိုးအကွေ့ မှတ်တိုင်များနှင့် ဘေးဒုက္ခများ အများအပြား ရှိခဲ့သည်။ မြန်မာ့အရေးက နောက်သို့ရောက် သွားခြင်း များ ဖြစ်ခဲ့ရသည်။
ထို့ ကြောင့် နေအိမ်အကျယ်ချုပ် ကျခံနေရသူများ သို့မဟုတ် အကျဉ်းကျနေသူများ သို့မဟုတ် နယ်စပ် တလျှောက်မှ တိုင်းရင်းသား ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခတို့ နှင့် ပတ်သက်၍ ကမ္ဘာကို အသိပေးရန် ပို၍ပင် အရေးကြီးလာပါသည်။
အဆိုပါ အကြောင်း များကို ဖော်ပြရန်နှင့် အလွန်အလုပ်များသည့် သြဇာကြီးသော ကမ္ဘာ့ခေါင်းဆောင် များက မြန်မာနိုင်ငံကို သတိတရရှိစေရေး အတွက် ပြောပြရန် ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါသည်။ ကျွန်တော်တို့၏ အဓိကရည်ရွယ်ချက်မှာ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းရန် ဖြစ်သည်။ ကျွန်တော်တို့ ထိုသို့ လုပ်နိုင်ခဲ့သည်ဟု ဆိုရမည်။

ကျွန်တော့် ၁၉၈၈ မိတ်ဆွေ သူငယ်ချင်းများနှင့် ပတ်သက်၍ တွေ့ခဲ့ရသည့်တခုမှာ ထောင်ထဲတွင် ဖြစ်စေ ပြည်ပတွင် ဖြစ်စေ အများစုက အခွင့်အရေး ယူမည့်အစား အနစ်နာခံ ပေးဆပ်ရန် အမှန် တကယ် နက်နက်ရှိုင်းရှိုင်း ဆန္ဒရှိကြခြင်း ဖြစ်ပါသည်။
ထိုအချိန်က စွန့်လွှတ် အနစ်နာခံခဲ့သူများကို ကျွန်တော်တို့ ဦးညွတ်သော်လည်း အခွင့်အရေးသမား များကို ရွံရှာ စက်ဆုပ် သည်မှာ အမှန်ပင်ဖြစ်ပါသည်။
တကယ်တော့ ၈ လေးလုံး ဝိဉာဉ်အပြင် လှုပ်ရှားမှုအတွက် အကူအညီပေးရန် အမြဲတမ်း အသင့်ဖြစ်နေ ခဲ့သော လူတော်လူကောင်း မိတ်ဆွေများက မပြတ်ရှိ ခဲ့ပါသည်။ ပြည်ပသို့ ရောက်နေချိန်တွင် ကျွန်တော်၏ မိတ်ဆွေဟောင်း ၁၉၈၈ ကျောင်းသားတက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် ကိုဝင်းသူကို ပြန်တွေ့ခဲ့ရသည်။

သူက ၁၉၉၄ ခုနှစ်တွင် ဧရာဝတီသို့ ရောက်လာပြီး မဂ္ဂဇင်း ထုတ်ဝေရေး၏ စီမံခန့်ခွဲရေး ပိုင်းတွင် ကူညီခဲ့ပါသည်။ ယခု အချိန်အထိ ကျနော်တို့နှင့် အတူ အလုပ်လုပ်နေဆဲ ဖြစ်နေသည်မှာ အံ့အား သင့်ဖွယ်ရာ မဟုတ်တော့။
၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ကျွန်တော်တို့က မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတိပြုအခံရဆုံး မဂ္ဂဇင်းများထဲမှ တခု ဖြစ်လာခဲ့ပါသည်။ ဘန်ကောက်တွင် ထောက်လှမ်းရေးများနှင့် သတင်းပေးများကို ရှောင်ရင်း တိမ်းရင်း ကျနော်တို့က မြန်မာစစ်အစိုးရ၏ ရန်သူ ဖြစ်လာသည်။
ယခုမရှိတော့ပြီဖြစ်သော ဟောင်ကောင် အခြေစိုက် Far Eastern Economic Review စာစောင်က ကျွန်တော်တို့ကို မြေ အောက် အတိုက်အခံ စာစောင် တခုအဖြစ် တချိန်တခါက ရည်ညွှန်းခဲ့သည်ကို ကျွန်တော် မှတ်မိနေဆဲ ဖြစ်ပါသည်။ ဒီလိုမျိုးကတော့ မမှား။
ထိုအချိန်က ဘတ်ဂျက် မလုံမလောက်အမြဲတမ်း ဖြစ်နေခဲ့ပြီး ကျွန်တော်တို့ စတင်ခဲ့သည့် အချိန်တွင် ကျွန်တော်တို့ အားလုံး စေတနာ့ဝန်ထမ်းများ ဖြစ်ကြပြီး ရှိသည့်ကြေးငွေ အနည်းငယ်ကို အားလုံး ချို့ချို့တဲ့တဲ့ ဝေမျှသုံးစွဲနေခဲ့ရ သည်။
စာစောင်ထုတ်ဝေမှုကို စစ်အစိုးရက ဘန်ကောက် မြန်မာသံရုံးရှိ ၎င်း၏ အေးဂျင့်များနှင့် လျှို့ဝှက် မဟာမိတ်များမှ တဆင့် အမြဲ တမ်းစောင့်ကြည့်နေခဲ့သည်။ အနှောင့်အယှက် ဒုက္ခပေးခဲ့သည်။ ဖမ်းဆီးဖို့ ဖိအားပေးခဲ့သည်။ မှန်ပါသည်။ ကျွန်တော်တို့တွင် မိတ်ဆွေများရော ရန်သူများပါ ပါရှိခဲ့ သည်။ မီဒီယာ၏ သဘောသဘာဝမှာ အမြဲတမ်း ထိုနည်းအတိုင်းပင် ဖြစ် သည်။ သို့သော်လည်း ပြည်ပရောက်မီဒီယာ တခု အဖြစ်ရပ်တည်ရခြင်းက ခက်ခဲကြမ်းခဲ့ပါသည်။
သို့သော်လည်း ထင်ရှား ကျော်ကြားသည့် အင်တာဗျူးများ နှင့် နာမည်ကျော် ပုဂ္ဂိုလ်များထံမှ အတွေးအမြင် ရေးသားမှုများ ဖော်ပြခြင်းမှ ကျွန်တော်တို့ကို မတားဆီးနိုင်ခဲ့ပါ။
ကျွန်တော်တို့ တွေ့ဆုံ မေးမြန်းခဲ့သူအများအပြား ထဲတွင် မြန်မာ့အရေးကို အမြဲတမ်းထောက်ခံ အားပေးခဲ့သော ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားကလက် ဟာဗယ်၊ အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ နိုဗယ်ဆုရ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် ဖြစ်သည်။
ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား နှင့် ဖိလစ်ပိုင်တို့မှ ထင်ရှားကျော်ကြားသည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများက ကျွန်တော်တို့နှင့် ကျွန်တော်တို့ မဂ္ဂဇင်းတွင် သူတို့၏အသံ။ စစ်အစိုးရကို ဆက်လက် ဖိအားပေးရန် သူတို့၏ အသံကို ကျွန်တော်တို့ အတွက်ပေးခဲ့ကြသည်။ စတင် တည်ထောင် ပြီးနောက်ပိုင်း ၂၅ နှစ် အတွင်း တွင် ဒီမိုကရက်တစ် မြန်မာအသံ(DVB) နှင့် Mizzima တို့ကဲ့သို့သော အခြားပြည်ပရောက် သတင်း ဌာနများကဲ့သို့ပင် ကျွန်တော်တို့က မြန်မာနိုင်ငံ၏ ပြူတင်း တံခါး တချပ်သဖွယ် အသုံးတော်ခံခဲ့ တာဝန်ထမ်းခဲ့သည်။

ကျွန်တော်တို့၏ သတင်းများ၊ အင်တာဗျူးများ၊ ကောက်နုတ်ချက်များနှင့် မှတ်ချက်များကို The New York Times၊ Washington Post ၊ Time၊ Foreign Policy၊ The Guardian နှင့် ကမ္ဘာတလွှားမှ အခြားသော ထင်ရှား သည့် သတင်းစာ များနှင့် မဂ္ဂဇင်းများတွင် ဖော်ပြခြင်းခံခဲ့ရပါသည်။ မြန်မာနိုင်ငံနှင့် မပြီးဆုံးသေးသော လှုပ်ရှားမှု ဆက်လက်ရှိနေခြင်း အကြောင်းများ အားလုံး ဖြစ်သည်။
ပြီးခဲ့သည့် အပတ်အတွင်းက ဖိုင်ဟောင်းများနှင့် ဧရာဝတီ မဂ္ဂဇင်း အဟောင်းများကို ကျွန်တော်ကြည့် မိသည့် အချိန်တွင် မြောက်များလှသော အတွေးအမြင် ဆောင်းပါးများ၊ လေ့လာသုံးသပ်ချက်များဖြင့် ပါဝင်အားဖြည့်ပေးခဲ့ကြသော Bertil Lintner ၊ Kavi Chongkittavorn၊ Thitinan Pongsudhirak၊ Don Pathan၊ Dominic Faulder နှင့် John McBeth တို့ ကဲ့သို့သော ဒေသတွင်းမှ ဝါရင့်စာနယ်ဇင်းသမားများ၏ ဆောင်းပါးများ၊ အတွေးအခေါ်သမားများ၏ ဆောင်းပါးများ၊ ရှည်လျားသော စာရင်းကို သတိပြုမိခဲ့သည်၊ ဝမ်းသာကြည်နူးရသည်။
ကျွန်တော်တို့ စာစောင်တွင် ဆောင်းပါးများရေးခဲ့ကြသည့် လူငယ်မြန်မာ သုတေသီများမှာ ယခုအခါ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လွတ်လပ်စွာ လေ့လာသုံးသပ်သူများ အဖြစ် အသိအမှတ်ပြုခြင်း ခံလာကြ ရသည်။ နောက်ဆုံးပြောရလျှင် ကျွန်တော်တို့က မြန်မာနိုင်ငံ နှင့် ပတ်သက်၍ ယုံ ကြည်အားထားနိုင် လောက်သော လွတ်လပ်စွာရေးသားဖော်ပြသော သတင်းဌာန အနည်းငယ်ထဲမှ တခု ဖြစ်ခဲ့ပါသည်။
မြန်မာနိုင်ငံမှ ထွက်ခွာရန် ကျွန်တော်ဆုံးဖြတ်သည့် အချိန်တွင် နောက်တွန့်ခြင်း မရှိဘဲ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မကြာမီ ပြန်လာနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ကျွန်တော်၏ မိခင်နိုင်ငံသို့ ပြန်လာနိုင်ခဲ့သည့် အချိန်အထိ ၂၄ နှစ် သို့မဟုတ် ရက်ပေါင်း ညပေါင်း ၈၀၀၀ ကျော်ကြာမြင့်ခဲ့ပါ သည်။ ရုန်းကန်နိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အကူအညီများသာ မရှိခဲ့လျှင် နှစ် ၃၀ ဆက်လက် လျှောက်လှမ်းရန် ခက်ခဲခဲ့လိမ့်မည် ဖြစ်သည်။
နောက်ဆုံး ကျွန်တော်တို့ ပြန်သွားရန် အခွင့်အရေးရသည့် အချိန်တွင် လွတ်လပ်၍ ပြည့်စုံသော မြန်မာ နိုင်ငံကို တွေ့မည်ဟု ထင်မြင်မည် ယူဆမည်ဆိုပါက မိုက်မဲရာကျလိမ့်မည်။ တကယ့်တကယ်မှာတော့ အခြေအနေတွေက ဆန့်ကျင်ဘက်နှင့် ပို၍တူပါသည်။
ကျွန်တော်တို့ ပြည်ပမှာတည်ဆောက်ခဲ့သော အဖွဲ့အစည်းကိုတောင် ပြည်တွင်းသို့ ပြန်လည်ခေါ်ယူ ခြင်းကပင်လျှင် ခက်ခဲခဲ့ပြီး ပြီးခဲ့သည့် ၆ နှစ် အတွင်း၌ မြန်မာနိုင်ငံတွင် အများစု ရင်ဆိုင်နေရသည်နှင့် အလားတူစွာပင် ကြီးမားသော အခက်အခဲများနှင့် မရေရာမှုများကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရ ပါသည်။
၈ လေးလုံးအရေးတော်ပုံက ကျဆုံးခဲ့သည်။ အသုံးချခံခဲ့ရသည်။ ၁၉၈၈ အိပ်မက်များက အကောင် အထည် ပေါ်လာရန် ခက်ခဲနေဆဲ ဖြစ်သည်ဟု ပြောပါက မှန်ပါလိမ့်မည်။ ပျောက်ကွယ်နေသော မျှော်လင့်ချက်နှင့် လိုအပ်နေသော တရားမျှ တမှုကို ရှာဖွေခြင်းက ပိုပြီး လွယ်ကူမလာပါ။
သို့သော်လည်း အခြားသော သူအများအပြားနှင့် အတူပင် ကျွန်တော်တို့က ကြိုးစားမှုကို ရပ်တန့်မည် မဟုတ်ပါ။ ကျွန်တော်တို့၏ ခရီးစဉ်အတွင်းတွင် ကြီးမားသော လှိုင်းများကို ကျော်ဖြတ်ရလိမ့် မည်မှာ ထင်ရှားနေပါသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းဖော်ပြရေးသားခြင်းကို ကျွန်တော်တို့ ရပ်တန့်မည် မဟုတ်ပါ။ သူတို့လက်ရှိ ရသင့် သည်ထက် များစွာပို၍ ထိုက်တန်သည့် သန်းပေါင်းများစွာသော ပြည်သူများ အတွက် သတင်းများ ဖြန့်ဝေခြင်းကို ကျွန်တော်တို့ စွန့်လွှတ်မည် မဟုတ်ပါ။ မြန်မာနိုင်ငံအတွက် အရေးကြီးသော စတုတ္ထမဏ္ဍိုင်၏ အရေးပါသော အစိတ်အပိုင်းတခု ဖြစ်သည့် ကျွန်တော်၏ နေရာကို ကျွန်တော်တို့ ဆက်လက် ဆုပ်ကိုင်ထားဆဲ။
ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံ၏ ဝိဉာဉ်ဟောင်းများနှင့် သူတို့၏ အသံများကို ကျွန်တော်တို့ ယခင်ကထက်ပို၍ပင် လိုအပ်သည်ဟု ဆိုရပါလိမ့်မည် ဖြစ်သည်။
အယ်ဒီတာချုပ် အောင်ဇော်သည် ဧရာဝတီသတင်းဌာနကို တည်ထောင်သူ ဖြစ်ပြီး၊ ဧရာဝတီ အင်္ဂလိပ် ပိုင်းတွင် ဖော်ပြခဲ့သည့် သူ၏ Spirit of 8888 Continues to Drive The Irrawaddy ကို ဘာသာပြန်သည်။