၂၁ ရာစု ပင်လုံ၊ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် NLD

မောင်မောင်စိုး
နေပြည်တော်တွင် ကျင်းပသည့် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ခုနှစ်မေလ လူထုဆန္ဒခံယူပွဲက အတည်ပြုလိုက်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် မြန်မာပြည်၏ တတိယ မြောက် အခြေခံဥပဒေ အဖြစ် ပေါ်ထွက်လာသည်။

၂၀၀၈ ခုနှစ်မေလ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံရစဉ် ကာလအတွင်း၌ပင် ဆန္ဒခံယူပွဲ ပြုလုပ်ပြီး အတည်ပြုခဲ့၍ နာဂစ် အခြေခံ ဥပဒေဟုလည်း ခေါ်ကြသည်။

ဤဥပဒေကို လူထုဆန္ဒခံယူပွဲပြု လုပ်ရာတွင် မဲပေးခွင့်ရှိသူ ၂၂၇၀၈၄၃၄ ရှိသည့်အနက် ၉၉.၀၇ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့ပြီး မဲပေးသူဦးရေ၏ ၉၂.၄ ရာခိုင်နှုန်းက တခဲနက် ထောက်ခံခဲ့သည်ဟု အဆိုပါ ဥပဒေအား ကမကထ ပြုခဲ့ကြ သူ စစ်ဘက် ခေါင်းဆောင်များနှင့် ၎င်းတို့ကို ဆက်ခံသူများက စိုက်လိုက်မတ်တတ် ရပ်ခံ ပြောဆိုခဲ့ကြသည်။

သို့သော် အဆိုပါ ကိန်းဂဏန်းများသည် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲ ကျင်းပစဉ် ကာလက မြန်မာပြည် လူဦးရေ ၅၇ သန်း ရှိခဲ့သည်ဟု ဆိုခဲ့သော်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်သော အခါ လူဦးရေ ၅၁ သန်းမျှသာရှိပြီး လူဦးရေ ၆ သန်းခန့် လျော့ကျ ခဲ့သည်မှာလည်း အံ့သြဖွယ် ဖြစ်ရသည်။

သို့ဖြစ်ရာ အဆိုပါ ၂၀၀၈ အခြေခံ ဥပဒေကို စတင် အတည်ပြုခဲ့စဉ် ကတည်းက လက်ခံသူနှင့် လက်မခံသူများကြား အတိုက်အခံဖြစ်မှု စတင်ခဲ့တော့သည်။ လက်မခံ ဆန့်ကျင်သူများက လူအများစုက လက်ခံခြင်း မဟုတ်ဘဲ အတင်း အကြပ် ပြုခဲ့သည့် ကိန်းဂဏန်းများ အဖြစ် သဘောထား ဆန့်ကျင်ခဲ့ကြသည်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် အသစ် ရေးဆွဲရေး

သို့သော် အဆိုပါ အခြေခံ ဥပဒေအား ဆန့်ကျင်သည့် လှုပ်ရှားမှုများသည် အစောပိုင်း ကာလက နအဖ အစိုးရ၏ တင်း ကြပ် သည့် အုပ်ချုပ်မှု အောက်တွင် ထွက်မလာနိုင်ခဲ့သေးပေ။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း၊ ၂၀၁၂ ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ခြင်းများ ပြုလုပ်ပြီးနောက် မြန်မာပြည် ဒီမိုကရေစီ အရေး လှုပ်ရှားမှုများဖြင့် အပြောင်းအလဲများ စတင်ပါသည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်သည့် NLD ပါတီသည် မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုများ တရားဝင် ပြုလုပ်ခွင့် ရလာ သည်။ ဤတွင် လူထုအား စည်းရုံးသည့် NLD ၏ တပြည်လုံး အတိုင်းအတာ ဆောင်သည့် နိုင်ငံရေး လှုပ်ရှားမှုတခုကို တရားဝင် စတင်ခဲ့သည်။

ရန်ကုန်တွင် ပြုလုပ်သော ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု တခု / ဧရာဝတီ

အဆိုပါ လှုပ်ရှားမှုမှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု ဖြစ်သည်။ NLD ၏ ထိပ်ပိုင်း ခေါင်းဆောင် တဦး ဖြစ်သည့် ကွယ်လွန်သူ ဦးဝင်းတင်က အခြေခံ ဥပဒေ အသစ် ရေးဆွဲရေးကို ရပ်ခံခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ပါတီဝင် အများစုက အခြေခံဥပဒေ ပြင်ဆင်ရေးဘက်မှ ရပ်ခံခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု စတင်ခဲ့ သည်။

အခြေခံ ဥပဒေ ပြင်ရေး၊ ၄၃၆ ပြင်ရေး လှုပ်ရှားမှု

၂၀၁၃-၂၀၁၄ ခုနှစ်များတွင် NLD ပါတီသည် တပြည်လုံးအနှံ့တွင် အခြေခံ ဥပဒေ ပြင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ရေးတို့နှင့် ပတ်သက်၍ လူထုဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ အခြေခံ ဥပဒေ ပြင်ရေးနှင့် ပတ်သက်၍ လူထု လက်မှတ်ထိုးသည့် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ လူထု အများအပြား ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

အခြေခံ ဥပဒေ ပြင်ရေး၊ ၄၃၆ ပြင်ရေး အတွက် လူ ၅ သန်းခန့် လက်မှတ် ရေးထိုးခဲ့ကြသည်။

ထိုလှုပ်ရှားမှုသည် ၂၀၀၈ အခြေခံ ဥပဒေကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ပြုလုပ်ခဲ့သော လူထုလှုပ်ရှားမှု ဖြစ်ခဲ့သည်။ အဆို ပါလှုပ်ရှားမှုသည် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လူထုကိုလည်း လှုံ့ဆော်ခဲ့သည်။

ယင်းလှုပ်ရှားမှုမှ နေ၍ မည်သည့် အခြေခံဥပဒေကိုမျှ မပြင်ဆင်နိုင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရစေဖို့ တွန်းအားဖြစ်ခဲ့သည်။

ပုဒ်မ ၄၃၆ နှင့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု တခု / ဧရာဝတီ

NLD ပါတီနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည်မှာလည်း တထပ်တည်း ဖြစ်စေခဲ့သည်။ ဒီမိုကရေစီ အပြောင်းအလဲ နှင့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ရေးအတွက် လူထု၏ မျှော်လင့်ချက်သည် NLD အပေါ် ထားရှိခဲ့သည်။

လွှတ်တော်နှင့် အခြေခံ ဥပဒေ ပြင်ရေး

ပြောင်းလဲချိန်တန်ပြီ ဆိုသည့် ကြွေးကြော်သံဖြင့် NLD ပါတီသည် လွှတ်တော်တွင်းသို့ ရောက်သွားခဲ့ရုံသာ မက အစိုးရ အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။

စစ်အာဏာရှင် စနစ် ပြန်လည် ခေါင်းထောင်ထလာမည်ကို မလိုလားသော၊ စစ်ဗိုလ်ချုပ်ဟောင်းများ အာဏာ ဆက်လက် ကိုင်စွဲမည်ကို မလိုလားသော ပြည်သူလူထုက NLD အစိုးရကို ဆက်လက် ဝန်းရံ ပေးခဲ့သည်။ ထို့အတူ NLD အစိုးရ၏ အခက်အခဲကို နားလည် စာနာ ပေးခဲ့ကြသည်။

သို့သော် NLD အစိုးရသက်တမ်းနှင့် လွှတ်တော်သက်တမ်း ကြာလာသည်နှင့်အမျှ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် လူထု၏ မျှော်လင့်ချက်ကလည်း ပို၍လာသည်။ စစ်ဘောင် ချုံ့၍ အရပ်ဘောင် ချဲ့စေချင်ခဲ့သည်။

အချိန်ကာလ ၂ နှစ်ခွဲခန့်အတွင်း မည်သည့် အခြေခံဥပဒေမှ ပြင်ဆင်နိုင်ခြင်း မရှိသည်ကို နားလည် ပေးနိုင်သော် လည်း လာမည့် ၂ နှစ်ခွဲကာလအတွင်း မည်သို့ ပြင်နိုင်မည် ဆိုသည်ကို မျှော်လင့် ကြသည်။

လက်ရှိ လွှတ်တော် လမ်းကြောင်းတွင် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုသည်မှာ ပုဒ်မ ၄၃၆ အရ မည်သည့်ပုဒ်မ မဆို လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် သဘောတူညီမှု ရရှိမှ ပြင်နိုင်မည်ဖြစ်ရာ တပ်မတော် ဘက်က သဘောတူမှသာ အခြေခံဥပဒေကို ပြင်ဆင်၍ရမည်။

တပ်မတော် သဘောမတူပါက မည်သည့် ဥပဒေမှ မပြင်ဆင်နိုင်ပေ။ သို့ဖြစ်ရာ လွှတ်တော် လမ်းကြောင်းမှ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုသည်မှာ တပ်မတော်က သဘောမတူလျှင် မည်သို့မှ မဖြစ်နိုင်ပေ။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု / ဧရာဝတီ

၂၀၁၈ ခုနှစ်အတွင်း ပြု လုပ်သော NLD ပါတီညီလာခံ အပြီးတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လူထု နာမည့် လမ်းကို မရွေးဟု ဆိုခဲ့ပါသည်။

တကယ်တမ်းအားဖြင့် NLD ပါတီနှင့် အစိုးရ ရွေးချယ်ထားသော အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းမှာ ၂၁ ရာစု ပင်လုံ ညီလာခံမှတဆင့် ဖြစ်သည်ကို စောစီးစွာကပင် တွေ့မြင်ရပါသည်။

၂၁ ရာစုပင်လုံနှင့် အခြေခံ ဥပဒေ ပြင်ရေး

NLD အစိုးရသည် အစိုးရသစ် ဖွဲ့စည်းပြီးကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တက်ကြွစွာ ဆောင် ရွက် ခဲ့ပြီး ၂၁ ရာစု ပင်လုံ ညီလာခံကို သုံးကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။

၂၁ ရာစုပင်လုံ ညီလာခံတွင် အစိုးရ၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ်များ၊ တပ်မတော်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ တရားဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အားလုံး စုံညီ ပါဝင်နိုင်သည့် အခွင့်အရေးရှိပြီး မတူသောအမြင်များ၊ သဘောထားများကို စုစည်း ဆွေးနွေးနိုင်သည့် အခွင့်အလမ်း ရှိပါသည်။

ဤသို့သော အခွင့်အလမ်းကောင်းများ ရှိနေသော အခြေအနေတွင် ၂၁ ရာစု ပင်လုံညီလာခံ၌ အပြန်အလှန် အကြေ အလည် ဆွေးနွေးညှိနှိုင်း သဘောတူညီမှုများ ရယူမည်။

ထိုသဘောတူညီမှု များသည် အစုအဖွဲ့ အသီးသီးက ပါဝင်ဆွေးနွေးပြီး ရရှိလာသော သဘောတူညီချက်များ ဖြစ်ကာ ပြည်ထောင်စု သဘော တူညီချက်များ ဖြစ်လာသည်။

ဒုတိယအကြိမ် ညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် ၃၇ ချက် ရယူနိုင်ခဲ့ပြီး တတိယအကြိမ် ညီလာခံတွင် ၁၄ ချက်ရယူနိုင်ခဲ့ကာ ပြည်ထောင်စု သဘောတူညီချက် စုစုပေါင်း ၅၁ ချက် ရရှိသည်ကို တွေ့ရသည်။

ဒုတိယအကြိမ် ၂၁ ပင်လုံက ရရှိသော ပြည်ထောင်စု သဘောတူညီချက် ၃၇ ချက်အား လွှတ်တော်တွင် တင်ပြ၍ အတည်ပြု ပြီးဖြစ်ကာ တတိယအကြိမ် ၂၁ ရာစုပင်လုံမှ ရရှိသည့် ၁၄ ချက်အား မကြာမီ လွှတ်တော်တွင် တင်ပြ၍ အတည်ပြုချက် ရယူမည်ဟု မျှော်လင့်ရသည်။

ဤနေရာတွင် ဆန်းစစ်ကြည့်ရန် လိုအပ်သည့် ပထမအချက်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး ရည်ရွယ်ချက်ဖြင့် ပြုလုပ် သော ၂၁ ရာစု ပင်လုံညီလာခံမှ ရရှိလာပြီဖြစ်သော ပြည်ထောင်စု သဘောတူညီချက် ၅၁ ချက်တွင် မည်သည့် အချက် သည် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်နိုင်ပါသနည်း ဟူသောအချက် ဖြစ်သည်။

ဒုတိယအချက်မှာ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား လည်းကောင်း၊ မြန်မာ့နိုင်ငံရေးအား လည်းကောင်း ဦးဆောင် ဦးရွက် ပြုနေသည့်အပြင် အခြေခံဥပဒေ ပြင်ဆင်ရေး လူထုလိုလားချက်ကို ဖြည့်ဆည်းပေးရန် ကတိကဝတ် ပြုထား သော NLD ပါတီ၊ NLD အစိုးရသည် ထိုသို့အခြေခံမူများ ချမှတ်ရာတွင် မည်သည့် အခန်းကဏ္ဍက ပါဝင်နေသနည်း ဟူသော အချက်ဖြစ်သည်။

ပထမအချက်နှင့် ပတ်သက်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ တချို့ကို မေးမြန်း ဆန်းစစ်ကြည့်ရာတွင် လက် ရှိ သဘောတူထားသော အချက် ၅၁ ချက်တွင် ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးကို ရှေးရှုပြီး တိတိ ကျကျ ဖော်ပြထားသည့်အချက် မပါဟု ဆိုကြသည်။ တချို့ကလည်း ပြင်နိုင်မပြင်နိုင် မသေချာဟု ဆိုကြသည်။

ဥပမာ ဒုတိယအကြိမ် ညီလာခံက ရရှိသည့် သဘောတူညီချက်တွင် ပါဝင်သည့် နိုင်ငံရေးကဏ္ဍ ပထမ အချက်တွင်

၁။ အချုပ်အခြာအာဏာ။ ။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး ပြည်ထောင်စု တဝန်းလုံး၌ တည်သည် ဟု ဖော်ပြပါသည်။

ဤသို့ ဖော်ပြထား၍ နိုင်ငံသားများထံမှ ဆင်းသက်သည်ဆို၍ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တို့နှင့် ပတ်သက်၍ နိုင်ငံသား တို့ က ဒီမိုကရေစီ နည်းလမ်းဖြင့် ရွေးကောက်တင်မြှောက် ခံရသူများထံတွင်သာ တည်စေပြီး ရွေးကောက် ခံရခြင်း မရှိ ဘဲ၊ တိုက်ရိုက် ခန့်ထားခွင့် ရရှိထားသည့် တပ်မတော်၌ အခွင့်အာဏာများ မတည်ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုပြီး အခြေခံ ဥပဒေ ကို ပြင်ဆင်ရန်မှာမူ လောလောဆယ် ဖြစ်နိုင်လိမ့်မည် မဟုတ်ဟု ဆိုရပါမည်။

အဘယ်ကြောင့် ဆိုသော် အဆိုပါ ပြည်ထောင်စု သဘောတူညီချက်သည် အလွန်ယေဘုယျ ကျနေ၍ ဖြစ်သည်။

ထိ့ုကြောင့်လည်း လက်ရှိ သဘောတူညီပြီးသား ၅၁ ချက် သည် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်နိုင်သည်ဟု တိတိ ကျကျ လက်ညှိုး ထိုးပြနိုင်သည့် အချက် မတွေ့ရသေးဟု ဆိုရပါမည်။

ဒုတိယအချက် အနေနှင့်ဆိုလျှင် ၂၁ ရာစုပင်လုံ ညီလာခံတွင် ချမှတ်သည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်သော အချက် အခြာ ဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ (UPDJC )တွင် NLD အနေဖြင့် အစိုးရ၊ လွှတ်တော်၊ ပါတီ စသည့် အစုအဖွဲ့ ၃ ဖွဲ့တို့သည် ခေါင်းဆောင်မှု အခန်းမှ ပါဝင်နေကြသည်။

သို့သော် နိုင်ငံရေးအရ အမှန်တကယ် ခေါင်းဆောင်မှု ရယူရာတွင်မူ မေးခွန်းထုတ်ဖွယ် ရှိသည်။

ပြီးခဲ့သော သဘော တူညီချက် ၅၁ ချက် ရယူရာတွင် NLD မှ ဦးဆောင်ဆွေးနွေး သဘောတူညီချက် ရယူခဲ့သော အချက် မည်မျှ ရှိသနည်း ဟူ၍ ဆန်းစစ်ကြည့်ပါက UPDJC တွင် ပါဝင်သူအများစု ခံစားသိရှိကြသည်မှာ တကယ်တမ်း UPDJC တွင် သဘောတူညီချက်များကို တင်ပြပြီး အကြိတ်အနယ် ညှိနှိုင်းနေကြသူများမှာ တပ်မတော် ကိုယ်စားလှယ် များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များ ဖြစ်သည်ကို တွေ့ရသည်။

အဆိုပါညှိနှိုင်းမှုများတွင် NLD ၏ အခန်းပျောက်နေသည်ကို တွေ့မြင်ရသည်။ NLD က ခေါင်းဆောင် ဆွေးနွေး၍ သဘောတူညီချက် ရယူသည့် အချက်တချက်မှ မတွေ့ရသေးဟု ဆိုနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ခေါင်းဆောင်မှု ဆိုသည်၌ အရေးကြီးသည်မှာ နိုင်ငံရေးအရ မူဝါဒများကို ဆွေးနွေး ခေါင်းဆောင်နိုင်ရန် လိုသည်။ NLD အစိုးရ ကိုယ်စားလှယ် အဖြစ် ပါဝင်ကြသူများမှာ မူလကတည်းက နိုင်ငံရေး လှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကြသည့် NLD ပါတီဝင်များ မဟုတ်ကြသည့်ပြင် လက်သစ် ပန်းပုဆရာဆိုသူများ ဖြစ်နေကြသည်။

ပါတီအစုအဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်မှ ပါဝင်ကြသည့် NLD လူဟောင်းများသည်လည်း လက်တွေ့ကျကျ ခေါင်း ဆောင် ဆွေးနွေးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

ပြည်ထောင်စု သဘောတူညီချက်များ ရယူရာတွင် တပ်မတော်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ အကြိတ်အနယ် ဆွေးနွေး နေစဉ် NLD ပါတီ၏ ဦးဆောင် ဆွေးနွေး သဘောတူညီချက် ရယူမှု ပျောက်ဆုံး နေခြင်းသည် ၂၁ ပင်လုံမှ တဆင့် အခြေခံဥပဒေ ပြင်ဆင်ရေးသွားမည် ဆိုသည့် NLD ကို မေးခွန်းထုတ်ဖွယ် ဖြစ်နေတော့သည်။

တဆက်တည်းပင် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန် မည်သည့် အခြေခံမူများကို NLD က ညီလာခံတွင် တင်ပြ၍ ရယူခဲ့သနည်း ဆိုသည့် အမေးအတွက်လည်း ယခုအချိန်ထိ အဖြေမရှိသေးပေ။ လက်ရှိ ရရှိပြီးသော သဘောတူညီ ချက် များတွင် NLD က အခြေခံဥပဒေ ပြင်ဆင်ရေးရည်ရွယ်ချက်နှင့် တင်ပြညှိနှိုင်းပြီး ရယူနိုင်ခဲ့သည့် အချက်ကို မတွေ့ရသေးပေ။

NLD အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အချိန်ကာလ အနားသတ်ကို မည်သို့မှ မဆိုသေးသော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား အနားသတ် အဖြေထုတ်ရန် တပ်မတော်က တတိယအကြိမ် ၂၁ ပင်လုံ တွင် စတင် ပြောဆိုလာခဲ့ပြီ ဖြစ်သည်။

လာမည့် ၂ နှစ်ခွဲခန့် အချိန်ကာလအတွင်း NLD အနေဖြင့် UPDJC နှင့် ၂၁ ရာစုပင်လုံတွင် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် မည်သည့် အခြေခံမူများကို တင်ပြဆွေးနွေး၍ သဘောတူညီချက် ရယူနိုင်မည်နည်း ဆိုသည်မှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွန်စွာ အရေးပါသည်။

၂၁ ရာစုပင်လုံ၌ သဘောတူညီချက် ရယူ၍ အခြေခံဥပဒေ ပြင်ဆင်ရန် အခွင့်အလမ်း ရှိနေသေးသကဲ့သို့ ထိုသို့ ပြင်ဆင် မည် ဟု ဆိုထားသော NLD ပါတီနှင့် အစိုးရအနေဖြင့် လက်တွေ့ကျသော အခြေခံမူများကို တင်ပြ၍ ပြည်ထောင်စု သဘောတူညီချက် ရယူရန် လိုအပ်နေပေသည်။ ဤသို့ ရယူနိုင်ခြင်း မရှိပါက အခြေခံဥပဒေ ပြင်ဆင်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။

ယခုအချိန်ထိ အခြေခံဥပဒေကို ပြင်ဆင်နိုင်သည့် အခြေခံမူတရပ်ရပ်ကို NLD ပါတီက ဦးဆောင်ဆွေးနွေးပြီး သဘော တူညီချက် ရယူထားနိုင်ခြင်း မရှိသေးသည်ကို အထူးဂရုပြုကြရန် လိုအပ်ပါသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည်မှာ မဲဆွယ်သည့် ကြွေးကြော်သံသက်သက် မဟုတ်ပေ။ မြန်မာပြည် ဒီမိုကရေစီ ရေး၊ ဖက်ဒရယ်အရေး အတွက် လက်တွေ့ဆောင်ရွက်ရန် လိုအပ်သည့် နိုင်ငံရေး လုပ်ငန်းစဉ်ဖြစ်သည်။

လက်တွေ့ရလဒ်ကောင်းများ ရရန် ခက်ခဲသည်ဖြစ်သော်လည်း ဘာမှမလုပ်လျှင်တော့ ဘာမျှမရနိုင်ပေ။ အခက်အခဲကို ရှေ့ဆောင် ကျော်လွှားမှ ခေါင်းဆောင်ကောင်း ဖြစ်ပေလိမ့်မည်။

နိုင်ငံရေးပါတီ တရပ်အနေဖြင့် မိမိရည်မှန်းချက် ထမြောက်အောင်မြင် စေရန်အတွက် လူထုအား၊ လူထု ပူးပေါင်း ပါဝင် မှု တို့ ရယူရန် လိုအပ်သည်မှာ ငြင်းပယ်ရန် မရှိပါ။ သို့သော် လူထုအားကို ရရှိရန် နိုင်ငံရေးပါတီသည် လူထုကို စည်းရုံး သိမ်းသွင်း ခေါင်းဆောင်ရန် လိုအပ်သည်။

လူထုအနေနှင့် မိမိတို့ကို ခေါင်းဆောင်ရန် NLD ပါတီအား ရွေးချယ်ထားခဲ့ပြီဖြစ်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေး မျှော်လင့်ကာ NLD ကို စုပြုံ၍ မဲပေးခဲ့ကြပြီး ဖြစ်သည်။

NLD သည် အစိုးရနှင့် လွှတ်တော်ကို ခေါင်းဆောင်ခွင့် ရရှိခဲ့သည်မှာ လူထု၏ မျှော်လင့်ချက်တို့ကြောင့် ဖြစ်ပေသည်။ လူထုအားကြောင့် ဖြစ်သည်။ အဆိုပါလူထုကို အခိုင်အမာ နိုင်ငံရေးမူဝါဒများ၊ ကြွေးကြော်သံများဖြင့် စည်းရုံး ခေါင်း ဆောင် ရန်မှာ NLD ပါတီ၏ တာဝန်ဖြစ်ပေသည်။

ယခုအချိန်တွင် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လိုအပ်နေသည်မှာ NLD ပါတီအနေဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်သည့် အခြေခံမူများကို UPDJC တွင်လည်းကောင်း၊ ၂၁ ရာစု ပင်လုံတွင် လည်းကောင်း တင်ပြခဲ့ပြီး တပ်မတော်၊ တိုင်းရင်းသားတို့နှင့် ညှိနှိုင်း၍ သဘောတူညီချက် ရယူနိုင်ရေး ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှု လျှော့ချရေး၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ကိစ္စရပ် များတွင် တပ်မတော်၏ အဆုံးအဖြတ်က အရေးပါနေရာ အခြေခံမူများအား ခေါင်းဆောင်တင်ပြ ညှိနှိုင်းရယူသည့် နိုင်ငံရေး လုပ်ဆောင်ချက်တွင်လည်း NLD ၏ အခန်း ပျောက်နေပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း NLD ၏ နိုင်ငံရေးအရ ဦးဆောင်မှု ဆုံးရှုံးမည်။

ထို့အပြင် အခြေခံဥပဒေပြင်ဆင်ရေး ဆိုသည်မှာလည်း အကောင်အထည် ဖော်နိုင်တော့မည် မဟုတ်ပေ။ သို့ဖြစ်ပါက NLD ၏ အခြေခံဥပဒေ ပြင်ဆင်ရေးသည် လေထဲ တိုက်အိမ် ဆောက်နေသကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။

လူထုကတော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD ကို မျှော်လင့်ထားဆဲ ဖြစ်ပါသည်။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းမရှိပါက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသည် အလှမ်းကွာ၍ နေပေလိမ့်မည်။ ။

(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading