တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မီဒီယာကို အမြင်မစောင်းသင့်

စိန်ဝင်း
တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တက်ရန် ရောက်ရှိလာစဉ် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နေပြည်တော် လွှတ်တော်အတွင်း သတင်းရယူနေတဲ့ သတင်းမီဒီယာသမားတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှု၊ သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေကို လူမှုကွန်ယက်တွေပေါ် ဂျာနယ်တွေပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ ဖြန့်နေပါတယ်ဆိုပြီး သတင်းသမားတွေကို ကြပ်မတ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်နာယကကို လိပ်မူထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ရဲ့ စာကို တွေ့လိုက်ရတော့ အံ့သြမိပါတယ်။

သူတို့ရဲ့ စာမှာ

(က) စိတ်ငြိုငြင်အောင်၊ ဒေါသဖြစ်အောင် တမင်ပြုမူ၍ အခြား ပြစ်မှုတခုခု ကျူးလွန်စေရန် အကြံဖြင့် ပြုမူနေခြင်း

(ခ) အသရေကို နစ်နာစေရန်/ နစ်နာစေမည်ဟု သိလျက်နှင့် ယုံကြည်ရန် အကြောင်းရှိလျက်နှင့် ပြုမူနေခြင်း

(ဂ) ကိုယ်စားလှယ်များ၏ သဘောဆန္ဒနှင့် ဆန့်ကျင်၍ မသွားမလာနိုင်အောင် ပိတ်ပင်ခြင်း

(ဃ) အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ၏ ကာယန္ဒြေကို ပျက်ဆီးစေတန်ရာသည်ကို သိလျက်နှင့် ပြုမူခြင်း

(င) နိုင်ငံသားတဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု သို့မဟုတ် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော စောင့်ကြည့်ခြင်း

(စ) နိုင်ငံသားတဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေရန် တနည်းနည်းဖြင့် ဆောင်ရွက်ခြင်းတို့ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က စွပ်စွဲသလို ရည်ရွယ်ချက်ရှိရှိ သတင်းသမားတွေက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ အသရေပျက်စေလိုမှုတို့ကို ပြုမူခဲ့ရင် မသင့်တော် မလုပ်သင့်တာ အမှန်ပါပဲ။ ဒါဟာလည်း လွှတ်တော်ကိုယ်စားလှယ်မှ မဟုတ်ပါဘူး၊ လူတိုင်းလူတိုင်းနဲ့ ဆိုင်ပါတယ်။ သတင်းမီဒီယာသမားတွေအပါအဝင် နိုင်ငံသားအားလုံးဟာ ဒီလိုအပြုအမူတွေကနေ ပြုမူခံရခွင့် လွတ်သင့်ပါတယ်။ ပြုမူတဲ့သူကို အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြည်သူ့ဘဏ္ဍာကို စီမံ သုံးစွဲပြီး ပြည်သူ့ရေးရာ ပေါ်လစီများ ချမှတ်တဲ့ ဥပဒေပြုမဏ္ဍိုင်ကို ရောက်ရှိနေသူတိုင်း ရွေးကောက်ခံ အရပ်ဘက်ကိုယ်စားလှယ်ဖြစ်စေ ရွေးကောက်ခံမဟုတ်တဲ့ စစ်ဘက်ကိုယ်စားလှယ်ဖြစ်စေ လွှတ်တော်တွင်း ရောက်ရှိလာချိန်မှာ သတင်းမီဒီယာရဲ့ စိတ်ဝင်တစား စောင့်ကြည့် တင်ပြမှုကို ခံကြရမှာပါ။ လွှတ်တော်ဟာ ပုဂ္ဂလိကပိုင် မဟုတ်သလို တပ်ဝင်းလည်း မဟုတ်ပါဘူး။

တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ပူးတွဲတင်ပြထားတဲ့ ဓာတ်ပုံတွေမှာ မဇ္ဈိမ သတင်းဌာနက ရိုက်ကူးခဲ့တဲ့ပုံတွေပါ တွေ့ရတော့ ဒါ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ သတိပြုမိပါတယ်။ ဘာလို့လည်း ဆိုတော့ ပြီးခဲ့တဲ့လနှောင်းပိုင်းက ဖြစ်တဲ့အဖြစ်အပျက်ကို သွားသတိရမိလို့ပါ။

ဇူလိုင် ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် သုံးစွဲဖို့ လျာထားတဲ့ ကာကွယ်ရေး အသုံးစားရိတ်နဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် လာရောက်ရှင်းလင်းမှု လုပ်ပါတယ်။ လွှတ်တော်အစည်းအဝေး ရပ်နားချိန်မှာ ဗိုလ်ချုပ်မြင့်နွယ် အပြင်ထွက်လာတော့ ရုပ်သံသတင်းထောက်တွေ၊ ဓာတ်ပုံသတင်းထောက်တွေက ရိုက်ကူးမှု လုပ်ပါတယ်။ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ အင်တာဗျူး ဧရိယာဆိုပြီး လွှတ်တော်က သတ်မှတ်ထားတဲ့နေရာမှာပါ။

ရုပ်သံသတင်းထောက်ဆိုတာ အင်တာဗျူးထားတဲ့ အရုပ်သက်သက်နဲ့ သတင်းလုပ်လို့ မရပါဘူး။ ကြားညှပ်အရုပ်တွေ ပါရပါတယ်။ အဲဒီတော့ ဗိုလ်ချုပ်မြင့်နွယ် လွှတ်တော်ခန်းမ အဝင်အထွက် ပုံရိုက်တာ ပုံမှန် အလုပ်လုပ်တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မြင့်နွယ်နဲ့ အတူ လမ်းလျှောက်ပါလာတာကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်တင်ဆွေဝင်းပါ။ အဲဒီတော့ သူလည်း ကင်မရာနဲ့ ရိုက်အထဲ ပါလာပါတယ်။

ဒီမှာ ဗိုလ်ချုပ်တင်ဆွေဝင်းက ဗီဒီယို သတင်းထောက်ကို အကြောင်းမဲ့ ဆဲရေးတိုင်းထွာမှုပြုတာပါပဲ။ သူကပဲ အဲဒီ နံနက်ပိုင်းကလည်း ဓာတ်ပုံသတင်းထောက် နောက်တယောက်ကိုလည်း သူ့ ဓာတ်ပုံတင်ရင် ထိုးမယ်လို့ ပြောခဲ့ပါတယ်။

သတင်းတွေအပေါ် သဘောထားကွဲ နိုင်ပါတယ်။ အကြောင်းအရာတခုထဲမှာတောင် သတင်းသမားအချင်းချင်း ရှုထောင့် သဘောထား မတူနိုင်ပါဘူး။ သတင်းဟာ သားချော့တေး မဟုတ်တော့ လူတိုင်း သဘောတူနိုင်မှာ မဟုတ်ပါဘူး။ မီဒီယာကို စတုတ္တမဏ္ဍိုင်လို့ တင်စားကြတယ် မဟုတ်လား။ တခြားသော မဏ္ဍိုင်ကြီးတွေကို စောင့်ကြည့်ဖို့ ဆိုတာ တာဝန်ပါ။ သတင်းသမားရဲ့ အရေးကြီးတဲ့ တာဝန်မှာကို အမှန်တရားကို ရှေးရှု့ဖို့၊ အစိုးရ အာဏာပိုင်တွေရဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်မှုတွေ စောင့်ကြည့် အကဲဖြတ် ဝေဖန်ဖို့ ဖြစ်ပါတယ်။

ပြောရရင် ဖုံးကွယ်ထားတာကို မီဒီယာက ဖော်ထုတ်ရတာကိုက အနှစ်သာရ ပြည့်ဝစေတာပါ။ အာဏာပိုင်တွေက တမင် သိစေချင်လို့ ပြောပြတာကို သတင်းလုပ်ရတာက လူထုဆက်ဆံရေး လုပ်ပေးရတာပါပဲ။ သတင်းစာဆရာ ဂျော့အိုဝဲလ်က “သတင်းစာနယ်ဇင်းသည် တစုံတဦးက မဖော်ပြစေချင်သည်များကို ဖော်ထုတ်ရေးသားခြင်း ဖြစ်သည်။ ကျန်သည်များက လူထုဆက်ဆံရေး လုပ်ခြင်းသာ” လို့ သတင်းစာနယ်ဇင်းလုပ်ငန်းရဲ့ သဘောသဘာဝကို တိုတိုနဲ့ ထိထိမိမိ အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

တကယ်တမ်းဆို ပြည်ထောင်စု လွှတ်တော်မှာ ပုံမှန်သတင်းယူတဲ့ သတင်းတိုက်က ၁၅ ခုလောက်ပဲရှိပြီး သတင်းသမား စုစုပေါင်းမှ ပျှမ်းမျှ ၂၅ ဦး လောက်သာ ရှိတတ်ပါတယ်။ သတင်းသမားတွေ တယောက်ချင်းစီရဲ့ လုပ်ဆောင်မှုအကြောင်းကို သိချင်ရင် အာဏာပိုင်တွေအနေနဲ့ ခဲယဉ်းတဲ့ ကိစ္စမဟုတ်ပါဘူး။ သက်ဆိုင်ရာ လုံခြုံရေးအေဂျင်စီတွေ ရှိနေပါတယ်။

လွှတ်တော်မှာ သတင်းယူဖို့အတွက် ပထမဆုံး မီဒီယာကောင်စီကို သတင်းယူခွင့် စာတင်ရပါတယ်။ ကောင်စီကနေ လွှတ်တော်ကို တင်ပြရပါတယ်။ လွှတ်တော်က ခွင့်ပြုစာထွက်လာပြီဆိုမှ လွှတ်တော်ထဲမှာ သတင်းရယူခွင့်ရှိပါတယ်။ အဲဒီခွင့်ပြုချက်ကလည်း ဘယ်လောက်အကန့်အသတ်နဲ့ ရတယ်လို့ မဟုတ်ဘဲ ပုံမှန်အစည်းအဝေး တကြိမ်ပြီးတိုင်း စိစစ်မှုလုပ်တာမျိုးဆိုတော့ မကြာမကြာ ပြန်တင်ရတာမျိုးပါ။

ပြီးတော့ လွှတ်တော်မှာ နေရာတိုင်း သတင်းယူခွင့်ပြုတာလည်း မဟုတ်ပါဘူး။ No Media Access Area ဆိုပြီး တားမြစ်ထားတဲ့နယ်တွေလည်း ရှိပါသေးတယ်။ သတင်းမီဒီယာသမားတွေဟာ လွှတ်တော်တွင်းဆွေးနွေးမှုကို စောင့်ကြည့်လေ့လာရတာ (သို့မဟုတ်) သတင်းရယူရတာက လွှတ်တော်အစည်းအဝေးခန်းမ ဒုတိယထပ်မှာ သတ်မှတ်ထားတဲ့ မီဒီယာကော်နာလို့ ခေါ်တဲ့နေရာမှာပါ။ အဲဒီမှာတပ်ထားတဲ့ ရုပ်မြင်သံကြားကို ကြည့်နေရတာသော်လည်းကောင်း၊ တဆင့်ပြန်လည်ရိုက်ကူးရတာသော်လည်းကောင်း လုပ်ရတာပါ။

အင်တာဗျူးတွေ၊ ကြားညှပ်ရုပ်ကတ် ရိုက်ကူးရေးတွေ လုပ်ချင်ရင်တော့ လွှတ်တော် မစခင်၊ လွှတ်တော်နားချိန်၊ အစည်းအဝေးအပြီးတွေမှာ သတ်မှတ်ထားတဲ့နေရာကနေ လုပ်ကြရတာဖြစ်ပါတယ်။

နိုင်ငံခြားတိုင်းပြည်တွေက လွှတ်တော်တွေ လေ့လာဖူးပြီး မြန်မာပြည်က လွှတ်တော်သတင်းယူတာကို လိုက်ကြည့်လေ့လာဖူးသူမို့ ကျနော် သက်ပြင်းချမိဖူးပါတယ်။ မြန်မာ့နည်း မြန်မာ့ဟန် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာ ဒါပါလားလို့ ဖြည့်တွေးပေးပါတယ်။

သတင်းသမားတွေဟာ နိုင်ငံရေးသမားတွေကို ( ပြည်သူလူထုက ရွေးကောက်ထားတဲ့ အမတ်တွေကော၊ တပ်မတော်သားကိုယ်စားလှယ်တွေကော) ကို အင်တာဗျူးရဖို့ တောင်းတောင်းပန်ပန် ခခယယ လိုက်နေရတဲ့ အနေအထားပါ။ သတင်းသမားတွေ ဂုဏ်သိက္ခာရှိရှိ သတင်းယူဖို့ စီစဉ်ထားပေးတာမျိုး မဟုတ်ပါဘူး။ သတင်းသမားကွာ သတင်းရောင်းစားတာပဲဆိုတဲ့ အတွေးအမြင်မျိုးနဲ့ပဲ ဆက်ဆံနေကြတုန်းပဲလား။ တခုတော့ ရှိတယ်၊ သူတို့ သတင်းရောင်းချင်ပြီ သူတို့ လူထုဆက်ဆံရေးလုပ်ချင်ပြီဆိုတဲ့အခါမှာတော့ “သတင်းစာဆရာကြီးများခင်ဗျား” ပေါ့။

အဲသလိုအခြေအနေဟာ ဒီနှစ် အစောပိုင်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောကြားချက်တွေနဲ့ ရှေ့နောက်မညီတာ တွေ့ရပါတယ်။ မြဝတီက ဖော်ပြခဲ့တဲ့ သတင်းမီဒီယာကောင်စီတွေ့ဆုံပွဲ သတင်းမှာ ပါလာတာကို ပြန်ပြောပါရစေ။

“ မီဒီယာသည် တိုင်းပြည်အတွက် လွန်စွာ အရေးကြီးကြောင်း၊ အထူးသဖြင့် တိုင်းပြည် တည်ဆောက်ရေးကာလတွင် ပိုမိုအရေးကြီးကြောင်း၊ နိုင်ငံတိုင်းတွင် တိုင်းပြည် တည်ဆောက်ရေးသည် ပြီးဆုံးသည်ဟူ၍ မရှိနိုင်သကဲ့သို့ မီဒီယာ၏ကဏ္ဍသည်လည်း ထာဝရရှိနေမည်ဖြစ်ကြောင်း၊ ကမ္ဘာတည်သရွေ့ မီဒီယာ၏ လှုပ်ရှားမှုများ ရှိနေမည်ဖြစ်ကြောင်း၊ ထိရောက်သည့် လုပ်ဆောင်မှုများဖြင့် တိုင်းပြည်တည်ဆောက်ရေးအတွက် ပိုမိုတန်ဖိုးကြီးစေမည်ဖြစ်ကြောင်း” တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

လွှတ်တော်က တပ်မတော်သားကိုယ်စားလှယ်များ မီဒီယာကို အမြင်မစောင်းသင့်ကြောင်း တင်ပြအပ်ပါတယ်။

(စာရေးသူသည် ရန်ကုန်အခြေစိုက် မြန်မာ သတင်းပညာ သိပ္ပံ (MJI) မှ Head of Training ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading