ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လေသံပြောင်းလာသော KNU ခေါင်းဆောင်

လဝီဝမ်
တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ပင်လုံညီလာခံတွင် သတင်းထောက်များကို မန်းငြိမ်းမောင် ဖြေကြားနေစဉ် / မျိုးမင်းစိုး
Want create site? Find Free WordPress Themes and plugins.

စာရေးသူသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ဝါရင့်ခေါင်းဆောင် တဦးဖြစ်သော ဖဒို မန်းငြိမ်းမောင်ကို ၂၀၁၃ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်တွင် တွေ့ဆုံခဲ့သည်။ သူသည် ထိုစဉ်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အားကြိုးမာန်တက် လုပ်နေချိန်ဖြစ်ပြီး ထိုအချိန်သည် အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲ လုပ်ဆောင်ရန် မှန်ကန်သော အချိန်ဖြစ်သည်ဟု သူယူဆနေသည့် ပုံစံမျိုးဖြစ်နေသည်ဟု စာရေးသူမြင်မိသည်။

သူ့ကို စာရေးသူ တွေ့ဆုံခဲ့သည့် နေရာမှာ ရန်ကုန်တိုင်းရှိ ကရင်တိုင်းရင်းသား အများအပြားရှိရာ အလုံ မြို့နယ်တွင် ဖြစ်ပြီး တခြားသတင်းသမားများလည်း နှစ်သစ်ကူးပွဲတော်တွင် ပါဝင်ဆင်နွှဲနေကြသည်။

KNU သည် နှစ်ပေါင်း ၅၀ ကျော်ကြာ တိုက်ပွဲဝင်ပြီးနောက် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ KNU သည် မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ဆုံးနှင့် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး စစ်အစိုးရနှင့် သဘောတူညီမှု လက်မှတ်ရေးထိုးရန် ကာလ ရှည်ကြာစွာ ငြင်းဆန်ခဲ့သည့် အဖွဲ့ဖြစ်သည်။

သို့သော် ထိုစဉ်က သမ္မတ ဦးသိန်းစိန်စတင်ခဲ့သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည် KNU အဖွဲ့ကို စိတ် ပြောင်းသွားစေခဲ့သည်။ အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးခြင်းသည် ကရင်ပြည်သူများအတွက် မည်သို့သော အကျိုးအမြတ်များ ခံစားရရှိနိုင်မည်နည်းဟု စာရေးသူက ဖဒို မန်းငြိမ်းမောင်ကို မေးသည်။ သူ၏ တုန့်ပြန်ပုံမှာ ခုခံကာကွယ်သည့် သဘောဖြစ်နေသည်။ စာရေးသူ မေးသော မေးခွန်း၏ ရည်ရွယ်ချက်ကို သူသိသည်ဟု ပြောသည်။

“ခင်ဗျားတို့ သတင်းသမားတွေမှာ အဆိုးမြင်တဲ့ အမြင်တွေရှိနေတယ်။ ကျနော်တို့ ကရင် တိုင်းရင်းသားတွေ အတွက် အကျိုးကျေးဇူတွေဟာ ဘာတွေဘာတွေပါလို့ ကျနော်ပြောလို့ ဘယ်ရမလဲ။ ကျနော်တို့က အခုမှ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးခါစပဲ ရှိသေးတယ်” ဟု သူက ပြောသည်။

သူ၏ အပြုအမူကြောင့် စာရေးသူအပါအဝင် သတင်းသမားတချို့ စိတ်ပျက်သွားကြသည်။ ကရင် သတင်း ရင်းမြစ် တချို့၏ အဆိုအရ KNU ကို အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမည့် စားပွဲသို့ ခေါ်ဆောင်လာခဲ့ ရာတွင် အရေးပါသူမှာ ဖဒို မန်းငြိမ်းမောင်ဖြစ်သည်။ ထိုအချိန်မတိုင်မီက သူသည် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာသို့ သွားရန် နယ်စပ်ဖြတ်ကျော်ရေးအတွက် ကြိုးစားရင်း တရုတ် နိုင်ငံတွင် အဖမ်းခံရပြီးနောက် ထောင် တသက်တကျွန်း ကျခံနေရချိန်ဖြစ်သည်။ ထိုစဉ်က သမ္မတ ဦးသိန်းစိန် အစိုးရသည် KNU နှင့် ငြိမ်းချမ်းရေး ယူရန်အတွက် ဖဒိုမန်းငြိမ်းမောင် ထောင်အတွင်းတွင် ရှိနေစဉ် သူ့ကို အရင်ချဉ်းကပ်သည်။

ဦးသိန်းစိန်အစိုးရ တာဝန်ယူနေစဉ်အတွင်း ဖဒိုမန်းငြိမ်းမောင်သည် တခြား နိုင်ငံရေး အကျဉ်းသားများနှင့်အတူ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး KNU ကို ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ခေါ်ဆောင်ရန် လုပ်ဆောင်မှုသည်လည်း အောင်မြင်လာခဲ့သည်။ သူနှင့် KNU အဖွဲ့သည် ငြိမ်းချမ်းရေးအတွက် လုပ်နိုင်သည်ဟူသော အမြင်ကို ထိုစဉ်က ဖဒို မန်းငြိမ်းမောင် ဆုပ်ကိုင်ထားခဲ့သည်။ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဆုံးဖြတ်ချက်ကို သူ အကြိမ်ကြိမ် ချီးကျူးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အပြုသဘော ပြောဆိုသည်။ KNU သည် ထိုစဉ်က အစိုးရ၊ တပ်မတော်တို့နှင့် အနီးစပ်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ခဲ့သည်။

ထိုစဉ်က KNU သည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ်သည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရေး၊ မထိုးရေးနှင့် ပတ်သက်ပြီး ထိုတပ်ပေါင်းစု အဖွဲ့ဝင်များ ရှည်ကြာစွာ ဆွေးနွေးခဲ့ကြသည်။ လက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ် လိုက်သောအခါ KNU သည် UNFC မှ နုတ်ထွက်သွားခဲ့သည်။ ထိုဖြစ်ရပ်၏ နောက်ဆက်တွဲအဖြစ် UNFC သြဇာ ကျဆင်းသွားခြင်းကို အစိုးရက လွန်စွာသဘောကျသည်။ သို့သော် KNU ခေါင်းဆောင်မှုအတွင်း တွင်လည်း NCA ကို လက်မှတ်ထိုးရေး၊ မထိုးရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲနေသည်။

KNU ၏ ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သော နော်ဇီပိုးရာစိန်က NCA လက်မှတ်ရေးထိုးမည့် ဆုံးဖြတ်ချက်ကို သဘောမတူပေ။ သူနှင့် အခြားသူများက KNU ကို UNFC မှ မနုတ်ထွက်စေလို။ သို့သော် ဖဒို မန်းငြိမ်းမောင် အပါအဝင် KNU ခေါင်းဆောင်များကမူ UNFC မှ နုတ်ထွက်သည်ကို ကျေနပ်ပြီး NCA လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။

KNU က NCA ကိုလက်မှတ်ရေးထိုးခဲ့သည်မှာ ယခုအခါ ၃ နှစ်ကြာပြီဖြစ်သည်။ သို့သော် အခြေအနေမှာ ပြောင်းလဲသွားပြီး KNU ၊ အစိုးရနှင့် တပ်မတော်တို့အကြား ဆက်ဆံရေးမှာလည်း ပြောင်းလဲ သွားခဲ့သည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထိန်းချုပ်သော နယ်မြေကို ဖြတ်သန်းပြီး လမ်းဟောင်းတခုကို တပ်မတော်က ပြန်ဖောက်ရန် ဆုံးဖြတ်ချက်ကြောင့် KNLA ၏ တပ်မဟာ (၅) နှင့် တပ်မတော်တို့ အကြားတွင် မကြာသေးမီက တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ဖဒို မန်းငြိမ်းမောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ တက်လာပြီးနောက်တွင် လေသံ ပြောင်းလာသည်။ သူသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အဆိုးမြင်လာကာ တပ်မတော်က ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မည်သူမျှ ထိမရကြောင်း မကြာသေးမီက နေပြည်တော်တွင်ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ပင်လုံညီလာခံတွင် သတင်းထောက်များကို ပြောသည်။ နိုင်ငံရေး ပြဿနာများကို တပ်မတော်က ဆွေးနွေးခွင့်မပြုသောကြောင့် ထိုညီလာခံသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမည်ဟု သူ မထင်ကြောင်းလည်းပြောသည်။

ဖဒို မန်းငြိမ်းမောင်သည် အစိုးရကို ထောက်ခံသူဖြစ်သည်ဟု တနိုင်ငံလုံးက လူအများအပြားက ယူဆ ထားသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အစိုးရနှင့် တပ်မတော်တို့ကို သူဝေဖန်သောအခါ အံ့သြစရာ ဖြစ်ခဲ့ကြသည်။
တပ်မတော်ခေါင်းဆောင်များနှင့် အစိုးရ အာဏာပိုင်များသည် ကရင်တိုင်းရင်းသားများကို ကရင့် အာဇာနည်နေ့ ကျင်းပရန် ခွင့်မပြုသောကြောင့် KNU သည် တပ်မတော်နှင့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး မတည်ဆောက်နိုင်ကြောင်း ဧရာဝတီတိုင်း ဟင်္သာတ မြို့တွင် ကျင်းပသည့် ၆၈ ကြိမ်မြောက် ကရင့် အာဇာနည်နေ့တွင် ဖဒိုမန်းငြိမ်းမောင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာ့ တပ်မတော်၏ လုပ်ရပ်သည် လေးစားမှု ကင်းမဲ့ရာရောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်သည်ဟု သူပြောပြီး KNU သည် မြန်မာ့တပ်မတော်ကို ယုံကြည်မှု မရှိတော့ကြောင်း သူက ဆိုသည်။ ကရင်ပြည်သူ များသည် ၎င်းတို့၏ ခေါင်းဆောင်များကို အရိုအသေပြုခွင့်၊ ကရင့် အာဇာနည်နေ့ ကျင်းပခွင့်ရှိသည်ဟု သူက ပြောသည်။

“တပ်မတော်က တိုင်းရင်းသားတွေကို ဆက်လက်ဖိနှိပ်နေရင်တော့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုပ်ထားသမျှ ဘာမှအဓိပ္ပာယ်မရှိဘူး” ဟု ဖဒို မန်းငြိမ်းမောင်က ဆိုသည်။

(အင်္ဂလိပ်ဘာသာဖြင့် KNU Leader Has Changed His Tune on the Chances for Peace တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading