ရန်ကုန်မြို့ တိုးချဲ့ခြင်းတွင် စဉ်းစားရန် အချက်များ

ဒေါက်တာကျော်လတ်
ရန်ကုန်မြို့၏ ၅ဝ ရာခိုင်နှုန်း ခန့်သော နေရာများတွင် မိုးတွင်းချိန်ခါ ရေကြီးသဖြင့် လူများ နေထိုင် သွားလာရေးတွင် အခက်အခဲများနှင့် ကြုံနေကြရသည် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့သည် ၁၉၈၈ ခုနှစ်တွင် စတုရန်းမိုင် ၈ဝ ခန့်ရှိခဲ့ရာ တပ်မတော်အစိုးရ လက်ထက်တွင် များစွာ တိုးချဲ့ခဲ့သဖြင့် ယခု စတုရန်းမိုင် ၃ဝဝ ကျော်ရှိပြီ ဖြစ်သည်။ ၂၅ နှစ်ခန့်အတွင်း ၄ ဆခန့် တိုး ချဲ့ခဲ့သောမြို့ကို မြို့ပြစီမံကိန်းများတွင် မတွေ့ရှိဘူးပါ။ သို့သော်လည်း ယခုတဖန် ထပ်မံတိုးချဲ့ ကြရန် စီမံလျက် ရှိပြန်သည်။

ထို့ကြောင့် အောက်ပါအချက်တို့သည် မေးခွန်းထုတ်စရာဖြစ်လာသည်ဟုယူဆပါသည်။

• မိမိတို့ရန်ကုန်မြို့တွင် အစစအရာရာ အဆင်ပြေကြပါသလား၊ လွန်ခဲ့သောနှစ်များအတွင်း တိုးချဲ့ခဲ့သော နေရာများတွင် ပြည်သူလူထု အခြေခံ လိုအပ်ချက်များကို ဆောင်ရွက်ပြီးကြပြီလား၊ လွန်ခဲ့သော နှစ်များအတွင်း တိုးပွားလာသော လုပ်ငန်းရပ်များအတွက် မြေလွတ်များ မရှိတော့၍ တိုးချဲ့ရန် စီမံကြသည်လား၊

• မိမိတို့ရန်ကုန်မြို့တွင် မြေဈေး၊ အိမ်ဈေးများ ကြီးထွားနေ၍ တိုးချဲ့ရန် လိုအပ်ပါသလား။
အောက်ပါအတိုင်း ရန်ကုန်မြို့ ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများနှင့် အခြေအနေ၊ အချက်အလက်များကို တင်ပြပါသည်။

၁။ ရန်ကုန်မြို့တွင် လူဦးရေ ၅ သန်းကျော် ရှိရာ မြို့တော်စည်ပင်က နေ့စဉ် ရေဂါလန် သန်း ၂ဝဝ ကျော် ပေးဝေလျှက် ရှိသည်။ ထိုပမာဏမှာ အဆင့်မြင့်စွာ နေထိုင်နိုင်သူများအတွက် ပုံမှန်စံနှုန်း၊ လူတဦး နေ့စဉ် ဂါလန် ၃ဝ နှင့် တွက်လျှင် လုံလောက်သည်ထက် ပိုပါသည်။ သို့သော် ရန်ကုန်မြို့၏ မိသားစု ၁.၁ သန်းခန့်မှ ဝ.၃၃ သန်းခန့်၊ ရာခိုင်နှုန်းနှင့် ဆိုသော် ၂၈ ရာခိုင်နှုန်းခန့်သာ Connections ခေါ် ရေဆက်သွယ်မှု ရရှိကြသည်။ ကျန် ၇ဝ ရာခိုင်နှုန်း ကျော်အနက် အများစုမှာ မြေအောက်ရေကို သုံးစွဲကြရသည် (၂ဝ၁၄ ခုနှစ် စာရင်းအရဖြစ်ပါသည်)။

မြေအောက်ရေကို ရေရှည်သုံးစွဲခြင်းသည် မြို့မြေ နိမ့်ကျသွားခြင်း၊ ပင်လယ်နှင့်နီးသော နေရာများတွင် ဆားငံရေ လိုက်လာနိုင်ခြင်း စသော ဆိုးကျိုးများရှိပါသည်။

၂။ လျှပ်စစ်ဖြန့်ဖြူးရေးတွင်လည်း ရန်ကုန်မြို့တွင် မိသားစု ၁.၁ သန်းခန့်မှ ဝ.၆၆ သန်းခန့်သော အိမ်ထောင်စု၊ ရာခိုင်နှုန်းဖြင့် ဆိုသော် ၆၁ ရာခိုင်နှုန်းခန့်သာ Meter Box မီတာဘောက်နှင့် တိုက်ရိုက်ရရှိကြသည် (၂ဝ၁၄ ခုနှစ်စာရင်းဖြစ်ပါသည်)။

၃။ ရန်ကုန်မြို့၏ ၅ဝ ရာခိုင်နှုန်း ခန့်သော နေရာများတွင် မိုးတွင်းချိန်ခါ ရေကြီးသဖြင့် လူများ နေထိုင် သွားလာရေးတွင် အခက်အခဲများနှင့် ကြုံနေကြရသည်။ ကျန်းမာရေးလည်း ထိခိုက်ကြရပါသည်။

၄။ ရန်ကုန်မြို့တွင် အလုပ်လုပ်သော နေ့ရက်များတွင် ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်းမှု နှေးကွေးခြင်း စသည်တို့ကြောင့် နေ့စဉ်သွားလာရသူများ၊ အထူးသဖြင့် ၈၄ ရာခိုင်နှုန်းခန့်သော ဘတ်စ်ကားဖြင့် သွားလာကြရသည့် လူထုသည် နေ့စဉ်ခရီးသွားချိန် အသွားအပြန် ၃ နာရီကျော် အချိန်ယူကြရပါသည်။

ရန်ကုန်မြို့တွင် အလုပ်လုပ်သော နေ့ရက်များတွင် ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်းမှု နှေးကွေးခြင်း ကြုံတွေ့နေရသည်/ဧရာဝတီ

အလုပ်လုပ်ချိန် ၈ နာရီနှင့် ပေါင်းစပ်လျှင် နေ့စဉ် ၁၂ နာရီခန့် မိသားစုနှင့် ခွဲခွာနေကြရသည်။ ထိုကိစ္စနှင့် တွဲဖက်၍ လူမှုရေးပြဿနာများ ပေါ်ပေါက်နိုင်ပါသည်။

၅။ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်းမှု နှေးကွေးခြင်း စသည်တို့ကြောင့် စွမ်းအင် ပိုကုန်ခြင်း၊ လေထု ညစ်ညမ်းမှု တိုးပွားခြင်းတို့သည်လည်း တွဲဖက်ပါဝင်ပါသည်။

၆။ ရန်ကုန်မြို့တွင် မြို့ပတ်ရထား ရှိသော်လည်း သယ်ယူပို့ဆောင်မှု စွမ်းအားမှာ နေ့စဉ် ခရီးသည်များ၏ ၅ ရာခိုင်နှုန်းသာ ရှိပါသည်။ ဤအချက်သည်လည်း ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်ကြောစီးဆင်းမှု နှေးကွေးခြင်း တို့ကို ထပ်ဆင့် ပံ့ပိုးလျှက်ရှိသည် (ဤသည်မှာ ၂ဝ၁၄ ခုနှစ် စာရင်းအရ ဖြစ်ပါသည်)။

၇။ ရန်ကုန်မြို့၏ ဈေးများ၊ ဆိုင်များ စသောစီးပွားရေး အဆောက်အအုံများအနက် ၄၆ ရာခိုင်နှုန်းသည် ရန်ကုန်မြို့ဧရိယာ၏ ၁ဝ ရာခိုင်နှုန်း ခန့်သာ ရှိသော ဆူးလေဘုရား ပတ်ဝန်းကျင်ရှိ မြို့ထဲပိုင်းနှင့် စမ်းချောင်း၊ ဗဟန်း၊ ကြည့်မြင်တိုင် စသော မြို့အတွင်းပိုင်း ဇုန်များတွင် စုပြုံ နေရာယူထားကြသည်။ ထိုအချက်ကို အခြေခံ၍ ၄၃ ရာခိုင်နှုန်းသော အလုပ်လုပ်ကိုင်သူတို့သည် ထိုမြို့ထဲပိုင်းနှင့် မြို့အတွင်းပိုင်းသို့ နေ့စဉ် သွားလာကြရာ ထိုနေရာများသို့ ဦးတည်သော လမ်းများနှင့် ထိုလမ်းကြောသွား ဘတ်စ်ကားလိုင်းများသည် နေ့စဉ် အလုပ်သွား၊ အလုပ်ပြန် ချိန်များတွင် အထူးပိုမို ကျပ်တည်းကြသည်။

၈။ အဓိကအကြောင်းရင်း တရပ်မှာ ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်သော လူဦးရေအနက် ၉ ရာခိုင်နှုန်းသည်သာ ထုတ်လုပ်မှု ကဏ္ဍဖြစ်သော စက်ရုံ၊ အလုပ်ရုံကြီးများတွင် လုပ်ကိုင်ကြ၍၊ ၁၁ ရာခိုင်နှုန်းမှာ အစိုးရဝန်ထမ်းများ ဖြစ်သည်။ တခြား ၈ဝ ရာခိုင်နှုန်းမှာ အရောင်းအဝယ်နှင့် ပံ့ပိုးမှုကဏ္ဍတွင် လုပ်ကိုင်ကြရသည်။ ထိုအချက်မှာ လမ်းဘေးဈေးသည်များ ပေါများခြင်းကိုလည်း အထောက်အကူ ပြုလျှက်ရှိသည်။

၉။ စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးမှာ စက်မှုမြေကွက်ဈေးများ ကြီးခြင်း၊ စွမ်းအင်ရရှိရန် ခက်ခဲခြင်း စသော ပြဿနာများကြောင့် အဟန့်အတား ဖြစ်နေရသည်။ စက်မှုမြေကွက်ဈေးမှာ ၂ဝ၁၄ ခုနှစ်တွင် တဧကကို သိန်း ၆ဝဝဝ အထက် ရှိသည်။ စက်မှုမြေကွက်များ ဈေးကြီးသော်လည်း ရန်ကုန်မြို့တွင် စက်ရုံအလုပ်ရုံများ အတွက် သတ်မှတ်ထားသော မြေကွက်ပေါင်း ၁ သောင်းကျော် ရှိပြီး ယင်းအနက် ၄ဝ ရာခိုင်နှုန်းခန့်သည် အသုံးမပြု၊ လစ်လပ်နေသည်။

၁ဝ။ စက်မှုကဏ္ဍတွင် လုပ်သားအင်အား တိုးပွားရန် လစ်လပ်လျှက်ရှိသော စက်မှုမြေကွက်များကို ထိရောက်စွာ အသုံးချခြင်း၊ စက်မှုမြေကွက်သစ်များ ဖော်ထုတ်ခြင်း၊ စွမ်းအင်တပ်ဆင်ပြီး စက်မှုမြေကွက်များကို အမှန်တကယ် အသုံးချမည့် သူများကို စာချုပ်ဖြင့် ဈေးသက်သာစွာ ငှားရမ်းခြင်း၊ ရောင်းချခြင်း စသည်တို့ကို ဆောင်ရွက်သင့်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် စက်မှုကဏ္ဍ အလုပ်အကိုင်များ တိုးပွားလာပါမည်။

၁၁။ Solid Waste Disposal ခေါ် အမှိုက်စွန့်ပစ်ရေးတွင်လည်း အမှိုက်မှ လျှပ်စစ်ထုပ်လုပ်ရေး၊ အမှိုက်မှ မြေသြဇာ ထုတ်လုပ်ရေး စသော ခေတ်မီ အကျိုးရှိ နည်းစနစ်များကို အသုံးချနိုင်ခြင်း မရှိသေးဘဲ ရှေးနည်းဖြစ်သော စုပုံစွန့်ပစ် စနစ်ကိုသာ အသုံးချနေကြရသည်။ စုပုံစွန့်ပစ်ရန် နေရာအခက်အခဲနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများလည်း ပေါ်ပေါက်လျှက် ရှိသည်။

၁၂။ အမှိုက်စွန့်ပစ်ရေးတွင်ပင် တချို့သောသူတို့သည် ပလတ်စတစ် ရေပုလင်းများကို စည်းကမ်းမရှိ စွန့်ပစ်ကြ၍ ရေမြောင်းများ ပိတ်ဆို့လေ့ရှိပြီး မြို့တွင်းရေကြီးရေလျှံခြင်းကိုလည်း အထောက်အကူပြုလျှက် ရှိသည်။

စုပုံစွန့်ပစ်ရန် နေရာအခက်အခဲနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများလည်း ပေါ်ပေါက်လျှက် ရှိသည်/ ဧရာဝတီ

၁၃။ အိမ်ယာကဏ္ဍတွင် မြေဈေးသည် ပုံမှန်မရှိပါဘဲ၊ အတက်အကျ များသည်။ ဆောက်လုပ်ရေး စရိတ်များနှင့် ပတ်သက်၍ တန်ဖိုးကြီး ဆောက်လုပ်ရေးပစ္စည်းတို့ နိုင်ငံခြားမှ တင်သွင်းကြရ၍ နိုင်ငံခြားငွေ အတက်အကျပေါ်တွင် မူတည်၍ ဈေးက တဖြည်းဖြည်းသာ တက်လျှက်ရှိသည်။ ယခု ၂ဝ၁၆ ခုနှစ် နောက်ပိုင်းမှစ၍ မြေဈေးများကျဆင်းပြီး တိုက်ခန်းများလည်း အရောင်းခက်လျှက် ရှိသည်။ ထိုသည်နှင့် တွဲဖက်၍ ဆောက်လုပ်ရေး ကဏ္ဍမှ လုပ်သားများ အလုပ်အကိုင် အခက်အခဲများ ပေါ်ပေါက်လျှက်ရှိသည်။

၁၄။ ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် အသက် ၅ နှစ်မှ ၉ နှစ်ရှိသော ကလေး ၃.၅၄၂ သိန်းခန့် ရှိပြီး ယင်းအနက် ၉၅ ရာခိုင်နှုန်း သို့မဟုတ် ၃.၃၆၇ သိန်းသည် ကျောင်းတက်ကြသည်။ အသက် ၁ဝ နှစ်မှ ၁၃ နှစ် ရှိသော အလယ်တန်းအဆင့် တက်သင့်ပြီဖြစ်သည့် ကလေး ၃.၂၈၂ သိန်းခန့် ရှိနေသော်လည်း ယင်းအနက် ၇၁ ရာခိုင်နှုန်း သို့မဟုတ် ၂.၃၂၆ သိန်းသာ ကျောင်းတက်ကြသည်။ အသက် ၁၄ နှစ်မှ ၁၅ နှစ်ရှိသော အထက်တန်းအဆင့် တက်သင့်သည့် ကလေး ၁.၈၇၅ သိန်းခန့်ရှိပြီး ယင်းအနက် ၅၁ ရာခိုင်နှုန်း သို့မဟုတ် ဝ.၉၅၃ သိန်းသာ ကျောင်းတက်ကြသည်။

အသက် ၁ဝ နှစ်မှ ၁၅ နှစ်ရှိပြီး အလယ်တန်းနှင့် အထက်တန်း ကျောင်းတက်သူ ကလေးပေါင်း ၃.၂၇၉ သိန်းအတွက် အခန်းပေါင်း ၆၁၁၃ ရှိ၍ ပျမ်းမျှ တခန်းလျှင် ၅၃ ဦးနှုန်းဖြင့် သင်ကြားနေရသည်။ အမှန်စင်စစ် တချို့ လူကြိုက်များသော ကျောင်းများတွင် တခန်းလျှင် ၇ဝ မှ ၈ဝ အထိလည်း ရှိသည်။

မြန်မာပြည်၏ ရှိသင့်သောနှုန်းမှာ တခန်းလျှင် ကျောင်းသား ၄ဝ ဖြစ်၍ ယခုအခြေအနေအရ အခန်းပေါင်း ၂ဝ၈၄ ရှိသောကျောင်းပေါင်း ၁ဝ၄ ကျောင်း လိုအပ်လျှက် ရှိသည် (၂ဝ၁၄ ခုနှစ် စာရင်းဖြစ်ပါသည်)။

၁၅။ ကျောင်းများလိုအပ်ချက်မှာ လက်ငင်း အခြေအနေ၏ လိုအပ်ချက်သာဖြစ်ပြီး ကျောင်းမတက်သော ကလေးများနှင့် နောင်တိုးပွားလာမည့် ကလေးများအတွက် လိုအပ်ချက်များ မပါဝင်သေးပေ။ နောင်အခါအတွက် လိုအပ်ချက်မှာ ယခု ကျောင်းတက်နှုန်းကို အခြေခံပါလျှင် လက်ရှိ ကျောင်းတက် နေသော အသက် ၅ နှစ်မှ ၁၅ နှစ် အရွယ်ရှိ ကလေးပေါင်း ၆.၆၅ သိန်းခန့်ရှိ၍ နှစ်စဉ် ၂.၅ ရာခိုင်နှုန်းခန့် တိုးပွားလျှက်ရှိသဖြင့် နှစ်စဉ် ကျောင်သားပေါင်း ၁၆၆ဝဝ ခန့်၊ စာသင်ခန်းပေါင်း ၄၁၅ ခန်းခန့်၊ အတန်း ၂ဝ ရှိသော ကျောင်းပေါင်း ၂ဝ ခန့် နှစ်စဉ် တိုးချဲ့ ဆောက်လုပ်ရန် လိုအပ်လျှက်ရှိသည်။

၁၆။ မြို့လူဦးရေ သိပ်သည်းမှုသည် တောင်ဘက်နှင့် အလယ်ဘက်ခြမ်းတွင် လွန်စွာမြင့်မား၍ အရှေ့ဘက် မြို့နယ်များ ဖြစ်သော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် လူဦးရေ သိပ်သည်းမှု များစွာ လျော့နည်းသည်။ တောင်ဘက်နှင့် အလယ်ဘက်ခြမ်းတို့တွင် စတုရန်း ၁ မိုင် လူဦးရေ (၅ဝ,ဝဝဝ- ၁ဝဝ,ဝဝဝ) ခန့်ရှိ၍ အရှေ့ဘက်ရှိ မြို့သစ်များတွင် ပျှမ်းမျှ ၇ဝဝဝ ခန့်သာ ရှိသည်။

၁၇။ တိုးချဲ့မြို့နယ်များဖြစ်သော ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုန်မြို့သစ် အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနှင့်လှိုင်သာယာတို့တွင် လူဦးရေ ၁.၇ သန်းခန့်၊ ရန်ကုန်မြို့လူဦးရေ၏ ၃၄ ရာခိုင်နှုန်း နေထိုင်လျှက်ရှိသည်။ ထိုလူထုမှာ ရေရရှိရေး၊ လျှပ်စစ်ရရှိရေး၊ ရေကြီးရေလျှံခြင်း၊ နေ့စဉ် သွားလာရေး စသည်တို့တွင် အများဆုံး ခံစားရသော အုပ်စုဖြစ်သည်။ (အသေးစိတ် ပညာပိုင်းဆိုင်ရာ များမှာ ဤဆောင်းပါး၏ အတိုင်းအတာအရ ချန်လှပ်ရပါမည်)။

၁၈။ ရန်ကုန်မြို့တွင် ၁၉၉ဝ ပြည့်နှစ်ခန့်၊ မြို့တိုးချဲ့စဉ်က မြို့မြေအဖြစ် သိမ်းသွင်းပြီး အသုံးမချရသေးသော ရန်ကုန်မြို့၏ အရှေ့မြောက်ဖက်တွင် မြေဧက ၁၆,ဝဝဝ ခန့်ရှိပါသည်။ ထိုနေရာများကို ထိရောက်စွာ အသုံးပြုကြလျင် မြို့တိုးချဲ့သည့်အခါ စိုက်ပျိုးမြေများ ထပ်မံသိမ်းရန် မလိုအပ်ပါပေ။

၁၉။ အထက်ပါ မြို့မြေအဖြစ် သိမ်းသွင်းပြီး အသုံးမချရသေးသော မြေများသည် နေရာကောင်းသော နောင် ပေါ်ပေါက်လာမည့် ‘ဟံသာဝတီလေဆိပ်’ သွား လမ်းမကြီးအနီးတွင် ရှိပါသည်။

၂ဝ။ ရန်ကုန်မြို့၏ တောင်ဘက်ခြမ်းနှင့် အနောက်တောင်ဘက်တို့တွင် တိုးချဲ့ကြပါလျင် ရန်ကုန်မြို့နှင့် မြေအောက် ဆက်သွယ်လမ်းနှင့်သာ အဆင်ပြေပေမည်။ မြစ်ကူးတံတားနှင့် ဆက်လျင် တံတားသည် သင်္ဘောများ သွားနိုင်ရန် အမြင့် ရှိရပါမည်။ ထိုချဉ်းကပ်လမ်းသည် ယခု ‘ပြည်လမ်း’ မြေနီကုန်းခန့်တွင် ဝင်ရောက်ပါမည်။ ယခုပင် မြေနီကုန်းဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့မှု များစွာ ရှိပါသည်။ မြေအောက် ဆက်သွယ်မှုလမ်း၏ တန်ဖိုးသည် မြေပေါ်လမ်းတန်ဖိုးထက် ၃ ဆ ခန့်ပိုပါသည်။ ထို့ကြောင့် ရန်ကုန်မြို့၏ တောင်ဘက်ခြမ်းနှင့် အနောက်တောင်ဘက်တို့တွင် နောက်နောင် တိုင်းပြည် စီးပွားရေး အဆင်ပြေသည့်အခါ တိုးချဲ့သင့်သည်။

တတိုင်းပြည်လုံး၊ တမျိုးသားလုံး လိုအပ်ချက် ရှုထောင့်မှ စီမံကိန်းများ

အထက်တွင်တင်ပြခဲ့သော အချက်တို့မှာ အကျဉ်းချုံးဖော်ပြခြင်းသာ ဖြစ်ပြီး ရန်ကုန်မြို့နေ ပြည်သူလူထု နေ့စဉ်သိရှိခံစား နေကြရသော ကိစ္စများဖြစ်ပါသည်။ တင်ပြခဲ့သော လိုအပ်ချက်များမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာ လစ်လျူရှုခဲ့ ကြသော်လည်း ဖြေရှင်းရန် နည်းလမ်းများလည်းရှိပြီး ပြဿနာအများစုတို့မှာ သင့်လျော်သော တန်ဖိုးဖြင့်၊ သင့်တော်သော အချိန်အတွင်း ဖြေရှင်းနိုင်သော ပြဿနာများသာ ဖြစ်ပါသည်။

ထိုအချက်များကို ဦးစားပေးရမည့်အစား ယခုအခါ ရန်ကုန်မြို့ တိုးချဲ့ရေးကို ဆွေးနွေးကြသည်။ ရန်ကုန်မြို့ တိုးချဲ့ခြင်းကို ဆန္ဒရှိကြသော သူများ၏ အကြောင်းပြချက်မှာ မြေဈေးလျှော့ချရန်နှင့် ယခုနှစ်များအတွင်း တိုးပွားလာသော လုပ်ငန်းရပ်များအတွက် မြေလွတ်များ လိုအပ်ချက်ပင် ဖြစ်မည်ဟု ယူဆပါသည်။ ယင်းကိစ္စများနှင့် ပတ်သက်၍ အထက်တွင် တင်ပြချက်များအပေါ် ကိုယ်တိုင် သုံးသပ်နိုင်ကြပါသည်။

စဉ်းစားသုံးသပ်ကြရန် အချက်အားလုံးတို့တွင် အရေးအကြီးဆုံးမှာ မိမိတို့နိုင်ငံ စည်းလုံးညီညွတ်ရေးပင်ဖြစ်သည်။ မိမိတို့ တိုင်းပြည်တွင် အစစအရာရာ ပညာရေးကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ အလုပ်အကိုင်အခွင့်လမ်းများ စသည်တို့တွင် ရန်ကုန်တိုင်း၊ ရန်ကုန်မြို့သည်သာ သာလွန်ကောင်းမွန် နေလျှင် နိုင်ငံစည်းလုံးညီညွတ်ရေး ရှုထောင့်မှ သင့်လျော်မည် မဟုတ်ပေ။

အဓိက အရေးကြီးသည်မှာ တတိုင်းပြည်လုံး၊ တမျိုးသားလုံး လိုအပ်ချက်ရှုထောင့်မှ စီမံကိန်းများ ရေးဆွဲရန် ဖြစ်ပြီး ရန်ကုန်မြို့ တိုးချဲ့ခြင်းသည် မြန်မာပြည် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့် ဌာနပေါင်စုံ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တင်ပြပါသည်။

(စာရေးသူ ဒေါက်တာကျော်လတ်သည် ဗိသုကာနှင့် မြို့ပြစီမံကိန်းပညာကို ၁၉၇၄ ခုနှစ်၊ ဂျာမနီ နိုင်ငံတွင် သင်ယူခဲ့ပြီး မြန်မာပြည်ပြန်လည် ရောက်ရှိချိန်တွင် ‘အိုးအိမ်ဦးစီးဌာန’ တွင် စတင်လုပ်ကိုင်ခဲ့ပါသည်။ ထို့နောက် ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်များတွင် United Nations Centre for Human Settlements (Habitat) တွင်၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်များတွင် ‘ဆောက်လုပ်ရေး ဝန်ကြီးဌာန’၊ ‘မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာန’ နှင့် ‘ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်’ (UNDP) တို့ ပူးပေါင်းဆောင်ရွက်သော ‘ရန်ကုန်မြို့နှင့် ဝန်းကျင် စီမံကိန်းတွင် စီမံကိန်းညွှန်ကြားရေးမှူးအဖြစ် ၁၉၉၃ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ AEP ဗိသုကာအဖွဲ့ ခေါင်းဆောင်အဖြစ် လုပ်ကိုင်ရင်း ‘ရန်ကုန်နည်းပညာတက္ကသိုလ်’ တွင် ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်များတွင် ဂျာမနီနိုင်ငံ Cologne နည်းပညာတက္ကသိုလ်တွင် ပါမောက္ခ၊ ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်များတွင်’ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် အကြံပေး ပညာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading