ဘေဂျင်းနှင့် ဝါရှင်တန်တို့ ကုန်သွယ်ရေး စစ်ပွဲကို ဆက်လက်ရင်ဆိုင်နေကြသည့် အချိန်တွင် တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ထိခိုက်စေရန်အတွက် ၎င်းတို့ ဝယ်ယူထားသော အမေရိကန်ငွေတိုက်စာချုပ် အမြောက်အမြားကို ပြန်လည် ရောင်းထုတ်ဖွယ်ရာ ရှိပါသလား၊ အလွယ်ဆုံး ဖြေရလျှင် မရောင်းပါ။
ကုန်သွယ်ရေး စစ်ပွဲဆိုသည်မှာ အခြေခံအားဖြင့် မည်သူက ပို၍ ခံနိုင်ရည်ရှိသနည်း ဆိုသည်ကို ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အကယ်၍ အမေရိကန်နိုင်ငံ၏ အကြီးဆုံး ပြည်ပ မြီရှင်ဖြစ်သော တရုတ်နိုင်ငံက ၎င်း၏ အမေရိကန် ငွေတိုက်စာချုပ်များကို ရောင်းချခဲ့လျှင် ၎င်းတို့၏ တန်ဖိုးက ကျဆင်းသွားပြီး ၎င်းတို့ကို ရင်းနှီးမြှုပ်နှံခြင်းမှ ပြန်လည်ရရှိမည့် အကျိုးအမြတ်နှုန်း (နှစ်စဉ်ရရှိမည့် အတိုးနှုန်းနှင့် လက်ရှိဈေးကွက် ပေါက်ဈေးတို့၏ အချိုး) ကို မြင့်တက်သွားစေမည် ဖြစ်သည်။
ထို့ကြောင့် သီအိုရီ အရဆိုလျှင် တရုတ်နိုင်ငံက အမေရိကန် အစိုးရ၏ အကြွေးကို ဆက်လက်ထိန်းချုပ်ထားခြင်းက ကုန်သွယ်ရေး စစ်ပွဲတွင် အင်အားကောင်းသော လက်နက်တခု ဖြစ်သည်။
လက်တွေ့အားဖြင့် မြီရှင်က မြီစားထက် ပို၍ အားနည်းသော အနေအထားတခုတွင် အမြဲတမ်း ရှိသည်။ တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်များကို စွန့်ပစ်ခြင်းအားဖြင့် အမေရိကန် အစိုးရကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပါ။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက အမေရိကန် အစိုးရ၏ ကြွေးမြီ ဒေါ်လာ ၆ ထရီလီယံကို ထိန်းချုပ်ထားသည်။ ကြွေးမြီ စုစုပေါင်းက ဒေါ်လာ ၂၀ ထရီလီယံ ခန့် ရှိပါသည်။ တရုတ်နိုင်ငံက ဒေါ်လာ ၁.၂ ထရီလီယံ သို့မဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ လက်ဝယ်တွင်ရှိသော အမေရိကန်ငွေတိုက်စာချုပ်များ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။ အမေရိကန် အစိုးရ၏ စုစုပေါင်းကြွေးမြီ၏ ၆ ရာခိုင်နှုန်း ဖြစ်သည်။
တရုတ်နိုင်ငံ အတွက်ဆိုလျှင် အမေရိကန်ဒေါ်လာ အများစု ဖြစ်သည့် ၎င်း၏ နိုင်ငံခြား အရံငွေများ၏ ၆၀ ရာခိုင်နှုန်းကို အမေရိကန် ငွေတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံထားသည့် သဘော ဖြစ်ပါသည်။
တရုတ် အစိုးရအတွက် ၎င်း၏ အမေရိကန်ဒေါ်လာများ တန်ဖိုး သေချာစေရေးက အလွန် အရေးကြီးပါသည်။ အဘယ်ကြောင့် ဆိုသော် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက နိုင်ငံများတွင် အတိုးနှုန်းနည်းသည့် ချေးငွေများ အကူအညီဖြင့် သြဇာ လွှမ်းမိုးမှု ဝယ်ယူသည့် နေရာတွင် အမေရိကန်ဒေါ်လာက အဓိက သံတမန်ရေးရာ ကိရိယာ ဖြစ်သောကြောင့်ပင်။
ထိုသို့ ဒေါ်လာပိုင်ဆိုင်မှုက တရုတ်နိုင်ငံ အတွက် အာရှ၊ အာဖရိကနှင့် ဥရောပ တလွှားတွင် ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်မည့် အစီအစဉ် ဖြစ်သော ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကို ပင်လယ်ရပ်ခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများမှ တဆင့် မြှင့်တင်နိုင်သောကြောင့် ဖြစ်သည်။
များပြားလှသော အမေရိကန်စာချုပ်များနှင့် ငွေကြေးများကို တရုတ်နိုင်ငံထံမှ ဝယ်ယူနိုင်သည့် အနေအထားရှိသော နိုင်ငံကလည်း ကမ္ဘာပေါ်တွင် အနည်းငယ်မျှသာ ရှိသည်။ ထို့ကြောင့် တရုတ်နိုင်ငံ အနေဖြင့် အလွန်အကျွံ ဈေးချ၍ ရောင်းချခြင်း မပြုလျှင် ဝယ်လက် ရှာတွေ့ရန် မဖြစ်နိုင်သလောက် နီးပါးပင် ဖြစ်သည်။
အကယ်၍ ၎င်းတို့ကို ဈေးချ၍ ရောင်းချခဲ့လျှင် ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများကို သိသိသာသာ လျော့ကျသွားစေနိုင်သည့် ရလဒ် ဖြစ်လာနိုင်ပြီး တရုတ်အစိုးရ၏ ဘဏ္ဍာရေး အခြေခံအားကို အားနည်းစေလိမ့်မည် ဖြစ်သည်။ ကမ္ဘာ့စင်မြင့်တွင် ၎င်း၏ သြဇာလွှမ်းမိုးမှုကို လျော့ကျသွားစေနိုင်သည်။
တချိန်တည်းမှာပင် တရုတ်အစိုးရက ၎င်း၏ အမေရိကန် ကြွေးမြီများ စွန့်ပစ်ခြင်းကို အမေရိကန် ငွေတိုက်စာချုပ်များ ပိုင်ဆိုင်ထားသည့် တခြားနိုင်ငံများ ဖြစ်သော ဂျပန်နှင့် ဗြိတိန်ကဲ့သို့ နိုင်ငံများက သဘောကျကြလိမ့်မည် မဟုတ်ပါ။ ထိုသို့ ပြုလုပ်ခြင်းက တရုတ်နိုင်ငံ ကိုယ်တိုင်နှင့် တခြားမြီရှင်နိုင်ငံများ၏ ဆက်နွယ်မှုကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။
တရုတ်နိုင်ငံက ၎င်း၏ ပိုင်ဆိုင်မှုကို အပြောင်းအလဲ ပြုလုပ်ခြင်းအားဖြင့် ဈေးကွက်အတွင်းတွင် ရေတို အကျပ်အတည်းများ ဖော်ဆောင်နိုင်လိမ့်မည်မှာ မှန်ပါသည်။ နှစ်အစပိုင်းတွင် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းများကို မြှင့်တင်ခဲ့သည့် ကာလအတွင်း တရုတ်တာဝန်ရှိသူများက အမေရိကန် ငွေတိုက်စာချုပ်များ ဝယ်ယူခြင်းကို ရပ်တန့်ရန် စဉ်းစားခဲ့သည်ဟု သိရသည်။ နောက်ပိုင်းတွင် တရုတ်အာဏာပိုင်များက ငြင်းဆန်ခဲ့သည့် အဆိုပါ သတင်းကြောင့် အမေရိကန် အစိုးရ၏ ၁၀ နှစ် စာချုပ်များ၏ ပြန်လည်ရရှိမည့် အကျိုးအမြတ်နှုန်း (နှစ်စဉ်ရရှိမည့် အတိုးနှုန်းနှင့် လက်ရှိဈေးကွက်ပေါက်ဈေးတို့၏ အချိုး) သိသိသာသာ မြင့်တက်စေခဲ့သော်လည်း နာရီ အနည်းငယ် အကြာတွင် ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။
ဧပြီလ အတွင်းက ဈေးကွက်တွင် အလားတူ လှုပ်ခါမှု ရှိခဲ့သည်။ ရုရှားနိုင်ငံက အမေရိကန် ငွေတိုက်စာချုပ် ဒေါ်လာ ၄၇.၄ ရာခိုင်နှုန်းကို ပြန်လည်ရောင်းချခဲ့သည့် အချိန်တွင် ၁၀ နှစ် စာချုပ်များမှ ပြန်လည်ရရှိမည့် အကျိုးအမြတ်နှုန်း (နှစ်စဉ်ရရှိ မည့် အတိုးနှုန်းနှင့် လက်ရှိဈေးကွက်ပေါက်ဈေးတို့၏ အချိုး) ၃ ရာခိုင်နှုန်း တက်သွားခဲ့သည်။ နောက်လ အတွင်းတွင် ၃ ရာ ခိုင်နှုန်း အောက်သို့ ပြန်ကျသွားခဲ့သည်။
အကယ်၍ တရုတ်နိုင်ငံက အမေရိကန် ငွေတိုက်စာချုပ်များ ပိုင်ဆိုင်မှုကို ဖြည်းဖြည်းချင်း လျှော့ချခဲ့လျှင် ပြန်လည်ရရှိမည့် အကျိုးအမြတ်နှုန်း (နှစ်စဉ်ရရှိမည့် အတိုးနှုန်းနှင့် လက်ရှိဈေးကွက်ပေါက်ဈေးတို့၏ အချိုး) ကို မြင့်တက်စေမည် ဖြစ်သော်လည်း ယာယီသာ ဖြစ်သည်။ အမေရိကန် ကုမ္ပဏီများနှင့် အိမ်ထောင်စုများကို ထိခိုက်နစ်နာစေမည့် ချေးငှား စရိတ် (ငွေတိုးနှုန်း) မြင့်တက်မှုများ ဖြစ်စေနိုင်လိမ့်မည် မဟုတ်ပါ။ အမေရိကန် စီးပွားရေး အခြေခံများနှင့် ဗဟိုဘဏ်တို့က အတိုးနှုန်းများကို ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံကဲ့သို့ ပြည်ပမှ မြီရှင်များက ဆုံးဖြတ်ခြင်း မဟုတ်ပါ။
အမေရိကန် စီးပွားရေးက ကျယ်ပြန့်လာနေသည့် အချိန် အပိုင်းအခြားတခုအတွင်း ဖြစ်သည့်အတွက် မြင့်မားသော စရိတ် (အတိုးနှုန်း) ကို တတ်နိုင်သူများက ငွေကြေး ပိုမိုချေးယူရန် ကြိုးစားနေသည်။ ထိုအချက်က အတိုးနှုန်းများ မြင့်တက်လာ ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းတခု ဖြစ်သည်။
ထိုအချိန်တွင် လူမှုဖူလှုံရေး ရန်ပုံငွေ အပါအဝင် အမေရိကန် အစိုးရဌာနများက တရုတ်နိုင်ငံထက် ၅ ဆ ပို၍ အမေရိကန် ငွေတိုက် စာချုပ်များ ပိုင်ဆိုင်ထားကြသည်။ အကယ်၍ တရုတ်အစိုးရက ရောင်းချရန် ဆုံးဖြတ်ခဲ့သည်ဆိုလျှင်ပင် အမေရိကန်နိုင်ငံက သက်ရောက်မှုကို စီမံနိုင်မည့် လုံလောက်သော နည်းလမ်းများ ရှိနေသည်။ ဥပမာ အားဖြင့် အမေရိကန် ဗဟိုဘဏ်က အဆိုပါ ငွေတိုက်စာချုပ်များကို တရုတ်နိုင်ငံထံမှ ဝယ်ယူနိုင်သည်။ ဒေါ်လာငွေတန်ဖိုး လျော့ကျသွားခြင်း၏ သက်ရောက်မှုကို မြီရှင်နိုင်ငံများ အားလုံး မျှခံရတော့မည် ဖြစ်သည်။
ကမ္ဘာ၏ အဓိက အရံငွေကြေးကို ထုတ်ဝေသူ အနေဖြင့် အမေရိကန်က ၎င်း၏ အခွင့်အရေးကို အသုံးချနိုင်ပါသည်။
ထို့ကြောင့် ပိုင်ဆိုင်မှု (အမေရိကန် စာချုပ်များ) ကို လျှော့ချခြင်းအားဖြင့် တရုတ်နိုင်ငံက ကိုယ်တိုင် ထိခိုက်လိမ့်မည်မှာ သေချာပါသည်။ သို့သော်လည်း အမေရိကန် နိုင်ငံ ထိခိုက် နစ်နာမှု ရှိချင်မှ ရှိပါလိမ့်မည်။ အကယ်၍ တရုတ်နိုင်ငံက ကုန်သွယ်ရေး စစ်ပွဲတွင် အောင်မြင်လိုလျှင် အမေရိကန် အစိုးရ ကြွေးမြီများကို ရောင်းချခြင်းက အထောက်အကူ ပြုလိမ့်မည် မဟုတ်ပါ။ ၎င်း၏ စီးပွားရေး ပုံစံနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာတွင် အပြောင်းအလဲများ ပြုလုပ်ရမည် သာ။
(Zhang Lin သည် ဘေဂျင်းရှိ Unirule Institute of Economics မှ သုတေသီ တဦး ဖြစ်သည်။ ၎င်း South China Morning Post တွင် ရေးသားသည့် Why the trade war won’t prompt Beijing to dump its US Treasuries ကို ဆီလျော်အောင် ဘာသာပြန်သည်။)