နိုင်ငံတော်ကို ဘယ်သူက ကိုယ်စားပြုသလဲ

ဆလိုင်းကျဲအိုဘိခ်ထောင်
တပ်မတော်က နိုင်ငံတော်ကို ကိုယ်စား ပြုသည်ဆိုသည် ပြဋ္ဌာန်းချက် စကားရပ် တလုံးတပါဒမှ အခြေခံဥပဒေတွင် မပါရှိပါ / Reuters
Want create site? Find Free WordPress Themes and plugins.

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် တတိယအကြိမ် ပြည်ထောင်စု ငြိမ်ချမ်းရေး ညီလာခံ (၂၁ရာစုပင်လုံ) ဖွင့်ပွဲတွင် “တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွား လားတဲ့ တပ်မတော်ဖြစ်တာနဲ့အညီ၊ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“တချို့သော ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဟာ ၅၁ သန်းသော တိုင်းရင်းသား ပြည်သူတရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်သလို၊ နိုင်ငံရေးပါတီများဟာလည်း သူတို့ကို ထောက်ခံ သူတွေကိုသာ ကိုယ်စားပြုတာ ဖြစ်ပါတယ်” ဟုလည်း နှိုင်းယှဉ်ပြောကြားခဲ့သည်။

၎င်း၏ ထိုစကားများက မည်သည့်အခြေခံပေါ်တွင် ပြောကြားခြင်း ဖြစ်သနည်း၊ နိုင်ငံရေးသိပ္ပံ သဘောတရား အားဖြင့် ပြောဆိုခြင်းလော၊ သူတို့ကိုယ်တိုင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီ ပါသလော။

ကျနော့်ထက် ကျွမ်းကျင်သူများက ထောက်ပြကြလိမ့်မည်ဟု ယူဆခဲ့သော်လည်း ယနေ့အထိ မည်သူမှ ရေးသားခြင်း မတွေ့ရှိရသောကြောင့် မိမိအနေဖြင့် ဉာဏ်မီသလောက် လေ့လာထုတ်ပြလိုပါသည်။

မည်သူက နိုင်ငံတော်ကို ကိုယ်စားပြုသနည်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၇) အရ “နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စား ပြုသည်” ဟုအတိအလင်း ပြဋ္ဌာန်းထားပါသည်။ အရှင်းဆုံးပြောရလျှင် တပ်မတော်က နိုင်ငံတော်ကို ကိုယ်စား ပြုသည်ဆိုသည် ပြဋ္ဌာန်းချက် စကားရပ် တလုံးတပါဒမှ အခြေခံဥပဒေတွင် မပါရှိပါ။

ထို့အပြင် သမ္မတသည် အခြေခံဥပဒေပုဒ်မ (၁၉၉) အရ နိုင်ငံတော် အုပ်ချုပ်ရေးအကြီးအကဲ (Head of State & Head of Executive) လည်းဖြစ်၊ ပုဒ်မ (၂၀၃) အရ ပြည်ထောင်စုလွှတ်တော်အပေါ် တာဝန်ခံသူ၊ ပုဒ်မ (၃၄၂) အရ ကာကွယ်ရေးဦးစီးချုပ်ကိုလည်း ခန့်အပ် တာဝန်ပေးမည့်သူဖြစ်သည့်အပြင် ပုဒ်မ (၅၈) အရ နိုင်ငံသား အားလုံး၏ အထွဋ်အထိပ် နေရာရရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်။ ထို့အပြင် ပုဒ်မ (၂၀၉) အရ အပြည်ပြည်ဆိုင်ရာ၊ နိုင်ငံအချင်းချင်း ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ပယ်ဖျက်ခြင်းတို့ကိုလည်း (နိုင်ငံတော်ကိုယ်စား) ပြုလုပ်နိုင်သူဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံတော်ကိုယ်စား ပြုလုပ်ခွင့်ကို ခြေ/ဥက တပ်မတော်အပေါ် အပ်နှင်းထားခြင်း မရှိပါ။ နိုင်ငံတော် သမ္မတက အာဏာလွှဲအပ်မှသာ တပ်မတော်က ထိုကဲ့သို့ နိုင်ငံတော်ကိုယ်စား လုပ်ဆောင်ခွင့်ရှိပါမည်။ ထိုအချက်များကို ထောက်ရှုလျင် မည်သူက အခြေခံဥပဒေအရ နိုင်ငံတော်ကို ပိုပြီး ကိုယ်စားပြုသနည်း ဆိုသည်ကို ပေါ်လွင်စေပါသည်။

အားမနာတမ်း ဆက်ပြောရလျှင် တပ်မတော်သည် ခြေ/ဥပုဒ်မ (၃၃၇) အရ နိုင်ငံတော်ကာကွယ်ရေး ဆိုင်ရာ “လက်နက်ကိုင်တပ်ဖွဲ့” သာ ဖြစ်ပါသည်။ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် အစိုးရတပ်မတော် ဆိုသည်မှာ ခြေ/ဥ အရသော်လည်းကောင်း၊ နိုင်ငံတကာ ဒီမိုကရေစီ စံချိန်စံနှုန်းအရ သော်လည်းကောင်း၊ နိုင်ငံတော် အင်္ဂါရပ်၏ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်ရပါမည်။

တဖက်တွင် နိုင်ငံရေးပါတီဖြစ်သည့် NLD သည် အခြေခံဥပဒေအရ ‘နိုင်ငံတော်ကို ကိုယ်စားပြုသည်’ ဆိုသည့် လက်ရှိသမ္မတကို ရွေးကောက် တင်မြောက်ပေးသည့် ပါတီ (အဖွဲ့အစည်း) ဖြစ်သည်။ တနည်းအားဖြင့် လက်ရှိ သမ္မတ ဦးဝင်းမြင့်သည် အခြေခံဥပဒေပုဒ်မ (၅၇) အရ နိုင်ငံတော်ကိုလည်း ကိုယ်စားပြုသည့်အပြင် NLD ပါတီ၏ ကိုယ်စားပြု ဒု ဥက္ကဋ္ဌတဦး ဖြစ်ပါသည်။

နိုင်ငံတော်၏ “အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်” ဟု ပုဒ်မ (၅) တွင် ပြဋ္ဌာန်း ထားသည့်အတွက် အခြေခံ ဥပဒေအရ နိုင်ငံတော်ကို ကိုယ်စားပြုသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နိုင်ငံသား များက တည်ဆဲဥပဒေအရ ကိုယ်စားပြုပါတီများအဖြစ် ရွေးချယ်ရာတွင် မဲအများဆုံးရထားသော NLD ပါတီက စိတ်ကြိုက်ရွေးချယ်ထားသည့် ကိုယ်စားပြုပုဂ္ဂိုလ် ဖြစ်သောကြောင့် လက်ရှိအစိုးရကို ဦးဆောင်သည့် NLD ပါတီသည် အခြေခံဥပဒေအရ တပ်မတော်ထက် နိုင်ငံတော်ကို ပိုမို၍ ကိုယ်စားပြုပါသည်။

ဒီမိုကရေစီ (သို့) နိုင်ငံရေးသိပ္ပံ ရှုထောင့်

ယနေ့ခေတ်တွင် ကိုယ်စားပြုခြင်း (Representation) ဟု ဆိုရာ၌ ရွေးကောက်တင်မြောက်မှု စနစ်များ (Electoral systems) အပေါ်တွင် အဓိက တည်မှီနေသည်ဟု ကမ္ဘာက အသိအမှတ်ပြုပြီးဖြစ်ပါသည်။ ရွေးကောက်ပွဲစနစ်ဟု ပြောရလျှင်လည်း FPTP စနစ်လော၊ PR စနစ်လော၊ MMP လော … စသည်ဖြင့် ပုံစံ အမျိုးမျိုးရှိပါသည်။

လက်ရှိတည်ဆဲဥပဒအရ Representative (ကိုယ်စားလှယ်) ဟု ဆိုရာတွင် ၂ မျိုးရှိပါသည်။ လူထု ရွေးကောက်သည့် ကိုယ်စားလှယ်နှင့် ကာချုပ်က စေလွှတ်သည့် ကိုယ်စားလှယ်ဟူ၍ ဖြစ်သည်။

ပွင့်ပွင့် လင်းလင်းပြောရလျှင် လူထုရွေးကောက်သည့် ကိုယ်စားလှယ်နှင့် ပါတီများကသာ လူထုကို ကိုယ်စား ပြုခြင်း ဖြစ်ပါသည်။ ကမ္ဘာတွင် တပ်မတော်ကို လူထုက ရွေးကောက်စေလွှတ်ရိုး ထုံးစံလည်းမရှိပါ။ ထိုသို့ ပြောခြင်းအားဖြင့် တပ်မတော်သည် တရားဝင်မှု (Legitimacy) မရှိဟု ဆိုလိုခြင်းမဟုတ်ပါ။

တပ်မတော်သည် ပရော်ဖက်ရှင်နယ် Professional ဖြစ်ဖို့သာလိုသည်။ ကိုယ်စားပြုခြင်းဆိုင်ရာသည် နိုင်ငံရေးအပိုင်းသာဖြစ်ပြီး အထူးသဖြင့် ရွေးကောက်ပွဲနိုင်ငံရေး (Electoral politics) ပိုင်းဖြစ်သည်။ ထို့အတွက်ကြောင့် တပ်မတော် အနေဖြင့် ကိုယ်စားပြုမှုအပိုင်းတွင် ပါဝင်ပတ်သက်လိုခြင်းသည် ပရော်ဖက်ရှင်နယ် မဆန်ဟု ဆိုရပါမည်။

ခေါင်းထဲဝင်လာသည့် အတွေး

စာရေးသူကိုယ်တိုင် ပါဝင်တက်ရောက်သည့် ထိုညီလာခံတွင် ကာချုပ်က အထက်ပါအတိုင်း မိန့်ခွန်း ပြောကြား ချိန်တွင် အတွေး ၂ ခု ခေါင်းထဲတွင် ပေါ်လာပါသည်။

ဆက်စပ်မှု တစုံတရာ ရှိသောကြောင့် အနည်းအကျဉ်း ဖော်ပြလိုပါသည်။

NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး စင်မြင့် မြှင့်တင်ရေးကို အလွန်အကျွံ ဦးစားပေး သောကြောင့် (နိုင်ငံတော်အတိုင်ပင်ခံ စသည်ဖြင့်) သမ္မတ အခန်းကဏ္ဍကို အတင်းလျှော့ချ (ညီလာခံများတွင် မိန့်ခွန်း မပြောခိုင်း) လိုက်ခြင်းဖြစ်ရာ ၎င်းကို တပ်မတော်က အခွင့်ကောင်း ယူ၍ နာမ်နှိမ်ချင် သလော။ ဤကဲ့သို့ NLD ၏ သမ္မတ အခန်းကဏ္ဍ အလွန်အကျွံ ချိုးနှိမ်မှုသည် တိုင်းပြည်အတွက် အပေါင်းလက္ခဏာ ဖြစ်နိုင်ပါမည်လောဆိုသည့် ပထမအတွေး။

တပ်မတော် (အထူးသဖြင့် တပ်ချုပ်) သည် ၂၀၂၀ ရွေးကောက်ပွဲနိုင်ငံရေးကို အထူး စိတ်ဝင်စားကြောင်း၊ လူနည်းစုအစိုးရ (Minority government) ခေါ် အစုအဖွဲ့ အသေးအမွှားများ စုစည်းသည့် ညွန့်ပေါင်းအစိုးရ (ဥပမာ – တပ်မတော်၊ ကြံ့ခိုင်ရေးပါတီ၊ ကိုကိုကြီးဦးဆောင်သည့် ပါတီသစ်နှင့် တိုင်းရင်းသား ပါတီတချို့ ပေါင်းစည်း၍ သမ္မတတင်မြှောက်ရန် လုံလောက်သည့် အမတ် ၃၃၃ ဦးစုစည်းသော အခင်းအကျင်း) ဖြစ်ပေါ်ရေးနှင့် ထိုအချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က သမ္မတဖြစ်ရေးကို အာသီသ ပြင်းထန် လျက်ရှိကြောင်း အရိပ်အမြွက် ဖော်ပြနေခြင်းလောဆိုသည့် ဒုတိယအတွေးတို့ ဖြစ်ပါသည်။

(ဆလိုင်းကျဲအိုဘိခ်ထောင်သည် ချင်းလူငယ် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိတွင် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၏ အတွင်းရေးမှူး တာဝန်ထမ်းဆောင်သူဖြစ်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading