တရားရုံးရောက် အတွေးများ

သင်းသင်းသော်
ကိုယ့်ရဲ့အမှု ဘယ်တော့စစ်မလဲ ဆိုတဲ့ စောင့်မျှော်နေကြရတဲ့ မျက်လုံးတွေက အရောင်တွေ ညှိုးကျနေတယ် / Reuters
Want create site? Find Free WordPress Themes and plugins.

ဒီနေရာကို ဘယ်နှစ်ခေါက်ပဲ ရောက်ရောက်၊ ရောက်တဲ့အချိန်တိုင်း တူညီတဲ့ စိတ်ဆန္ဒကတော့ ဒီနေရာကနေ အမြန်ဆုံး ပြန်ထွက်သွားနိုင်ဖို့ပါပဲ။

ဒီနေရာကို ရောက်လာကြတဲ့ သူတိုင်း ပြုံးဖို့ရယ်ဖို့၊ တဦးနဲ့တဦး အားပေးကြဖို့ ဆိုတာ ခက်ခဲလွန်းတဲ့ အမှန်တရားကြီးပါပဲ။ ဘယ်လို နှစ်သိမ့်မှုမျိုးကမှ လူတွေရဲ့ နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

မြို့နယ် တရားရုံးကို သွားရမယ်လို့ ကြားလိုက်တာနဲ့ ကိုယ်သိပ်ကြိုက်ပါတယ် ဆိုတဲ့ လက်ဖက်ရည်ရဲ့ အရသာကတောင် ပြောင်းသွားတယ်လို့ ခံစားလိုက်ရတယ်။ ဆက်လည်း သောက်ချင်စိတ် မရှိတော့သလို၊ တက်ကြွနေတဲ့ စိတ်တွေကလည်း ထုထည်ကြီးတဲ့ သံလိုက် တတုံးက ဆွဲငင်အားကောင်းကောင်းနဲ့ ဆွဲစုပ်လိုက်သလို၊ ဟိုးအောက်ခြေ အထိ ကျဆင်းသွားတယ်လို့ ခံစားလိုက်ရတယ်။ စိတ်တွေ မွန်းကျပ်လာတယ်။

တရားရုံးထဲကို ဝင်လိုက်တာနဲ့ လူမှု အဆင့်တွေက ဟိုးအောက်ဆုံးကို ရောက်သွားတယ်။ ဘယ်ကိုသွားရမလဲ၊ ဘာလုပ်ရမလဲ၊ ဘယ်ခုံလဲ၊ ဘယ်နေရာကနေ စောင့်နေရမလဲ ဆိုတဲ့ မရေရာမှုတွေက ကိုယ့်ကို ဆီးကြိုနေပြီးသား၊ စိတ်မလုံခြုံမှုတွေက တွဲပါလာပြီး သား။

တရားဥပဒေ စိုးမိုးရေးတဲ့။ တရား ဥပဒေ ဘာဖြစ်လို့ စိုးမိုးရတာလဲ။ ဒီနိုင်ငံမှာ နေထိုင်တဲ့သူတွေရဲ့ လုံခြုံရေးပေါ့။ နားလည် လွယ်အောင် ပြောရရင် သောကကင်းကင်းနဲ့ အိပ်စက်နိုင်ဖို့၊ သောကကင်းကင်းနဲ့ နိုးထလာနိုင်ဖို့ပါပဲ။ တရားဥပဒေသာ စိုးမိုးရင် ကိုယ့်အိမ်ရှေ့က ဆိုင်ကယ် ပျောက်မှာ မပူရဘူး၊ ကိုယ့်ခြံဝင်းထဲက ကား၊ ဘက်ထရီအိုး ဖြုတ်ခံရမှာ စိုးရိမ်စရာမလိုတော့ဘူး။

အဲဒီလိုပဲ ကိုယ်သွားလိုတဲ့ခရီး ဘယ်လောက်ဝေးဝေး၊ စိတ်ချလက်ချ သွားနိုင်သလို၊ လုံခြုံရေးအတွက်လည်း ဘာသောကမှ ဖြစ်နေစရာ လိုတော့ဘူးပေါ့။ တစုံတခု ဖြစ်လာခဲ့ရင်လည်း ဥပဒေရှိတယ်ကွ ဆိုတာမျိုး ရဲရဲတင်းတင်း ပြောလိုက်ရတာပေါ့။

ဥပဒေဆိုတာ လူတယောက်ချင်း စီတိုင်းရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကိုကာ ကွယ်ပေးထားတဲ့ ခိုင်မာတဲ့ ဒေါက်တိုင်၊ အကာအရံကြီးတခု ဖြစ်နေရမှာလို့ မြင်မိတာပါ။

ဒါပေမယ့် ဥပဒေလို့ ပြောလိုက်ရင်၊ တရားရုံးလို့ပြောလိုက်ရင် ဘာဖြစ်လို့များ စိတ်က ညှိုးနွမ်းသွားရတာလဲ။ တရားရုံးကို သွားရတယ် ဆိုရင် ဥပဒေအတိုင်း၊ အမှန်အတိုင်းဖြစ်မှာပဲလို့ ဘာဖြစ်လို့များ ရာနှုန်းပြည့် မတွေးနိုင်ကြရတာလဲ။ တရားရုံးကို ရောက်တဲ့သူတိုင်း အဲဒီခံစားချက် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

တရားရုံးကို ရောက်တဲ့အချိန်တိုင်း တူညီတဲ့ ခံစားမှုရှိတယ်။

၁။ စိုးရိမ်စိတ် ဖြစ်မိတယ်

၂။ ဘယ်သူ့ကိုမှ စကားမာမာ မပြောရဲသလို ပွင့်ပွင့်လင်းလင်း မတင်ပြရဲဘူး။

၃။ ငါတို့ကို ဘာများ လုပ်လိုက်မလဲ၊ သူ့ကို ဘာများလုပ်လိုက်မလဲဆိုတဲ့ အတွေးက ကြီးစိုးနေတယ်။

အောက်ခြေ စာရေးအဆင့်ရဲ့ ဆက်ဆံမှုပုံစံတွေကအစ တင်းမာလွန်းတာကို ခံစားရတယ်။ ကိုယ့်ရဲ့အမှု ဘယ်တော့စစ်မလဲ ဆိုတဲ့ စောင့်မျှော်နေကြရတဲ့ မျက်လုံးတွေက အရောင်တွေ ညှိုးကျနေတယ်။ ကျဉ်းမြောင်း လှတဲ့ တရားရုံး အချုပ်ခန်းလေးထဲမှာ လူတွေ ကြပ်သိပ် ထိုးထည့်ထားတဲ့အခါ မိသားစုတွေရင်ထဲ ဘယ်လိုစိတ်ကောင်းနိုင်ပါ့မလဲ။

လူတယောက်စီတိုင်းမှာ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝရှိ နေပေမယ့် ဘယ်ဟာက ကိုယ့်အခွင့်အရေးလည်း ဆိုတာတောင် မသိခဲ့ကြပါဘူး။ ဘယ်လို တောင်းဆိုရမလဲဆိုတာ အပထား၊ ဘယ်လိုဟာမျိုးကတော့ တောင်းဆိုစရာမလို လောက်အောင်ကို အခွင့်အရေးရနေပြီးသား ဖြစ်ရမှာ။ ဒါပေမယ့်လည်း လူ့အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေလိုက်တာများ ကိုယ် တခုခုပြောလိုက်ရင် နှိပ်ကွပ်ခံရတော့မှာလားဆိုတဲ့ အသိက ကြီးစိုးနေတယ်။

ဘယ်လောက် ရင်နာဖို့ကောင်းလိုက်သလဲ။

အချုပ်ခန်းထဲရောက်လာမှတော့ အပြစ်လုပ်လို့ပေါ့လို့ လွယ်လွယ်တော့ မတွေးလိုက်ကြပါနဲ့။ တရားရုံးတော်တွေကို ရောက်လာကြရတဲ့ လူတိုင်း၊ အချုပ်ခန်းထဲ ရောက်နေ ကြရတဲ့ လူတိုင်းကတော့ အပြစ်ရှိလို့ချည်းပဲ မဟုတ်ပါဘူး။

မှားခြင်းမှန်ခြင်းဆိုတဲ့ အဆုံးအဖြတ်တွေက နောက်ဆုံးမှ ပေါ်ပေါက်လာတာပါ။ ဒါပေမယ့်လည်း အမှန်တရားလို့ မပေါ်ပေါက်ခင် အခြေအနေတခု၊ ကာလအပိုင်း အခြားတခုမှာတော့ ချုပ်နှောင်ခံထားရတာတွေ၊ ရုံးတော်ကို ရုံးချိန်းလာရတာတွေ၊ မချေမငံ ပြောဆို ဆက်ဆံခံရတာတွေ၊ မိုးလင်း ကတည်းက တရားရုံးမှာ လာစောင့်နေပြီး ဘယ်တော့ခေါ်မလဲ၊ ဘယ်တော့ခေါ်မလဲနဲ့ စောင့်နေရတဲ့ အလုပ်က ထင်သလောက်လည်း မလွယ်လှပါဘူး။

တရားရုံးကို လာတဲ့သူတိုင်းဟာ ပျော်နေလို့ လာတဲ့သူ တယောက်မှ မပါပါဘူး။ တနေကုန် စိုးရိမ်သောကတွေနဲ့ လာစောင့်နေကြတဲ့ သူတွေချည်းပါ။ အဲဒီလို စောင့်ဆိုင်းနေရင်းပဲ သန့်စင်ခန်းသွားချင် လို့လည်း ဘယ်ရှာရမှန်းမသိ၊ ဘယ်သူ့မေးရ မှန်းမသိ၊ ဘယ် လမ်းညွှန်ပြ ဆိုင်းဘုတ်မှ မရှိနဲ့ ကျန်းမာရေးပြဿနာကလည်း တရားရုံးတော်ထဲမှာ ဒုက္ခရောက်ရပါတယ်။ တရားရုံး တော်ရဲ့ ပြင်ပ ဥပဓိရုပ်သွင်ကို မြင်တာနဲ့တင် အတော်လေးကို မွန်းကျပ်နေရပါပြီ။

ထိုင်စောင့်နေဖို့ ခုံတန်းနေရာ ကျဉ်းကျဉ်းမြောင်းမြောင်းမှာ ထိုင်တဲ့သူကထိုင်၊ ဟိုနားဒီနား မိုးတိုးမတ်တပ် ရပ်နေတဲ့သူက ရပ်နေကြရတာမို့ ကိုယ့်သောကက ပိုပြီးများတောင် ကြီးလာသလို ခံစားလာရပါတယ်။

ဒီနေ့ မစစ်ဖြစ်ဘူးတို့၊ တရားသူကြီး အစည်းအဝေးသွားရမှာမို့ မစစ်တော့ဘူးတို့၊ နောက်ရုံးချိန်း ပြန်ချိန်းတာတို့၊ တရားလိုက ခွင့်ယူလို့၊ လူမစုံလို့ ဆိုတာတွေနဲ့ပဲ လက်ထိပ် တန်းလန်းနဲ့ ဝင်လိုက်ကြ၊ ထွက်လိုက်ကြ၊ တက်လိုက်ကြ၊ ဆင်းလိုက်ကြဖြစ်ကြရတာ။ အပြစ် ရှိပါတယ်လို့ ဆုံးဖြတ်လိုက်ပြီး ပြစ်ဒဏ် ကျခံလိုက်ရင်တောင် လူတွေ ဒီလောက်အထိ သောကရောက်မယ် မထင်ပါဘူး။ အပြစ်ဒဏ်ကို ခံမယ်။ ပြစ်ဒဏ်စေ့ရင် ထွက်လာလိုက်ရုံပါပဲ။ ဒါပေမယ့် တရားရုံး ဆုံးဖြတ်ချက် အမိန့် တစုံတရာ မရှိခင်ကြား ကာလမှာ ဖြစ်ပေါ်နေတဲ့ ဒုက္ခတွေက ခါးသီးလွန်းလှပါတယ်။

ချုပ်နှောင်ခံထားရတဲ့ အချိန်ကာလ တွေက တချို့ဆိုရင် နှစ်ချီရှိနေတယ်။ တရား ရုံးတော်က အမိန့်ချတဲ့အခါ အပြစ်မပေါ်ပေါက်လို့ လွတ်စေဆိုရင် နစ်နာခဲ့ရတဲ့အချိန် တနှစ်ကို ဘယ်လိုပြန်လည် ကုစားပေးမလဲ ဆိုတဲ့ ကုစားမှုတွေလည်း လုံးဝရှိမနေပါဘူး။ နစ်နာရ သူတွေမှာတော့ စိတ်မော၊ လူမော၊ ငွေကုန်၊ လူပန်း၊ လူ့အသိုင်းအဝိုင်းမှာ လူမှုဘဝတွေ အနည်းငယ်တော့ ပျက်စီးထိခိုက်ကုန် ကြရပါတယ်။

အမှုအခင်း တခုဖြစ်လိုက်တာနဲ့ မြန်ဆန်ထိရောက်မှု အားနည်းတဲ့ စစ်ဆေးမှု တွေကြောင့် နစ်နာနေရသူတွေမှာ ပိုပြီးနစ်နာ ရတယ်။ ပိုဆိုးတာက လူတယောက်ရဲ့ ဂုဏ်သိက္ခာတွေက တော်တော်နဲ့ ပြန်ဆယ်ယူလို့ မရတာပါပဲ။ စွပ်စွဲချက် တခုတည်းနဲ့ ဘုမသိဘမသိ တရားရင်ဆိုင်နေရသူတွေလည်း ဒုနဲ့ဒေးပါ။

နောက်တချက်ကတော့ တရားသူ ကြီးတွေ လက်ကိုင်ထားတာက ဆင်ခြင်တုံတရားပါ။ အဲဒီ ဆင်ခြင်တုံတရားက ဘယ်လောက်ထိများ ခိုင်မာတောင့်တင်းတဲ့ ရပ်တည်မှု ဆိုတာကလည်း ထည့်သွင်းစဉ်းစားနေရတဲ့ အချက်တချက် ဖြစ်နေပါတယ်။ ဘယ်အတိုင်းအတာထိ မျှတမှုတွေ ပေးနိုင်လဲ၊ ဘယ်လောက်အထိ တရားရေးမဏ္ဍိုင်ကို ထောင်မတ်ထားနိုင်သလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ တရားသူကြီးရဲ့ တရားစီရင်မှု ဆင်ခြင်တုံတရားဟာလည်း တရားစီရင်ရေး မဏ္ဍိုင် တော်တည့်မှန်ကန်ဖို့ အရေးကြီးတယ် ဆိုတာ သိသာနေပါတယ်။

ပြစ်မှုပြစ်ဒဏ်စီရင်တဲ့အခါ၊ တရားရုံးတော်မှာ ကြားနာစစ်ဆေးတဲ့အခါ ပြစ်မှုကြောင်းကို ကြည့်ပြီး စီရင်သလား၊ လူပုဂ္ဂိုလ်ကို ကြည့်ပြီးစီရင်သလား ဆိုတာ သူများနိုင်ငံတွေမှာတော့ ဘယ်လိုဆိုတာ မသိပါဘူး။ ဒီ နိုင်ငံမှာတော့ အဲဒီလောက်ထိအောင်ကို တွေးဖို့ မတတ်နိုင်ကြတဲ့ သူတွေချည်းပါ။ ဒါပေမယ့် လတ်တလောကမှ ကျင်းပသွားတဲ့ ထာဝရ ဖဲကြိုးဖြူ သံချပ်ပြိုင်ပွဲရဲ့ သံချပ်စာသားတွေမှာ တရားဥပဒေစိုမိုးမှု အကြောင်းကိုသာ အဓိကထားပြီး တင်ပြသွားခဲ့တယ်။

တိုင်းဒေသကြီးအဆင့် တရားရုံးနဲ့ မှုခင်းများ ဆိုင်ရာ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဆိုတာလည်း ဖွ့ဲစည်းလိုက်တာ တွေ့ရတယ်။ ပြီးတော့ မတရားဘူး ထင်ရင် အချိန်မရွေး လာတင်ပြပါ၊ အခမဲ့ကူညီပေးပါမယ် ဆိုတဲ့ ရှေ့နေရှေ့ရပ်တွေ စုပေါင်း တည်ထောင် ဖွင့်လှစ်ထားတဲ့ တရားမျှတမှု စင်တာတွေလည်း ပေါ်လာတာကတော့ ထင်ရှားပါတယ်။

အရာအားလုံး အကောင်းအတိုင်း ဖြစ်ဖို့ အခုလက်ရှိအစိုးရမှာ တာဝန်ရှိတယ် ဆိုပေမယ့်လည်း တချို့အပိုင်းတွေမှာ လုပ်လို့ မရ သေးတာတွေ၊ လုပ်လို့မရတာတွေ၊ လုပ်ပိုင်ခွင့်မရှိတာတွေက အများကြီးပါ။ အစိုးရ သက်တမ်းကလည်း နုပါသေးတယ်။ ဘယ်လောက် ကောင်းအောင်လုပ်လုပ် အရေထူနေတဲ့လူတွေ ရှိနေသေးတယ်။

ခိုင်မာတောင့်တင်းတဲ့ တရားရေး မဏ္ဍိုင် မဖြစ်သေးသရွေ့တော့ လူ့အခွင့်အရေးတွေက ဆုံးရှုံးနေရဦးမှာပါပဲ။

ပြည်သူ့အခွန်နဲ့ စားနေတဲ့ ပြည်သူ့ ဝန်ထမ်းတွေအနေနဲ့ ပြည်သူအပေါ် ကောင်းမွန်တဲ့ဆက်ဆံရေးလေး တခုတော့ တုံ့ပြန်သင့်တယ်လို့ မြင်မိပါတယ်။ အခုတော့ အတွေးထဲမှာ ရောက်နေတဲ့အချိန် ခဏလေးမှာတောင် အဲဒီအတွေးထဲကနေ အတင်းရုန်းထွက်နေမိခဲ့တယ်။

(သင်းသင်းသော်သည် မန္တလေး တွင်နေထိုင်ပြီး မန္တလေးအခြေစိုက် မန္တလေးခေတ် သတင်းဂျာနယ်အပါအဝင် သတင်းဌာနများတွင် သတင်းများ၊ဆောင်းပါများကို ရေးသားသည့် သတင်းထောက်တဦးဖြစ်သည်။)




Did you find apk for android? You can find new Free Android Games and apps.
Loading