ကျောက်ဖြူ စီမံကိန်းက နိုင်ငံ့အချုပ်အခြာအာဏာကို စိန်ခေါ်နေသလား

ဟေမာန်ဦး
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ခေါ် ပိုးလမ်းမ စီမံကိန်းကြီး၏ အရေးပါသည့် အစိတ်အပိုင်း တခု ဖြစ်သည်
Want create site? Find Free WordPress Themes and plugins.

ကုန်ခဲ့သည့် နှစ်နှစ်ခန့်က များစွာ ဆိတ်ငြိမ်နေခဲ့သည့် ရခိုင်ပြည်နယ် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်း ကိစ္စသည် မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် တတိယအကြိမ် ငြိမ်းချမ်းရေး ညီလာခံ အပြီး နောက်ပိုင်းတွင် ပြန်လည် လှုပ်ရှားလာခဲ့သည်။

ထို့အတွက် ပြည်သူလူထု အာရုံစိုက်မှု များလာခဲ့ပြီး ရှုထောင့်အမျိုးမျိုးဖြင့် ဆွေးနွေးမှုများလည်း များစွာ ထွက်ပေါ်လာခဲ့သည်။ ထိုအထဲတွင် တရုတ်လက်ထဲသို့ နှစ်ပေါင်း ၉၉ နှစ် ဆုံးရှုံး လိုက်ရသည့် သိရိလင်္ကာနိုင်ငံ၏ Hambantota ဆိပ်ကမ်းနှင့် ဆက်စပ်ပြီး တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ချောက် ကိစ္စကို တွင်တွင်ကျယ်ကျယ် ထည့်သွင်း ဆွေးနွေးကြကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးကို NCA အဖွဲ့ဝင်များ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့များလည်း တက်ရောက်နိုင်ခဲ့ကြရာ ဤသို့ တက်ရောက်နိုင်ရန် တရုတ်နိုင်ငံက များစွာ ပံ့ပိုး ပေးခဲ့သည်။ တဖန် ရခိုင်ပြည်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) သို့ လွှဲပြောင်းပေးရေးကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ယခုနှစ် ဧပြီလတွင် ဆွေးနွေးကြရာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အကာအကွယ် ပေးခဲ့ပါသည်။

ဤသို့သော မြန်မာ့ ပြည်တွင်းရေးကိစ္စများထဲ ဝင်ရောက်လာခဲ့သည့် တရုတ်၏ သိသာ ထင်ရှားသည့် ခြေလှမ်းများသည် တရုတ် အစိုးရပိုင် China International Trust and Investment Corporation (CITIC) ကုမ္ပဏီက ဦးဆောင် တည်ဆောက်မည့် ကျောက်ဖြူ စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ထပ်လောင်း ဖိအားများ ဖြစ်စေခဲ့သည်ဆိုသည့် အမြင်များလည်း ထွက်ပေါ်လာသည်။

မြန်မာနှင့် တရုတ်အစိုးရတို့ အနေဖြင့် တရုတ်-မြန်မာ စီးပွားရေး စြင်္ကံဆိုင်ရာ အချက် ၁၅ ချက်ကို ဇွန်လကုန်ပိုင်းတွင် သဘောတူညီခဲ့ကြသည်။ အဆိုပါ စီးပွားရေးစြင်္ကံတွင် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းလည်း ပါဝင်သည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် စက်မှုဇုန် တစ်ခုနှင့် ရေနက်ဆိပ်ကမ်းနှစ်ခု အသီးသီး ပါဝင်ကြသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) ခေါ် ပိုးလမ်းမ စီမံကိန်းကြီး၏ အရေးပါသည့် အစိတ်အပိုင်း တခု ဖြစ်သည်။ BRI စီမံကိန်းသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း မြောက်မြားစွာကို ဆက်သွယ်ဖောက်လုပ်မည့် စီမံကိန်းဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်း နှစ်မျိုးစလုံး ပါဝင်မည် ဖြစ်ရာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် အိန္ဒိယ သမုဒ္ဒရာသို့ ဝင်ထွက်နိုင်မည့် မဟာဗျူဟာမြောက် အရေးပါသည့် ဆိပ်ကမ်းတခု ဖြစ်လာဖွယ်ရှိသည်။

စာရေးသူသည် ကျောက်ဖြူ ဒေသရှိ ဒေသခံများ၏ နစ်နာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ၂၀၁၅ ခုနှစ်မှစ၍ စောင့်ကြည့် မှတ်တမ်းတင်မှုများ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်လာခဲ့ရာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ဆက်စပ်သည့် ဥပဒေဆိုင်ရာနှင့် မြေပြင် အခြေအနေများကို သုတေသန ပြုလုပ်မှုများ ပါဝင်ပါသည်။

ဤစောင့်ကြည့် မှတ်တမ်းပြုစုမှုများကို အခြေခံလျှက် ယခုဆောင်းပါးတွင် စာရေးသူအနေဖြင့် ကျောက်ဖြူ စီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့ အချုပ်အခြာအာဏာအတွက် စိုးရိမ်ဖွယ်ရာ ကဏ္ဍ နှစ်ရပ်ကို ဆွေးနွေးပါမည်။

နှစ်ဖက် သဘောတူ စာချုပ်များ

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် တရုတ် CITIC ကုမ္ပဏီတို့ ဆွေးနွေး ညှိနှိုင်းနေကြဆဲဖြစ်ရာ ယခုနှစ်တွင် သဘောတူညီမှုများ ပြီးစီးအောင် ဆောင်ရွက်ရန် မျှော်လင့်ထားကြသည်။ နှစ်နိုင်ငံအကြား စုစုပေါင်း သဘောတူ စာချုပ် ၇ ခု ချုပ်ဆိုကြရမည် ဖြစ်သည်။

ဆိပ်ကမ်းအတွက်စာချုပ် ၄ ခုနှင့် စက်မှုဇုန်အတွက် ၃ ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ်၊ မြေငှားရမ်းခြင်း ဆိုင်ရာ သဘောတူစာချုပ်နှင့် ရှယ်ယာဝင်များနှင့် ဆိုင်သည့် သဘောတူစာချုပ်၊ လုပ်ပိုင်ခွင့်ဆိုင်ရာ စာချုပ် စသည်ဖြင့် ပါဝင်သည်ဟု သိရပါသည်။

နှစ်ဖက် အနေဖြင့် မူဘောင်ဆိုင်ရာ သဘောတူညီမှု (Framework agreement) ကို မကြာခင် လက်မှတ် ရေးထိုးကြမည် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

ဤစာချုပ်ကိစ္စ ဆွေးနွေးမှုများမှာ ပွင့်လင်းမြင်သာမှု လွန်စွာအားနည်းလှပြီး လွှတ်တော်များမှ ဝင်ရောက် စွက်ဖက်နိုင်မှု အခြေအနေမှာလည်း အတော်ပင် အကန့်အသတ်ရှိသည့် အခြေအနေ ရှိဟန်တူသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အဆိုပါစာချုပ် ကိစ္စများအား လွှတ်တော်တွင်း မေးခွန်းမေးမြန်းခြင်းများ ယနေ့အထိ စာရေးသူ မကြားသိသေးပါ။

အဆိုပါ စာချုပ်ဆိုင်ရာ ဆုံးဖြတ်ချက် ရလဒ်များသည် အမြောက်အမြားသော ပြည်သူလူထု၏ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး၊ အခြေအနေများအပေါ် များစွာ သက်ရောက်မှု ရှိမည်ဖြစ်သော်လည်း သက်ဆိုင်ရာ အများပြည်သူ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများ လုံး၀ မတွေ့ရပေ။

နှစ်ဖက် ချုပ်ဆိုကြသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ၏ သဘောသဘာ၀ များသည် အစိုးရများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပြည်သူများ၏ အခွင့်အရေးများနှင့်ဆိုင်သည့် မူဝါဒများ၊ ဥပဒေနှင့် စည်းမျဉ်းများ ပြဌာန်းချမှတ် နိုင်မည့် အခြေအနေများနှင့် လွတ်လပ်မှုအပေါ် များစွာ အကန့်အသတ် ဖြစ်လေ့ရှိသည်ကို နိုင်ငံတကာ ဥပဒေ ပညာရှင်များက ထောက်ပြမှု များစွာရှိသည်။

အဆိုပါ စာချုပ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် နိုင်ငံတွင်း အသစ်ပြဌာန်းသည့် မူဝါဒနှင့် ဥပဒေများကို နိုင်ငံတကာ ခုံသမာဓိရုံးများ၌ တရားစွဲဆိုနိုင်စေရန် အခွင့်အလမ်းများ ပေးထားသည့် ပြဌာန်းချက်များလည်း ပါဝင်လေ့ရှိသည်။

မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ် အားလုံးနီးပါးတွင် အဆိုပါ ပြဌာန်းချက်များကို တွေ့ရပါသည်။ ၂၀၀၁ ခုနှစ်၊ တရုတ် – မြန်မာ ရင်းနှီးမြှုပ်နှံမှု စာချုပ်တွင်လည်း ဤကဲ့သို့ ပြဌာန်းချက် ပါရှိသည်ကို တွေ့ရသည်။

ဤကဲ့သို့ နိုင်ငံတကာ ခုံသမာဓိရုံးများ၌ တရားရင်ဆိုင်သည့် ကိစ္စများမှာ ကုန်ကျစရိတ် များလွန်းလှပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးကြီးမားလေ့ရှိသည်။ ဥပမာအားဖြင့် မကြာသေးခင် ကာလက သြစတြေးလျ အစိုးရသည် စီးကရက် ကုမ္ပဏီကြီး တခုဖြစ်သည့် Phillip Morris နှင့် တရားရင်ဆိုင်မှုတခု ကြုံခဲ့ရာ သြစတြေးလျအစိုးရက အမှုကိစ္စအတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၀ ကုန်ကျခဲ့ရသည်။

သြစတြေးလျ အစိုးရ၏ အများပြည်သူ ကျန်းမာရေးအတွက် ပြဌာန်းသည့် စီးကရက် ဆိုင်ရာ ဥပဒေပြဌာန်းမှုကို Phillip Morris ကုမ္ပဏီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ကနေဒါ နိုင်ငံတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တဦးက အစိုးရကို သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှု ကိစ္စတခုနှင့် ပတ်သက်၍ တရားစွဲခဲ့ရာ ကနေဒါအစိုးရက အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၀၀ ကျော် ကုန်ကျခဲ့ရသည်။ ကမ္ဘာတဝှမ်းတွင် ဤ ကဲ့သို့ သာဓက များစွာ ရှိပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဤကဲ့သို့သော ကိစ္စရပ်များ ကြုံရလျှင် နိုင်ငံတော်နှင့် ပြည်သူများအတွက် များစွာ နစ်နာရပါလိမ့်မည်။

ယနေ့ခေတ် အခါတွင် နိုင်ငံများစွာတို့သည် ဤကဲ့သို့ နိုင်ငံတကာ ခုံသမာဓိ ရုံးများကို အသုံးပြုခွင့် ပြုထားသည့် ပြဌာန်းချက်များကို သဘောတူစာချုပ်များတွင် လက်ခံ ထည့်သွင်းခြင်း ပြုရန် ငြင်းဆန်နေကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အကူးအပြောင်းကာလကို ဖြတ်သန်းနေသော အချိန်အခါဖြစ်သည့် အလျှောက် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများအားလုံးအတွက် မူဝါဒများ၊ ဥပဒေများ ပြန်လည် ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်းတို့ကို များစွာ ဆက်လက် ဆောင်ရွက်ရဦးမည် ဖြစ်သည်။

သို့ဖြစ်ရာ ယနေ့ အချိန်အခါတွင် မြန်မာအစိုးရ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူ စာချုပ်များကို ပွင့်လင်းမြင်သာမှုမရှိဘဲ အလျင်စလို ပြုလုပ် ချုပ်ဆိုခြင်းသည် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာများအတွက် စိုးရိမ်စရာဖြစ်သည့် စိန်ခေါ်မှုတရပ် ဖြစ်နေသည်။ ထို့အပြင် မြန်မာနိုင်ငံမှ လက်ခံ အတည်ပြုထားသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး များအား လေးစားရန်နှင့် ကာကွယ်မြှင့်တင်ပေးရန် တာဝန်ဝတ္တရားများကို အကောင်အထည် ဖော်ရာတွင် အတားအဆီးများ ဖြစ်လာနိုင်ကြောင်း ရှုမြင်မိပါသည်။

ပိုးလမ်းမ စီမံကိန်း အငြင်းပွားမှုဆိုင်ရာ တရားရုံးများ

ပိုးလမ်းမစီမံကိန်းဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းမှု ယန္တယား တခု တည်ဆောက်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ တရုတ်သံရုံးမှ မြန်မာတိုင်း သတင်းမီဒီယာ အား အတည်ပြုပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ သတင်းများအရ တရားရုံးနှစ်ရုံး ကို တည်ထောင်ထားပြီးဖြစ်သည်။ ရှီအန်း Xi’an နှင့် ရှန်ယန်း Shenzhen မြို့များတွင် တရုံးစီထားရှိမည်ဖြစ်ပြီး ကုန်းလမ်းမပေါ်ရှိ အငြင်းပွားမှုများနှင့် ရေလမ်းကြောင်းရှိ အငြင်းပွားမှုများကို သီးခြားစီ အသီးသီး လက်ခံဖြေရှင်းသွားကြမည်ဟု သိရသည်။

ယင်းအချက်သည် ကျောက်ဖြူ စီမံကိန်းအတွက် ကောင်းမွန်သည့် သတင်းဟုတ်ပါ၏လား။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးနှင့် စက်မှုဇုန် စီမံကိန်းများကြောင့် ကြုံတွေ့ရသည့် ပြည်သူများ၏ နစ်နာ ဆုံးရှုံးမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပြည်တွင်း တရားရုံးနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး ယန္တယား များမှ တရားမျှတမှုကို ပေးနိုင်စွမ်း လွန်စွာ အားနည်းလှပါသည်။

စီမံကိန်းများကြောင့် နစ်နာရသည့် ဒေသခံများအနေဖြင့် တရားရုံးသို့ လက်လှမ်းမီနိုင်ရန်မှာ အခက်အခဲ အတားအဆီးများစွာ ကြုံနေကြဆဲဖြစ်သည်။ ထိုအခက်အခဲများတွင် တရားရုံးများ၌ တရားရင်ဆိုင် နိုင်ရန်အတွက် ငွေကြေးနှင့် လမ်းခရီးဆိုင်ရာ အခက်အခဲများမှာလည်း အဓိကအချက်များအဖြစ် ပါဝင်နေသည်ကို တွေ့ရှိရသည်။

ဤကဲ့သို့သော အခြေအနေတွင် အဆိုပါ ကျောက်ဖြူ စီမံကိန်းကြောင့် ကြုံလာရဖွယ် ရှိသည့် ဒေသခံပြည်သူများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် နစ်နာဆုံးရှုံးမှုများအတွက် တရားမျှတမှုကို တရုတ်နိုင်ငံရှိ တရားရုံးများတွင် ရရှိနိုင်ရန်မှာ အိပ်မက်သဖွယ် ဖြစ်ပေလိမ့်မည်။

လက်လှမ်းမီသည် ထားဦး။ အဆိုပါ တရုတ်နိုင်ငံရှိ တရားရုံးများအနေဖြင့် မည်မျှထိ သမာသမတ် ကျစွာ ဖြေရှင်းဆောင်ရွက် ပေးနိုင်ပါမည်နည်း။ ဤတရားရုံးအနေဖြင့် တရုတ်နိုင်ငံ၏ ဥပဒေများကို အသုံးပြု မည်လား။ မည်သည့် ဥပဒေများကို အသုံးပြုပါမည်နည်း။

ထို့အတူ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံကြမည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် စီမံကိန်းဆိုင်ရာ အငြင်းပွားမှုများအတွက် တရုတ်နိုင်ငံ တရားရုံးများ၌ ဖြေရှင်း ဆောင်ရွက်ရမည် ဆိုလျှင် တရားမျှတမှုများ အတွက် များစွာ အခက်အခဲ ကြုံရနိုင်ဖွယ် ရှိပါသည်။

မြန်မာအစိုးရနှင့် တရုတ် အစိုးရတို့ ဆွေနွေးလျှက်ရှိသည့် သဘောတူစာချုပ်များတွင် ဤ တရားရုံးများ၏ တရားစီရင်ခြင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ မည်မျှထိ သဘောတူ ဆွေးနွေးထားကြပါသနည်း။ မြန်မာအစိုးရ အနေဖြင့် အဆိုပါ တရုတ်၏ ပိုးလမ်းမ အငြင်းပွားမှု ဆိုင်ရာ တရားရုံးများ၏ စီရင်ရေး အာဏာအောက်သို့ မကျရောက်အောင် ဆောင်ရွက်နိုင်ပါ မည်လား။ စသည်ဖြင့် မေးခွန်းများ ရှိနေပါသည်။

နိဂုံးချုပ် ဆိုရပါလျှင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းသည် အထက်ပါ ဆွေးနွေး ခဲ့သည့် ကဏ္ဍနှစ်ခုမှ တဆင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက် သက်ရောက်မှု ရှိနေသည့် စိုးရိမ်ဖွယ်ရာများ ဖြစ်ပါကြောင်း လေ့လာ တင်ပြလိုက်ရပါသည်။

(ဦးဟေမာန်ဦးသည် လူ့အခွင့်အရေး သုတေသီ တဦးဖြစ်ပြီး ဗြိတိန်နိုင်ငံ Essex တက္ကသိုလ်တွင် Master in Theory and Practice of Human Rights ဘာသာရပ်ကို လေ့လာဆည်းပူးခဲ့သူ ဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်ကျောက်ဖြူ စီမံကိန်းအတွက် တရုတ် ရင်းနှီးမြှုပ်နှံမှု မလိုချင်ခဲ့ဟု ဆို

Did you find apk for android? You can find new Free Android Games and apps.
Loading