ထောင်စနစ် ပိုမိုကောင်းမွန်ရေး ဘာကြောင့် နိုင်ကျဉ်းများနဲ့ မဆွေးနွေးတာလဲ

ဘိုကြည်
အင်းစိန်အကျဉ်းထောင်တွင် လူဦးရေ ၅၀၀၀ သာ ဝင်ဆံ့သော်လည်း လက်ရှိတွင် အကျဉ်းသား ၁၂၀၀၀ ခန့်ရှိနေသည် / Reuters
Want create site? Find Free WordPress Themes and plugins.

မကြာသေးမီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေလိုက်သည့် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း စံထားသတ်မှတ်ချက် SOPs သည် ဆိုးရွားလှသော အကျဉ်းထောင်အခြေအနေ ကို တိုးတက်စေရန် လုပ်ဆောင်ရာတွင် မှန်ကန်သော ခြေလှမ်းဖြစ်သည်။

သို့သော်လည်း ထူးဆန်းလှသည်မှာ ထို SOPs အပြည့်အစုံကို ရှာမရနိုင်ခြင်းပင်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ထို SOPs ကို အရပ်ဖက်လူမှုအခြေပြု အဖွဲ့အစည်းများ သို့မဟုတ် အကျဉ်းထောင်ပြဿနာများနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသော အဖွဲ့အစည်းများကိုလည်း SOPs အကြောင်း မျှဝေခြင်း မရှိပါ။ ကျနော့်အနေဖြင့် ထို SOPs ရေးဆွဲရာတွင် မည်သည်များ ပါရှိသနည်း၊ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း (ကောင်ဆယ်လင်း) ပါ မပါဆိုသည်ကိုလည်း သိချင်မိပါသည်။ ကျနော့်၏ ထောင်အတွေ့အကြုံအရ နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း (ကောင်ဆယ်လင်း) ပါရန် အရေးကြီးသည် ဟု ဆိုချင်ပါသည်။

ယခုကဲ့သို့ SOPs ကို ထုတ်ပြန်ခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းတခု ဖြစ်သည်ဟု မြင်သော်လည်း ထုတ်ပြန်ထားသည့် SOPs အတိုင်း အကောင်အထည်ဖော်ဆောင်နိုင်မည်လား ဆိုသည်ကိုမူ သံသယ ဖြစ်မိပါသည်။ အကျဉ်းထောင်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် များစွာ လိုအပ်နေပြီး ယခု SOPs များသည်လည်း မလုံလောက်သေးပါ။

မြန်မာနိုင်ငံတွင် ထောင်ပေါင်း ၄၆ ခုနှင့် ရဲဘက်စခန်းပေါင်း ၄၀ ခန့်ရှိသည်။ ထို့အပြင် ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲခြင်းမပြုသော အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော ဖမ်းဆီးထိန်းသိမ်းရေး စခန်းများလည်းရှိသေးသည်။

တရားစီရင်စနစ်၏ ပျက်ကွက်မှုများ၊ အဂတိလိုက်စားမှု၊ အကျဉ်းထောင် အခြေခံ အဆောက်အအုံများတွင် ငွေကြေး အသုံးပြုမှု အားနည်းလွန်းခြင်း၊အကျဉ်းသားဦးရေ ထူထပ်လွန်းခြင်း တို့က တရားမျှတမှု အားနည်းစေခြင်း၊ ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် ညှဉ်ပန်းနှိပ်စက်ခြင်းတို့ကို ဆိုးဆိုးရွားရွား ဖြစ်ပေါ်စေပါသည်။

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် အလွန်အမင်း လိုအပ်နေသည်။ ထိန်းသိမ်းစခန်းများနှင့် အကျဉ်းထောင်တွင်းအခြေအနေများမှာလည်း တုန်လှုပ်စရာကောင်းလှသည်။ ညှဉ်းပန်းနှိပ်စက်သော အလေ့အထရှိနေခြင်း၊ အကျဉ်းထောင်တွင်း လူဦးရေထူထပ်လွန်းခြင်းနှင့် အရည်အသွေးပြည့်မီခြင်း မရှိသည့် အကျဉ်းထောင်အခြေအနေများကို အသုံးချ၍ ရဲ သို့မဟုတ် အကျဉ်းထောင်ဝန်ထမ်းများမှ အကျဉ်းသားများ၏ လူ့အခွင့်အရေးတင်မက လူ့ဂုဏ်သိက္ခာကိုပင် ချိုးဖောက်နေကြသည်။

စစ်ကြောရေးစခန်းများတွင်လည်း လျှပ်စစ်ရှော့ရိုက်ခြင်း၊ လိင်အင်္ဂါကို ထိခိုက်စေခြင်း၊ ပက်လက်လှန်ပြီး မျက်နှာပေါ်သို့ ရေလောင်းချခြင်း၊ ဆိုင်ကယ်စီးသကဲ့သို့ ရပ်တည်ရန် ခက်ခဲသော ကိုယ်နေဟန်များတွင် ကာလကြာမြင့်စွာ ထားရှိခြင်းများအပြင် အခြားသော ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း နည်းလမ်းများစွာကို ကျင့်သုံးသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းများ ဖြစ်သည့် ခြိမ်းခြောက်ခြင်း၊ ခေါင်းစွပ်စွပ်ထားခြင်း၊ မျက်နှာကို အဝတ်ဖြင့် စည်းထားခြင်း၊ အိပ်ခွင့်မပေးခြင်းနှင့် တဦးတည်း ချုပ်နှောင်ထားခြင်း များကိုလည်း ကျင့်သုံးပါသည်။

အကျဉ်းထောင်တွင်း အခြေအနေကို ကြည့်လျှင်လည်း ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအသောက်၊ ကျန်းမာရေးနှင့် သင့်တော်သည့် ပတ်ဝန်းကျင်ဖြစ်နိုင်ချေ မရှိဖြစ်နေသည့်အပြင် နှစ်သိမ်းဆွေးနွေးပညာပေးသူ (ကောင်ဆယ်လာများ) နှင့် ကျန်းမာရေးဝန်ထမ်းများလည်း မလုံမလောက်ဖြစ်နေပါသည်။ အကျဉ်းထောင်တွင်း လူဦးရေ ထူထပ်ခြင်းမှာလည်း ကြောက်ခမန်းလိလိဖြစ်နေသည်။ အင်းစိန်အကျဉ်းထောင်တွင် လူဦးရေ ၅၀၀၀ သာ ဝင်ဆံ့သော်လည်း လက်ရှိတွင် အကျဉ်းသား ၁၂၀၀၀ ခန့်ရှိနေသည်။

ထို့အပြင် ပြစ်ဒဏ်ချမှတ်ရာတွင်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် ကိုချမှတ်လေ့ရှိသည်။ ရဲဘက်စခန်းများ၏ အခြေအနေမှာ ပိုလို့ ဆိုးပါသေးသည်။ ရဲဘက် စခန်းများတွင် အကျဉ်းသားများကို ခြေကျင်းခတ်ထားပြီး မည်သည့်ရာသီဥတုအခြေအနေတွင်မဆို ပြင်ပတွင် အလုပ်စေခိုင်းကာ ထိုစခန်းများသည် ဝေးကွာလွန်းပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိသလောက်ဖြစ်သောကြောင့် အခြေအနေမှာ ပိုမို ဆိုးရွားသည်။ ပြစ်ဒဏ်ချမှတ်ခြင်းများသည် များသောအားဖြင့် အပြစ်ပေးရန်သာ ရည်ရွယ်ပြီး ပြန်လည်ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချမှတ်ခြင်း မရှိပေ။

ထောင်လွတ်သောအခါ အကျဉ်သားများသည် ထောင်တွင်းဘဝ၏ ဆိုးကျိုးများကို ယူဆောင်သွားကြရသည်။ ၎င်းတို့ခံစားရသည့် ဝေဒနာများသည် လွတ်မြောက်ပြီးနောက် ကာလရှည်လျှားစွာ ဆက်လက် ထိခိုက်စေသည်။ ညှင်းပမ်းနှိပ်စက်မှုကြောင့်ဖြစ်ပေါ်သည့် ရေရှည် အကျိုးဆက်များနှင် စိတ်ဒဏ်ရာများကို ရင်ဆိုင်နိုင်ရန်၊ စိတ်ကျခြင်းနှင့် စိတ်ကျန်းမာရေးအတွက် ကုသပေးရန် နှစ်သိမ့်ဆွေးနွေးပညာပေးသူများကို ထားရှိရမည်ဖြစ်သည်။ ကုသခြင်းနှင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း တို့ကို ရရှိအောင် လုပ်ဆောင်ပေးရမည်ဖြစ်ပြီး ထိုအချက်များသည် SOPs များတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်သည်။

အခြားအရေးပါသော ပြဿနာတခုမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် လူမှု အခြေပြု အဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းမှု မရှိခဲ့ခြင်းဖြစ်သည်။ ထို SOPs များကို ကုလသမဂ္ဂ UN နှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ INGOs နှင့် ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ လူမှုအခြေပြုအဖွဲ့အစည်းများသည် ၎င်းတို့ကို ရေးဆွဲရာတွင် ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့်မေးခွန်း မေးစရာဖြစ်လာသည်။ အကျဉ်းသားဟောင်းများသည် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး မည်သည့် စိတ်ကူးစိတ်သန်းမျှ မရှိဟု အာဏာပိုင်များ ယူဆခဲ့သလားဟု မေးစရာရှိလာသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများသည် အကျဉ်းထောင်နှင့် ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်တို့၏ သားကောင်များဖြစ်ကြသည်။ ထိုသူများကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ၎င်းတို့ကို ထောင်သွင်းအကျဉ်းချသူများနှင့် တရားသူကြီးများလက်တွင် ကြုံတွေ့ခဲ့သော အတွေ့အကြုံများကြောင့် အကျဉ်းထောင်၏ အပြစ်အနာအဆာများနှင့် SOPs များကို အကောင်အထည်ဖေါ်ရန် လိုအပ်ကြောင်းကို နိုင်ငံရေးအကျဉ်းသားဟောင်းများထက် မည်သူပိုမိုသိနိုင်သနည်း။ နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခံခဲ့ရသောကြောင့် ၎င်းတို့သည် ထိုကိစ္စတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။

ညှိနှိုင်းတိုင်ပင်မှု မရှိသောကြောင့် ထို SOPs များသည် ထိရောက်မှု၊ ပြည်စုံမှု မရှိပေ။ စံချိန်မမီသော အကျဉ်းထောင် အခြေအနေများနှင့် ညှင်းပမ်းနှိပ်စက်မှုများ၏ ဆိုးကျိုးများသည် ထောင်မှလွှတ်ပြီးနောက် ကာလကြာမြင့်စွာ ဆက်လက်ကျန်ရှိနေသည်ကို နားလည်ရန်လိုသည်။

အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးသည် ကျယ်ပြန့်၊ စနစ်ကျပြီး ပြစ်ဒဏ်ပေးခြင်းဆိုင်ရာစနစ်၏ သွင်ပြင်အားလုံးကို ထည့်သွင်းစဉ်းစားရမည်။ အကျဉ်းသားများ ညှင်းပမ်းနှိပ်စက်ခံရသည်မှာ ထောင်အတွင်းတွင်သာ မဟုတ်ပေ။ မြန်မာနိုင်ငံ၏ တရာစီရင်ရေးစနစ်အတွင်းသို့ ခြေတလှမ်း လှမ်းလိုက်သည်နှင့်ပင် စတင် ညှင်းပန်းနှိပ်စက်ခံကြရသည်။ အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်လဲခြင်း မရှိဘဲ အကျဉ်းပိတ်တိုက်ခန်းများကို ပြုပြင်ပြောင်းလဲခြင်းသည် အချည်းနှီးသာဖြစ်သည်။

မည်သည့်ပြုပြင်ပြောင်းလဲရေးကို မဆို ဘက်ပေါင်းစုံခြုံငုံသုံးသပ်သော နည်းလမ်းဖြင့်သာ အခြေခံရမည်။ သီးခြားစီ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်းသည် အလုပ်မဖြစ်ပေ။ ပိုမိုကောင်းမွန်သော ရလဒ်များ ပေါ်ပေါက်လာစေရေးအတွက် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အောင်မြင်နိုင်သည်။

(ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း AAPP ၏ တွဲဖက် အတွင်းရေးမှူးဖြစ်သည်။ ယခုဆောင်းပါးကို အင်္ဂလိပ်ဘာသာဖြင့် The Need to Improve Prison Reform  တွင် ဖတ်ရှုနိုင်သည်။ )

Did you find apk for android? You can find new Free Android Games and apps.
Loading