လူတိုင်း ဇာတ်လမ်း ပုံပြင်များ နားထောင်ဖူးကြသည်။ ပုံပြင်များသည် လောကအဖြစ်အပျက်များကို ရိုးရှင်းအောင် ဖန်တီးထားပြီး အနှစ်အသားဖြစ်သော သင်ခန်းစာများ၊ တန်ဖိုးများကို ပေးသည်။ ထို့ထက် ဆက်လက် တွေးတောစရာများကို ပေးသည်။
လက်ရှိ အဖြစ်အပျက်များကို ပုံပြင် ဇာတ်လမ်းတခု အဖြစ် ရိုးရှင်းအောင် အကျဉ်းချုံ့ကြည့်ခြင်းသည် ပြဿနာများကို ချဉ်းကပ်ခြင်း နည်းလမ်းတခု ဖြစ်မည်။ ထို့အပြင် ပုံပြင်ဟောင်းများဖြင့် လက်ရှိ အဖြစ် အပျက်များကို ချဉ်းကပ်ကြည့်ခြင်းသည်လည်း ပိုမို ရှင်းလင်းသော အမြင်ကို ရရှိရန် ကူညီပေးနိုင်သည်။
လက်ရှိ အဖြစ်အပျက်များထဲတွင် မတူညီသော ဇာတ်လမ်းနှစ်ပုဒ်ကို ပြောပြလိုပါသည်။ ထို့နောက် အားလုံး ကြားဖူးပြီးသား ဖြစ်နိုင်သော ပုံပြင်းဟောင်း နှစ်ပုဒ်ကို မျှဝေလိုပါသည်။
ဇာတ်လမ်း ၁
လူအုပ်စုတစုသည် လူအများစုရုံးကာ အရေးကြီးသော အထိမ်းအမှတ် ပွဲတော်တခု ကျင်းပရန် ပြင်ဆင် ကြသည်။ အုပ်ချုပ်ရေးဘက်က လူတွေက ပြုလုပ်ခွင့် မပေးဘဲ ကန့်သတ်သည်။ မိမိတို့ တန်ဖိုးထားသော ပွဲတော် မကျင်းပရသောကြောင့် ထိုလူအုပ်စုက မကျေမနပ်ဖြစ်ကာ ပွဲကျင်းပခွင့်ပေးဖို့ တောင်းဆိုကြသည်။
လက်နက်ကိုင် တပ်ဖွဲ့က စုဝေး တောင်းဆိုကြသော လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် လူ ၇ ယောက် အသက်ဆုံးရှုံးရသည်။ သို့သော် ပစ်ခတ်သော လက်နက်ကိုင် တပ်ဖွဲ့များကို အရေးမယူ။ လူအုပ်စုသည် ဆူပူသောင်းကြမ်းလာကြသောကြောင့် အခြေအနေကို ထိန်းသိမ်းရန်ဟု အကြောင်းပြချက် ပေးသည်။ ထို့နောက် လူအုပ်ထဲက ဦးဆောင်သူကို ဖမ်းဆီး တရားစွဲဆိုသည်။
ထိုအခြေအနေကို မကျေ နပ်သော လူပုဂ္ဂိုလ်တယောက်က သူ့ကိုယ်ပိုင်အမြင်ကို လူမှုကွန်ရက်တွင် ရေးတင်သည်။ ပစ်ခတ်သည့် သူကို အရေးမယူဘူးလား ဆိုသည်နှင့် အဓိက ဘယ်သူ့တွင် တာဝန်ရှိသည် ဆိုသည့် သဘောမျိုး။ ထိုပုဂ္ဂိုလ်သည်လည်း သူရေးသားသည့် အမြင်ကြောင့် တရားစွဲခံရသည်။
ဇာတ်လမ်း ၂
လူအုပ်စုတစုကို လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ပစ်ခတ်သည်။ ထိုအုပ်စုထဲမှ လူ ၁၀ ယောက်ခန့် သေဆုံး သွားသည်။ ထို့နောက် မည်သူမျှ မသိစေရန် လျှို့ဝှက်စွာ မြေမြှုပ် ပစ်လိုက်သည်။ ထို အသတ်ခံရသူများတွင် မည်သည့်ပြစ်မှု ရှိသလဲဆိုတာ ရုံးတင် စစ်ဆေးတာမျိုး မလုပ်။ ဒီအကြောင်းကို သတင်းထောက် တယောက်က ရေးတင်လိုက်သည်။ ထို့ကြောင့် ထိုလက်နက်ကိုင် တပ်ဖွဲ့က လက်နက်မပါသော သူများကို သတ်ဖြတ်သည့် အကြောင်း လူအများ သိရှိသွားကြသည်။
လက်နက်ကိုင် တပ်ဖွဲ့မှ လူတချို့ကတော့ အကြမ်းဖက်သမားတွေမို့ သတ်ဖြတ်ရပါသည်၊ အခြေအနေကို ထိန်းသိမ်းရန်ဟု အကြောင်းပြသည်။ သို့သော် ငြင်းမရသော အခြေအနေ ရောက်လာသောအခါ လက်နက်ကိုင် တပ်ဖွဲ့မှ ခေါင်းဆောင်တချို့ကို အရေးယူလိုက်ရသည်။ ထို့နောက် သတင်းထောက်တွေကိုလည်း ဖမ်းဆီး အရေးယူ လိုက်သည်။ လက်နက်ကိုင်များ၏ လျှို့ဝှက် လုပ်ရပ်ကို ဖော်ပြသောကြောင့် သစ္စာဖောက် အဖြစ် ကင်းပွန်း တပ်ကြသည်။
ထိုမတူညီသော ဇာတ်လမ်း နှစ်ခုစလုံးတွင် တူညီသော အချက်တချို့ ရှိပါသည်။
မတူညီသည်က တရားစွဲဆိုခံရသူများအနက် တယောက်က သတင်းထောက်ဖြစ်ပြီး တခြားတယောက်မှာ သတင်းထောက် မဟုတ်ပါ။ စွဲဆိုခံရသော ဥပဒေပုဒ်မများ မတူညီကြပါ။ သို့သော် တူညီသည်မှာ နှစ်ယောက် စလုံးသည် လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ တစုံတရာ ထုတ်ဖော် ပြောဆိုကြခြင်း ဖြစ်သည်။ လက်နက်ကိုင်များ ဘက်ကလည်း “အကြမ်းဖက်” ဟူသော စကားလုံးနှင့် အခြေအနေကို ထိန်းသိမ်းရန်ဟု အကြောင်းပြချက် ပေးခြင်းဖြစ်သည်။
ထိုဇာတ်လမ်း နှစ်ခုသည် ဖြစ်ရပ်မှန်များ ဖြစ်သည်။ တခုသည် ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး အခြားတခုသည် မြောက်ဦးနှင့် စစ်တွေမြို့တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရိုးစင်းသော ဇာတ်လမ်းကို နောက်ထပ်၊ လူမျိုးရေးများ၊ လုံခြုံရေး အကြောင်းပြချက်များ၊ အမုန်း တရားများ ထပ်မံ ထည့်သွင်း ရောမွှေလိုက်သည့် အခါမှာတော့ မရိုးစင်းတော့ပေ။ လူအများက ရှင်းလင်းစွာ မမြင်စေရန် ပုံဖျက်လိုက်သလို ဖြစ်သွားတော့သည်။
ထို့ကြောင့်ပင် ဇာတ်လမ်း (၁) တွင် တရားစွဲဆိုခံရသူများဘက်က လူအများ ရပ်တည် ထောက်ခံကြသော်လည်း ဇာတ်လမ်း (၂) တွင် တရားစွဲခံရသူများကို အပြစ်ဖို့သူ ပိုများသည်။ အမြင်ကွဲပြားခြင်းသည် ပြဿနာ မဟုတ်ပါ။ သို့သော် အမြင်ထုတ်ဖော်ခြင်းကို အရေးယူခြင်းသည် ပြဿနာ ဖြစ်ပါသည်။ တခုက အချက်အလက်များအပေါ် အခြေပြု ရေးသားသော သတင်းနှင့် အခြားတခုမှာ မိမိ အမြင်ကို ထုတ်ဖော် ပြောကြားခြင်းဖြစ်သည်။
သို့သော် ဇာတ်လမ်းနှစ်ခုစလုံး၏ အခြေခံ အကြောင်းတရားအဖြစ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် တရားစွဲဆိုခံကြရသည်။ သတင်းမှန်ခြင်း မှားခြင်းကို အဓိကထား ထောက်မပြကြတော့ဘဲ မိမိ၏ ကြိုတင် လက်ခံထားသော အမြင်နှင့် မတူသည်နှင့်ပင် အပြစ်တင်ကြသည်။ အဆိုးရွားဆုံးအဖြစ် တရားစွဲဆို ခံကြရခြင်း ဖြစ်သည်။
တကယ်တော့ ထိုဇာတ်လမ်းများသည် အဟောင်းများ ထပ်ကျော့လည်နေခြင်းသာ ဖြစ်သည်။ အသစ်အဆန်းများ မဟုတ်ကြပါ။ မကြာခဲ့သေးသော မြန်မာ့နိုင်ငံရေး သမိုင်းတွင် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများကို နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားစေသည် ဟူသော အကြောင်း ပြချက်မျိုးဖြင့် ဖမ်းဆီး ထောင်ချခဲ့ဖူးသည်။
အဓိက အကြောင်းရင်းများကို မမေ့ဖို့ လိုမည်ဟု ထင်ပါသည်။ ကိုယ်နှင့် အမြင်မတူသော်ငြား၊ ကိုယ်နှင့် အုပ်စုမတူသော်ငြား၊ ထိုသူများကို မတရားမှု ကျူးလွန်ခံရခြင်းကို အားပေးသည့် အသွင် မဖြစ်သင့်ပေ။ ကျနော်တို့ လိုချင်သည့် သာယာငြိမ်းချမ်းသော မြန်မာပြည်သည် မတရားမှုများ၊ ဖိနှိပ်မှုများဖြင့် တည်ဆောက်၍မရပါ။
ဇာတ်လမ်း ၃
နာဇီဂျာမနီခေတ်က လူတချို့၏ သူရဲဘောကြောင်သည့် အနေအထားကို ဂျာမန် ဘုန်းတော်ကြီးတပါးက ကဗျာ တပုဒ် ရေးသားခဲ့သည်။ First They Come ဟု လူသိများပါသည်။ အကြမ်းဖျင်း အောက်ပါအတိုင်း ဆိုလို ပါသည်။
“ပထမသူတို့ ဆိုရှယ်လစ်တွေဆီလာတယ်။ ငါဘာမှ မပြောခဲ့ဘူး။ ငါက ဆိုရှယ်လစ်မှ မဟုတ်တာ။
နောက် သူတို့ ကုန်သည်တွေဆီလာတယ်။ ငါဘာမှ ဖွင့်ဟ မဆိုခဲ့။ ငါက ကုန်သည်တယောက်မှ မဟုတ်တာ။
နောက်တော့ သူတို့ ဂျူးတွေဆီလာတယ်။ ငါဘာမှ စကားမဆိုခဲ့။ ငါက ဂျူးတယောက်မှ မဟုတ်တာ။
နောက်ဆုံး သူတို့ ငါ့ဆီလာတယ်။ ငါ့အတွက် ကူပြောမယ့်လူ တယောက်မှ မကျန်။”
ကိုယ်နဲ့ မဆိုင်တာဘဲဆိုပြီး အနိုင်ကျင့်ခြင်း၊ မတရားမှု ပြုခြင်းများကို မျက်ကွယ်ပြုနေခဲ့ကြဖူးပြီ။ သို့သော် ကိုယ့်အလှည့်သည် မကြာခင် ရောက်လာကောင်း ရောက်လာနိုင်သည် မဟုတ်ပါလား။ အနိမ့်ဆုံး ကိုယ်ဘာမှ တုံ့ပြန် ဆောင်ရွက်ရန် မတတ်နိုင်ရင်တောင်မှ အသိစိတ်တွင် လက်ခံရန် ငြင်းပယ်ခွင့် ရှိပါသေးသည်။
ဇာတ်လမ်း ၄
နောက်ဆုံး ဇာတ်လမ်းတပုဒ်ကတော့ အီဆွတ်ရဲ့ ပုံပြင်ထဲကဟု မှတ်မိနေပါသည်။ သိပ်မသေချာ။ ကြွက်ထောင်ချောက် ပုံပြင်ဟု ဆိုပါစို့။ လယ်သမားတဦးအိမ်တွင် ကြွက်၊ ကြက်၊ ဝက်နှင့် နွားတို့ အတူ ရှိကြသည်။ တရက်တော့ လယ်သမားက ကြွက်ထောင်ချောက် ဝယ်လာသည်ကို ကြွက်က မြင်လိုက်တော့ ကျန်သည့် တိရစ္ဆာန်များကို အသိပေးသည်။ စိတ်ပူသည်ကို ပြောပြသည်။ ကြက်က လှောင်ရယ် ရယ်သည်။ ဝက်က ဟန်ဆောင်ပန်ဆောင် သနားသည်။ နွားကတော့ ဝတ်ကျေတန်းကျေ ပြောသည်။
ကြွက်ထောင်ချောက်သည် ကြွက်အတွက်သာ အန္တရာယ်ရှိပြီး တခြားသူများအတွက် စိတ်ပူစရာ မဟုတ်ဟု ယူဆကြသည်။ ကြွက်ကတော့ အန္တရာယ် အနံ့ကြောင့် အိမ်ကနေ ထွက်ခွာသွားသည်။ ညရောက်တော့ ထောင်ချောက်တွင် ကြွက်မမိဘဲ မြွေတကောင်မိနေသည်။ အမှောင်ထဲမှာ မမြင်မစမ်းနှင့် သွားကိုင်မိတော့ လယ်သမားမယား မြွေကိုက်ခံရသည်။ နာမကျန်းဖြစ်တော့ လယ်သမားက သူ့မယားကို ကြက်စွပ်ပြုတ် တိုက်ဖို့ ကြက်ကို အရင်သတ်ရသည်။ ရောဂါကသည်းလာ၊ ဆွေမျိုးသားချင်းတွေ တဖွဲဖွဲ လာကြည့်ကြတော့ ဝက်ကို ပေါ်ပြီး ဧည့်ခံရပြန်သည်။ နောက်ဆုံး လယ်သမားမယား ဆုံးသွားသောအခါ အသုဘမှာ နွားကိုပေါ်ပြီး ကျွေးမွေး လိုက်ရသည်။
ကြွက်ထောင်ချောက် တခုကို မထီမဲ့မြင် ပြုခဲ့ကြသူတွေ တန်းစီကာ စတေးခံလိုက်ရသည်။
အကြောက်တရား
ထိုပုံပြင်လေးပုဒ်ကို ဆက်စပ်မှု မရှိဟု ယူဆချင်လည်း ယူဆပါ။ သို့သော် ကျနော်ကတော့ ဆက်စပ် စဉ်းစားကြည့် မိပါသည်။ ထိုအခါ ဒီစာကို ရေးပြီးသည့်နောက် ကျနော် တစုံတရာ နောက်ကျော မလုံတော့ပါ။ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် လတ်တလော နမူနာများဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် လက်ရှိ မြန်မာပြည်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိသေးသည်ကို သိနေသောကြောင့် ဖြစ်ပါသည်။ လက်ရှိ မြန်မာပြည်သည် လူမျိုးနှင့် နိုင်ငံတော်ကို ကာကွယ်သည်ဆိုသည့် စကားလုံး လှလှများဖြင့် လူအများကို ဆွဲဆောင် နိုင်နေသေးသောကြောင့် ဖြစ်သည်။
မိမိ နားမထောင်လိုသည့် အမြင်များကို ပိတ်ပင်နေဆဲ ဖြစ်သည်ကို သိသောကြောင့် ဖြစ်ပါသည်။ ကျူးလွန်သူထက် ထုတ်ဖော်ပြောဆိုသူများကိုသာ ပိုမို အာရုံစိုက် အရေးယူနေဆဲ ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထိုသူများ၏ ဒုက္ခပေးနိုင်စွမ်းနှင့် ကျယ်ပြန့်မှုကိုလည်း စိုးရိမ်မိသောကြောင့် ဖြစ်ပါသည်။ ကျနော် ဘယ်အချိန် ကြက်ကလေး ဖြစ်မလား၊ နွားတကောင် ဖြစ်မလား ပူပန်နေမိပါသည်။
ခက်သည်က ကြွက်ကလေးလိုလည်း ကိုယ်လွတ်ရုန်း ထွက်ပြေးရန် လမ်းမရှိ။ မြန်မာပြည်ဆိုသည့် နယ်နိမိတ် ကြီးသည် ကျယ်လွန်းလှသည် မဟုတ်ပါလား။
ထိုအကြောက်တရားသည် ကျူးလွန်သူတို့၊ ဖိနှိပ်လိုသူတို့ လိုအပ်သော အကြောက် တရား ဖြစ်ပါလိမ့်မည်။ ဤနည်းဖြင့် သူတို့၏ ကိုယ်ကျိုးစီးပွားများကို လွယ်ကူစွာ ဆောင်ရွက်ကြပါလိမ့်မည်။
(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)