ပြည်တွင်းစစ် နှစ်တရာ ကြာမှာလား
တအန်း ပလောင် (TNLA) အဖွဲ့ သတင်းနဲ့ ပြန်ကြားရေး ဌာနက လစဉ် ထုတ်ဝေတဲ့ စာစောင်မှာ“မြန်မာ ပြည်တွင်းစစ် ရာစု နှစ် ထိအောင် ရှည်ကြာမှာလား” ဆိုတဲ့ ခေါင်းစီးနဲ့ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် က ဆောင်းပါး တစောင် ရေးခဲ့ပါတယ်။
ဆောင်းပါး ထဲမှာ “လူမျိုးစု ပေါင်းစုံ နေထိုင်သည့် မြန်မာ နိုင်ငံတွင် လူမျိုးစုများ၏ နိုင်ငံရေး အခွင့်အရေး ဆိတ်သုဉ်း ပျက် စီး နေခြင်း၊ တိုင်းရင်းသား အခွင့်အရေးကို လက်မခံ အသိအမှတ်မပြုခြင်းများ၊ ပြည်တွင်းစစ် ဖြစ်ပွားနေရခြင်း၏ အဓိက အရင်းခံ ပြဿနာ ဖြစ်သည်”လို့ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသားများ အနေနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် နိုင်ငံရေး အခွင့်အရေးကို ကျင့်သုံးခွင့် ရရှိ မည် ဆိုပါက ဗြိတိသျှ ကိုလိုနီတွေ ဘယ်လို သိမ်ဖျင်းတဲ့ သွေးခွဲ အုပ်ချုပ်မှုမျိုး လုပ်ခဲ့ပါစေ၊ ဒီသွေးခွဲမှုဟာ အလုပ်ဖြစ်ခဲ့မှာ မဟုတ်သလို ပြည်တွင်းစစ်လည်း ဖြစ်မှာ မဟုတ်ဘဲ၊ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ နိုင်ငံရေး အခွင့်အရေးကို အတိအကျ အသိအမှတ်ပြုကာ အကောင်အထည်ဖို့ လိုအပ်နေတယ် လို့လည်း ဗိုလ်မှူးချုပ် တာဘုန်းကျော် က ရေးသား ထောက်ပြ ခဲ့ပါတယ်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ ပင်လုံ ညီလာခံ ဆိုတာ ဗြိတိသျှ ကိုလိုနီ အစိုးရက တိုင်းရင်းသား တွေကို ဗမာတွေနဲ့ တွဲပြီး လွတ်လပ်ရေး ရယူမလား၊ မယူဘူးလား ဆိုတာ ဆန္ဒ သဘောထား ရယူတဲ့ အစည်းအဝေး ဖြစ် ပါတယ်။
ဒါကြောင့်လည်း ဗိုလ်ချုပ် အောင်ဆန်းက တိုင်းရင်းသားတွေကို ဗမာတွေနဲ့ နိုင်ငံရေး အခွင့်အရေး တန်းတူ ပေးမည့်အပြင် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရရေး အတွက်ပါ အာမခံချက် ပေးခဲ့ပါတယ်။
ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် ဆိုရာမှာတောင် အမြင့်မားဆုံး အခွင့်အရေး ဖြစ်တဲ့ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့် ပြုဖို့ အထိ ၁၉၄၇ ခု အခြေခံ ဥပဒေမှာ ထည့်သွင်း အသိအမှတ်ပြု ပြဌာန်းစေခဲ့ပါတယ်။
ဒါပေမယ့် ပင်လုံစာချုပ် ချုပ်ဆိုအပြီး ၅ လ အကြာမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ သတ်ဖြတ် ခံခဲ့ကြရပါတယ်။
နောက်တက်လာတဲ့ ဖဆပလ အစိုးရ အဆက်ဆက်က ပင်လုံစာချုပ်မှာ ကတိကဝတ် ပြုထားတဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရရေး သဘောထားတွေကို လျစ်လျူရှု မျက်ကွယ်ပြု ထားခဲ့ကြပါတယ်။
ဒါကြောင့်လည်း “ဗိုလ်ချုပ် အောင်ဆန်းရေ ပင်လုံစာချုပ်ဟာ ခင်များနဲ့အတူ သေရွာပါသွား ပြီလား” ဆိုတဲ့ ရှမ်းသီချင်း “လိဂ် ပန်လုံ” ဟာ ရှမ်း လူထုကြားမှာ အကြီးအကျယ် ခေတ်စား လူကြိုက်များ ခဲ့ပါတယ်။
ဒီကိစ္စ နဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ် တာဘုန်းကျော် ရဲ့ ဆောင်းပါးထဲမှာ“မြန်မာ အစိုးရ အဆက်ဆက်သည် တိုင်းရင်းသား အခွင့်အရေးကို အနည်းငယ်သာ အသိအမှတ် ပြုချင်ပြီး ဟန်ပြ အသုံးချရုံလောက်သာ သဘောထားကာ ကိုယ်ပိုင် ပြဌာန်း ခွင့် ပြဿနာကို လက်ခံသလိုလို နဲ့ မှန်ကန်သည့် ပြဿနာ ဖြေရှင်းသည့် ဘက်မှ ပြတ်ပြတ်သားသား မရပ်တည် ရဲကြ”ဟု ဝေဖန် ထောက်ပြ ခဲ့ပါတယ်။
မြန်မာ အစိုးရ အဆက်ဆက်လို့ ဆိုရာမှာ ၁၉၄၈ ကနေ ၁၉၆၁ ခုနှစ် အထိ ဖဆပလ အစိုးရ အုပ်ချုပ်ခဲ့ပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်း မှာတော့ အာဏာသိမ်း စစ်အစိုးရက အုပ်ချုပ်ခဲ့တာပါ။ ဖဆပလ အစိုးရဆိုတာကလည်း ဝန်ကြီးချုပ် ဦးနု တယောက်သာ ဒီမိုကရက် ဖြစ်ပြီး ကျန်အများပိုင်းက ဦးဘဆွေ၊ ကျော်ငြိမ်းတို့ ခေါင်းဆောင်တဲ့ ဆိုရှယ်လစ်တွေပါ။ ဒီ ဖဆ ဆိုရှယ်လစ် တွေမှာ တိုင်းရင်းသားတွေကို နိုင်ငံရေး တန်းတူမှုနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးလိုခွင့် ပေးလိုတဲ့ သဘောထား မရှိရုံမက မြန်မာနိုင်ငံကို တပြည်ထောင် စနစ် ထူထောင်လိုတဲ့ ဆန္ဒပြင်းပြကြသူတွေပါ။ ပိုဆိုးတာက ဒီဖဆ ဆိုရှယ်လစ် တွေ ဟာ တပ်မတော် ခေါင်းဆောင်ပိုင်း အပေါ် အတော်လွှမ်းမိုး သြဇာကြီးနေခြင်း ပါပဲ။
ဒါကြောင့် ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ဝန်ကြီးချုပ် ဦးနု က ဖက်ဒရယ်မူ ဆွေးနွေးဖို့ ပြည်ထောင်စု ညီလာခံ ကျင်းပနေချိန်မှာ ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ စစ်တပ် ဆိုရှယ်လစ် အုပ်စုက အာဏာသိမ်းလိုက်ခြင်း ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း နှစ်ပေါင်း ၅၀ နီးပါးအထိ မြန်မာပြည်မှာ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ် စတဲ့ တိုင်းရင်းသား အခွင့်အရေး ဆိုင်ရာတွေကို ဗမာ နိုင်ငံရေးသမားတွေတောင် မသုံးစွဲရဲအောင် ဖြစ်ခဲ့ရပါတယ်။
ဆောင်းပါးမှာ ဆက်လက်ပြီး “မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးကတည်းက အခုအချိန်အထိ တိုင်းရင်းသား ကိစ္စကို တကယ် ကိုင်တွယ် ဖြေရှင်း ဝံ့သူ ဗမာခေါင်းဆောင်၊ ဗမာ နိုင်ငံရေး ပါတီ မရှိသေးပါ။ သူတို့ ကိုယ်ကျိုးနဲ့ ပါတီ အကျိုးအ တွက်ပဲ တိုင်းရင်းသားတွေကို ခရီးသွား ဟန်လွဲ အသုံးချနေကြတာပဲ တွေ့ကြရမှာပါ။
တချို့သော တိုင်းရင်းသား အင်အား စု၊ ဒီမိုကရေစီ အင်အားစုတွေဟာ ကိုယ့်ကြမ္မာ ကိုယ် မဖန်တီးနိုင်တော့တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ် ပုံအပ်လိုက်ကြရတယ်။ ဒီလို ပုံအပ်မှုကြောင့် တိုင်းရင်း သား တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကြား အဓိက ဆုံးရှုံးမှုဟာ တော်လှန်ရေး တိုက်ဖော် တိုက်ဖက် စိတ်ဓာတ် ဖြစ် တယ်” လို့ ဗိုလ်မှူးချုပ် တာဘုန်းကျော် က မှတ်ချက် ချမှတ် လိုက်ပါတယ်။
ဒါ့အပြင်“ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တပ်မတော်နဲ့သာ လုပ်ဆောင်ခဲ့ပြီး အခက် အခဲများကြား နှစ်ကာလ ရှည်ကြာစွာ အတူ ရုန်းကန်ခဲ့ကြတဲ့ ဘဝတူ မဟာမိတ် တိုင်းရင်းသား ပါတီများ အပေါ် လျစ်လျူရှု ခွဲခြား ဆက်ဆံခဲ့တယ်”လို့လည်း စွဲချက် တင်လိုက်ပါတယ်။
တိုင်းရင်းသားတွေ ရဲ့ အတွေ့အကြုံနဲ့ စဉ်းစားမှုအရ ပြောရမယ် ဆိုရင်တော့ ဗိုလ်မှူးချုပ် တာဘုန်းကျော် ပြောတာ မမှား ပါဘူး။ လွတ်လပ်ရေး ရယူခဲ့ကြတဲ့ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ တိုင်းရင်းသား အရေး တကယ် ကိုင်တွယ် ဖြေရှင်း ဝံ့သူ ဗမာ ခေါင်းဆောင်၊ ဗမာ နိုင်ငံရေး ပါတီ မရှိသေးဘူးလို့ ဆိုရမှာပါပဲ။
ဒါကလည်း လွတ်လပ်ရေးခေတ် နှစ် ၇၀ အတွင်းမှာ ဒီမိုကရေစီ အစိုးရ သက်တမ်းက ဆယ်စုနှစ် တခု နီးပါးသာ ရှိခဲ့ပြီး ကျန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က တပြည်လုံး အသွင်အမျိုးမျိုးသော အာဏာရှင် စနစ်အောက်မှာ ကျရောက်နေခဲ့ ရတာပါ။
ဒီမိုကရေစီ အစိုးရ သက်တမ်း ဆယ်စုနှစ် အတွင်းမှာလည်း ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတဲ့ အစိုးရက ဖက်ဒရယ် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကြိုးပမ်းနေချိန်မှာ အာဏာ သိမ်းခံလိုက်ရတာပါ။ တိုင်းပြည်ရဲ့ ကံကြမ္မာလို့ ဆိုရမှာ ပါပဲ။
၂၀၁၅ ရွေးကော်ပွဲ မတိုင်ခင် အထိ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေအနေနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ အလျောက် တပြည်လုံးကို ကိုယ်စားပြုနိုင်တဲ့ NLD ပါတီကို ဝိုင်းဝန်း ထောက်ခံခဲ့ကြလို့ NLD ပါတီ အပြတ် အသတ် အနိုင် ရခဲ့တာပါ။
တိုင်းရင်းသား လက်နက်ကိုင်တွေ အင်အားကောင်းတဲ့ ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်တွေမှာလည်း လက်နက်ကိုင် အင်အားစုတွေက ဒေသဆိုင်ရာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကို အားမပေးဘဲ တပြည်လုံးမှာ NLD အနိုင်ရရေး အတွက် ကိုယ့်စည်းရုံး နယ်မြအတွင်းက လူထုကို NLD ကို မဲပေးဖို့ စည်းရုံး လှုံ့ဆော်ပေးခဲ့ကြပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲ အနိုင် ရလာတဲ့ NLD ပါတီက တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေ ဖွဲ့စည်းတဲ့အခါမှာ သူတို့ကို တလျှောက်လုံး ထောက်ခံ အားပေးလာတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကို ကျောခိုင်း ပစ်ပယ်ပြီး အာဏာ အားလုံးကို NLD ပါတီက သိမ်းကြုံး အပိုင်စီးခဲ့ကြပါတယ်။
ဒီတော့လည်း ဗမာပါတီတွေက သူတို့ကိုယ်ကျိုး သူတို့ ပါတီ အကျိုးအတွက် တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေကို ခရီးသွား ဟန်လွဲ အသုံးချခဲ့ကြတာ ပါပဲ ဆိုတဲ့ စွပ်စွဲချက်ဟာ မှားတယ်လို့ မဆိုနိုင်ပါဘူး။
အကျိုးဆက်ကတော့ NLD ပါတီနဲ့ သူ့ကို တလျှောက်လုံး ထောက်ခံ ရပ်တည်ပေးခဲ့တဲ့ SNLD အပါအဝင် တိုင်းရင်းသား နိုင်ငံရေး ပါတီ အားလုံးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကြား ယုံကြည်မှု ပြိုကွဲပြီး နိုင်ငံရေးအရ ခွာပြဲ သွားတဲ့ အနေအထားကို ဆိုက်ရောက် ခဲ့ရပါတယ်။
ဒါကြောင့်လည်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က “ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အမျိုးသား ပြည်လည် သင့်မြတ်ရေးကို တပ်မတော် နှင့်သာ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ပြီး အခက်အခဲများကြားတွင် နှစ်ရှည်လများ အတူ ရုန်းကန်ခဲ့ကြသည့် ဘဝ တူ မဟာမိတ် တိုင်းရင်းသား ပါတီများ အပေါ် ခွဲခြား လျစ်လျူရှု ဆက်ဆံခဲ့သည်” လို့ ကောက်ချက် ချခဲ့တာ ဖြစ်ပါလိမ့် မယ်။
ဒီနေ့ နိုင်ငံရေး အနေအထားမှာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ချမှတ် အကောင်အထည် ဖော်တာ မူအရ မှန်ကန်ပါတယ်။
ဒါပေမယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ဆိုတာ တပ်မတော် တခုတည်းနဲ့ လုပ်ရမှာ မဟုတ်ပါဘူး။ တိုင်းရင်း သား နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့လည်း လုပ်ကြရမှာပါပဲ။ ဒေါ်အောင် ဆန်း စုကြည် ရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားဟာ ယေဘုယျ ဦးတည်ချက် မှန်ကန်တယ် ဆိုပေမယ့် သဘောထားနဲ့ လုပ်ငန်းနည်းနာတွေ မမှန်ကန်လို့ ဒီနေ့အထိ အောင်မြင်တယ်လို့ မဆိုနိုင် ပါဘူး။
လက်တွေ့ ဖြစ်စဉ်အရ ပြောကြမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တပ်မတော် နဲ့ အမျိုးသား သင့်မြတ်ရေး လုပ်ငန်း စဉ် ဆိုတာ မူပေါ်မှာ ရပ်ခံ တည်ဆောက် နေတာ မဟုတ်ဘဲ အလျှော့ပေး စေ့စပ်နေတဲ့ အမျိုးသား လိုက်လျောရေး လုပ်ငန်း စဉ် လို့ မြင်နေကြပါတယ်။
NLD ပါတီ အနေနဲ့ စေ့စပ် လိုက်လျောမှုတွေ လုပ်ပြနေပေမယ့် တပ်မတော် ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို မူအရ တရွေးသားမျှ အထိပါး မခံခဲ့ပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ လုပ်ခွင့် မပြုရုံမက ဖွဲ့စည်းပုံ ဘောင်ထဲက နိုင်ငံတော် အတိုင်ပင် ခံ ခန့်အပ်ရေးကိုတောင် လွှတ်တော်ထဲရှိ တပ်မတော်သား ကိုယ်စားလှယ် အားလုံးက တညီ တညွတ်တည်း ထရပ် ကန့် ကွက် ခဲ့ကြ ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တပ်မတော် နဲ့ သင့်မြတ်ရေး ဆိုတာကလည်း တပ်မတော်က သစ္စာဖောက် ရန်သူလို့ သဘောထား သူတွေနဲ့ ထွေးလုံးရစ်ပတ် ဒွေးရောယှက်တင် ဖြစ်နေကြလို့ တပ်မတော်က ရန်သူအားပေး တပည့်မွေး နေ သလားလို့ သတိထား စောင့်ကြည့်ခံနေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ တပ်မတော်နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ခုတ်ရာတခြား ရှရာတလွဲ အလဲလဲ အကွဲ ကွဲ ဖြစ်နေရ ပါတယ်။ တချိခန်တည်းမှာ တပ်မတော်နဲ့သာ သင့်မြတ်ရေး ဦးစား ပေးနေတဲ့အတွက် ဒီမိုကရေစီ အင်အားစု တွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ လမ်းခွဲ ခွာပြဲရေးဆီကို ဦးတည်နေပါပြီ။
၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ရေး ကြွေးကြော်သံနဲ့ အာဏာ ရလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသိန်းစိန် အစိုးရက စတင်ခဲ့ တဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို လက်ခံပြီး ပြည်ထောင်စု ငြိမ်းချမ်း ရေး ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပခဲ့တာ ၃ ကြိမ် ရှိပါပြီ။
ပထမ အကြိမ် ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး တက်ရောက်ခွင့် ရခဲ့ပေမယ်၊ အဖွင့်မိန့်ခွန်း ပြောခွင့် ရခဲ့ပေမယ့် ဘာဆုံးဖြတ်ချက်မှ ချမှတ်နိုင်ခွင့် မရခဲ့ပါဘူး။
ဒုတိယ ပင်လုံညီလာခံမှာတော့ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့ တက် ရောက် ဆွေးနွေးခွင့်ရခဲ့ပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက တင်ပြလာတဲ့ အခြေခံမူ ၃၇ ချက်ကို ပြည်ထောင် စု စာချုပ်မှာ မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်။
တတိယ အကြိမ် ပင်လုံညီလာခံမှာတော့ တပ်မတော်က အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့်ကို တားမြစ် ခဲ့တဲ့ အတွက် အခြေခံမူ ၁၄ ချက်ကိုသာ တင်သွင်းခွင့် ရခဲ့ပါတယ်။
ဒီအချက်တွေထဲမှာ အဓိက ဖြစ်တဲ့ နိုင်ငံရေးကဏ္ဍ ဆွေးနွေး ဆုံးဖြတ်ချက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ တိုက်ရိုက် ပတ်သက် ခြင်း မရှိတဲ့ ကျားမ တန်းတူရေး ဖြစ်ပါတယ်။
ဆိုလိုတာက ငြိမ်းချမ်းရေး ညီလာခံ ၃ ကြိမ် ကျင်းပပြီး ပြည်ထောင်စု စာချုပ်မှာ မှတ်တမ်း တင်နိုင်တာ ၅၁ ချက် ရှိတယ် ဆိုပေမယ့် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ဆိုင်ရာ အခြေခံမူတွေတော့ ဘာမှ မယ်မယ် ရရ မပါခဲ့ပါဘူး။

ဒုတိယ အကျော့ ပင်လုံညီလာခံမှာ ခွဲထွက်ခွင့် ပြဿနာ နဲ့ ပတ်သက်ပြီး တိုင်းရင်းသား ကိုယ်စားလှယ်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကြား အငြင်းပွားခဲ့ကြပြီး နောက်ညီလာခံမှာ ဆွေးနွေးဖို့ ရွှေ့ဆိုင်းလိုက်ရ ပါတယ်။ လုံခြုံရေးနဲ့ ပတ် သက် တဲ့ ပြဿနာကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေး ညှိနှိုင်းမှု ကော်မတီ (UPDJC) မှာ ဆွေးနွေးတော့လည်း မပြေ လည်လို့ ဆိုင်ငံ့ထားခဲ့ရ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ်အတွင်း ဖက်ဒရယ် အခြေခံမူတွေ အပြီးအပြတ် ဆွေးနွေးဖို့ လမ်းညွှန်ထားပေမယ့် ဖြစ်နိုင်ခြေ အတော် နည်းပါတယ်။ ဒီအတောအတွင်း ညီလာခံ ၃ ကြိမ် ကျင်းပရတယ် ဆိုပေမယ့် ဖက်ဒရယ် အခြေခံမူတွေ ဆွေးနွေး ဆုံးဖြတ်ဖို့ ပင်လုံ ညီလာခံတွေ အကြိမ် ၃၀ လောက် အနည်းဆုံး လိုပါလိမ့်မယ်။
အားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ် အခြေခံမူတွေ တည်ဆောက်နိုင်ဖို့ ဦးစွာအားဖြင့် ဒီနေ့အထိ တပ်မတော်နဲ့ အပြင်းထန် ဆုံး တိုက်ခိုက်နေတဲ့ မြောက်ပိုင်း အဖွဲ့တွေ နိုင်ငံရေး ဆွေးနွေးပွဲထဲ ဝင်ရောက်နိုင်ခွင့် ရဖို့ NCA စာချုပ် အပေါ် ဆွေးနွေး ညှိနှိုင်း ရသီးမှာပါ။
NCA မှာ စာချုပ်ကို တလုံးမှ အပြင် မခံနိုင်ဘူး၊ ၂၀၀၈ အခြေခံ ဥပဒေ အထိပါး မခံနိုင်ဘူး၊ တို့တာဝန် အရေးသုံးပါးကို လက်မခံရင် မဆွေးနွေးဘူး ဆိုတဲ့ သဘောထားတွေကို ဆုပ်ကိုင် ရပ်ခံနေသရွေ့တော့ ဗိုလ်မှူးချုပ် တာဘုန်းကျော် ရေးခဲ့ တဲ့ ဆောင်းပါး ခေါင်းစီးလို “မြန်မာ ပြည်တွင်းစစ် ရာစုနှစ်ထိအောင် ရှည်ကြာမှာလား” ဆိုတဲ့ အလားအလာဟာ အမှန် ဖြစ်လာနိုင်ခြေ ရှိပါလိမ့်မယ်။ ။
စာရေးသူ သန်းစိုးနိုင်သည် မြန်မာ့ နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးဖြစ်ပြီး ပြည်တွင်း စာနယ်ဇင်း မီဒီယာ များတွင် နိုင်ငံရေး ဆိုင်ရာ စာပေများကိုလည်း ရေးသားနေသူ ဖြစ်ပါသည်။