ပြည်သူက အမတ် ၉၀၀ ကျော်ဖြင့် ရွေးကောက်တင်မြောက်ခဲ့သည့် NLD အစိုးရ၏ သက်တမ်း ခေါက်ချိုး ကျိုးသွားပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲအတွက် အချိန်ကုန်တော့မည် ဖြစ်သောကြောင့် လာမည့်နှစ် ၂၀၁၉ ခုနှစ်သည်သာ အစိုးရလုပ်ငန်းကို လွတ်လွတ်ကျွတ်ကျွတ် လုပ်ရန် အချိန်ရှိတော့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကြားကာလတွင် ၃ ကြိမ်လောက် ကျင်းပလိုပြီး ထိုရလဒ် (ပြည်ထောင်စု သဘောတူစာချုပ် – Pydaungsu Accord) ဖြင့် အခြေခံဥပဒေကို ပြင်ဆင် ဖြည့်စွက်လိုသည်ဟု သိရသည်။
ယင်းသည်ပင် မျှော်လင့်စရာ ရှိသလား ဆိုလျှင် ‘နိုး’ ဟုဆိုရမည်။ သာဓက တခုအနေဖြင့် လက်ရှိတွင် ထိုပြည်ထောင်စု သဘောတူစာချုပ်ကို ၂ ကြိမ် လက်မှတ်ထိုးပြီး ဖြစ်ကာ အချက်ပေါင်း ၅၁ ချက် သဘောတူထားပြီ ဖြစ်သော်လည်း အခြေခံဥပဒေ ပြင်ဆင်ရလောက်သည့်အချက် မည်မည်ရရ တခုမှမရှိပေ။
NCA လမ်းကြောင်း၊ ခြေ-ဥ (လွှတ်တော်) လမ်းကြောင်း နှစ်ခုစလုံးမှာ တပ်မတော်က ဗီတို အာဏာ ရှိသည်က တကြောင်း၊ တပ်မတော်၏ အပြောင်းအလဲအတွက် နိုင်ငံရေး စိတ်အားထက်သန်မှု (Political will) ရေချိန် နိမ့်ပါးမှုကြောင့် တကြောင်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေ ပြင်ဆင်မှုသည် တပ်မတော်က လက်ခံနိုင်သော “အသေးအမွှား” လောက်သာ မြင်တွေ့ဖွယ်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီ အတွက် တိုင်းရင်းသား ပြည်သူများ လိုလား တောင့်တသော အချက်များ ပြင်ဆင်နိုင်ရေး မျှော်လင့်ရန် မရှိပေ။
ထို့ကြောင့် NLD အစိုးရ အနေဖြင့် သူ့ သက်တမ်းအတွင်း လွှတ်တော်နှင့် အစိုးရ ယန္တရားကို အကြောက်ဆုံးနှင့် အထိရောက်ဆုံး အသုံးပြုကာ မည်သူ့မျက်နှာမှ မထောက်တော့ဘဲ တိုင်းရင်းသားများ လိုလား တောင့်တသည့် မူလအခွင့်အရေးများကို ဖော်ဆောင်ပေးသင့်ပြီ။ ထိုအတွက် တပ်မတော်နှင့် အခြေခံဥပဒေကို အကြောင်းပြစရာ မလိုဘဲ ထိုကဲ့သို့ တိုင်းရင်းသား အခွင့်အရေးများကို လွယ်ကူစွာဖြင့် ဖော်ဆောင်နိုင်သည့် အချက်ပေါင်းများစွာ ရှိသည့်အနက် အချက်ပေါင်း ၁ဝ ချက်ကို ဤနေရာတွင် အကျဉ်းချုံး ဖော်ပြလိုက်ပါသည်။
၁။ တိုင်းရင်းသား မိခင်ဘာသာစကား အခြေပြု ပညာသင်ကြားရေးစနစ် (Ethnic mother tongue based education system)
ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ ပညာရှင်များ၊ တက္ကသိုလ် ကျောင်းသားအဖွဲ့များနှင့် တိုင်းရင်းသား အဖွဲ့အစည်း တော်တော်များများက ဖော်ပြတောင်းဆိုကြပြီးသား ဖြစ်ပါသည်။ အနီးကပ်ဆုံး အနေဖြင့် ENAC အဖွဲ့ကလည်း စာတမ်းပြုစုပြီး တိုင်းရင်းသားများ၏ လိုလားတောင့်တမှု၊ နိုင်ငံတကာတွင် ကျင့်သုံးမှု၊ ကျနော်တို့နိုင်ငံထက် အဆမတန် ဘာသာစကား ကွဲပြားသည့် နိုင်ငံများတွင် ခက်ခဲမှုမရှိဘဲ ကျင့်သုံးနိုင်မှုနှင့် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးအတွက် အရေးကြီးပုံတို့ကို အကျယ်တဝင့် ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။
ထို့ကြောင့် အစိုးရ အဆက်ဆက်က “ဘာသာစကား အရမ်းကွဲလို့၊ ကုန်ကျစရိတ်များလို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု လျော့ကျစေနိုင်လို့” ဆိုသည့် အကြောင်းပြချက်များသည် ယခုအချိန်တွင် ခိုင်လုံသော အကြောင်းပြချက် မဟုတ်တော့ပေ။ အခြေခံဥပဒေ၊ တပ်မတော်အာဏာ စသည်တို့ကို အကြောင်းပြရန်ရသည့် ကိစ္စလည်း မဟုတ်ပေ။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် NLD အစိုးရက ယင်းအစီအစဉ်ကို အခုထိ စတင်ဆောင်ရွက်ခြင်း (Initiate) မလုပ်သေး သနည်း။ ဘာကြောင့် ယနေ့အထိ ရေငုံနှုတ်ပိတ် နေသနည်း။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ထိုစနစ်ကို မကြိုက်ဘူးဟု ပြောဆိုနေခြင်းသည် တကယ် မှန်ကန်နေပြီလော။
၂။ သဘာဝသယံဇာတ ခွဲဝေရေး (Natural Resource Sharing)
မြန်မာနိုင်ငံတွင် သယံဇာတနှင့် တိုင်းရင်းသား ပဋိပက္ခ မည်မျှအထိ ပတ်သက်သည်ကို အားလုံးအသိ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဤအကြောင်းအရာကို ဆွေးနွေးရန် ခေါင်းစဉ် (၅) ခုထဲက တခု အပါအဝင် ထည့်သွင်းထားကြခြင်းလည်း ဖြစ်သည်။ ‘ဝ’ လက်နက်ကိုင် တပ်ဖွဲ့ (UWSA) ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တင်သွင်းသည့် စာတမ်းတွင် တိုင်းရင်းသားပြည်နယ် ဒေသများတွင်ရှိသော သယံဇာတ ရင်းမြစ်များ ရှာဖွေတူးဖော်မှုပုံစံကို “တိုင်းရင်းသား ဒေသများအား လုယက်ခြင်းပင် ဖြစ်သည်” ဟု တည့်တည့် ဝေဖန်ထုတ်ပြခဲ့သည်အထိ တိုင်းရင်းသားများက ဤကိစ္စနှင့် ပတ်သက်၍ ခံပြင်းကြသည်။
စာရေးသူကိုယ်တိုင်က ဤအကြောင်းအရာနှင့် ပတ်သက်၍ သုတေသန (Thesis) ရေးသားပြုစု ခဲ့သည့် အတွက် လေ့လာတွေ့ရှိချက်အရ တိုင်းရင်းသား ခေါင်းဆောင်အားလုံးက သူတို့ပြည်နယ်ဒေသ တွင်းရှိ သယံဇာတမှ ထွက်ရှိသည့် အကျိုးအမြတ်၏ အများစုကို ပြည်နယ်အစိုးရသို့ ခွဲဝေပေးသည့် စနစ်ကို လိုလားကြသည်။ အများစုက ပြည်နယ် – ၇၀၊ ပြည်ထောင်စု – ၃၀ အချိုးမျိုးကို လိုလားကြပြီး အလားတူ ၈၀-၂၀၊ ၆၀-၄၀၊ ၅၀-၅၀ စသည်ဖြင့် သဘောထား ရပ်တည်ကြသည်ကိုလည်း တွေ့ရ ပါသည်။ ENAC ၏ စာတမ်းတွင်လည်း အလားတူ ရပ်တည်ချက်ကို တွေ့ရမည် ဖြစ်သည်။
တချို့သောသူများ (အထူးသဖြင့် ဗမာနိုင်ငံရေးသမားများ) က ထိုပမာဏသည် အလွန်များပြား သည်ဟု ယူဆကြသည်။ အမှန်စင်စစ် နိုင်ငံတကာမှာလည်း အလားတူ အချိုးနှုန်းခန့်ကို ကျင့်သုံး ကြသည်သာဖြစ်သည်။ အိမ်နီးနားချင်း အင်ဒိုနီးရှားနိုင်ငံကို ကြည့်ပါကလည်း အာချေး (Aceh) ပြည်နယ်ကို ၇၀ ရာခိုင်နှုန်း ပေးခြင်းဖြင့် ငြိမ်းချမ်းရေး အောင်မြင်သွားသည်ကို နမူနာယူသင့်သည်။
မလေးရှားတွင်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကလွဲ၍ ကျန်သည့် သယံဇာတအားလုံး ပြည်နယ်များ လက်တွင် အများစု အပ်ထားသည်ဟု သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ထိုသို့ခွဲဝေမှု လုံးဝမရှိဘဲ ဗဟိုက ၁၀၀ ရာခိုင်နှုန်း သိမ်းကျုံးယူထားသည်။ လက်ရှိ ဗဟိုက ပြည်နယ်အတွက် ပြန်လွှဲထားသည့် ဘဏ္ဍာငွေသည် ၈ ရာခိုင်နှုန်း အောက်ရောက်နေသည်။
၃။ ဘာသာရေး အခွင့်အရေး
ဘာသာရေးဆိုင်ရာနှင့် ပတ်သက်၍ ယခင် ကြံံ့ခိုင်ရေးအစိုးရနှင့် လက်ရှိ NLD အစိုးရအကြား မူဝါဒ ကွာခြားမှု တိတိပပ မတွေ့ရှိပေ။ တနည်းပြောရလျှင် NLD အစိုးရသည် ဘာသာခြားများ မျှော်လင့်ခဲ့ သလောက် မဟုတ်ပေ။ မ.ဘ.သ နှင့် ARSA ကဲ့သို့သော ဘာသာရေး အစွန်းရောက်များ၏ ဖြစ်နိုင်ခြေ တုန့်ပြန်မှုများကို ရှောင်ရှားလိုသောကြောင့် တချို့အပိုင်းများကို အချိန်ယူခြင်း ဖြစ်နိုင်သည်ဟု ဘာသာခြား ခေါင်းဆောင်းများက နှစ်သိမ့်နိုင်သော်လည်း သူ့ပါတီအကျိုး၊ အစိုးရ အာဏာနှင့် ပုဂ္ဂိုလ် အကျိုးစီးပွားနှင့် ဆိုင်သော တချို့အပိုင်းများတွင် မည်သူ့မျက်နှာကိုမှ မထောက်ဘဲ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သည်ကို တွေ့ရပြန်သောအခါ နားလည်ရခက်ပါသည်။
NCA အပိုဒ် (၁)(င) တွင် ပါရှိသည့်အတိုင်း တိုင်းရင်းသား (အထူးသဖြင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော လူနည်းစုဘာသာဝင်) များသည် “ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်ခြင်းမရှိသည့် နိုင်ငံတော်” ကို တည်ထောင်လိုကြသည်။
အစိုးရအနေဖြင့် နိုင်ငံတော် ယန္တရား (State mechanism) အသုံးပြုမှုကို ရပ်တန့် စေလိုကြသည်။ တနည်းအားဖြင့် ဒီမိုကရေစီနိုင်ငံများတွင် ထားရှိလေ့မရှိသော သာသနာရေးဝန်ကြီးဌာန အပါအဝင် သံဃာ့ မဟာနာယက (မဟန) ကို ဖျက်သိမ်းစေလိုကြသည်။ တိုင်းပြည်အတွက်လည်း အကျိုး မပြုရုံမက ဘဏ္ဍာငွေ အလေအလွင့် ဖြစ်စေပါသည်။ သာသနာရေးဝန်ကြီးဌာန ဘဏ္ဍာငွေ များကို ပြည်သူ့ရဲ၊ တရားရေးနှင့် ပညာရေးကဏ္ဍတို့တွင် ဖြည့်သုံးခြင်းအားဖြင့် တိုင်းပြည်တွင် တရားဥပဒေ စိုးမိုးမှုနှင့် ဘာသာတခုနှင့် တခုအကြား ယုံကြည်မှုနှင့် တည်ငြိမ်မှုပိုရှိလိမ့်မည်။
ထို့အပြင် အနည်းဆုံးအားဖြင့် တည်ဆောက်ပြီးသား ဘာသာရေး အဆောက်အဦများနှင့် သာသနာ ပိုင်နေ မြေများ အားလုံးကို နိုင်ငံတော်အစိုးရက တရားဝင် အသိအမှတ်ပြုသည့် မှတ်ပုံတင် ထုတ်ပေး သင့်သည်။ ခရစ်ယာန် ၈၆ ရာခိုင်နှုန်းခန့်ရှိသော ချင်းပြည်နယ်တွင် ၂၀ ရာစု ဆန်းပိုင်း ကတည်းက ယနေ့အထိ တည်ဆောက်ထားသော ဘုရားကျောင်း ၂၀၀၀ ကျော်ရှိရာ တကျောင်းတလေမှ အစိုးရက သာသာနာဆိုင်ရာ မှတ်ပုံတင် (လိုင်စင်) ထုတ်မပေးခြင်းသည် အရုပ်ဆိုး အကျည်းတန် လွန်းလှပါသည်။
၄။ ပြည်နယ်နှင့် တိုင်းဒေသကြီး နယ်နိမိတ်ပြန်လည်သုံးသပ်သင့်
ကျနော်တို့ တိုင်းရင်းသားပြည်နယ် အများစု (အထူးသဖြင့် ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်) အနေဖြင့် ကိုယ့် ပိုင်နက် နယ်နိမိတ်ကို လွတ်လပ်ရေးရပြီးကတည်းက ယနေ့အထိ ပြည်မဘက်မှ တိုက်စားခံရသည်ဟု ခံစားရပါသည်။ စာရေးသူ ကိုယ်တိုင် ချင်းပြည်နယ်သားဖြစ်ပြီး NLD အစိုးရ တက်လာသည့် ယနေ့အထိ ပြည်နယ် နယ်နိမိတ်ကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးဘက်မှ တိုက်စား (ကျူးကျော်) ဆဲဖြစ်သည်ကို ကိုယ်တွေ့မျက်မြင်ဖြစ်ပါသည်။
အခြေခံဥပဒေ ပုဒ်မ (၅၂) (၅၃) အရ အစိုးရက နယ်နိမိတ်ပြန်လည်သုံးသပ်၊ ပြင်ဆင်၊ သတ်မှတ်ရေး ကို ပါးနပ်စွာ လုပ်ဆောင်နိုင်ပါသည်။ တချို့အပိုင်းတွင် လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီမှု ရယူရန် လိုအပ်သော်လည်း ထိုအဆင့်ထိမရောက်ဘဲ ဖြေရှင်းဆောင်ရွက်နိုင်သော နည်းလမ်းရှိပါသည်။
ဤကိစ္စသည် အလွန် အကဲဆတ်သည့်အတွက် နေ့ချင်းညချင်း ဖြေရှင်းရန် မဟုတ်သော်လည်း အခုကတည်းက စတင်ကိုင်တွယ်သင့်သည်။ စိတ်ဆန္ဒ (Will) ရှိကြောင်း ဖော်ပြသင့်ပြီ။
၅။ တပြည်လုံး တူညီဝတ်စုံ (Uniform) ဝတ်ဆင်ခိုင်းမှု ရပ်တန့်သင့်ပြီ
လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှုမျိုးစုံဖြင့် ဖွဲ့စည်းထားသောနိုင်ငံ (Multi-natural state) တွင် တနိုင်ငံလုံး လွှမ်းခြုံသည့် တူညီဝတ်စုံ သတ်မှတ်ခြင်းသည် မလိုလားအပ်သည့် မသင့်မြတ်မှုကို ဖိတ်ခေါ်ရာ ရောက်ပါသည်။ မြန်မာနိုင်ငံတွင် အစိုးရရုံးနှင့် စာသင်ကျောင်းများ၌ တူညီဝတ်စုံ (ပုဆိုးနှင့် လည်ကတုံး) ဝတ်ဆင်ခိုင်းခြင်းသည် ထိုကဲ့သို့ ဝတ်စားဆင်ယင်ခြင်းမရှိသည့် လူမျိုး (အထူးသဖြင့် တောင်ပေါ်သားများ) ထံသို့ ယဉ်ကျေးမှု အတင်း သွတ်သွင်းရာရောက်ပြီး လူ့အခွင့်အရေး ချိုးဖောက် ရာလည်း ရောက်ပါသည်။
အထူးသဖြင့် ပုဆိုးဝတ်သည့် ယဉ်ကျေးမှု မထွန်းကားသော ချင်း ပြည်နယ်က ကလေးများအတွက် မိုးရာသီ ရွံ့ထဲဗွက်ထဲ၊ ဆောင်းရာသီ ခိုက်ခိုက်တုန် ချမ်းအေးသည့် မနက်ခင်းတို့တွင် ပုဆိုးပါးပါး ဝတ်ဆင်ပြီး ကျောင်းတက်ခိုင်းခြင်းသည် ပေါ့ပါးပြီး ပို၍ နွေးထွေးမှု ရှိသည့် ဘောင်းဘီကို ဝတ်ဆင်လေ့ရှိသည့် မိမိတို့ ချင်းကျေးမှု အရသော်လည်းကောင်း၊ ရာသီဥတု ပထဝီဝင် အနေအထား အရ သော်လည်းကောင်း ဆီလျော်မှုမရှိပေ။ တရားမျှတမှုမရှိပေ။
အမှန်ဆိုရလျှင် အစိုးရ ဝန်ထမ်းများဖြစ်သော တပ်၊ ရဲ၊ မီးသတ်၊ ကြက်ခြေနီ၊ သူနာပြု စသည်တို့မှလွဲ၍ ကျန်သည့် အစိုးရ ဝန်ထမ်းများအနေဖြင့် တူညီဝတ်စုံ သတ်မှတ်စရာပင် မလိုအပ်ပေ။ ထို့အပြင် ဝန်ကြီးများ ကဲ့သို့သော နိုင်ငံရေး ရာထူးများနှင့် လွှတ်တော် ကိုယ်စားလှယ်များကို အမျိုးသားဝတ်စုံ (National dress) နှင့် လည်ကတုံးနှင့် လုံချည် အတင်း ဝတ်ဆင်ခိုင်းခြင်း မျိုးသည် ဟောင်းနွမ်း နေပြီဖြစ်သော အတွေးအခေါ်ဖြစ်သည်။
ကျောင်းယူနီဖောင်းနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ပြည်နယ်အဆင့်၊ ဖြစ်နိုင်လျှင် သက်ဆိုင်ရာ မြို့နယ်အဆင့် (သို့မဟုတ်) ကျောင်း အသီးသီးက မိမိနှစ်သက်သလို သတ်မှတ် ဝတ်ဆင်ခွင့် ပေးသင့်သည်။
၆။ လူမျိုးနှင့် ပြည်နယ်နေ့များ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန်
ချင်းနှင့် မွန်က ‘အမျိုးသားနေ့’ ကို အထွဋ်အထိပ်ထားပြီး ဒီဘက်ခေတ်တွင် ရခိုင်လည်း ‘အမျိုးသားနေ့’ ကျင်းပလာသည်။ ကချင်နှင့် ရှမ်းတိုသည့် ပြည်နယ်နေ့ကို တန်ဖိုးထားကြပြီး ကချင်သည် ရိုးရာ “မနောပွဲ” ကို ပို၍ အထွဋ်အမြတ် ထားလာသည် (လူမျိုးတမျိုးတည်းက ၅၀ ရာခိုင်နှုန်း မကျော်သည့် ပြည်နယ်များတွင် လူမျိုးတမျိုးတည်းအခြေပြု ခေါင်းစဉ်တပ်ခြင်းကို ရှောင်ရှားသည့် သဘောလည်း ဖြစ်ပါမည်)။ ကရင်သည် “နှစ်သစ်ကူးပွဲ” ကို အမြင့်ဆုံးထားရှိပြီး “တော်လှန်ရေးနေ့” ကိုလည်း တန်ဖိုးထားသည်။ အနည်းဆုံးအားဖြင့် လူမျိုးနှင့် ပြည်နယ် တခုခု၏ အမြင့်ဆုံး သတ်မှတ်ထားသည့် ပွဲလမ်းသဘင် တခုခုကို သက်ဆိုင်ရာ ပြည်နယ်၊ လူမျိုးနှင့် ဒေသ အသီးသီး၏ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ခွင့်ပြုသင့်သည်။
ပြောမည်ဆိုလျှင် လွန်ခဲ့သည့် သုံးလေးလ (၂၀၁၈ ခုနှစ်) က ချင်းပြည်နယ်လွှတ်တော်က ချင်း အမျိုးသားနေ့ကို တရားဝင် ပြည်နယ်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသော်လည်း နေပြည်တော် ဗဟိုက မြန်မာပြည်တွင် ရုံးပိတ်ရက် များပြားနေပြီဟူ၍ ပြောခြင်းမှာ ခိုင်လုံမှုမရှိသော အချက် ဖြစ်သည်။
၇။ FPIC စနစ်ကို အပြည့်အ၀ လက်ခံသင့်
Free Prior and Informed Consent ကို အများနားလည်အောင် ပြောရလျှင် ဒေသတခုခုတွင် စီမံကိန်းလုပ်ဆောင်ရာ၌ သက်ဆိုင်ရာ ဒေသခံများကို ကြိုတင်ချပြအသိပေးပြီး သူတို့၏ သဘော တူညီမှု ရယူခြင်းဖြစ်ပါသည်။ ယင်းကို United National Declaration on the Rights of Indigenous People (UNDRIP) ခေါ် ကုလသမဂ္ဂ ဌာနေတိုင်းရင်းသားများဆိုင်ရာ ကြေညာစာတမ်း ပုဒ်မ (၁၀၊ ၁၉၊ ၂၉ နှင့် ၃၂) နှင့် အခြား နိုင်ငံတကာ စံချိန်စံနှုန်း တော်တော်များများတွင် သတ်မှတ်ချက် တခုအဖြစ် ထားရှိခြင်းဖြစ်ပါသည်။
ကျနော်တို့နိုင်ငံတွင် ၎င်းကို ကျင့်သုံးနိုင်အောင် အကြိမ်ကြိမ် တောင်းဆိုမှု၊ ညှိနှိုင်းမှုများ ရှိသော်လည်း ယနေ့အထိ (NLD အစိုးရကိုယ်တိုင်) အပြည့်အ၀ လက်ခံထားခြင်း မရှိသေးပေ။ Free Prior and Informed ဆိုသည့် ကြိုတင်ချပြ အသိပေးမှုအဆင့်ကို သူတို့လက်ခံနိုင်သော်လည်း Consent ခေါ် သဘောတူညီမှု ရယူရမည်ဆိုသည့် စကားရပ်ကို ဝါးမျိုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရပါသည်။
ထို့ကြောင့် သူတို့က ထုံးစံအတိုင်း ဗမာမှု ပြုလိုက်ပြန်ရာ C ဆိုသည့် Consent စကားလုံးကို Consult ဟု ပြောင်းလိုက်ရာ ‘ညှိနှိုင်းဆောင်ရွက်မည်’ ဟု တလွဲ သုံးနှုန်းလိုက်ရသည့် အဆင့်ရောက်သွားသည်။ (တိုင်းရင်းသားအခွင့်အရေး ကာကွယ်ရေးဥပဒေ အခန်း(၄)၊ ပုဒ်မ(၅)၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်း (EIA Procedure) ပုဒ်မ ၃၆ (ဆ)၊ ပြည်ထောင်စုသဘောတူ စာချုပ် အပိုင်း (၂) မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ပုဒ်မ-၂)။
တိုင်းရင်းသားများအနေဖြင့် လက်ရှိ ဖရိုဖရဲဖြစ်နေသည့် ကာလတွင် သူတို့ဒေသတွင်း သယံဇာတ အလွန်အကျွံ ထုတ်သုံးမှုကို ကာကွယ်လိုသည် (မကြာသေးခင်က NBF တိုင်းရင်းသား ၂၂ ပါတီ၏ ကြေညာချက် တွင်လည်း တွေ့ရပါသည်)။ တာဝန်မဲ့ ထုတ်လုပ်မှုနှင့် ဒေသခံများကို ထိခိုက်စေသည့် လုပ်ငန်းများကို လတ်တလော ရပ်တန့်စေလိုကြသည်။ ထို့ကြောင့် တိုင်းရင်းသား ဒေသအတွင်း စီမံကိန်း ကြီးများကို သူတို့တောင်းဆိုသလို မရပ်တန့်နိုင်သည့်တိုင် အနည်းဆုံးအားဖြင့် FPIC ကို အပြည့်အ၀ လက်ခံ ကျင့်သုံးသင့်သည်။
၈။ တိုင်းရင်းသား (ပြည်နယ်) များအတွက် အနည်းဆုံး ဝေစု (Minimum quota) သတ်မှတ်သင့်
ဆွစ်ဇာလန်နိုင်ငံတွင် သမ္မတကို ဖက်ဒရယ်ကောင်စီဝင် (၇) ဦးက အလှည့်ကျ လုပ်ရသဖြင့် ပြင်သစ်၊ အီတလီ၊ ဂျာမနီနှင့် သြစတြီးယား စကားပြော အုပ်စုအကြား သင့်မြတ်မှုရှိပြီး မည်သူမျှ ခွဲထွက်ရန် ဆန္ဒမရှိကြကြောင်း ကာချုပ်ထံ ပြောပြခဲ့သည်ဟု မွန်လက်နက်ကိုင် ခေါင်းဆောင်တဦးက မိမိကို ပြန်ပြောပြခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားများက အာဏာမရှိသည့် နိုင်ငံ့ခေါင်းဆောင် (Head of State) နေရာတွင် လုပ်ခဲ့ဖူးကြ သော်လည်း တကယ်အမြင့်ဆုံး အုပ်ချုပ်ရေး အာဏာပိုင်သည့် Head of Executive ကို နှစ်ပေါင်း ၇၀ ကြာသည့် (ယနေ့) အထိ တခါမှ တာဝန်မယူခဲ့ဖူးပေ။ ရာစုနှစ် နှစ်ခုကျော်ပြီးမှ အမေရိကန်တွင် လူမည်းသမ္မတ ဖြစ်လာသလို၊ တိုင်းရင်းသားလူငယ်များ အိမ်မက် မက်ရဲမလား မပြောတတ်။ လက်ရှိအစိုးရအနေဖြင့် နိုင်ငံရေး ရာထူးတာဝန် ခန့်အပ်ရာတွင် အနည်းဆုံး (၃၀) ရာခိုင်နှုန်း တိုင်းရင်းသား ခန့်အပ်ရေး မူကို ကိုင်စွဲခဲ့သင့်သည်။
ထိုထက် အရေးကြီးသည်မှာ အစိုးရ ဝန်ထမ်း (ရာထူးတာဝန်) ခန့်အပ်ခြင်းဆိုင်ရာနှင့် အစိုးရ ကျောင်းသား လက်ခံရွေးချယ်ခြင်း ဆိုင်ရာတွင်လည်း တိုင်းရင်းသားများကို အနည်းဆုံး ၂၀ မှ ၃၀ ရာခိုင်နှုန်းကြားဖြင့် ပါဝင်နိုင်ရေးကို မူ (ဥပဒေ) ဖြင့် ခွဲတမ်း ချမှတ်သင့်သည်။
ဆွစ်ဇာလန်တွင် ၆၀ ရာခိုင်နှုန်းကျော်သော ဂျာမနီစကားပြော အုပ်စုက အခြားလူနည်းစုများနှင့် သမ္မတ အလှည့်ကျ တန်းတူ လုပ်သည့် အာဏာတူ မျှဝေမှုစနစ်ကို သဘောထားကြီးကြီးနှင့် လက်ခံ ထားသလို အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရင်ကြားစေ့နေသည့် ကာလတွင် ဗမာခေါင်းဆောင် များကလည်း “ငါတို့က လူများစုပဲ” ဆိုသည့် လူမျိုးကြီး ဝါဒကို ဖြုတ်ရန် လိုအပ်ပါသည်။
တိုင်းပြည် တည်ငြိမ်ခိုင်မာပြီးသား ဖြစ်သော အိန္ဒိယနိုင်ငံမှာပင် Quota စနစ်ကို တချို့နေရာတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေသေးသည်ကို တွေ့ရသည်။ အထူးသဖြင့် အစိုးရအဆက်ဆက်က အသားပေးမှု ကွာခြားပြီး အခြေခံ အဆောက်အအုံနှင့် ဖွံ့ဖြိုးမှုအလွန် ကွာဟနေသည့် ပြည်မနှင့် တိုင်းရင်းသား ဒေသမှ လူငယ်များကို လုံးလုံးလျားလျား တန်းတူပြိုင်ခိုင်းခြင်းသည် တချို့နေရာတွင် တရားမျှတမှု မရှိပေ။
၉။ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲ သီးခြားကျင်းပသင့်
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲများဖြစ်ကြသော အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများနှင့် ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအဆင့် ရွေးကောက်ပွဲ များကို သီးခြား ကျင်းပ ပေးသင့်ပါသည်။ ဖက်ဒရယ်စနစ် ကျင့်သုံးသော နိုင်ငံအများစုတွင်လည်း ထိုသို့ခွဲခြား ကျင်းပ ကြသည်။ ထိုသို့ခွဲ၍ ကျင်းပပေးခြင်းအားဖြင့် ပြည်ထောင်စုအဆင့် အစိုးရ၊ လွှတ်တော်များနှင့် ပြည်နယ်/တိုင်း ဒေသကြီးအဆင့် လွှတ်တော်၊ အစိုးရများ၏ အရေးပါမှု၊ အခန်းကဏ္ဍနှင့် ရေခံမြေခံ သဘောတရား မတူညီမှုကို မဲဆန္ဒရှင် ပြည်သူများ ခွဲခြား သိမြင်စေသည့်အတွက် ရွေးကောက်ပွဲ၏ အဓိပ္ပာယ်လည်း ပိုမိုလေးနက် စေမည် ဖြစ်ပါသည်။
ထို့အပြင် လက်ရှိတွင် ကြုံတွေ့နေသည့် မဲဆန္ဒရှင် ပြည်သူများ (အထူးသဖြင့် နယ်စပ်ဒေသတွင်ရှိသော တိုင်းရင်းသားများ) အခက်အခဲဖြစ်သော အထွေထွေ ရွေးကောက်ပွဲနေ့တွင် လူတဦးက မတူညီသော အစိုးရနှင့် လွှတ်တော်များအတွက် မဲပြား (၃) ခု (၄) ခု တပြိုင်တည်းပေးရသည့် အခက်အခဲ၊ ရှုပ်ထွေးမှုကို လျှော့ချစေသည့် သဘောလည်း ဖြစ်ပါသည်။
ဤကိစ္စအတွက် အခြေခံဥပဒေ ပြင်ဆင်ရန် မလိုအပ်ဘဲ ရွေးကောက်ပွဲဥပဒေများ ပြင်ဆင်ခြင်းဖြင့် လက်ရှိ အနိုင်ရအစိုးရ လွတ်လွတ်ကျွတ်ကျွတ် လုပ်ဆောင်နိုင်ပါသည်။
၁၀။ တိုင်းရင်းသားရေးရာ ဝန်ကြီးများကို ပြန်လည်သုံးသပ်ပေးသင့်
မွန်လူမျိုးများ စတင် တည်ထောင်လာခဲ့သည့် ရန်ကုန်ကဲ့သို့သော နေရာမျိုးတွင် မွန်တိုင်းရင်းသား ရေးရာဝန်ကြီးဌာန မရှိ ဆိုသည်မှာ တခုခု လွဲချော်နေခြင်းဖြစ်ပါသည်။ ၂၀၁၁/၁၂ ခုနှစ် လောက်တွင် မွန်တိုင်းရင်းသား ရေးရာဝန်ကြီး ရရှိရေး လှုပ်ရှားမှုရှိခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဆွေ (၇) ဆက်၊ မျိုး (၇) ဆက် တောင်းခံရသဖြင့် မှတ်ပုံတင် ပြင်ဆင်ရန် အလွန်ခက်ခဲသည်ဟု ထိုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတဦးက မိမိကိုပြောပြခဲ့ဖူးသည်။
ဤနေရာတွင် အစိုးရအနေဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ လူမျိုး (မေးခွန်း နံပါတ် ၄၀ မှာပါရှိ) စာရင်းကို တိုင်းရင်းသားပြည်သူအား ချပြသင့်သည်။ အစိုးရက ကချင်ပြည်နယ် လူဦးရေစာရှင်း ကဲ့သို့သော စာရင်းမျိုးကို နိုင်ငံရေးအရ ကွက်၍ဖော်ပြပြီး ကျန်စာရင်းကို ဖုံးကွယ်ထားခြင်းသည် မတရားပေ။ လူမျိုးအလိုက် လူဦးရေစာရင်းကို ဖော်ပြပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာကို ပြန်လည် သုံးသပ်ရမည်။ အကယ်၍ တချို့နေရာမှာ ပြီးပြည့်စုံမှု မရှိသည့်အပိုင်းများကို တခြား စာရင်းအင်းနှင့် ပေါင်းစပ်၍ ရသလို၊ ၁၀ နှစ်ပြည့်ပြီး ၂၀၂၄ ခုနှစ်တွင် နောက်ထပ်တကြိမ် ပြန်ပြုစုခြင်းမျိုးကို လုပ်ဆောင်ရမည် ဖြစ်သည့်အတွက် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံမှုမရှိသည်ကို အကြောင်းပြပြီး စာရင်း ဖုံးကွယ်ခြင်း မလုပ်သင့်ပေ။
အခုရှုပ်မှနောင်ရှင်းမည် (နိဂုံးချုပ်)
အစိုးရအနေဖြင့် တပ်မတော် မျက်နှာထောက်နေသည်က တကြောင်း၊ ကျက်ခါနီး အနာဟောင်းကို ပြန်ဆွသလို ဖြစ်နေသည်ဟု ထင်မှတ်သည်က တကြောင်း ဖြစ်ပုံပေါ်သည်။ တိုင်းရင်းသားများကမူ အခုရှုပ်မှ နောင် ရှင်းမည်ဟု ယုံကြည်သည်။ လူတွေလို အခုခင်ပြီး နောင် ရန်ဖြစ်ကြသည်ထက် ခွေးလို အခုကိုက်ပြီး နောက် ခင်မင်သွားတတ် သည်ကို ပို၍သဘောကျကြသည်။
ကျနော်တို့တိုင်းပြည်တွင် စစ်အာဏာရှင် အစိုးရအဆက်ဆက် ကတည်းက ယနေ့အထိ တိုင်းရင်းသား ညီအစ်ကိုများ ဥမကွဲသိုက်မပျက်၊ တမြေတည်းနေ တရေတည်းသောက်၊ ကျောသားရင်သားမခွဲ … စသည်ဖြင့် ရန်မဖြစ်သလို၊ အလွန်မှ ညီညွတ်သယောင် ဟန်ဆောင်လိမ်ညာသော နည်းလမ်းဖြင့် စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းထက် နာကြည်းမှု၊ မကျေနပ်မှု၊ မှားယွင်းမှုနှင့် ကျူးလွန်မှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ရင်ဖွင့်ပြီး ထိုအချက်များကို မည်ကဲ့သို့ ကုစားသင့်သည်ဆိုသည့် ပြဿနာ ဖြေရှင်းခြင်း နည်းလမ်းဖြင့် တိုင်းပြည် တည်ဆောက်သင့်ပြီ။
ဒဏ်ရာကို ဖုံးကွယ် ပိတ်လှောင်ပါက ပိုဆိုးမည်သာဖြစ်သည်။ ပြည်နယ် နယ်နိမိတ်အမှန်အတွက် မြေပုံ အဟောင်းများ၊ စာရွက်စာတမ်း အမှန်များကို ပွင့်ပွင့်လင်းလင်း ချပြပြီး အမှန်အတိုင်း ပြန်လည် တိုင်းတာ ရဲရမည်။ အလားတူ အစ်ကိုဖြစ်သူ လူမျိုးကြီးက ညီငယ် (လူမျိုးငယ်) များကို “မင်းတို့စာပေ၊ ရိုးရာဝတ်စုံတွေ ထားခဲ့၊ ငါ့စာပေပဲသင်၊ ငါ့ဝတ်စုံပဲဝတ်စားကြ” ဆိုသည့် အတင်းအဓမ္မနည်းဖြင့် စည်းလုံးညီညွတ်မှု တည်ဆောက်သည့် လမ်းစဉ်၊ အတွေးအခေါ် ဟောင်းများကို စွန့်လွှတ်ရပါမည်။
တနည်းအားဖြင့် အတင်း လွှမ်းမိုးမှုမျိုး (Assimilation) ဖြင့် စည်းလုံးညီညွတ်မှုနှင့် ယုံကြည်မှု တည်ဆောက်၍ မရသည်ကို နှစ်ပေါင်း ၇၀ အတွင်း သင်ခန်းစာအရ နားလည်သင့်ပြီး တန်းတူ အခွင့်အရေး ပေးခြင်းဖြင့်သာ တိုင်းပြည် ပြန်လည် တည်ဆောက်သင့်ပြီ။
(ဆလိုင်းကျဲအိုဘိခ်ထောင်သည် ချင်းလူငယ် နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိတွင် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၏ အတွင်းရေးမှူး တာဝန်ထမ်းဆောင်သူဖြစ်ပါသည်။)