ပြည်တွင်းမတည်ငြိမ်မှု ကြီးထွားလာခြင်းနှင့် နိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းတို့နှင့်အတူ နိုင်ငံရေးသုတေသီတချို့က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြင့် နောက်ကြောင်း ပြန်လှည့်နိုင်သည့် အလားအလာကို ဆွေးနွေးလာနေကြသည်။
စစ်အာဏာသိမ်းခြင်းကို ထောက်ခံမှုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဝင် ဗိုလ်ချုပ်ဟောင်းကြီးများထံမှ ထွက်ပေါ်လာခြင်းမှာလည်း အံ့သြစရာမဟုတ်ပေ။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပါက အာဏာရပါတီတွင် တာဝန်ရှိသည်ဟု USDP ထိပ်တန်းခေါင်းဆောင်များက လွန်ခဲ့သော တပတ်က သတိပေးခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာသိမ်းမှု ဖြစ်နိုင်ခြေနှင့် ပတ်သက်ပြီး စင်ကာပူနိုင်ငံတွင် မကြာသေးမီက မေးခွန်းထုတ်ခံခဲ့ရသေးသည်။ ထိုမေးခွန်းသည် တပ်မတော်ကို အမေးသင့်ဆုံး မေးခွန်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။
“သူတို့ပဲ ပိုပြီး ကောင်းကောင်းဖြေနိုင်မှာပေါ့” ဟုပြောရင်း “ဒါပေမယ့် ကျမကတော့ ဒါအတွက် စိတ်သိပ်မပူပါဘူး။ နိုင်ငံရေးမှာ ဘာမဆို ဖြစ်နိုင်တယ်။ ကျမတို့နဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးက ဒီလောက်ကြီးလည်း မဆိုးလှပါဘူး။ ကျမတို့ အစိုးရအဖွဲ့မှာ တပ်မတော်က သုံးယောက်၊ ဗိုလ်ချုပ်ကြီး သုံးယောက် ပါတယ်၊ ပြီးတော့ သူတို့ တော်တော်လေး သဘောကောင်းတယ် ဆိုတာကို မမေ့ပါနဲ့” ဟု ဆက်လက်ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရနှင့် တပ်မတော်တို့အကြား ဆက်ဆံရေးသည် မတည်ငြိမ်ဘဲ တပ်မတော်သည် အချိန်မရွေး နောက်ကြောင်းပြန်နိုင်သည်ကို မိမိတို့ အားလုံးသိကြသည်။ သို့သော် တပ်မတော် အလိုကျ ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်သည် အမျိုးသား နိုင်ငံရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် အာဏာသိမ်းမည်ဆိုလျှင် ဗိုလ်ချုပ်ကြီးများ အနေဖြင့် နှစ်ခါပြန် စဉ်းစားရန် လိုသည်။
မည်သည့်အကြောင်းကြောင့်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပစ်မည့် စစ်အာဏာသိမ်းမှုဖြင့် တိုင်းပြည်ကို အုပ်ချုပ်သင့်သနည်း။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာများ၏ ၂၅ ရာခိုင်နှုန်းကို ရရှိထားပြီး အဓိကကျသော ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို ထိန်းချုပ်ထားသည်။
ထိုပုံစံသည် ၁၉၆၂ ခုနှစ်နှင့် လွန်ခဲ့သော နှစ် ၃၀၊ အတိအကျဆိုရလျှင် ၁၉၈၈ ခုနှစ်တို့တွင် မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရသည့် စစ်အာဏာသိမ်းမှုမျိုးများကို ရှောင်ရှားနိုင်မည်ဟု စစ်ခေါင်းဆောင်ဟောင်း တချို့ ပြောကြားနေသည့် “ကပြား” အာဏာခွဲဝေမှု အစိုးရ ပုံသဏ္ဍာန် ဖြစ်သည်။
သို့သော် လိုအပ်လျှင် အရေးပေါ်အခြေအနေ ကြေညာခြင်းသည်သာ ဗိုလ်ချုပ်ကြီးများ၏ စိတ်ကြိုက် ရွေးချယ်စရာ နည်းလမ်းဖြစ်ပြီး စစ်အာဏာသိမ်းခြင်းမှာ နောက်ဆုံးနည်းလမ်းသာ ဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုမှာ အာဏာသိမ်းခြင်းသည် အာဏာရပါတီနှင့် အစိုးရကို လူထုထောက်ခံမှု ပိုမို ရရှိစေနိုင်သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလက ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေး ပဋိပက္ခနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မွတ်ဆလင် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှု ကြီးထွားနေချိန်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သည် နိုင်ငံရေးနှင့် တိုင်းရင်းသား ပြဿနာများတွင် တည်ငြိမ်မှု ထိန်းသိမ်းရေး အင်အားစု ဖြစ်သည်ဟု ပြောခဲ့သည်။
တပ်မတော်သည် ပါတီနိုင်ငံရေးတွင် ပါဝင်ပတ်သက်မည် မဟုတ်သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အရေးပေါ် အခြေအနေနှင့် ပတ်သက်သော ပြဌာန်းချက်များ ပါဝင်ကြောင်း သူက ဆက်ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ တဦးတည်းသာလျှင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့နှင့် ညှိနှိုင်းပြီးနောက် အရေးပေါ် အခြေအနေ ကြေညာခွင့်ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုသို့ကြေညာခြင်းကို နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်းစီ (NDSC) သို့ အမြန်ဆုံးတင်ပြ အတည်ပြုချက် ရယူရမည်ဖြစ်သည်။
NLD အာဏာရပြီးနောက်ပိုင်းတွင် NDSC ပုံမှန် အစည်းအဝေး ကျင်းပခြင်းမရှိသော်လည်း ပုံမှန်မဟုတ်သော အဆင့်မြင့် လုံခြုံရေး အစည်းအဝေးများသာ ကျင်းပခဲ့သည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွင် အဓိက အာဏာ ရှိနိုင်သော်လည်း အရေးပေါ်အခြေအနေ ကြေညာသော ကာလကို ၆ လ သို့မဟုတ် ထိုထက်ပိုပြီး တိုးချဲ့လိုလျှင် NDSC ၏ အတည်ပြုချက် ရယူရမည်ဖြစ်သည်။
ထို့အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ပြည်ထောင်စု လွှတ်တော် အရေးပေါ် အစည်းအဝေးသို့ အစီရင်ခံရန်လည်း လိုအပ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တိုင်းပြည်သည် လွန်စွာ ပြင်းထန်သည့် အရေးပေါ် အခြေအနေနှင့် သို့မဟုတ် အချုပ်အခြာအာဏာကို အကြီးအကျယ် ခြိမ်းခြောက်မှုနှင့် ကြုံရမှသာ ဖြစ်နိုင်ဖွယ်ရှိသည်။
ယခုနှစ် ဇွန်လကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဆင့်မြင့်လုံခြုံရေး အစည်းအဝေး ကျင်းပသောအခါ အာဏာသိမ်းမည့် ကောလာဟလ ထွက်ပေါ်လာခဲ့သေးသည်။
အစိုးရက ရခိုင်အကျပ်အတည်းကို ကိုင်တွယ်ပုံကို တပ်မတော် အကြီးအကဲက ဒေါသတကြီး တုံ့ပြန်ပြီး အာဏာသိမ်းမည်ဟု ခြိမ်းခြောက်သည်ဟူသည့် သဘောမျိုးပင် သတင်းတပုဒ်က ဖော်ပြသည်။ အစိုးရက ထိုသတင်းကို ငြင်းဆိုပြီး ထိုအစည်းအဝေး တက်ရောက်ခဲ့သော အဆင့်မြင့်အရာရှိတဦးက ထို အစည်းအဝေးသည် အပြုသဘောဆောင်သည်ဟု ပြောသည်။
စစ်တပ်ဦးဆောင်သည့် အိမ်စောင့်အစိုးရဖွဲ့ရန် ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းကို ဖိတ်ခေါ်ခဲ့ရသည့် ၁၉၅၈ ခုနှစ်က ကြုံတွေ့ခဲ့သည့် အခြေအနေမျိုးကို မြန်မာနိုင်ငံ ကြုံတွေ့ရတော့မည်ဟုပင် တချို့ နိုင်ငံရေးသုတေသီများက ဆိုလာသည်။
ထိုစဉ်က ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုနှင့် အာဏာရ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ချုပ်အတွင်း အကွဲအပြဲကြောင့် ဦးနုသည် ထိုစဉ်က လက်နက်ကိုင်တပ်များ၏ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် အပေးအယူ လုပ်လိုက်ရပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲများ မကြာမီ ပြန်လည် ကျင်းပပေးမည်ဟူသော ကတိဖြင့် အာဏာလွှဲပြောင်းပေးလိုက်ရသည်။
သမိုင်းဝင် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးနေဝင်းသည် နိုင်ငံတော်အာဏာကို သိမ်းယူရန် ကြံစည်နေပြီး ဖြစ်သည့် အထောက်အထားများလည်း ရှိနေသည်။ သူသည် ဝန်ကြီးချုပ် ဖြစ်လာသော်လည်း ကတိအတိုင်း လွတ်လပ်မျှတသော ရွေးကောက်ပွဲများကို ၁၉၆၀ ပြည့်နှစ်တွင် ကျင်းပပေးခဲ့ပြီး ထိုရွေးကောက်ပွဲတွင် ဦးနု အနိုင်ရသည်။ နောင် နှစ်နှစ်ကြာသောအခါ သူသည် အာဏာသိမ်းယူလိုက်ပြီး ဦးနုနှင့် အစိုးရဝန်ကြီးများကို ထောင်ထဲ ထည့်ထားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဦးနုကဲ့သို့ တိုင်းပြည်ကို မအုပ်ချုပ်နိုင်တော့ဟု ထင်လျှင် အာဏာကို သူတို့ထံ လွှဲပေးလိမ့်မည်ဟု ဗိုလ်ချုပ်ကြီးများ မျှော်လင့်နေကြပါသလား။ အတိတ်ကကဲ့သို့ပင် သူတို့သည် တိုင်းပြည်ကို ကယ်တင်ရှင်များ ဖြစ်လာကြဦးမည်လား။
ဗိုလ်ချုပ်ကြီးများ လက်ရှိအခြေအနေတွင် မျက်ခြေမပြတ် စောင့်ကြည့်နေသည်များမှာ ဒေါ်အောင်ဆန်းစုကြည်၏ ယိုယွင်းလာသော ကျန်းမာရေး၊ ညီညွတ်အောင် စွမ်းဆောင်နိုင်မှု ကင်းမဲ့ခြင်းနှင့် မဝေးကွာတော့သော အနာဂတ်တွင် သူ့ကို ဆက်ခံမည့်သူ ရှာရန် အားထုတ်မှုတို့ ဖြစ်သည်။
မြန်မာ့ပြည်တွင်း နိုင်ငံရေးတွင် စစ်အာဏာသိမ်းမှု ဒဏ္ဍာရီကို နှိုးဆွပေးနေသော ပြင်ပ သက်ရောက်မှု များကလည်း ရှိနေသေးသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင် နိုင်ငံရေးရည်မှန်းချက် ရှိကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲကို မျက်စပစ်နေကြောင်း လေ့လာသူ အများအပြားက ခန့်မှန်း ပြောဆိုကြသည်။ သို့သော် သူသည် လက်ရှိ အချိန်တွင် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။
သြဂုတ်လက ကုလသမဂ္ဂသည် မြန်မာနိုင်ငံကို ရှုတ်ချသော အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံ၏ ထိပ်တန်းဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာဥပဒေအရ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဟု သူတို့သတ်မှတ်သော ပြစ်မှုများအတွက် စုံစမ်းစစ်ဆေးသင့်သည်ဟု ထိုအစီရင်ခံစာက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်မှ မွတ်ဆလင်များကို ဖြိုခွဲမှုများနှင့် တခြား တိုင်းရင်းသားဒေသများတွင် လုံခြုံရေးတပ်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သည်ဟိဂ်မြို့ရှိ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ကတောင်းဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ICC တွင် တရားရင်ဆိုင်ရရန် ဖြစ်နိုင်ခြေမရှိပေ။ မြန်မာနိုင်ငံသည် ICC ကို ထူထောင်သည့် ၁၉၉၈ ခုနှစ် ရောမ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တခြားသော တပ်မှူးများကို ICC သို့ လွှဲပြောင်းပေးရန် တာဝန်မရှိပေ။
လွန်ခဲ့သောလက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်နှင့် ပတ်သက်သော အကောင့်တချို့ကို Facebook လူမှုကွန်ရက်က ပိတ်ပင်လိုက်သည်။ သို့သော် သူသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာ ဖြစ်နေသေးပြီး ကြိုမြင်နိုင်သော အနာဂတ် ကာလတွင်လည်း ထိုရာထူးတွင်သာ ဆက်လက် ရှိနေမည်ဖြစ်သည်။ သူသည် နိုင်ငံတကာဖိအားကြောင့် ရာထူးကို စွန့်လွှတ်သွားမည် မဟုတ်ပေ။
အာဏာရချိန်မှ စတင်ပြီး NLD အစိုးရသည် နယ်ပယ်အားလုံး (ငြိမ်းချမ်းရေး၊ စီးပွားရေး၊ တည်ငြိမ်ရေးနှင့် မီးတောက်လောင်နေသော ရခိုင်ပြည်နယ် ပြဿနာ) တို့နှင့် လူထုသို့ ပေးထားသော ကတိများ အရာရာတွင် မအောင်မမြင် ဖြစ်သည်ကို အတိုက်အခံများက မြင်တွေ့လိုကြသည်။ NLD သည်လည်း လူထု၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ခြင်း မရှိသေးပေ။ ထို့အပြင် နိုင်ငံတကာနယ်ပယ်တွင် အထူးသဖြင့် အနောက်နိုင်ငံများတွင် ဒေါ်အောင်ဆန်းစုကြည်သည် မအောင်မြင်သော သူရဲကောင်းဖြစ်နေသည်။
အမြီးအမောက်မတည့်မှုဟု ဆိုရမည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ပြည်တွင်းရေး ကိစ္စအများအပြားတွင် သဘောထား ကွဲလွဲကြသော်လည်း နိုင်ငံတကာနယ်ပယ်တွင် ရှုတ်ချပစ်ပယ်ခံရသော အဆင့်ရရှိသည့် အချက်တွင် တူနေခြင်းဖြစ်သည်။
နယ်ပယ်များစွာတွင် အစိုးရ၏ ပျက်ကွက်မှုများနှင့် လွန်ခဲ့သော နှစ်နှစ်ခွဲ ကာလအတွင်း စွမ်းဆောင်ရည် ညံ့ဖျင်းမှုများကို အများမြင်ခဲ့ပြီးသောကြောင့် ယနေ့မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သူများသည် စိတ်ပျက်စရာ မလိုတော့ပါ။ ထိုသို့ ဆိုခြင်းသည် USDP ပြန်လာနိုင်မည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ လူထု၏ အမြင်တွင် တည်ငြိမ် ဖွံ့ဖြိုးမှုနှင့် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို အာမခံနိုင်သော ယူနီဖောင်းဝတ်များ ဘက်သို့သာ အာရုံ ပြန်လှည့်သွားနိုင်ချေ ရှိနေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၀ မတိုင်မီကာလ တလျှောက်လုံးတွင် အဆုံးမရှိသော စစ်အာဏာသိမ်းမှု ကောလာဟလများနှင့် တပ်မတော်၏ သြဇာထူထောင်မှုများကိုသာ တွေ့မြင်နေရနိုင်ခြေ ရှိသည်။
ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင်မြင်လာသော အချက်မှာ အစိုးရသည် လူထု၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းနိုင်ခြင်း မရှိဘဲ လူထုကလည်း အစိုးရ၏ စွမ်းဆောင်ရည်ကို ယခုအချိန်တွင် မေးခွန်းထုတ်လာခြင်းဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်မှာ နစ်သထက်နစ်ပြီး မုန်တိုင်းများကို ပိုမို ရင်ဆိုင်လာရနိုင်ပြီး တပ်မတော်နှင့် ဗိုလ်ချုပ်ဟောင်းကြီးများကလည်း လူထုကို “ငါတို့ မပြောခဲ့ဘူးလား” ဟူသည့် သဘောထားဖြင့် NLD အပေါ် အနိုင်ရနေမည့် အခြေအနေပင်။ လက်ရှိ အခြေအနေမှာ အာဏာသိမ်းခြင်းကို လက်ရှောင်ရမည့် အချိန်ဖြစ်သည်။
(အောင်ဇော်သည် ဧရာဝတီသတင်းဌာန၏ အယ်ဒီတာချုပ်နှင့် တည်ထောင်သူဖြစ်ပြီး ၎င်း၏ From the Army’s Perspective, Now Is Not the Time to Stage a Coup ကို ဘာသာပြန်ဆိုသည်။)