၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေုပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ကျင်းပခဲ့သည်။
ထိုအခမ်းအနားတွင် ဒီမိုကရေစီဆိုင်ရာ စာတမ်းကို တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး သန်းထိုက်က ဖတ်ကြားတင်ပြခဲ့သည်။ လက်ရှိအခြေအနေတွင် တပ်မတော်က မြန်မာ့ ဒီမိုကရေစီ အပေါ် ခံစားသိမြင်နေသည့် သဘောကို ထင်ဟပ်သည့် စာတမ်းဟုလည်း ဆိုနိုင်မည် ထင်ပါသည်။
ထိုစာတမ်းတွင် သတိပြုစရာ စကားရပ်များ ပါဝင်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုစကားရပ်တို့မှာ “ဒီမိုကရေစီဆိုတာ မှန်ကန်၊ အများဆန္ဒနှင့်အညီ သဘောတူညီ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မှားမှားမှန်မှန် အများစု ညီသည်နှင့် ဤကို ကျွဲဖတ်တာက ဒီမိုကရေစီမဟုတ်ဘူးဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒီလိုသာ ဆောင်ရွက်နေမယ်ဆိုရင် အဓမ္မ ဒီမိုကရေစီသာ ဖြစ်သွားပါလိမ့်မယ်” ဟူ၍ ပါရှိသည်။
တပ်မတော်၏ ဒီမိုကရေစီအပေါ် ထူးဆန်းထွေလာ ဖွင့်ဆိုချက်၏ မူလအရင်းခံကို ခြေရာခံကြည့်လျှင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲရလဒ်က စရမည်ထင်ပါသည်။ ထိုရွေးကောက်ပွဲရလဒ် အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ တပ်မတော်ခေါင်းဆောင်များ ပျိုးထောင်ပေးခဲ့ပြီး တပ်မတော် ခေါင်းဆောင်ဟောင်းများဖြင့် ဦးစီးဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီသည် နေရာအများစုတွင် ရှုံးနိမ့်ခဲ့ရသည်။ ထိုအချိန်မှစ၍ တပ်မတော်သည် လွှတ်တော်နယ်ပယ်တွင် ၎င်းတို့နှင့် တအူတုံဆင်းဖြစ်ခဲ့သော နိုင်ငံရေးပါတီ၏ ဆုံးရှုံးမှုက တပ်မတော်ကို အနည်းစု ဖြစ်သွားစေခဲ့သည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေကြမ်းကို တင်သွင်းသည်။ ဦးစွာပထမ ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် တင်သွင်းရာ ထောက်ခံမဲ ၁၃၇ မဲ၊ ကန့်ကွက်မဲ ၇၀ မဲ၊ မဲမပေးသူ နှစ်ဦးတို့ဖြင့် အတည်ပြုခဲ့သည်။ ထို့နောက် ပြည်သူ့ လွှတ်တော်တွင် အတည်ပြုပြန်ရာ မဲပေးပိုင်ခွင့်ရှိသူ ၄၀၆ ဦးအနက် ထောက်ခံမဲ ၂၆၀ ကျော်ဖြင့် ဥပဒေကို အတည်ပြုခဲ့သည်။ ပြည်သူ့လွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကမူ ကန့်ကွက်သည့် အနေဖြင့် ဆန္ဒမဲပေးခြင်း မပြုလုပ်ခဲ့ပေ။
ထောက်ခံမဲ ၂၆၀ ကျော်ဖြင့် အတည်ပြုခဲ့သည့်နေ့မှာပင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က “ဒီမိုကရေစီ အနိုင်ကျင့်ခံရသည်” ဟု မီဒီယာများကို ပြောကြားခဲ့သည်။ ထို့ကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့၏ သိမှတ်ခံယူမှုတွင် ၎င်းတို့သည် အနည်းစုဖြစ်သွားပြီ ဟူသော အမှတ်သညာ ထင်ရှားပေါ်လွင်လာခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ရလဒ်အရကော၊ နောက်ပိုင်းတွင် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုတိုင်းသည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အဆို၊ ဆွေးနွေးမှု၊ တုံ့ပြန်မှုများက အရာမထင် ဖြစ်လာသည့် အခါ ၎င်းတို့သည် အနည်းစုဖြစ်သွားပြီး အာဏာရပါတီ၏ လွှမ်းမိုးမှုအောက်တွင် ခြယ်လှယ်ခံနေရသည်ဟု ထင်မြင်လာတော့သည်။
ထိုကြောင့် တပ်မတော်သည် ဒီမိုကရေစီအပေါ် ဖွင့်ဆိုသည့်အခါ ၎င်းတို့သည် လူနည်းစုဖြစ်သည်ဟူသော သိမှတ်မှုအပေါ် အခြေတည်လျက် ဖွင့်ဆိုသွားပုံရသည်။
တပ်မတော်၏ ဒီမိုကရေစီအပေါ် ဖွင့်ဆို်မှုသည် ယခုမှ အသစ်အဆန်း မဟုတ်ပေ။ တပ်မတော်အစိုးရက ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည့် ၂၀၀၈ အခြေခံဥပဒေ၏ အခြေခံမူတွင်ပင် တပ်မတော်၏ ဒီမိုကရေစီ ဖွင့်ဆိုချက်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၆ (ဃ) တွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး” ဟူ၍ ပြဋ္ဌာန်းပါရှိသကဲ့သို့၊ ပုဒ်မ ၇ တွင်လည်း “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစနစ်ကို ကျင့်သုံးသည်” ဟူ၍ ထပ်မံ ပြဋ္ဌာန်းထားသည်ကို တွေ့နိုင်သည်။
ထိုအခြေခံမူသည် တပ်မတော်၏ ဒီမိုကရေစီအပေါ် ဖွင့်ဆိုနားလည်ထားမှု တရပ်လည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ စတင်လိုက်သော ဒီမိုကရက်တစ် လှုပ်ရှားမှုများ၊ အရေးတော်ပုံများကို တပ်မတော်သည် မင်းမဲ့စရိုက်၊ ဆူပူ သောင်းကျန်းမှုအဖြစ် မှတ်မှတ်ထင်ထင် ဖြတ်သန်းလာပုံရသည့်အပြင်၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ကိုလည်း တပ်မတော်အဖွဲ့အစည်းကဲ့သို့ ပုံသွန်း ပုံဖော်လိုသည့် နိုင်ငံရေးစိတ်ဆန္ဒလည်း ရှိခဲ့ဟန်တူသည်။
ထိုသို့သော ဖြတ်သန်းမှု အခြင်းအရာများကြောင့် တပ်မတော်သည် ဒီမိုကရေစီဟူသည် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်” ဟူ၍ အခြေခံမူအဖြစ် ချမှတ်ခဲ့ဟန်တူသည်။
အများညီ၍ ဤကို ကျွဲဖတ်ရုံနှင့်တော့ အဓမ္မဒီမိုကရေစီဟူ၍ သတ်မှတ်ခြင်းက သတ်မှတ်သူ၊ သတ်မှတ်သည့် အဖွဲ့အစည်း၏ သီးခြား၊ သီးသန့်သဘောထား၊ ရပ်တည်ချက်ပင်ဖြစ်သည်။ တရားကိုယ်သဘောအရဆိုလျှင် အဓမ္မဒီမိုကရေစီကို ၂၀၀၈ အခြေခံဥပဒေထဲတွင်ပင် ထင်ထင်ရှားရှား ရှာတွေ့နိုင်ပါလိမ့်မည်။
အဓမ္မဒီမိုကရေစီအတွက် အထင်ရှားဆုံးပြယုဂ်သည် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပင်ဖြစ်သည်။
“ပုဒ်မ ၄၃၆ (က) – ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ …ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။”
တနိုင်ငံလုံးရှိ မဲဆန္ဒနယ်မြေမှ ရွေးကောက်တင်မြှောက် လိုက်သည့် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်မျှပင် ပြင်ဆင်စေချင်ကာမူ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်နေလျှင် အထမြောက်လိမ့်မည် မဟုတ်ပါ။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက တမူ ထူးကဲသော အခွင့်အရေးရှိနေခြင်းသည် အဓမ္မဒီမိုကရေစီပင်ဖြစ်သည်။
စက်တင်ဘာ ၁၅ ရက်နေ့က ဒီမိုကရေစီ ဆိုင်ရာစာတမ်းကို ဖတ်ကြားခဲ့သည့် အထက်ပါပုဂ္ဂိုလ်က ဤအချက်ကို ပညာရှိ သတိဖြစ်ခဲ ဖြစ်သွားဟန်တူပါသည်။ စင်စစ် အဓမ္မဒီမိုကရေစီဟုဆိုလျှင် ပုဒ်မ ၄၃၆ ကို ချက်ချင်း လက်ငင်း ရည်ညွှန်းပြောဆိုရမည် ဖြစ်သည်။
(ကိုဇန်သည် ပြည်ထောင်စုအင်စတီကျုမှ သုတေသီတဦးဖြစ်သည်။)