ရခိုင်နိုင်ငံရေး အကျပ်အတည်းကို ဖောက်ထွက်ဖို့ လိုပြီ

ထွန်းထွန်းနိုင်
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်ခြားမျဉ်းတွင် လုံခြုံရေးယူနေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ NLD အစိုးရနဲ့ ANP ပါတီအကြား မကျေလည်မှုတွေ စတင်ခဲ့ပြီး ရခိုင်ပြည်နယ်ဟာ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။

တကယ်တော့ အဲဒီ အကျပ်အတည်းဟာ ခေတ်သစ် ရခိုင်နိုင်ငံရေးမှာ အကြီးဆုံးအကျပ်အတည်းလို့ ပြောလို့ ရပါတယ်။ အဲဒီတော့ ရခိုင်ပါတီ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ လက်ရှိအနေအထားကနေ ဘယ်လို ထွက်ပေါက်ရှာကြမလဲ ဆိုတာ အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။

RNDP နဲ့ ALD ပါတီ နှစ်ခု ပေါင်းစည်းထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ တုန်းက ရခိုင်ပြည်နယ်မှာ မဲအများဆုံး အနိုင်ရရှိခဲ့လို့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် ရရှိဖို့ NLD ပါတီကို တောင်းဆိုခဲ့ပြီး အဲဒီ တောင်းဆိုမှုကို မလိုက်လျောရင် ရခိုင်အမျိုးသားပါတီ (ANP) က အတိုက်အခံပါတီအဖြစ် ရပ်တည်သွားမယ်လို့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီ သဘောထားအပေါ် ပါတီတွင်း သဘောမတူညီမှုတွေ ရှိခဲ့ကြပါတယ်။

အဲဒီမတိုင်ခင်ကတော့ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ (ANP) က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါသေးတယ်။ ဒါပေမယ့် အဲဒီတွေ့ဆုံမှုက ကောင်းမွန်တဲ့ ရလဒ် မထွက်ပေါ်ခဲ့ပါဘူး။

အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ ANP ပါတီရဲ့ တောင်းဆိုမှုကို မလိုက်လျောဘဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို သူ့ပါတီက ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် NLD အစိုးရဟာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်မှာ ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ကိုယ်စားလှယ် တချို့ကို အပေါ်ယံသဘောနဲ့ နေရာပေးခဲ့ပါတယ်။

ဒေါအောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ်ကနေ ရုန်းထွက်လွတ်မြောက်နိုင်ဖို့ သောင်ပြိုကမ်းပြို မဲပေးခဲ့ကြပါတယ်။ NLD ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ “ပြောင်းလဲချိန်တန်ပြီ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် ရခိုင် တိုင်းရင်းသားတွေအပြင် ကျန်တဲ့ တိုင်းရင်းသားတွေကလည်း လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ယနေ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အာဏာရ NLD အစိုးရက အစိုးရ တာဝန်ယူခဲ့တာ ၂ နှစ်ကျော်လာတဲ့အထိ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံးက လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စတဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေဟာ လမ်းစ ပျောက်နေဆဲပါ။ ဒါ့အပြင် တိုင်းပြည်စီးပွားရေးလည်း ထင်သလောက် ပြောင်းလဲတိုးတက်လာတာကို မတွေ့ရသေးပါဘူး။

တဖက်မှာလည်း အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲနဲ့ အတူပါလာတဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီပြဿနာနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဖိအားပေး ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရသလို၊ NLD ဦိးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရနဲ့ ANP ဦးဆောင်တဲ့ လွှတ်တော်အကြား အားပြိုင်မှုကလည်း တနေ့တခြား မြင့်တက်လာနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ရခိုင်ပါတီနှစ်ခုဖြစ်တဲ့ RNDP နဲ့ ALD ပါတီတို့ဟာ ရခိုင် အမျိုးသားပါတီ (ANP) အဖြစ် ပေါင်းစည်းခဲ့ကြပြီး အဲဒီပေါင်းစည်းမှုဟာ ခေတ်သစ်ရခိုင်ပါတီ နိုင်ငံရေးမှာ သမိုင်း မှတ်တိုင်တခုအဖြစ် ကျန်ခဲ့ပါတယ်။ အဲဒီအချိန်က ကျန်တဲ့ တိုင်းရင်းသားပါတီတွေကလည်း ရခိုင်ပါတီတွေရဲ့ ညီညွတ်မှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။

ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲအလွန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ ရခိုင် အမျိုးသားပါတီ (ANP) တွင်း သဘောထား ကွဲလွဲခဲ့ပြီးနောက် ပါတီအကွဲအပြဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ALD ပါတီသစ် ထပ်မံ ပေါ်ပေါက်လာခဲ့ သလို၊ ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ANP ပါတီက နုတ်ထွက်ပြီးနောက်မှာ နောက်ထပ် ရခိုင်ကိုယ်စားပြုပါတီသစ် တခု တည်ထောင်ဖို့ ကြိုးစားနေပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေ များလာချိန်မှာ ကျန်တဲ့ တိုင်းရင်းသားပါတီတွေကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ ပါတီတွေအကြား အကွဲအပြဲတွေ ရှိခဲ့ပြီးနောက်၊ အဲဒီအကွဲအပြဲ တွေကြောင့် ရွေးကောက်ပွဲရလဒ် မကောင်းခဲ့တာမို့လို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီပေါင်းစည်းရေးတွေ ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲအလွန်က ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသား ပါတီတွင်း သဘောထားကွဲလွဲမှုတွေကြောင့် ပါတီ အကွဲအပြဲ ကြုံခဲ့ရတဲ့အပြင် ရခိုင်အမျိုးသား ညီညွတ်မှုတွေ ပြိုလဲသွားခဲ့ရပါတယ်။ ဒါ့အပြင် ကျန်တဲ့ တိုင်းရင်းသားပါတီတွေနဲ့ တည်ဆောက်ထားကြတဲ့ မဟာမိတ် ဆက်ဆံရေးလည်း ပျက်ပြားခဲ့ရပါတယ်။

လက်ရှိ အချိန်မှာတော့ ရခိုင်ပြည်သူလူထုတွေဟာ တနေ့ထက်တနေ့ ပိုပြီး ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင် ကြုံတွေနေရတယ် ဆိုတာ ငြင်းမရတဲ့ အချက်ပါ။ NLD အစိုးရဟာ ပြီးခဲ့တဲ့လပိုင်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ အဓိကရုဏ်းကို အင်အားသုံးဖြိုခွင်းတာတွေ၊ ရခိုင်လူမျိုးတွေ ဦးဆောင်ပြီး အခမ်းအနားတွေ ကျင်းပခွင့် မပြုတာတွေ၊ ရခိုင်လူမျိုးတွေကို ခရီးသွားလာခွင့် ပိတ်ပင်မှုတွေ၊ ယခင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ဟာ နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ တဖက်မှာလည်း NLD အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်နေတဲ့ အကြောင်းပြချက်ကြောင့် ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့် ပိတ်ပင်ခံထားရပါတယ်။

ဒါ့အပြင် NLD အစိုးရက ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘင်္ဂါလီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားရာမှာ ရခိုင်လူထုနဲ့ ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ (ANP) တို့ကို ပါဝင်ခွင့်မရရှိဘဲ အစိုးရရဲ့ ဘေးဖယ်ထားမှုကို ခံနေရပါတယ်။ အဲဒီတော့ အခုအခြေအနေဟာ ရခိုင်ပြည်သူတွေ အနေနဲ့ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်လို့ သုံးသပ်နိုင်ပါတယ်။

ရခိုင်ပါတီနိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေးပါတီတခုနဲ့တခု၊ အဖွဲ့အစည်းတခုနဲ့တစ်ခုအကြား အတ္တ၊ မာန ပြိုင်ဆိုင်နေရမယ့် အချိန်မဟုတ်ဘဲ၊ အနာဂတ် ရခိုင်လူမျိုး အကျိုးစီးပွားအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ရမယ့် အချိန်လို့ ယူဆနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်မှာ ANP ပါတီက မဲအများဆုံး အနိုင်ရရှိပေမယ့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့် မရှိဘူးဆိုတာကို သက်သေ ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။

တကယ်တော့ တပ်မတော် အလိုကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော် သမ္မတကသာ ပြည်နယ်နဲ့ တိုင်းဒေကြီး ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်ထားပိုင်ခွင့် ရှိတယ်လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထား ပါတယ်။ ဒါပေမယ့် ရခိုင်ပါတီနိုင်ငံရေး ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် ရရှိရေးကို တောင်းဆို ခဲ့ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်အခန်းကဏ္ဍ ကနေ ပါဝင်နေသလို၊ အရေးကြီးတဲ့ ဝန်ကြီးဌာနတွေ ဖြစ်တဲ့ ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေကို ထိန်းချုပ်ထားပြီး လွှတ်တော်အသီသီးမှာလည်း တပ်မတော်က ၂၅ ရာခိုင်နှုန်းသော နေရာကို ရယူထားပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဗမာ ပြည်မပါတီတွေကို ဦးစားပေးထားတဲ့ ပုံစံဖြစ်နေပြီး တနည်းအားဖြင့် ပြောရရင် ဗမာ ပြည်မပါတီနဲ့ တိုင်းရင်းသားပါတီတွေကြားမှာ တန်းတူအခွင့်အရေး ပေးမထားဘူးလို့ ပြောလို့ရပါတယ်။ ရွေးကောက်ပွဲမှာ ဗမာပြည်မ ပါတီတခုတည်းက ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းနိုင်တဲ့အထိ အခွင့်အရေးတွေ ရှိပေမယ့် ရခိုင်အပါအဝင် ကျန်တဲ့တိုင်းရင်းသားပါတီ တခုတည်းနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်တဲ့ အခွင့်အရေး မရှိသလောက် နည်းပါတယ်။

အဲဒီလို နိုင်ငံရေးအခင်းအကျင်းအောက်မှာ ရခိုင်ပါတီ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ရခိုင်ပြည်နယ် တခုတည်းအရေး၊ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် ရရှိရေး၊ ဘင်္ဂါလီ အရေးတွေမှာ ချောင်ပိတ်မနေသင့်ပါဘူး။ ပြည်ထောင်စု နိုင်ငံရေးမှာ ပါဝင်ဖို့ အခင်းအကျင်း သစ်တွေကို ဖန်တီးဖို့ လိုပါတယ်။ ရခိုင်နိုင်ငံရေး ပါတီခေါင်းဆောင်တွေဟာ ကျန်တိုင်းရင်းသား မဟာမိတ် ပါတီတွေနဲ့အတူ ပြည်ထောင်စုအဆင့် နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ အတူတကွ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ဒါမှသာလျှင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး (သို့) အသစ်ရေးဆွဲရေးအပြင် ၂၀၂၀ ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့စည်းရေး ဆုံးဖြတ်ချက်ချရာမှာ မျှခြေတခု ပေးနိုင်မှာ ဖြစ်ပါတယ်။

တကယ်တော့ ရခိုင်နိုင်ငံရေး ပါတီတွေအနေနဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းခွင့် ရရှိရေးကို ကြွေးကြော်နေရင်တော့ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ တကယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရခိုင်နိုင်ငံရေး ပါတီတခုက ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းခွင့်ရရင်တောင် ပြည်ထောင်စုအစိုးရရဲ့ မူဝါဒကို အကောင်အထည် ဖော်ရုံသက်သက်သာ ဖြစ်ပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ ရခိုင်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ ရခိုင်နိုင်ငံရေး ပါတီခေါင်းဆောင်တွေအကြား စည်းလုံး ညီညွတ်မှု ရရှိဖို့ ပြန်လည် တည်ဆောက်ဖို့ လိုပါတယ်။ အထူးသဖြင့် ရခိုင်ပါတီ နိုင်ငံရေး ခေါင်းဆောင်တွေ ကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေကို အမြင်ချင်း ဖလှယ်မှုတွေ၊ ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်မယ့် လမ်းစ (သို့) အခင်းအကျင်း တခုကို စတင်ဖန်တီးဖို့ လိုပါတယ်။

အဲဒီ အနေအထားမှ တဆင့် ရခိုင်ပါတီနိုင်ငံရေး ခေါင်းဆောင်တွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ရခိုင် လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ ဘုံသဘောတူညီတဲ့ အခြေခံမူဝါဒတွေ၊ ရပ်တည်ချက် သဘောထားတွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ မဟာဗျူဟာ ချမှတ်ဖို့လိုပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံရေးပါတီတွေ ကွဲပြားခြားနားကြပေမယ့် အဲဒီ အခြေခံမူဝါဒ အောက်မှာပဲ ရခိုင်တမျိုးသားလုံးက အတူတကွ ပူးပေါင်း ဆောက်ရွက်နိုင်မှ ရခိုင်လူမျိုးတွေ လိုလားတဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိမှာ ဖြစ်ပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ ရခိုင်ပါတီ နိုင်ငံရေးခေါင်းဆောင်တွေအကြား ညီညွတ်မှု ပျက်ပြားပြီး သူတလူ ငါတမင်း ဖြစ်နေကြရင်တော့ ရခိုင်လူမျိုးတွေလိုလားတဲ့ နိုင်ငံရေးပန်းတိုင်က အလှမ်းဝေးသထက် ဝေးလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကန့်သတ်မှုအောက်မှာ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရေး၊ ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းခွင့်မရရင် အတိုက်အခံလုပ်ရေး ကြွေးကြော်နေရင်တော့ လက်ရှိ ရခိုင်ပြည်နယ် ရင်ဆိုင် ကြုံတွေနေရတဲ့ စိန်ခေါ်မှု၊ အကျပ်အတည်းတွေထက် ပိုမို ဆိုးဝါးလာမယ့် အလားလာရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် ရရှိရေး ဆိုတာ မရေရာ မသေချာတဲ့ အနေအထားတခုပါ။ ဒါကြောင့် ရခိုင်ပါတီနိုင်ငံရေး ခေါင်းဆောင်တွေကြားမှာ ညီညွတ်မှု တည်ဆောက်ဖို့သလို၊ လက်ရှိ ရခိုင်ပြည်နယ်နဲ့ဆိုင်တဲ့ အရေးတခုတည်းမှာ ချောင်ပိတ်မိ မနေဘဲ၊ ကျန်တဲ့ တိုင်းရင်းသားပါတီတွေနဲ့အတူ ပြည်ထောင်စုနိုင်ငံရေးမှာ တိုင်းရင်းသားတွေ လိုလားနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်နိုင်ဖို့ အာမခံချက်ရှိတဲ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာဖို့ လိုပါတယ်။

အဲဒီလိုမှသာ လက်ရှိ ရခိုင်ပြည်နယ်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေကို ရခိုင်လူမျိုးတွေ ကိုယ်တိုင် ဖြေရှင်းနိုင်လိမ့်မယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

(ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာ သုံးသပ်ချက် ဆောင်းပါးများကို ရေးသားနေသူ တဦးဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်တက္ကသိုလ်တွင် မဟာဗျူဟာရေးဆွဲရေးနှင့် ပြည်သူ့ရေးရာ မူဝါဒ မဟာဘွဲ့ကို ရရှိခဲ့သူလည်း ဖြစ်သည်)။

Did you find apk for android? You can find new Free Android Games and apps.
Loading