၂၀၁၁ ခုနှစ်တွင် ကမ္ဘာသို့ စတင်၍တံခါး ဖွင့်ခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံက ဒေသတွင်းတွင် စန်းတင် အခံရဆုံး စီးပွား ရေးများထဲမှ တခုဖြစ်ခဲ့သည်။ စီးပွားရေးတိုးတက်မှုက တနှစ်လျှင် ပျမ်းမျှ ၇ ရာခိုင်နှုန်း၊ လူငယ်အလုပ်သမား အင်အားစု တခုနှင့် ပေါများသော သဘာဝအရင်းအမြစ်များနှင့် အတူ လူဦးရေ ၅၃ သန်းရှိသည့် နိုင်ငံက ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် အဆုံးမရှိသော အခွင့်အလမ်းများကို ဖော်ပြနေသည့် အသွင်ရှိခဲ့သည်။
အရပ်သား အစိုးရက စီးပွားရေးကို ဖြေလျှော့ လွတ်လပ်မှုပေးခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် ကြိုးစား ခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်နယ်မှ တပ်မတော်၏ တိုက်ခိုက်ဖြိုခွဲမှုများအပေါ် ကမ္ဘာမှ ဒေါသဖြစ်ခဲ့ခြင်းက ရင်းနှီးမြှုပ်နှံသူ အများစုကို အဝေးတွင် ဆက်လက်၍ ရှိနေစေခဲ့သည်။
အခွင့်အရေးကို ရယူရန် ဆုံးဖြတ်ထားသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့်မူ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်နှင့် ကုမ္ပဏီ ဥပဒေတို့ ၏ ကျေးဇူးကြောင့် ပိုမို၍ အဆင်ပြေချောမွေ့မှုရှိသည့် အနေအထားတခုကို တွေ့ရှိရမည် ဖြစ်သည်။ အွန်လိုင်းမှ မှတ်ပုံ တင်ခြင်း လုပ်ငန်းစဉ်သစ် Myanmar Companies Online (MyCO) က ယခင်က ရှုပ်ထွေးနေခဲ့သောစနစ် တခုကို ပိုမို လွယ်ကူ ရှင်းလင်းအောင် ပြုလုပ်ပေးထားသည်။
သို့သော်လည်း လုပ်ဆောင်ရန် များစွာကျန်ရှိနေပါသေးသည်။ ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ခြင်း လွယ်ကူ အဆင်ပြေ မှု ညွှန်းကိန်းသတ်မှတ်ချက်တွင် မြန်မာနိုင်ငံက နိုင်ငံ ၁၉၀ တွင် အဆင့် ၁၇၁ ၌ ရောက်ရှိနေသည်။
နောက်ထပ် မျှော်လင့်ချက် ရောင်ခြည်တခုမှာ ပြန်လည်အသက်သွင်းထားသည့် နိုင်ငံတော် စီး ပွားရေးရာ ပေါင်းစပ်ညှိနှိုင်း ရေးကော်မတီ (NECC) က ကုန်သွယ်ရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍ၊ ရင်းနှီးမြှုပ် နှံမှုကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍ နှင့် စက်မှုကဏ္ဍ တို့တွင် မူဝါဒများနှင့် နည်းဗျူဟာ များ ပုံဖော်ခြင်း အားဖြင့် ဦးစားပေးကဏ္ဍများ သတ်မှတ်ခြင်း ပြုလုပ်လာခြင်း ဖြစ်သည်။
ခေတ်မမီတော့သည့် ဘဏ်လုပ်ငန်းကဏ္ဍတွင်လည်း ယခုအခါ နိုင်ငံခြား ဘဏ်များကို ကော်ပိုရိတ် ဝန်ဆောင်မှုအချို့ ပေးရန် ခွင့်ပြုခြင်းနှင့် အတူ အကြီးစား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်၏ အခွင့်အာဏာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်ပြုလုပ်ခဲ့ပြီး အစိုးရပိုင်ဘဏ်များ နှင့် ပုဂ္ဂလိကဘဏ်များအတွက် ညီမျှသော ပြိုင်ဆိုင်မှု ဖြစ်လာအောင် မြှင့်တင်ပေးနေသည်။
ထိုနည်းတူ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan) သစ်က စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးနှင့် ပုဂ္ဂလိက ကဏ္ဍက ဦးဆောင်သည့် ဖွံ့ဖြိုးမှုကို မြှင့်တင်ရေးတို့ကို ဦးစားပေးများအဖြစ် သတ်မှတ်ခြင်းအားဖြင့် ဟန်ချက် ညီမျှသော ဖွံ့ဖြိုးတိုးတက်မှု အမြင်တခုကို ချမှတ်ထားသည်။
အဆိုပါ အားထုတ်မှုများက ချီးကျူးဂုဏ်ပြုထိုက်ပါသည်။ သို့သော်လည်း အထင်ကြီးလောက်စရာ မက်ခရိုစီးပွားရေး အချက်အလက်များနှင့် ပြုပြင်ပြောင်းလဲရေး ကြေညာချက်များက ကိတ်မုန့် အသိုးတလုံးပေါ်တွင် သကာလောင်းထား သလိုသာ ဖြစ်နေသေးသည်။
မြန်မာနိုင်ငံ စီးပွားရေးက သယံဇာတထုတ်ယူခြင်းတွင် ရှိနေဆဲ ဖြစ်ပြီး တပ်မတော်နှင့် ၎င်းတို့၏ ခရိုနီများက ကြီးမားစွာ သြဇာလွှမ်းမိုးထားနိုင်ဆဲ ဖြစ်သလို အရပ်သားအစိုးရက ထိုကိစ္စနှင့် ပတ်သက်၍ မည်သို့မျှ မလုပ်နိုင်သည်မှာလည်း ထင်ရှားနေသည်။
အစိုးရက မဆုံးနိုင်သည့် ကုန်သွယ်ရေးလိုငွေပြမှုနှင့် ရင်ဆိုင်နေရသည်။ အမေရိကန် ဒေါ်လာက ခိုင်မာလာနေပြီး ကမ္ဘာ့ စီးပွားရေး မတည်ငြိမ်မှုများ မြင့်တက်လာသည့် အချိန်တွင် ကုန်သွယ်ရေး လိုငွေပြမှုက ကျပ်ငွေကို အင်အား ချိနဲ့စေသည်။
ယခင်က ဘတ်ဂျက် အခက်အခဲများရှိခဲ့သောကြောင့် အခြေခံ အဆောက်အဦး အားနည်းသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြီးမားစွာ ရှိနေခြင်းက ရင်းနှီးမြှုပ်နှံသူ အများစု အစိုးရိမ်ဆုံး အရာဖြစ်သည်။ ၎င်းတို့ကို တညတည်းနှင့်လည်း ပြုပြင်၍ မရနိုင်ပါ။ ရခိုင်ပြည်နယ်မှ ပြဿနာများကြောင့် အနောက်တိုင်းရင်းနှီးမြှုပ်နှံသူများ ရောက်မလာခြင်းက အဆိုပါ အခက်အခဲများကို ပြင်ဆင်ရန် ပိုမို ခက်ခဲစေခဲ့သည်။ ထိုကွက်လပ်ကို တရုတ်နိုင်ငံက ပျော်ရွှင်စွာ ဖြည့်ဆည်းနေသော်လည်း အတိုင်းအတာတခုအထိသာ ဖြစ်သည်။
မြန်မာနိုင်ငံ ကျေးလက်ဒေသ ၇၀ ရာခိုင်နှုန်း တွင် ဘဏ်ဝန်ဆောင်မှုကို အသုံး မပြုနိုင်သေးပါ။ debit ကတ်များသည်ပင် အသစ်အဆန်း ဖြစ်နေသည်။ ပြီးခဲ့သည့် ၈ နှစ်မှ စ၍ ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သော်လည်း နိုင်ငံခြား ဘဏ်များကို လက်လီဘဏ်လုပ်ငန်း သို့မဟုတ် ပြည်တွင်းငွေကြေးဖြင့် တိုက်ရိုက် ငွေထုတ် ချေးခြင်းများမှ တားမြစ်ထားဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ၏ မိုက်ခရိုစီးပွားရေးမှာလည်း နေရာအများစုတွင် စိတ်ဓာတ်များ တဖြည်းဖြည်း ကျဆင်းခြင်းနှင့်အတူ အခက်အခဲများ ရင်ဆိုင်နေရသည်။ စီးပွားရေး စစ်တမ်းများတွင် ဖြေဆိုသူများက ကျပ်ငွေ မတည်ငြိမ်ခြင်း၊ အခွန်စနစ် နှင့် ယုံကြည်ချက်များ မြင့်တက်လာရေး ဗဟိုဘဏ်က ၎င်း၏ အခွင့်အာဏာကို အသုံးမချနိုင်သည့်အပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။
ရေစုန်မျောနေပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဟု ယူဆခံရခြင်း တိုးလာနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအနေဖြင့် ပြဿနာများကို နောက်ထပ် စုပုံမလာမီ တားဆီးရေးအတွက် ဆောင်ရွက်ရန် လိုပါသည်။
ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို ပြန်လည်ရရှိရန် အတွက် အစိုးရ အနေဖြင့် ဂျာနယ်လစ်များကို ထောင်ချခြင်းအစား အရေးမယူ ခွင့်လွှတ်ခြင်းနှင့် ရိုဟင်ဂျာ လူ့အခွင့်အရေးပြဿနာကို ဖြေရှင်းရန် အမှန်တကယ် ဆန္ဒရှိကြောင်း ပြသခြင်းအား ဖြင့် ၎င်း၏ ကျဆင်းနေသော ဂုဏ်သိက္ခာကို ပြန်လည်ရယူရေးအတွက် ဆောင်ရွက်ရန် ပထမဆုံး စဉ်းစားသင့်ပါသည်။ သို့ မဟုတ်လျှင် အနောက်တိုင်းသားများက နေမြဲအတိုင်း ဆက်နေကြမည် ဖြစ်သည်။
ထို့နောက် အစိုးရအနေဖြင့် တိုင်းပြည်တွင် အရေးတကြီးလိုအပ်နေသည့် အပျော့စားနှင့် အမာစား အခြေခံ အဆောက် အဦးများတွင် နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို လှုံ့ဆော်နိုင်ရန် လိုအပ်သော အခြေအနေများကို ဖန်တီးပေးရန် လိုအပ်ပါသည်။
အခြေခံအဆောက်အဦး စီမံကိန်းများကို ဦးစားပေးရန် အတွက် စီမံကိန်းဘဏ်(Project Bank) ကို ဖန်တီးခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စီးပွားရေးအရ အလုပ်ဖြစ်၍ ရေရှည် ဘဏ္ဍာရေး အထောက်အပံ့ရမည့် နည်းလမ်းများကို ရှာဖွေရန် အကူအညီ လိုအပ်ပါသည်။ ဦးစားပေး အခြေခံအဆောက်အဦး စီမံကိန်းများကို အတည်ပြုရန်နှင့် ရင်းနှီးမြှုပ် နှံသူများ လိုအပ်သည့် ပါမစ်များ ထုတ်ပေးရန် ဝန်ကြီးဌာန အမျိုးမျိုး၊ ပြည်နယ်နှင့် တိုင်းအစိုးရများကြားတွင် ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှုရှိခြင်းကလည်း လိုအပ်ပါသည်။
လူသား အရင်းအမြစ်နှင့် ပညာရေးတွင် နောက်ထပ်ရင်းနှီးမြှုပ်နှံခြင်းကလည်း အရေးကြီးပါသည်။ ပြည်တွင်း ကုမ္ပဏီများ အနေဖြင့် နိုင်ငံတကာ ကုမ္ပဏီများကို ခြိမ်းခြောက်မှု အဖြစ် မမြင်သင့်ပါ။ အသိပညာရရှိရန်နှင့် ကမ္ဘာ့စီးပွားရေးနှင့် လုပ်ငန်းများ မည်သို့ လုပ်ကိုင်ဆောင်ရွက်နေသည်ကို ပိုမိုလေ့လာသိရှိနိုင်မည့် အထောက်အကူအဖြစ် မြင်သင့်ပါသည်။
ထိုအချိန်တွင် ဗဟိုဘဏ်က အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဘဏ္ဍာရေး အထောက်အပံ့ရရှိစေရန် အထောက် အကူပေးမည့် ဆောင်ရွက်မှုများကို မြှင့်တင်ခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ယုံကြည်မှု မြင့်တက်လာစေရန် ပြုလုပ်ပေးနိုင်ပါသည်။
မြန်မာနိုင်ငံ၏ လတ်တလော ပြုပြင်ပြောင်းလဲရေးများ ဒယီးဒယိုင်ဖြစ်နေသည်ကို မြင်ရခြင်းက ရှက်စရာ ဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော ခိုင်မာသည့် နောက်ဆက်တွဲ ဆောင်ရွက်မှု မရှိသောကြောင့် ဖြစ်သည်။ တိုင်းပြည်က ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ပြည်တွင်းနှင့် ပြည်ပမှ စီးပွားရေးလုပ်ငန်းများက မည်သို့ပြော နေကြသည်ကို သတိပြုရမည် ဖြစ်သည်။ ပြည်သူ အားလုံးအတွက် ကောင်းမွန်သော အနာဂတ်တခု သေချာစေရေးနှင့် အညီ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
(ဘန်ကောက်ပို့စ်သတင်းစာပါ Myanmar’s illusory growth ကို ဘာသာပြန်သည်။)