မြန်မာနိုင်ငံဆိုင်ရာ သီးသန့် လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ စိုးရိမ်မကင်းဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာဥပဒေကို ချိုးဖောက်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာ့တပ်မတော်ကို အဓိက တာဝန်ရှိတဲ့ အဖွဲ့အစည်းအနေနဲ့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
သူတို့ပုံနှိပ်ဖော်ပြခဲ့တဲ့ အင်ဖိုဂရပ်ဖစ် စာမျက်နှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုပ်ပုံကို အဓိက တာဝန်ရှိတဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင် ခြောက်ယောက်ထဲက တယောက်အနေနဲ့ ဖော်ပြခဲ့ပါတယ်။ “ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်တွေကို နာမည်တပ်ခြင်းအားဖြင့်၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သူတို့မှာ တာဝန်ရှိကြောင်း မစ်ရှင်က ထောက်ပြလိုတာ ဖြစ်တယ်” လို့ (FFM) ရဲ့ အစီရင်ခံစာ အပြည့်အစုံထဲမှာ ရေးထားတာ တွေ့ရပါတယ်။
အင်ဖိုဂရပ်ဖစ်ထဲမှာ တပ်မတော်က ကျူးလွန်ခဲ့တယ်လို့ ယူဆဖွယ်ရှိတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသား တမျိုးနွယ်လုံး အပေါ်မှာ သက်ရောက်တဲ့ ရာဇဝတ်မှုတွေ၊ ဂျီနိုဆိုက် လို့ခေါ်တဲ့ မျိုးနွယ်စုတစုကို မျိုးဖြုတ်ခြင်းလို့ ခေါ်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြထားပါတယ်။
အစိုးရ ခေါင်းဆောင်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အရပ်သားအစိုးရ ဟာလည်း တပ်မတော်ရဲ့ လုပ်ရပ်အမှားတွေနဲ့ ပတ်သက်လို့ ဖုံးကွယ် ငြင်းဆိုခဲ့တဲ့အတွက် ဒီရာဇဝတ်မှုတွေ အတွက် တာဝန်ရှိတယ်လို့ ပြစ်တင်ရှုတ်ချထားပါတယ်။
အစီရင်ခံစာထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ ပုဒ်မတချို့နဲ့ နိုင်ငံတွင်းမှာ လက်ရှိ ကျင့်သုံးနေတဲ့ ဥပဒေတချို့ဟာ “လူ့အခွင့်အရေး ချိုးဖောက်သူတွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကို အရေးယူလို့ မရအောင် အကာအကွယ်ပေးထား” တဲ့ ဥပဒေတွေ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ ဒီအစီရင်ခံစာမှာ ၂၀၁၁ ခုနှစ်ကစပြီး ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားမျိုးနွယ်ဆိုင်ရာ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေကို စုံစမ်းဖော်ပြထားပြီး မြန်မာနိုင်ငံအရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။
“လုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့ကြသော အပြည်ပြည်ဆိုင်ရာ ဥပဒေ လက်အောက်မှ ရာဇဝတ်မှုများကို တာဝန်ယူ အပြစ်ကျခံစေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။ ဖြစ်နိုင်က အကောင်းဆုံးမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ ရုံးတင်ခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ် အခြားနည်းလမ်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး တစ်ခု ယာယီဖွဲ့စည်းခြင်းဖြင့် လည်းကောင်း ဆောင်ရွက်သင့်သည်” လို့ ဖော်ပြထားပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်း တဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းတဦးလည်းဖြစ်တဲ့ ဦးရွှေမန်းကတော့ ၂၀၀၈ အခြေခံဥပဒေဟာ စစ်အစိုးရလက်ထက်တုန်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော် ခေါင်းဆောင် တွေကို အကာအကွယ်ပေးဖို့ ရေးဆွဲထားခဲ့တဲ့ ဥပဒေဖြစ်တယ်လို့ ဒီဗီဘီ ဒီဘိတ်အကယ်ဒမီက ပြုလုပ်ခဲ့တဲ့ စကားဝိုင်းမှာ ဝန်ခံပြောဆိုခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြီးမှ အသွင်ကူးပြောင်းရေး ကာလဖြစ်မြောက်အောင် လုပ်ခဲ့တာကို မေ့ထားလို့ မရကြောင်းနဲ့ ယခင် စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အာဏာလွှဲပြောင်းရေးအတွက် စိုးရိမ် သောကတွေ အကြောင်း ဦးရွှေမန်းက ပြောပြခဲ့ပါတယ်။
“သူတို့ရဲ့စိုးရိမ်မှုတွေ သောကတွေက ဘာလဲဆိုတော့ ငါတို့အရင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ နောက်ကြောင်းပြန် အရေးယူမယ်ဆိုရင် လွတ်မြောက်အောင် ဆိုပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ခုနက ပုဒ်မ (ပုဒ်မ ၄၄၅) ကို ထည့်ခဲ့တာဖြစ်တယ်” လို့ ဦးရွှေမန်းက ဆိုပါတယ်။
နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ဟာ တပ်မတော်အပေါ် အကာအကွယ်ပေးထားတဲ့ ဥပဒေပုဒ်မတွေ အပေါ် အသေးစိတ် သုံးသပ်ပြီး “တပ်မတော်ဟာ ဥပဒေရဲ့ အထက်မှာရှိနေလို့ မြန်မာ့ နိုင်ငံရေးနဲ့ ဥပဒေပြု စနစ်တွေမှာ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် အမြစ်တွယ်နေတာ ဖြစ်တယ်။ အခြေခံဥပဒေနဲ့ အချို့ ဥပဒေသတွေဟာ တပ်မတော်ကို အကာအကွယ် ပေးထားတဲ့အတွက် တပ်မတော်ကို အရပ်သား အစိုးရရဲ့ ကြီးကြပ်မှုအောက်က ကင်းကွာနေစေတာ ဖြစ်တယ်” လို့ အစီရင်ခံစာမှာ မှတ်ချက်ပြု ထားပါတယ်။
၂၀၁၄ ခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲမိန့်ခွန်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို မကြာခဏ တိုက်တွန်းခဲ့ဖူးပါတယ်။
“တပ်မတော်သားတွေရဲ့ သဘောတူညီချက် မရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အဓိက ပုဒ်မတွေကို ပြင်လို့မရဘူး။ ဒီတော့ တပ်မတော်သားတွေကို မေတ္တာရပ်ခံချင်တာပါပဲ။ စဉ်းစားကြည့်ပါ။ တခြား ပြည်သူပြည်သား တွေထက် ပိုပြီးတော့ အခွင့်အရေး ရနေတာဟာ တကယ်ပဲ ဝမ်းသာစရာကိစ္စ ဟုတ်ရဲ့လား ဆိုတာ စဉ်းစားစေချင်ပါတယ်။ စစ်တပ်များရဲ့ အဓိကအင်အားဟာ လက်နက်ပါပဲ။ အဲဒီတော့ လက်နက် အင်အားကြောင့်မို့ အထူးအခွင့်အရေး ရတယ်ဆိုတာဟာ သိက္ခာရှိရဲ့လား။ ဒါကိုယ့်အတွက် ကောင်းရဲ့လား ဆိုတာ အများကြီး စဉ်းစားကြည့်ပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က သိပ်မကြာသေးခင်က စင်ကာပူ တက္ကသိုလ် တခုက ဖိတ်ကြားလို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာလည်း မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးဟာ မဖြစ်မနေ လုပ်ရမယ့်ကိစ္စတခုဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ပြည်သူကို အဆင်ပြေစေချင်ကြောင်း သူ့မိန့်ခွန်းတွေထဲမှာ မကြာခဏ ထည့်ပြောခဲ့ဖူးပါတယ်။
“အဆင်ပြေစေချင်တယ်ဆိုတာ ကျမတို့ နိုင်ငံအတွက်ပါ။ ပုဂ္ဂိုလ်ရေး သံယောဇဉ် တခုတည်းအတွက် မဟုတ်ပါဘူး။ ဒီနိုင်ငံ အေးချမ်းဖို့ လုံခြုံဖို့ဆိုရင် တပ်မတော်နဲ့ပြည်သူ တယောက်နဲ့တယောက် ယုံကြည်ရမယ်။ လေးစားရမယ်။ ချစ်ခင်ရမယ်။ အဲဒီလို အနေအထားမရှိလို့ကတော့ ဘယ်တော့မှ ဒီနိုင်ငံဟာ တည်ငြိမ်မှာမဟုတ်ဘူး။ လုံခြုံနိုင်မှာ မဟုတ်ဘူး”
သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်အပေါ်မှာထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂလိက သံယောဇဉ်ဟာ တပ်မတော်နဲ့ ရင်ကြားစေ့ရေးကို အမြဲတစေ ကြိုးပမ်းဖို့ တွန်းအားတခု ဖြစ်ခဲ့ပါတယ်။
“ဖခင်ဆိုတာ တယောက်ပဲရှိနိုင်တယ်၊ ၂ ယောက်မရှိနိုင်ဘူး။ အဲဒီတော့ တခုတည်းသော ဗမာ့တပ်မတော်ရဲ့ ဖခင်ဟာ ဖေဖေပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျမဟာ တပ်မတော်သားတွေကို ကျမရဲ့ သွေးရင်းသားရင်းလိုပဲ စိတ်ထဲမှာထားတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း တပ်မတော်ရဲ့ အတွေးအခေါ် အယူအဆတွေဟာ သူ့ဖခင် တည်ထောင်ခဲ့စဉ်ကနဲ့ အတော်လေး ကွာခြားခဲ့ပြီဖြစ်ကြောင်းကို သတိထားမိတဲ့အတွက် တပ်မတော်အပေါ် ဝေဖန် ပြောဆိုမှုတွေလည်း မကြာခဏ လုပ်ခဲ့ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေက တပ်မတော်ကို အထူးနေရာမှာ ထားတယ်။ ဒီတပ်မတော်ကို စပြီးဖွဲ့စဉ် အခါတုန်းက ပြည်သူသာလျှင်အမိ၊ ပြည်သူသာလျှင်အဖ ဆိုတဲ့အဆိုဟာ အခုဆိုရင် ပြောင်းပြန် ဖြစ်သလိုတောင် ဖြစ်နေပြီ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
၁၉၅၀ ပတ်ဝန်းကျင်လောက် ကတည်းက တပ်မတော်သားတွေဟာ “စစ်တိုက်သူတွေအဖြစ် ကနေ နိုင်ငံတော် တည်ထောင်သူတွေ” အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်လို့ မြန်မာ့တပ်မတော်အကြောင်း စာအုပ်ရေးသားပြုစုခဲ့တဲ့ Cornell University က သုတေသီ မေရီကလဟန်က ရေးသားခဲ့ဖူးပါတယ်။
၂၀၀၃ ခုနှစ်လောက်က ထုတ်ဝေခဲ့တဲ့ “Making Enemies” ဆိုတဲ့ သူ့ရဲ့စာအုပ်ထဲမှာ ပြည်တွင်းစစ်မီး ငြှိမ်းသတ်ပြီးတဲ့နောက် ပြန်လည်ထူထောင်ရေး လုပ်ကြရာမှာ ပါဝင်သူ တပ်မတော်အရာရှိတွေဟာ နိုင်ငံတော် တည်ထောင်သူတွေ ဖြစ်လာကြတယ်။ တပ်မတော်ဟာလည်း အင်စတီကျူးရှင်း တခုအဖြစ်ကနေ အစိုးရ တခုအဖြစ်ကို ရောက်လာတယ်လို့ ရေးသားခဲ့ပါတယ်။
နှစ်ခြောက်ဆယ်ကျော် အရိုးစွဲလာခဲ့တဲ့ “တပ်မတော်ဟာ နိုင်ငံတော် တည်ထောင်သူဖြစ်တယ်” ဆိုတဲ့ အတွေးအခေါ် အယူအဆတွေကို နေ့ချင်းညချင်း ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တပ်မတော်ကို စစ်တန်းလျားကို ပြန်ပို့ဖို့ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အခက်ခဲဆုံး ပြဿနာတခု ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၈ အခြေခံဥပဒေက ပေးထားတဲ့ အထူးအခွင့်အရေးတွေ အောက်မှာ တပ်မတော်ဟာ လက်နက်ကိုင် တပ်ဖွဲ့များအားလုံးရဲ့ အရေးနဲ့ပတ်သက်ပြီး လွတ်လပ်စွာ စီမံအုပ်ချုပ်ခွင့် ရထားလို့ပါပဲ။
နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်က လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အမြန်ဆုံးလုပ်ဖို့ အကြံပြုထားပါတယ်။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲဖို့ အတွက်လည်း ရွေးကောက်ခံမဟုတ်တဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော် ကိုယ်စားပြုအမတ်တွေကို လွှတ်တော်ထဲမှာ ဆက်လက်မထားရှိဖို့နဲ့ တပ်မတော်က တာဝန်ယူထားတဲ့ ဝန်ကြီးဋ္ဌာနတွေကိုလည်း အရပ်သား အစိုးရလက်အောက်ကို လွှဲပြောင်းပေးဖို့ စတဲ့ အချက်တွေကိုလည်း အကြံပြုထားပါတယ်။
တပ်မတော်ဟာ အရပ်သားအစိုးရရဲ့ ကြီးကြပ်မှုအောက်က ကင်းကွာနေတယ်လို့ မစ်ရှင်က ထောက်ပြ ခဲ့သလို ရိုဟင်ဂျာ ဒုက္ခသည်တွေအရေးနဲ့ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ် နေမှုတွေအပေါ်မှာလည်း အပြစ်ဖို့ခဲ့ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ Zeid Ra’ad al-Hussein က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့တပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်လို လုပ်နေမယ့်အစား နိုင်ငံ့ အကြီးအကဲ ရာထူးကနေ နှုတ်ထွက်လိုက်တာပဲ ဖြစ်ဖြစ်၊ နေအိမ်အကျယ်ချုပ် ပြန်အကျခံရမယ့် နည်းလမ်းကို ရွေးလိုက်တာပဲ ဖြစ်ဖြစ် လုပ်သင့်ကြောင်း ရှုတ်ချပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း သူသိသင့် တာက မြန်မာနိုင်ငံမှာ ဒီကနေ့ ရောက်လာခဲ့တဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလို့ ခေါ်ဆောင်နိုင်ရုံ လမ်းစလေးကို ရောက်လာဖို့တောင် အနှစ် ၃၀ ကြာမြင့်ခဲ့တယ်ဆိုတာပါပဲ။
မိသားစုကို စွန့်ခွာပြီး နေအိမ်အကျယ်ချုပ် ၁၅ နှစ်လောက်ကျခံခဲ့ရတဲ့ လူထုခေါင်းဆောင် တယောက်အပေါ် ဒီလို ပြစ်တင်ပြောဆိုမှုမျိုးဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက် တင်မြှောက်ခဲ့ကြတဲ့ မြန်မာပြည်သူ အများစုကို မလေးမစား လုပ်ရာကျပါတယ်။
ရိုဟင်ဂျာအရေး ကိစ္စတွေမှာ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေမှုဟာ သူ့ကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံပြပုဂ္ဂိုလ်အနေနဲ့ ထောက်ခံခဲ့ကြတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားမှာ သူ့ကိုယ်သူ ပုံရိပ်ကျဆင်း သွားအောင် လုပ်လိုက်သလိုပါပဲ။ သူ့ရဲ့ နိုင်ငံတကာပုံရိပ်ကို အသေခံပြီး ဆိတ်ဆိတ်နေတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တာဟာ တပ်မတော်နဲ့ ရင်ကြားစေ့ရေးလုပ်ရာမှာ အလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ ယုံကြည်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုကို FFM က “ထိမ်ချန်မှု” မြောက်တယ်လို့ သုံးသပ်ခဲ့ ပါတယ်။
“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလို ဖြစ်ရပ်တွေ မဖြစ်အောင် ကာကွယ်ဖို့ သူ့ရဲ့ နိုင်ငံ့ အကြီးအကဲရာထူး (ဒါမှမဟုတ်) ကျင့်ဝတ်နဲ့ ညီညွတ်တဲ့ သြဇာတိက္ကမကို မသုံးခဲ့ဘူး။ အရပ်သား တွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ အစိုးရ တရပ်အနေနဲ့ အခြားနည်းလမ်းတွေကို ရှာဖို့ ဒါမှမဟုတ် ဖြစ်ပျက် သွားတာတွေအပေါ်မှာ ထုတ်ဖော်ပြောကြားမှုတွေ ဝေဖန်ရှုတ်ချမှုတွေ လုပ်ခဲ့တာမျိုး မရှိဘူး” လို့ FFM က ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဟာ သတင်းမှားတွေ၊ အမုန်းတရား ပြန့်ပွားစေတဲ့ သတင်းစကား တွေကို ဖြန့်ဝေခဲ့တယ်။ တပ်မတော်ရဲ့ လုပ်ရပ်အမှားတွေကို ဖုံးကွယ်ခဲ့တယ်။ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့ အပါအဝင် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကိုလည်း ပြည်ဝင်ခွင့် မပေးခဲ့ဘူး။ မီးရှို့ခံရတဲ့ ရိုဟင်ဂျာကျေးရွာတွေကိုလည်း ဘူဒိုဇာတွေနဲ့ ထိုးပြီး ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား တွေကို ဖျောက်ဖျက်ပစ်တယ် စသဖြင့် စွပ်စွဲပြောဆိုခဲ့ပါတယ်။
“ဒီလိုလုပ်ရပ်တွေ ထိမ်ချန်မှုတွေဟာ အရပ်သား အစိုးရအနေနဲ့ တပ်မတော်ရဲ့ ပြစ်မှုကျူးလွန်မှုတွေအပေါ် အလိုတူ အလိုပါ အားပေးအားမြှောက် ပြုရာကျပါတယ်” လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
လက်ရှိအနေအထားကတော့ ၁၉၈၈ ခုနှစ်တုန်းက ထောင်ချီတဲ့ ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို တပ်မတော်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက်မှာ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမှုတွေ လုပ်ခဲ့သလို အနေအထားမျိုးနဲ့ ဆင်တူနေပါတယ်။ မတူတာဆိုလို့ စစ်အုပ်ချုပ်ရေး လက်အောက်မှာ ရှိမနေတာနဲ့၊ NLD နဲ့ တပ်မတော် အာဏာခွဲဝေပြီး အုပ်ချုပ်နေတဲ့ အနေအထားမျိုးကို ရောက်နေတာ တခုပါပဲ။ တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို လွှဲပြောင်း ပေးရမယ်ဆိုတဲ့ နိုင်ငံတကာရဲ့ တောင်းဆိုမှုတွေကြောင့် စစ်ဗိုလ်ချုပ်ဟောင်းတွေအနေနဲ့ အိပ်မက်ဆိုးတွေ မက်ကောင်းလည်း မက်နေနိုင်ပါတယ်။
“မြန်မာ့တပ်မတော်နဲ့ အခြားလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ အတိတ်က ပြစ်မှုတွေကို အရေးမယူဘူး ဆိုရင်တော့ လက်ရှိရော၊ အနာဂတ်မှာရော နောက်ထပ် အကြမ်းဖက်မှုတွေ ရာဇဝတ်မှုတွေ ဆက်ကျူးလွန် နေဦးမှာပဲ” လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
မစ်ရှင်ရဲ့ အစီရင်ခံစာမှာ အစိုးရနဲ့တပ်မတော်အတွက် အကြံပြုချက် အများအပြား ထည့်သွင်းထားပေမယ့် ဘယ်လောက်အထိ အကောင်အထည်ဖော်လို့ရမလဲ၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တပ်မတော်အနေနဲ့ ဘယ်လောက်ထိ ဆန္ဒရှိမလဲ ဆိုတာကတော့ အပူတပြင်း မေးရမယ့် မေးခွန်းတခုပါပဲ။ တပ်မတော်ဟာ သူတို့ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေထဲမှာ ချောင်ပိတ်မိသလို ဖြစ်နေပါတယ်။
အမှောင်ခေတ်ကို ပြန်သွားဖို့ရာကတော့ အဖြေတခု မဟုတ်တာ အသေအချာပါပဲ။ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ ဆောင်ပုဒ်က “အမှောင်ထုအောက်မှာ ဒီမိုကရေစီ သေဆုံးတယ်” လို့ဆိုပါတယ်။ မြန်မာပြည်မှာ အာဏာရှင်စနစ် ကုန်ဆုံးခဲ့ပြီလို့ ထင်ရပေမယ့် ဒီမိုကရေစီနည်းလမ်း မကျတဲ့ အခြေခံ ဥပဒေကတော့ ရှင်သန်နေဆဲပဲဖြစ်ပါတယ်။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် အလွတ် သတင်းထောက် တဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယက် တက္ကသိုလ်တွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် PhD. တန်းတွင် တက်ရောက်သင်ယူနေသူ ဖြစ်သည်။)