ကမ္ဘာတွင် ပြဿနာက များသလောက် ယင်းပြဿနာများအတွက် အဖြေကနည်းနေသည်ဟု ဆိုလျှင် မှားမည် မဟုတ်ပေ။ ထိုသို့သော အခြေအနေများတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က လက်ရှိ ကမ္ဘာ့အခြေအနေကို “ယုံကြည်မှု ချို့တဲ့သော ဖရိုဖရဲစနစ်” (Trust deficit disorder) ဟု ရည်ညွှန်း ပြောဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သို့သော် ယခုအချိန်သည် စိတ်ဓာတ် ကျဆင်းနေရမည့် အချိန်လည်း မဟုတ်ပေ။
တိမ်တိုက်တိုင်းတွင် ငွေရောင်အနားသတ် ရှိကြသည်ချည်းသာ ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကမှ ဖြစ်ပေါ်လာသည့် တိုးတက်မှုများသည် မျှော်လင့်ချက် တစွန်းတစကို ဖော်ပြနေပေသည်။
ကိုရီးယား ကျွန်းဆွယ်မှ ထူးခြားသော အောင်ပွဲများ၏ သော့ချက်မှာ ယုံကြည်မှုတည်ဆောက်ရန် ကိုရီးယား အစိုးရ၏ မဆုတ်မနစ်သော အားထုတ်မှု ဖြစ်သည်။ ယုံကြည်မှု တည်ဆောက်ခြင်းနှင့် ချစ်ကြည်ခြင်းသည် တောင်ပိုင်း မူဝါဒသစ် (New Southern Policy) အမည်ရှိ ကိုရီးယားအစိုးရ၏ ငြိမ်းချမ်းရေး အစီအစဉ်နှင့် သံတမန် ရေးရာ အစီအစဉ်သစ်၏ အဓိက အနှစ်သာရဖြစ်သည်။
ထိုမူဝါဒမှာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်မှု မျှဝေခံစားရေး အတွက် ပြည်သူလူထုအတွက် အကျိုး ဖြစ်ထွန်းစေသော နည်းဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးပင်ဖြစ်သည်။
မိမိတို့၏ မူဝါဒများသည် ဒေသ တဝန်းလုံးတွင် သာမက ပတ်ဝန်းကျင်တွင်ပါ ကြီးမားသော သက်ရောက်မှုများ မည်သည့်အတွက် ရှိလာလိမ့်မည်ကို မကြာသေးမီက နေပြည်တော်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသော အမျိုးသားနေ့ ဧည့်ခံပွဲတွင် စာရေးသူက ရှင်းပြခဲ့သည်။
တောင်နှင့်မြောက် ကိုရီးယားခေါင်းဆောင်များသည် နောက်ထပ်အရေးပါသော သဘောတူညီမှုဖြစ်သည့် ပြုံယမ်း ပူးတွဲကြေညာချက်ကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသော တတိယ အကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့သည်။
ထိုထိပ်သီးဆွေးနွေးပွဲ၏ ထူးခြားချက်မှာ စစ်ရေးနယ်ပယ်တွင် ယုံကြည်မှု တည်ဆောက်သော အစီအစဉ် အများအပြားကို သဘောတူခြင်းဖြင့် ထိုကြေညာချက်သည် ကိုရီးယားကျွန်းဆွယ်တွင် စစ်ခြိမ်းခြောက်မှု ကင်းဝေးရေး အိပ်မက်ကို ထိထိရောက်ရောက် အကောင်အထည် ဖော်လိုက်နိုင်ခြင်းပင် ဖြစ်သည်။
ထာဝရတည်မြဲပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် မိမိတို့၏ အားထုတ်မှုများတွင် အခန်းကဏ္ဍသစ် စတင်လိုက်ပြီဖြစ်သည်။
တကမ္ဘာလုံးက ဝိုင်းဝန်းချီးကျူးနေသကဲ့သို့ပင် အရေးအပါဆုံး မောင်းနှင်အားမှာ အမြင့်ဆုံးအဆင့်တွင် ယုံကြည်မှု တည်ဆောက်ရန် သမ္မတ မွန်ဂျေးအင်၏ မဆုတ်နစ်သော အားထုတ်မှုဖြစ်သည်။ ကိုရီးယား ကျွန်းဆွယ်မှ ကြီးမားသော အပြောင်းအလဲများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် စုပေါင်း စွမ်းအားဖြင့် အကောင်အထည် ဖော်နေသော မြန်မာနိုင်ငံအတွက်လည်း စိတ်အားတက်ကြွမှုများကို ဖြစ်စေနိုင်သည်။
မိမိတို့နှစ်နိုင်ငံအကြား တစိတ်တဝမ်း တသဘောတည်း ရှိကြသည်မှာ ငြိမ်းချမ်းရေး တခုတည်းသာ မဟုတ်ပေ။ ဟနွိုင်းတွင် ကျင်းပသည့် ASEAN နှင့် ပတ်သက်သော ကမ္ဘာ့စီးပွားရေး ညီလာခံတွင် ထုတ်ဖော် ပြသခဲ့သည့် အတိုင်းပင် ကိုရီးယားနှင့် မြန်မာနိုင်ငံတို့သည် စတုတ္ထ စက်မှုတော်လှန်ရေး ခေတ်တွင် အနာဂတ် လမ်းကြောင်းကို ပုံဖော်နိုင်ရန် အပြင်းအထန် ကြိုးစားနေကြသည်။
ဤနေရာတွင် ဆိုလိုသည်မှာ ကိုရီးယားနိုင်ငံ၏ တောင်ပိုင်း မူဝါဒသစ်သည် နှစ်ဦးနှစ်ဖက် အနိုင်ရရှိသော ပူးပေါင်း ဆောင်ရွက်မှုကို အချိန်မီ ဖန်တီးရန် အနေအထားတခု ပေါ်ပေါက်စေခဲ့သည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ ကာလလတ်နှင့် ကာလရှည် သေနင်္ဂဗျူဟာ ဖြစ်သော မြန်မာ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်သည် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အနေအထားကောင်းတွင် ရှိနေခြင်းပင် ဖြစ်သည်။
ကိုရီးယားနိုင်ငံသည် ASEAN နှင့် ကုန်သွယ်မှု ပမာဏကို ဒေါ်လာ ဘီလျှံ ၂၀၀ အထိ မြှင့်တင်ရန်နှင့် အပြန်အလှန် လည်ပတ်မှု ပမာဏကို ၂၀၂၀ ပြည့်နှစ်တွင် ၁၅ သန်းအထိ တိုးမြှင့်ရန် ရည်မှန်းထားသောကြောင့် ရှေ့လာမည့်နှစ်သည် မိမိတို့၏ ခရီးတွင် အရေးပါသော နောက်ထပ် အပြောင်းအလဲကာလ ဖြစ်သည်။
ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံ ဆွေးနွေးဘက်များ ထူထောင်သည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ် အဖြစ် မိမိတို့၏ အစိုးရသည် ၂၀၁၉ ခုနှစ်တွင် အထူးထိပ်သီး ဆွေးနွေးပွဲတခုကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။
လာမည့်နှစ်တွင် အမြင့်ဆုံးအဆင့်များ အပြန်အလှန် လည်ပတ်မှုများ ဖြစ်လာရန် အကြောင်းများစွာ ရှိသည်။ ထိုသို့ အပြန်အလှန် လည်ပတ်မှုများသည် မြန်မာနှင့်ကိုရီးယား နိုင်ငံတို့အကြား ဆက်ဆံရေးတွင် ယုံကြည်မှု တည်ဆောက်ရာတွင် အရေးပါသော အရှိန်အဟုန်ကိုလည်း ဖန်တီးပေးမည် ဖြစ်သည်။
(ဆောင်းပါးရှင် လီစန်ဟွာသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ် ဖြစ်သည်။ ၎င်းရေးသည့် Trust Building – The Only Solution to ‘Trust Deficit Disorder’ ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – မြန်မာခေါင်းဆောင်များအတွက် ကိုရီးယားထိပ်သီးဆွေးနွေးပွဲမှ သင်ခန်းစာများ