ရန်ကုန်မြို့ဟာ လူဦးရေ များပြားတဲ့ မြို့ဖြစ်တာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လူနေမှု ဘဝမှာ လုံခြုံမှု ရှိဖို့ အထူးပဲ အရေးကြီးပါတယ်။ ရာဇဝတ်မှုတွေ နည်းပါးပြီး ပူပင်သောက မရှိဘဲ နေထိုင် လုပ်ကိုင် စားသောက် နိုင်မှသာ လုံခြုံမှု ရှိတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် လတ်တလော ကာလ အတွင်း ခပ်စိတ်စိတ် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေက ရန်ကုန်မြို့ဟာ လုံခြုံမှု မရှိဘူးလို့ ဖော်ညွှန်းနေပါတယ်။
လုယက်မှု၊ မူးယစ်ဆေးဝါးမှု၊ မုဒိမ်းမှုကနေ လူသတ်မှု အထိ ရာဇဝတ်မှုတွေ များပြားလာနေတာဟာ တရားဥပဒေ စိုးမိုးမှု အားနည်းနေတာကို သက်သေပြနေပါတယ်။ လက်ရှိ နေထိုင်နေကြတဲ့ လူဦးရေနဲ့ ရဲတပ်ဖွဲ့ဝင် အင်အား မမျှတတာကလည်း အကြောင်းရင်း တချက် ဖြစ်ပါတယ်။ တချို့သော ရာဇဝတ်မှုတွေမှာ ရဲတပ်ဖွဲ့ကို အချိန်မီ အကြောင်းကြားပေမယ့် အချိန်မီ ရောက်မလာတာ၊ လူမှုကွန်ရက် စာမျက်နှာမှာ ဓာတ်ပုံနဲ့ တကွ တင်မှ အရေးယူ လုပ်ဆောင်တာတွေကလည်း ရဲတပ်ဖွဲ့အပေါ် ဝေဖန်စရာ ဖြစ်လာရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က မူးယစ်ဆေးဝါး ပြတိုက်မှာ ကျင်းပတဲ့ တိုင်းဒေသကြီး အဆင့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ ရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရာဇဝတ်မှုတွေကို တိုင်ကြားရုံ သက်သက်သာ မကဘဲ ပြည်သူများ ကိုယ်တိုင် အရေးယူ ဖမ်းဆီးနိုင်အောင် စီစဉ်ဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီလို ပြောကြားချက်ကို ကြိုဆိုသူတွေလည်း ရှိသလို ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။ တကယ့် ဖြစ်ရပ်တွေကို ကြည့်ရင် လူမြင်ကွင်းမှာ အထိတ်တလန့် ဖြစ်ခဲ့ရတဲ့ လူသတ်မှု တခုက စက်တင်ဘာ ၂၆ ရက်နေ့က လှိုင်သာယာမြို့နယ် အပြင်က ပဒံကျေးရွာ၊ ဆန်စက်လမ်းမှာ ဖြစ်ပွားခဲ့တာပါ။
ငွေရေးကြေးရေး ကိစ္စ တခုအတွက် လှိုင်သာယာ လူမိုက် ခင်မောင်လွင် (ခ) ဝကြီးကို လူအုပ်စုတစုက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။ ကျူးလွန်သူ ၄ ယောက်ကို ရဲတပ်ဖွဲ့က ခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရပြီး ကျူးလွန်သူတွေဆီကနေ ပွိုင့် ၄၅ ပစ္စတို သေနတ် ၁ လက်၊ ရီမင်တန် တလုံးထိုး သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ပါတယ်။
ရန်ကုန်မြို့ဟာ လုံခြုံမှု ကင်းမဲ့ပြီး ကျီးလန့်စာစား ဖြစ်နေရတဲ့ မြို့မှာ မပါဝင်ဘူးလို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ တာဟာ ဘယ်အချက်ပေါ် မူတည်ပြီး ပြောတာလဲလို့ စောဒကတက်သူတွေလည်း အများအပြားပါ။ ရှေ့နေကြီး ဦးကိုနီဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့၊ ရန်ကုန်လေဆိပ် လူမြင်ကွင်းမှာ သေနတ်နဲ့ အနီးကပ် ပစ်ခတ် လုပ်ကြံ ခံခဲ့ရတာကလည်း မကြာသေးတဲ့ ရာဇဝတ်မှုခင်းကြီးပါ။ အကြမ်းဖက်သမားတွေ အတွက် နေရာမရှိဘူး လို့ ဝန်ကြီးချုပ်ကိုယ်တိုင် ပြောကြားခဲ့ပေမယ့် အခုထိ ရာဇဝတ်မှု လျော့နည်း ကျဆင်းတာရယ်လို့ မတွေ့ရသေး ပါဘူး။
ဖေ့စ်ဘုတ် ဆယ်လီ အောင်ရဲထွေး အသတ်ခံရတဲ့ အမှုမှာ ကျူးလွန်သူ ၃ ယောက်ကို တရားရှင်လွှတ်ပေးခဲ့ပြီး နောက်ပိုင်း ပြည်သူတွေက အဲဒီ အပေါ် ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျယ်ကျယ်လောင်လောင် ဖြစ်လာတာကြောင့် ပြန်လည်စစ်ဆေးဖို့ ဖြစ်လာရတာပါ။
ဒီအမှုကို ဥပဒေကြောင်းအရ ကိုင်တွယ်ဆောင်ရွက်သူ လာဘ်ပေး လာဘ်ယူမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ၅ ယောက်ကိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ကျူးလွန်သူ ၃ ယောက်ကိုပါ စစ်ဆေးမှုတွေ ပြန်လည် စတင်နိုင်ခဲ့တာကတော့ တရားဥပဒေ မျက်နှာစာမှာ ကောင်းတဲ့ လက္ခဏာလို့ ပြောရမှာပါ။
အုပ်စုဖွဲ့ လူသတ်မှုကျူးလွန်တာတွေ ဆက်ဖြစ်နေတာဟာ ပြည်သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတာ ဖြစ်သလို ထိရောက်တဲ့ အရေးယူမှုတွေ လိုအပ်နေပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ည ၁၀ နာရီကျော်က တာမွေဈေးအနီး ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ လူသတ်မှုဟာ ထိတ်လန့်စေရုံသာမက ဓား၊ လှံ၊ ပုဆိန် လက်နက်တွေ အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီ လူသတ်မှုမှာ လူ ၂ ယောက် သေဆုံးခဲ့ရပြီး ကျူးလွန်သူ အနည်းဆုံး ၈ ယောက်ထိ ရှိပါတယ်။ အဲဒီအထဲမှာ နာမည်ကြီး လူမိုက်တွေ ပါဝင်နေတယ် လို့ သတင်းတွေမှာ ဖတ်ရပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ် အမဲဈေးရှေ့မှာ နေ့ခင်းကြောင်တောင် ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ ဓားခုတ်မှုကလည်း ပြည်သူတွေကြား အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့် အချိန်မှာ ဇနီးမောင်နှံ ၂ ယောက်ကို လူ ၇ ဦးကနေ ဓားနဲ့ ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့တာပါ။ ကျူးလွန်သူ တချို့ကို ဖမ်းမိထား ပေမယ့် တချို့ကိုတော့ ဖမ်းမမိသေးပါဘူး။ အခုလို ဖြစ်ရပ်တွေဟာ ရန်ကုန်မြို့နေ လူထုကြား လုံခြုံမှု မရှိတာကို သက်သေပြနေတာ ဖြစ်ပြီး ဒီထက် ပိုကောင်းမွန်တဲ့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးကို လိုလားနေကြပါတယ်။
နောက်ပြီး အငှားယာဉ်မောင်းကို ဓားထောက်လုယက်မှုတွေ ဆက်ဖြစ်ပွားနေတာကြောင့် ခရီးသည်နဲ့ အငှားယာဉ်မောင်းတို့ အကြား မယုံကြည်ရမှုတွေ၊ စိုးရိမ်စိတ်တွေ တိုးလာနေပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ်တချို့မှာ ဆိုင်ကယ်မစီးနင်းရဘူး ဆိုပေမယ့် လက်တွေ့ အခြေအနေမှာ ဆိုင်ကယ်စီးနင်းမှုတွေ၊ စက်တပ်စက်ဘီးတွေ စီးနေကြတာ တွေ့ရပါတယ်။ ဒါဟာ ဥပဒေ မရှိတာလား၊ ဥပဒေကို မလိုက်နာတာလား၊ ဥပဒေ အတိုင်း လိုက်နာဖို့ ဘာကြောင့် ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်ကြတာလဲ စသဖြင့် မေးခွန်းထုတ်စရာတွေ ရှိလာနေပါတယ်။
ထောင်ဒဏ် ၃ နှစ် အထိ ချမှတ် အရေးယူနိုင်တယ် လို့ ဆိုပေမယ့် အခုချိန်အထိ ဒဏ်ရိုက်တာက လွဲပြီး ဘယ်ဆိုင်ကယ်၊ စက်တပ်ဘီး စီးသူကိုမှ ထောင် ၃ နှစ် ချမှတ်တယ် လို့ မကြားမိသေးပါ။ ပိုဆိုးတာက မန္တလေးမြို့မှာလိုပဲ ဆိုင်ကယ်စီးနင်းသူ တချို့က ဆွဲကြိုးဖြတ်မောင်းပြေးမှု၊ လုယက်မှုတွေ ကျူးလွန်လာတာ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ အစိုးရက အရေးယူနေတာကို ကြိုဆိုရမှာ ဖြစ်ပေမယ့် ဒီထက်ပိုပြီး ထိထိရောက်ရောက် အရေးယူရမှာပါ။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာ ၅ ဒသမ ၅၆ မီလီမီတာ ကျည်ဆံ အတောင့် ၉၅၀၀ ကျော် ဖမ်းဆိးရမိခဲ့တာကြောင့် ကျည်ဆံတွေ အခုလို ပမာဏ အများကြီး တွေ့ရှိမှုဟာ ဘယ်လို အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေနိုင်မလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ကျည်ဆံတွေ၊ သေနတ်တွေဟာ အလွယ်တကူ ရနိုင် ကိုင်နိုင်တဲ့ အနေအထားမျိုး လုံး၀ မဖြစ်သင့်ပါဘူး။
ရန်ကုန်ဟာ နယ်အသီးသီးက ရွှေ့ပြောင်းနေသူတွေ အများကြီး ရှိတဲ့ မြို့ကြီး ဖြစ်တာကြောင့် ရာဇဝတ်မှု တွေလည်း အသွင်အမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးဖို့ အုပ်ချုပ်ရေးပိုင်းနဲ့ ရဲတပ်ဖွဲ့ အနေနဲ့ အထူးအလေးပေး လုပ်ဆောင်ရမှာပါ။ ရဲတပ်ဖွဲ့အင်အား ထပ်မံ တိုးချဲ့ရမှာ ဖြစ်သလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းရည်ထက်မြက်လာအောင်လည်း ပံ့ပိုးပေးဖို့ လိုပါတယ်။
ပြည်သူတွေ ယုံကြည်တဲ့ ရဲတပ်ဖွဲ့ ဖြစ်ဖို့ ရဲတပ်ဖွဲ့ အနေနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်ရမှာပါ။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းက မြို့နယ် ၂၅ မြို့နယ်မှာ ရပ်ရွာနေပြည်သူ့ အခြေပြု ရဲလုပ်ငန်း စနစ် (Community Based Policing) ကို ဖော်ဆောင်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် ပြည်သူတွေ ပါဝင်လာဖို့ အသိပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေပါသေးတယ်။
တရားဥပဒေ စိုးမိုးမှု အားနည်းရင် ပြည်သူတွေ နောက်ကျောလုံလုံ နေထိုင်နိုင်မှာ မဟုတ်သလို၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရနဲ့ ရဲတပ်ဖွဲ့ အပေါ် ယုံကြည်မှုပါ လျော့နည်းလာနိုင်ပါတယ်။ ရာဇဝတ်မှုတွေကို ဥပဒေနဲ့ အညီ ပြတ်ပြတ်သားသား ကိုင်တွယ်ပြီး ပြည်သူ့ဘဝတွေ လုံခြုံဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေနဲ့ အပြောနဲ့ မဟုတ်၊ အလုပ်နဲ့ သက်သေပြချိန် ရောက်ပြီ ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)