အုပ်ချုပ်ရေးနှင့် ပတ်သက်၍ အဓိကကျသော အကြောင်းကိစ္စ ၂ ခုကို ဖြေရှင်းရန် အစိုးရကို ကျနော်တို့ တောင်းဆိုခဲ့ကြ သည်။ သတင်းအချက်အလက် ရရှိခွင့် (Right to information) အပေါ်လေးစားမှု မရှိခြင်းနှင့် မမျှတသော၊ ဒီမိုကရေစီ နည်းမကျသော ဥပဒေများ ဆက်လက် တည်ရှိနေခြင်းတို့ ဖြစ်ပါသည်။
သတင်းအချက်အလက် ရရှိခွင့် တိုးတက်ကောင်းမွန်လာရေးအတွက် အစိုးရတွင် တာဝန်ရှိပါသည်။ သတင်း အချက်အလက် ရရှိခွင့်သည် ဒီမိုကရေစီ၏ အဓိကကျသော အစိတ်အပိုင်းတခု ဖြစ်ပါသည်။ အရပ်ဖက် အဖွဲ့အစည်းက အာဏာရှိသူများကို ဆက်လက် စောင့်ကြည့်နိုင်ရေးအတွက်လည်း အရေးကြီးပါသည်။ အကျဉ်းထောင်ဆိုင်ရာ ကိစ္စရပ်များကို ဆယ်စုနှစ် ၂ ခုနီးပါး လုပ်ကိုင်ခဲ့သော်လည်း အကျဉ်းထောင်များနှင့် ပတ်သက်သည့် အချက်အလက်များကို အစိုးရထံမှ ကျနော် မရနိုင်ပါ။ အကျဉ်းသား အရေအတွက်၊ ရဲဘက်စခန်းများ၏ တည်နေရာကဲ့သို့ သတင်း အချက်အလက်များနှင့် မကြာသေးမီက ကြေညာခဲ့သည့် စံလုပ်ထုံး လုပ်နည်းများသည်ပင် လျှို့ဝှက်ချက် မဖြစ်သင့်ပါ။
ထို သတင်းအချက်အလက်များကို အရပ်ဖက် အဖွဲ့အစည်းနှင့် အများပြည်သူသို့ ဝေမျှခြင်းက အများပြည်သူ အကျိုး ရှိပါသည်။ ထိုကဲ့သို့သော သတင်းအချက် အလက်များကို မရရှိခြင်းက အခြေအနေကို လေ့လာဆန်းစစ်ရန်နှင့် ထောင်စနစ်မှ အပြောင်းအလဲများကို မြင်တွေ့ရန် များစွာ ခက်ခဲစေပါသည်။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုများက ကောင်းမွန်သော အုပ်ချုပ်မှု၏ အဓိက အစိတ်အပိုင်း များဖြစ်ကြပါသည်။
သတင်းအချက်အလက် မရရှိခြင်းက အစိုးရအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုသာ သက်ဆိုင်သည် မဟုတ်ပါ။ ဥပဒေများ နှင့်လည်း သက်ဆိုင်ပါသည်။ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ) တွင် “မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကို ဖြစ်စေ ပြုလုပ်ရာတွင်၊ သို့တည်းမဟုတ် ထုတ်ပြန် ကြေညာရာတွင်၊ သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တဦးတယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်” ဟု ဖော်ပြထားသည်။
သို့သော်လည်း အများပြည်သူကို ကြောက်ခြင်း၊ ထိတ်လန့်ခြင်း ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း စံပြု သတ်မှတ် ထားခြင်း မရှိပါ။ မည်သည့် စကားလုံးများက နိုင်ငံတော် ငြိမ်ဝပ်ရေးကို ထိခိုက်စေ၍ မည်သည့်စကားလုံးများက မထိခိုက် စေပါသနည်း။ မည်သို့ ပြောနိုင်၍ မည်သို့ပြော၍ မရပါသနည်း။
အဆိုပါ ဥပဒေများက မရေမရာဖြစ်နေသည်။ လိုရာဆွဲ၍ ဖွင့်ဆိုနိုင်ခြင်းက ချဲ့ကား၍ အဓိပ္ပါယ် ဖွင့်ဆိုခွင့် ရရှိစေပြီး မီဒီယာနှင့် စုံစမ်းဖော်ထုတ် သတင်းရေးသားခြင်းကို ထိန်းချုပ်ခံရခြင်း ရလဒ်ကို ဖြစ်စေ၏။ ထိုဥပဒေများမှာ ပင်ကိုယ်အားဖြင့်ပင် မှားယွင်းနေပြီး ယနေ့ခေတ်၏ နိုင်ငံတကာ စံနှုန်းများ၏ အပြင်ဘက်သို့ လုံးလုံးလျားလျား ရောက်ရှိနေသည်။
ထိုသို့ ဖြစ်ရခြင်းအတွက် အဓိက အကြောင်းရင်းမှာ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာ ဗြိတိသျှ ကိုလိုနီစနစ်မှ အမွေ ဆက်ခံယူထားခြင်း ဖြစ်ပြီး တရားမျှတမှုအတွက် ရည်ရွယ်ထားသည့် စနစ်မျိုးမဟုတ်ပါ။ ဖိနှိပ်ရန်နှင့် လက်ရှိ အနေအထားကို ထိန်းသိမ်းထားရန် ရည်ရွယ်သည့် စနစ်မျိုးသာ ဖြစ်ပါသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီး နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့ပြီ ဖြစ်သော ယခုအချိန်တွင် မမျှတသည့် စနစ်က ကျန်ရှိနေဆဲ ဖြစ်သည်။ မတရားသော ဥပဒေ များကို ပြည်သူများက မည်သို့လိုက်နာနိုင်မည်နည်း။ ၎င်းတို့က ပြည်သူများကို မည်သို့ ကာကွယ်မည်နည်း။
ပြုပြင်ပြောင်းလဲရေးက များစွာနောက်ကျနေပါသည်။ ၁၉၈၉ ခုနှစ်တွင် အင်္ဂလန်နိုင်ငံက ကျနော်တို့၏ ၁၉၂၃ ခုနှစ်၊ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနှင့် အလားတူသော သူတို့၏ Official Secrets Act of 1911 ကို ရုပ်သိမ်းခဲ့ပါသည်။ ပိုမို၍ တရားမျှတမှု ရှိစေရန်နှင့် ခေတ်ကာလနှင့် လိုက်လျောညီထွေ ရှိစေရန် ပြုလုပ်ရေးအတွက် ဖြစ်ပါသည်။
သူတို့၏ ဥပဒေသစ်တွင် နိုင်ငံတော်လျှို့ဝှက်ချက်က လျှို့ဝှက်ချက်အဖြစ် ဆက်ရှိနေပါသည်။ သို့သော်လည်း အာဏာ အလွဲသုံးစား ပြုလုပ်ခြင်းနှင့် အမျိုးသား လုံခြုံရေးဆိုင်ရာ မရေရာသော သတ်မှတ်ချက်များအရ အခြေခံ လွတ်လပ်ခွင့် များကို ပိတ်ပင်ခြင်းများကို ရပ်ဆိုင်းသွားစေခဲ့သည်။ ယခုအချိန်သည် မြန်မာနိုင်ငံမှ ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အလားတူ ပြုလုပ်သင့်သော အချိန် ဖြစ်ပါသည်။
ပြုပြင်ပြောင်းလဲရေးက နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေအတွက်သာ မဟုတ်ပါ။ ခေတ်နှင့် မလျှော်ညီသလို ဒီမိုကရေစီ နည်းမကျသော ကိုလိုနီခေတ် ဥပဒေများစွာ ရှိပါသည်။ ဥပမာပြရလျှင် မတရားအသင်း ဥပဒေသည် ကိုလိုနီ အုပ်ချုပ်သူများကို ဆန့်ကျင်ပုန်ကန်ခြင်းကို တားဆီးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အများပြည်သူနှင့် တရားဥပဒေ စိုးမိုးရေးကို ကာကွယ်ရန် ရည်ရွယ်ခြင်း မဟုတ်ပါ။
နောက်ထပ် ကိစ္စတခုမှာ ပြုပြင်ပြောင်းလဲရေးက အချိန်ကြာလွန်းခြင်း ဖြစ်ပါသည်။ ၁၈၉၄ ခုနှစ် အကျဉ်းထောင် ဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှုက မျောနေသည်။ ပြင်ဆင်ထားသည့် ဥပဒေမူကြမ်းတခုက လွှတ်တော်သို့ ၂၀၁၅ ခုနှစ်ကတည်းက ရောက်ရှိနေသော်လည်း ထိုအချိန်မှစ၍ အနည်းငယ်မျှသာ ကြားခဲ့ရသည်။ ထို့ပြင် အဆိုတင်သွင်းထားသည့် ပြင်ဆင်မှုများက လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသေးဘဲ၊ ပြင်ဆင်ရန် များစွာ ကျန်နေသေးသည်။
ဥပဒေပြင်ဆင်ချက်များက အသေးစား ကိစ္စများကို ဖြေရှင်းထားပြီး ဒီမိုကရေစီနှင့် မလျော်ညီသည့် သတ်မှတ်ချက်များက မူလအတိုင်း ကျန်ရစ်နေသည်။ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အဆိုပါ ဥပဒေများကို စနစ်တကျ ပြင်ဆင်မွမ်းမံသင့် ပါသည်။ ၎င်းတို့ကို အချိန်မီ ပြည့်ပြည့်စုံစုံ ပြုပြင်ရမည် ဖြစ်ပါသည်။ အသေးစား ပြင်ဆင်မှုများက ဒီမိုကရေစီ နည်းမကျသည့် ဥပဒေတခုကို ဒီမိုကရေစီနှင့် ကိုက်ညီသည့် ဥပဒေတခု အဖြစ် ပြောင်းလဲပေးနိုင်မည် မဟုတ်ပါ။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တွဲဘက် အတွင်းရေးမှူး ဖြစ်ပါသည်)။