တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒကို သံခိပ် ပြောပါဆိုလျှင် ဒို့တာဝန်အရေးသုံးပါးကို လက်ခံ၊ ၂၀၀၈ ကို မထိနဲ့၊ တပ်မတော်သည် တခုတည်းသာ ရှိသည် ဟူ၍ ဖြစ်သည်။
မှန်ပါသည်။ မှန်ကြောင်းကိုလည်း အန်စီအေ သုံးနှစ်ပြည့် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းက သက်သေထူသွားပြီဖြစ်သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ် ကျင်းပခဲ့သည့် အန်စီအေသုံးနှစ်ပြည့် အခမ်းအနား မိန့်ခွန်းတွင် အန်စီအေစာချုပ်ပါ သဘောတူညီချက် ပွိုင့်များကို အကောင်အထည် ဖော်ရာ သုံးနှစ်တာ ကာလအတွင်း တပ်မတော် အနေဖြင့် ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းရသည့် သုံးနှစ်တာ ခရီးကြမ်းအပေါ် ကောင်းခြင်း၊ ဆိုးခြင်း နှစ်ဖြာကို မိမိ အထိုင် နေရာမှ သဘောထား သုံးသပ်ချက်များကို အနှစ်ချုပ် ဖော်ပြသွားခြင်းဖြစ်သည်။
မိန့်ခွန်းအနှစ်ချုပ်
လက်ရှိတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းက ဤသို့ဖြစ်သည်။ သုံးနှစ်ပြည့် အခမ်းအနားသည် မိန့်ခွန်းပြောရုံ၊ အခမ်းအနား သက်သက် မဟုတ်။ ထိပ်သီး ခေါင်းဆောင်များ၏ ဆွေးနွေးပွဲလည်းဖြစ်၍ အနှစ်သာရသည် ယခင် နှစ်ပတ်လည်ပွဲတွေထက် ထူးကဲ၊ ခွဲမထွက်ရ ဟူသောအချက်သည် တိုင်းရင်းသား ညီအစ်ကိုများကို မယုံကြည်၍ မဟုတ်၊ ရေရှည် အာမခံချက် တခုအနေဖြင့်သာ ဆွေးနွေးညှိနှိုင်းခြင်းဖြစ်၊ ပင်လုံစာချုပ်သည် Holding Together ပေါင်းစည်းနေထိုင်ခြင်း စာချုပ် ဖြစ်၊ ခြေဥကို ပြင်ဆင်လိုလျှင် ၂၀၀၈ ခြေဥ အခန်း ၁၂ အတိုင်းသာ ပြင်ရမည်။
၂၀၀၈ ခြေဥကြောင့် NLD သည် အစိုးရဖြစ်လာခြင်းဖြစ်သည်၊ နိုင်ငံရေး လက်စားချေ လိုမှု မလုပ်သင့်၊ အန်စီအေကို အခွင့်ကောင်းယူပြီး အင်အား၊ နယ်မြေ မတိုးချဲ့သင့်၊ မတည်ဆောက်သင့်၊ အန်စီအေ စာချုပ်ကို အခွင့်ကောင်း ယူခြင်းသည် အန်စီအေ အရေခြုံသာဖြစ်၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းတွင် မဖြစ်မနေ ဖြတ်သန်းရမည့်အဆင့် ဖြစ်ပြီး တပ်မတော်သည် ပြည်နယ်ကာကွယ်ရေးတပ် အယူအဆကို လက်မခံ ဟူ၍ ဖြစ်သည်။
ခွဲမထွက်ရ
မိန့်ခွန်းတွင် ခွဲမထွက်ရကို လက်ခံရန် တိုက်တွန်းသည်။ နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ ဟူသည့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၀ ကို ပြန်ရည်ညွန်းသည့် အပြင်၊ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်တွင် ခွဲထွက်ရေးကို မဆွေးနွေးဖို့ ကနဦး သဘောတူညီခဲ့ကြောင်း ရည်ညွန်းသတိပေးသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို ပြန်လည် ကိုးကားပြသည်က အကြောင်း ရှိနိုင်သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် သြဂုတ် ၁၈ ရက်က ထုတ်ပြန်ခဲ့သည့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုအတွက် လမ်းပြမြေပုံ (၈) ချက်တွင်
(၁) ပြည်ထောင်စုအတွင်း ထာဝရနေထိုင်ရေး
(၂) အမျိုးသားရေး ဦးတည်ချက် ၃ ရပ်ကို လက်ခံရမည်။ ပြည်ထောာင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲရေး။
(၃) စီးပွားရေးနှင့် ဖွံ့ဖြိုးရေး တာဝန်များတွင် ပူးပေါင်းပါဝင်ရမည်။
(၄) မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည်။
(၅) နိုင်ငံရေးပါတီများ ထူထောင်ပြီး ရွေးကောက်ပွဲ ဝင်ရမည်။
(၆) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံပြီး ပြင်ဆင်ရန် လိုအပ်ပါက လွှတ်တော်မှ အများစု သဘော ဆန္ဒဖြင့် ပြင်ဆင်ရမည်။
(၇) တရားဥပဒေ ဘောင်ထဲ ဝင်ရောက်လာပြီး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နေထိုင်၊ သွားလာ လုပ်ဆောင်ရမည်။
(၈) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တခုတည်းသော တပ်မတော်အဖြစ် တည်ရှိမှုကို ဝိုင်းဝန်းဆောင်ရွက်ရမည် ဟူ၍ဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေး လမ်းမြေပုံကို အနှစ်ချုပ်လိုက်လျှင် ခွဲမထွက်ရ၊ ဒို့တာဝန် အရေးသုံးပါးကို လက်ခံ၊ မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် ဖွံ့ဖြိုးရေးကို ပူးပေါင်း၊ ပါတီထောင်၊ လက်နက်ချ၊ ရွေးကောက်ပွဲဝင်၊ ခြေဥကို ပြင်လိုလျှင် လွှတ်တော် လမ်းကြောင်းဖြင့် ပြင် ဟူ၍ဖြစ်သည်။ တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒ ခြောက်ရပ်နှင့် သိပ်မကွာ။ တထပ်တည်း တူသည် ဟူ၍ပင် ပြောနိုင်သည်။
တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒ ခြောက်ချက်မြောက်တွင် – ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းနေမှုတွင် လိုက်ပါ လုပ်ဆောင်ရန် ဟူ၍ ဖြစ်သည်။
ဖက်ဒရယ်နှင့် ပင်လုံစာချုပ်
၂၀၁၆ ခုနှစ် သြဂုတ် ၁၀ မှ ၁၄ ရက်အထိ မြဝတီ သတင်းစာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ခုနှစ်တွင် ပါရှိသည့် ဖက်ဒရယ်စနစ်၏ ဝိသေသ လက္ခဏာများ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးများကို ရက်ဆက် ဖော်ပြခဲ့သည်။
ထိုဆောင်းပါးများ သို့မဟုတ် စာတမ်း၏ အဓိက ရပ်ခံရှင်းလင်းချက်သည် ၂၀၀၈ အခြေခံ ဥပဒေသည် ဖက်ဒရယ်စနစ်ဖြစ်သည်ဟူ၍ ရပ်တည် ရှင်းလင်းခြင်း ဖြစ်သလို၊ တပ်မတော်က အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နေရုံဖြင့် နိုင်ငံတော်၏ စနစ်တခုလုံးကို ပြည်ထောင်စု (ဖက်ဒရယ်) သဘောမဆောင်ဟု ယူဆရန် မသင့် ဟူသော ငြင်းချက်ကို ထုတ်ထားခြင်း ဖြစ်သည်။
ယခုမိန့်ခွန်းတွင်လည်း ပင်လုံစာချုပ်ကို ဖွင့်ဆိုရာတွင် ထပ်မံ ပေါင်းစည်းနေထိုင်ခြင်း ဖက်ဒရယ် ဟူသော အမြင်ကို ဖွင့်ဆို အထိုင်ချလာသည်ကို တွေ့ရသည်။ တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးအင်အားစုတို့ အစဉ်တစိုက် ပြောဆိုဆွေးနွေး ရပ်တည်လာခဲ့သည့် Coming Together Federalism ကို လက်မခံဟူသော သဘောပင်ဖြစ်သည်။
ယခင် ၂၁ ရာစုပင်လုံ အစည်းအဝေးတွင် တပ်ချုပ်ကြီးက သမိုင်းကြောင်းဆိုင်ရာ အမြင်အဖြစ် ပျူ၊ မွန်၊မြန်မာ၊ ပါဋ္ဌိ လေးဘာသာထိုး ရာဇာကုမာရ် ကျောက်စာဖြင့် သက်သေထူပြီး တပ်မတော်၏ ဖက်ဒရယ်ရေး အမြင်ကို သမိုင်းကြောင်းဆိုင်ရာ အမြင်ဖြင့် မီးမောင်း ထိုးပြခဲ့သည်။ ယခု ပင်လုံစာချုပ်ကိုပါ သွတ်သွင်းဆွဲထည့်ကာ တပ်မတော်၏ ဖက်ဒရယ်အမြင်ကို ပြန်လည် အထိုင်ချ ဖွင့်ဆိုပြလာသည်။
ပုဒ်မ ၂၆၁ (ဂ) ပြင်ဆင်ရေးလမ်းစ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်ချုပ်ကြီးက အသစ်ပြန်ရေးခြင်းကို လက်မခံနိုင်၊ ပြင်ဆင်ရေးကို လက်ခံသည်ဟု ပြောဆိုသည့်တိုင်၊ ပြင်ဆင်ရာတွင်လည်း ပုဒ်မ ၄၃၆ အတိုင်း ပြင်ရမည်ဟူသော သဘောထားကို တွေ့ရသည်။
ထူးခြားချက် နှစ်ရပ်ကို တွေ့ရသည်။ ပထမတချက်က တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် မဲအများစု ရရှိသည့် လွှတ်တော်ကိုယ်စားလှယ် မဲဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်ကို တင်မြှောက်ခွင့် ရရှိရေးကို စဉ်းစားသင့်ကြောင်း ထုတ်ဖော်ပြောလာခြင်း ဖြစ်သည်။ တနည်းအားဖြင့် ပုဒ်မ ၂၆၁ (ခ)၊ (ဂ) ပြင်ဆင်ရေးလမ်းစ ဖြစ်နိုင်သည်။
နောက်ထူးခြားချက် တရပ်မှာ ပြည်ထောင်စုဝန်ကြီး များ၏ အတွင်းဝန်ရာထူးကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် သီးခြားဖြစ်သော တိုင်းဒေသကြီး၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးများကို ဖန်တီးဖို့ဖြစ်သည်။ တိုင်း/ ပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးတို့က “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။ ထု့ိ့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ရုံးလည်း ဖြစ်သည်” ဟူသော ပုဒ်မ ၂၆၀ နှင့် ဆက်စပ်ပြန်သည်။
ပုဒ်မ ၂၆၀၊ ပုဒ်မ ၂၆၁ (ခ)၊ (ဂ) တို့သည် ပုဒ်မ ၄၃၆ (ခ) ဖြင့် ပြင်ဆင်နိုင်သည့် ပုဒ်မ များဖြစ်သည်။ တနည်းအားဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်စရာ မလိုဘဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်နိုင်သည်။
အကယ်၍ တပ်မတော်က ပုဒ်မ ၂၆၀၊ ပုဒ်မ ၂၆၁ တို့ကို ပြင်ဆင်လိုလျှင် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ ၅၁ ရာခိုင်နှုန်းသာ လိုအပ်သည်။ ထို့အပြင်၊ ပုဒ်မ ၂၆၀၊ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး အတွက် တပ်မတော်က မည်သည့် နိုင်ငံရေး အကျိုးအမြတ်ရရှိနိုင်သနည်း ဟူသော အချက်ကလည်း စိတ်ဝင်စားဖို့ ကောင်းနိုင်သည်။
တိုင်း/ ပြည်နယ် အုပ်ချုပ်ရေးမှူးသည် ထွေအုပ်မှူးဖြစ်လျှင်မူ နိုင်ငံရေးအရ သီးခြားလွတ်လပ်သော အုပ်ချုပ်ရေးမှူး ဖြစ်ရန် ခက်ခဲသွားနိုင်သည့် အပြင် ပြည်ထဲရေးဝန်ကြီးဌာန၏ ပါဝါလက်တံကို တိုင်း/ ပြည်နယ် အုပ်ချုပ်ရေး နယ်ပယ်အထိ ဝင်ရောက်လွှမ်းမိုး စွက်ဖက်သွားစေနိုင်သည်။ တဖန် တိုင်း/ ပြည်နယ် ဝန်ကြီးချုပ် ရွေးချယ်ရာတွင် တိုင်း/ ပြည်နယ် လွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ Voting Power သည်လည်း တိုင်း/ ပြည်နယ်အလိုက် အားကောင်းမောင်းသန် ဖြစ်လာနိုင်သေးသည်။
သို့သော် နိုင်ငံရေးလက်စားချေလိုမှု၊ ဒီမိုကရေစီအနိုင်ကျင့်မှုဟူသော စကားရပ်တို့က အာဏာရ NLD ပါတီနှင့် အစိုးရကို သွယ်ဝိုက် သတိပေးခြင်းဟု ယူသော်ရမည်။ RCSS တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တဖွဲ့တည်းကို သီးသန့် ဦးတည်ပြီး သတိပေးသည့် စကားရပ်များ မိန့်ခွန်းတွင် ပါဝင်လာခြင်းကမူ ဗြောင်ကျသည်။
လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တခုတည်းသော တပ်မတော်ကို ဘက်အသီးသီးက ယေဘုယျအားဖြင့် သဘော တူသည့်တိုင်၊ တိုင်းရင်းသား အဖွဲ့အစည်းဘက်က တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော လူမျိုးစု အားလုံးကို ကိုယ်စားပြုသည့် တခုတည်းသော တပ်မတော်ဟု ဝိသေသပြုထားသည်။
အစိုးရဘက်ကမူ ရွေးကောက်ပွဲမှ တင်မြှောက်ခံရသည့် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် တခုတည်းသော တပ်မတော် ဖြစ်သည်။
ယခုမိန့်ခွန်းတွင် တပ်ချုပ်ကြီးက ပြည်နယ်ကာကွယ်ရေးတပ် အယူအဆနှင့် အချိုးကျ စစ်မှုထမ်းများ ခန့်အပ်ရေး၊ အလှည့်ကျ စစ်ဦးစီးအဖွဲ့ ထားရှိရေးကို လက်ခံလိုပုံ မရသည့်အပြင်၊ ပြင်းပြင်း ထန်ထန် ခုခံသည့်သဘောကို တွေ့ရသည်။ မူအရ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲရန် သဘောတူသည် ဟူ၍မူ ပြောသည်။
တပ်မတော်က နားလည်သော၊ ဖွင့်ဆိုသော ဒီမိုကရေစီစနစ် ဆိုသည်မှာလည်း ၂၀၀၈ ခြေဥထဲက ဒီမိုကရေစီ စနစ် ဖြစ်မည်။ မိန့်ခွန်းအရ တခုတည်းသော တပ်မတော်ပုစ္ဆာသည် အဖြေနှင့် ဝေးလျက်ရှိနေပုံ ပေါ်သည်။
အန်စီအေသုံးနှစ်ပြည့် တပ်ချုပ်ကြီး၏မိန့်ခွန်းသည် တပ်မတော်၏ ငြိမ်းချမ်းရေး မူဝါဒသံခိပ် ဖြစ်သော ဒို့တာဝန် အရေးသုံးပါးကို လက်ခံ၊ ၂၀၀၈ ကို မထိနှင့်၊ တပ်မတော်သည် တခုတည်းသာရှိ ဟူသော သြဝါဒကထာကို ပြန်လည် အသိပေးခြင်းဖြစ်ပြီး ထူးခြားချက်အနေဖြင့် ပုဒ်မ ၂၆၀ နှင့် ပုဒ်မ ၂၆၁ (ခ)၊ (ဂ) ပြင်ဆင်ရန် လမ်းစ ကိုမူ ရေးရေးတွေ့ ရကြောင်း သုံးသပ်တင်ပြအပ်ပေသည်။
(ကိုဇန်သည် ပြည်ထောင်စုအင်စတီကျူမှ သုတေသီတဦးဖြစ်သည်။)