မန္တလေးကို နမူနာထား၍

ချစ်ဝင်းမောင်
၂၀၁၈ အရှေ့တောင်အာရှရဲ့ ထိပ်တန်းစမတ်စီးတီး ၁၀ မြို့စာရင်းထဲမှာ ထည့်သွင်းခံရတဲ့ မန္တလေးမြို့ရဲ့ ညမြင်ကွင်း / ဇော်ဇော်
Want create site? Find Free WordPress Themes and plugins.

မန္တလေးမြို့ကို အရှေ့တောင်အာရှရဲ့ ထိပ်တန်းစမတ်စီးတီး ၁၀ မြို့စာရင်းထဲမှာ ထည့်သွင်းထားတဲ့သတင်းကို ဖတ်လိုက်ရတော့ ပထမ အံ့အားသင့်မိတယ်။ ဒုတိယ ဂုဏ်ယူစိတ်ဖြစ်မိတယ်။

အံ့အားသင့်မိတဲ့အကြောင်းက Top 10 လို့ သတ်မှတ်ခံရတဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံက မြို့ကြီးတမြို့ ပါဝင်လာလို့။ များသောအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖော်ပြလေ့ရှိတဲ့ survey တွေက Top 10 စာရင်းတော့ ဝင်ပါရဲ့။ အဆုံးဆုံး၊ အညံ့ဆုံး ( the worst top 10) တွေသာ များတတ်ပါတယ်။ ရာဇဝတ်မှု အထူပြောဆုံး ထိပ်တန်း ၁ဝမြို့။ ကျန်းမာရေးစောင့်ရှောက်မှု အညံ့ဖျင်းဆုံး ၁၀ မြို့ စသည်ဖြင့် စာရင်းတွေမှာသာ တွေ့ရလေ့ရှိတယ်။ ဒီတခါတော့ အကောင်းဘက်က Top 10 စာရင်းဝင်မြို့အဖြစ် ရွေးချယ်ထားတဲ့အတွက် နိုင်ငံသားတဦးအနေနဲ့ ဂုဏ်မယူဘဲ မနေနိုင်ပါဘူး။

တဆက်တည်းမှာ စဉ်းစားမိလိုက်တာက ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတဦးကိုယ်တိုင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှာ ပါဝင်နေပြီး သူ့အတွက်လည်း ဂုဏ်ယူမိတယ်။ ကိုယ့်မိတ်ဆွေမို့ ကိုယ်အမွှန်းတင်တာ မဟုတ်ပါဘူး။ ရွေးချယ်ခံလိုက်ရပြီးကတည်းက သူတို့လုပ်ရပ်တွေကို နားစွင့်နေခဲ့မိတယ်။ မိတ်ဆွေက စာရေးဆရာလည်း စာရေးဆရာ။ ဝါရင့် မီဒီယာသမား၊ သတင်းစာဆရာ။ သူနဲ့အတူ ရွေးချယ်ခံခဲ့ရတဲ့ အခြားပုဂ္ဂိုလ်တချို့ကို ကြည့်လိုက်တော့ အိုင်တီပညာရှင်၊ ခေတ်ပညာတတ်ပုဂ္ဂိုလ်တွေ ဖြစ်နေတာတွေ့ရတယ်။

တနေ့ကတော့ မိတ်ဆွေစာရေးဆရာ၊ မန္တလေးမြို့တော်စည်ပင် ပြန်ကြားရေးတာဝန်ခံနဲ့ သတင်းစာတစောင်ရဲ့ အင်တာဗျူးကို ဖတ်လိုက်ရတယ်။ မန္တလေးမြို့ကို အရှေ့တောင်အာရှရဲ့ ထိပ်တန်း စမတ်စီးတီး ၁၀ မြို့စာရင်းထဲ ထည့်သွင်းရခြင်းဟာ အချိန်တိုတိုအတွင်း မြန်မြန်ဆန်ဆန် တိုးတက်ပြာင်းလဲလာတဲ့အတွက် ဖြစ်မယ်လို့ သူက ဆိုပါတယ်။ သူ့ရဲ့ ကောက်ချက်အတိုင်းပဲ သုတေသနပြုထားတဲ့ မီဒီယာစာမျက်နှာမှာလည်း ရေးသားထားတာတွေ့ရတယ်။ တကယ်တော့ မန္တလေးဟာ စမတ်စီးတီးအဆင့်ကို မရောက်သေးပါဘူး။ လက်ရှိလုပ်ဆောင်နေတဲ့ စီမံကိန်းတွေဟာ စမတ်စီးတီးဖြစ်လာဖို့ အလားအလာ အကောင်းဆုံးမှာ ရှိနေတယ်လို့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားတယ်။ စမတ်စီးတီး ဆိုတဲ့ ဝေါဟာရက ဒီဘက်နှစ်တွေမှာ အသုံးများလာတဲ့ ဝေါဟာရ ပါ။ Smart City လို့ အင်္ဂလိပ်လိုခေါ်တဲ့ အနှစ်သာရက မြို့ပြ ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ရာမှာ နည်းပညာကို အခြေပြုသုံးစွဲနိုင်မှုပါ။ နည်းပညာဆိုရာမှာ ခေတ်မီ ကွန်ပျူတာစနစ်အသုံးပြုမှုများ၊ အလိုအလျောက် ဖန်တီးလုပ်ဆောင်မှု၊ တွက်ချက်မှုတွေ ပါဝင်ပါတယ်။ အနာဂတ်မြို့ပြတည်ဆောက်မှုတွေမှ smart နည်းပညာကို ပိုမိုသုံးစွဲခြင်းဖြင့် လူနေမှုဘဝမြှင့်တင်ရေးပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက စင်္ကာပူမှာ ကျင်းပတဲ့ ၃၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ASEAN smart cities network (ASCN) အကောင်အထည်ဖော်ဖို့ စင်္ကာပူဝန်ကြီးချုပ် လီရှင်လွန်းက အဆိုပြုခဲ့ရာက အဖွဲ့ဝင်နိုင်ငံအားလုံးက ထောက်ခံမှုနဲ့ ဒီအဖွဲ့ စတင် ပေါ်ပေါက်လာခဲ့တာပါ။ ASCN ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နည်းပညာအသုံးပြုပြီး အာဆီယံနိုင်ငံသားတွေရဲ့ လူနေမှုဘဝ မြှင့်တင်ပေးဖို့ပါ။ အာဆီယံ ၂၆ မြို့လုံး တူညီတဲ့ပန်းတိုင်နဲ့ ရေရှည်တည်တံ့တဲ့ မြို့ပြဖွံ့ဖြိုးရေး အကောင်အထည်ဖော်သွားကြဖို့ပါ။ မြို့အတော်များများက စမတ်စီးတီးအဆင့်ရောက်ဖို့ အဝေးကြီးလိုနေသေးပေမယ့် အခု ရွေးချယ်လိုက်တဲ့ ၁၀ မြို့ကတော့ အလားအလာ အကောင်းဆုံးမှာ ရှိနေတယ်လို့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

CIO ဝက်ဘ်ဆိုက် စာမျက်နှာမှာ ရွေးချယ်ထားတဲ့ အာဆီယံမြို့ကြီး ၁၀ မြို့ကတော့ ၁။ ဟနွိုင်း(ဗီယက်နမ်) ၂။ စင်္ကာပူ (စင်္ကာပူ) ၃။ ဂျာကာတာ (အင်ဒိုနီးရှား) ၄။ ကွာလာလမ်ပူ (မလေးရှား) ၅။ မန္တလေး (မြန်မာ) ၆။ ဖူးခက် (ထိုင်း) ၇။ မကက်ဆာ ( အင်ဒိုနီးရှား) ၈။ ဒါနန်း (ဗီယက်နမ်) ၉။ ဘန်ကောက် (ထိုင်း) ၁၀။ နယူးကလာ့ခ် စီးတီး ( ဖိလစ်ပိုင်) တို့ပဲ ဖြစ်ပါတယ်။

မန္တလေးမြို့နဲ့ပတ်သက်ပြီး ဖော်ပြထားရာမှာတော့ မန္တလေးဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး။ မင်းနေပြည်တော်ဟောင်း။ လူဦးရေ ၁.၂ သန်းရှိပြီး မကြာသေးမီက မြို့ပြ ဖြစ်ထွန်းမှု နဲ့ လူဦးရေ အလျင်အမြန်တိုးပွားလာတဲ့ မြို့တမြို့။ မန္တလေးမြို့တော်ကို စိမ်းလန်းစိုပြေပြီး စမတ်စီးတီးမြို့ကြီး တမြို့ဖြစ်အောင် မန္တလေးမြို့တော်မြို့တော်စည်ပင်သာယာရေးကော်မတီ( MCDC)၊ လူသားနေရာချထားရေးနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးဌာန (HSHD)တို့ မြို့ပြဖွံ့ဖြိုးရေး ၂၅ နှစ် စီမံကိန်းကို စတင်အကောင်အထည်ဖော်နေတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ တို့ရဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အပံ့ရယူပြီး မန္တလေးမြို့ပြ ဝန်ဆောင်မှု တိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်နေကြောင်း၊ ဒီအထဲမှာ ရေပေးဝေရေးနဲ့ ရေဆိုးစွန့်ထုတ်ရေးကိစ္စတွေ ပါဝင်ကြောင်း၊ အလားတူ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ်ရဲ့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် နည်းပညာဗဟိုဌာနရဲ့ အကူအညီနဲ့ စွန့်ပစ်အမှိုက်ထိန်းချုပ်ရေးကို သုညအဆင့်ထိရောက်အောင်ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

စမတ်စီးတီး အစပြုမှုအဖြစ် မန္တလေးမြို့ရဲ့လမ်းမတွေကို အခုဆိုရင် IoT ( Internet of Things) လို့ ခေါ်တဲ့ ကွန်ပျူတာထိန်းချုပ်ဆက်သွယ်မှုစနစ်တွေ လုပ်ဆောင်နေသလို မြို့ပြရေစီးရေလာကောင်းမွန်ရေးအတွက် မောင်းသူမဲ့လေယာဉ်ငယ်(ဒရုန်း) သုံးစွဲပြီး မြေပုံထုတ်တာတွေ လုပ်နေပြီလို့ ဆိုတယ်။ မန္တလေးမြို့ရဲ့ စမတ်စီးတီးအရာရှိချုပ် ( Chief Smart City Officer) ဦးရဲမြတ်သူကတော့ မန္တလေးမှာ အခြေခံအဆောက်အအုံ လိုအပ်ချက်တွေ အများကြီးရှိနေသေးပြီး အပြည့်အဝ စမတ်စီးတီးတခုဖြစ်လာဖို့ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်လို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ မြို့ကြီးတမြို့ကို အရှေ့တောင်အာရှရဲ့ ထိပ်တန်းစမတ်စီးတီးအဖြစ် ရွေးချယ်ခံရတာကတော့ ဂုဏ်ယူစရာလို့ ဆိုရမှာပါ။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာ ဦးကျော်ရင်မြင့်ကတော့ ခုလို အာဆီယံထိပ်တန်း စမတ်စီးတီး ၁၀ မြို့စာရင်းမှာ ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူစရာဖြစ်သလို တာဝန်လည်း ပိုကြီးလာကြောင်း၊ မန္တလေးမြို့မှာ လုပ်စရာတွေ အများကြီးကျန်နေသေးကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းက အစ အများပြည်သူ သယ်ယူပို့ဆောင်ရေးကိစ္စအထိ ကောင်းလာအောင်လုပ်ဖို့ လိုနေသေးကြောင်း ပြောပါတယ်။

အခု အာဆီယံထိပ်တန်း စမတ်စီးတီး ၁၀ နိုင်ငံစာရင်းထဲ ပါဝင်လာတဲ့ မန္တလေးဟာ အမှန်တကယ်လည်း အစိုးရသစ်လက်ထက်မှာ သိသိသာသာ တိုးတက်ပြောင်းလဲလာတာတွေ့ရတယ်။ ထူးခြားမှုတခုက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပါ။ ဒီကော်မတီမှာ အရပ်ဘက်က ရွေးချယ်တင်မြှောက်ခံလာရတဲ့ ပညာရှင်တချို့ပါဝင်လာတာ၊ မြို့တော်ဝန် နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုရှိတာ ထူးခြားမှုပါပဲ။

မှတ်မှတ်ရရ မန္တလေးမြို့တော်စည်ပင်အဖွဲ့ဝင်အချို့ဟာ ပြီးခဲ့တဲ့ တနှစ်က ကိုယ့်စားရိတ်ကိုယ်စားပြီး စင်္ကာပူရဲ့မြို့ပြဖွံ့ဖြိုးမှုအခြေအနေတွေကို သွားရောက်လေ့လာခဲ့တာကိုလည်း မှတ်မိနေပါသေးတယ်။ ဦးကျော်ရင်မြင့်ကတော့ သူတို့မန္တလေးမြို့တော်စည်ပင်က ဘယ်လိုအလုပ်လုပ်ကြတဲ့အကြောင်း အင်တာဗျူးမှာ ဖြေထားတာလည်း မှတ်သားစရာပါ။ အိုင်တီစနစ်ကို အသုံးပြုပြီး အလုပ်လုပ်နေကြပုံ၊ အနိမ့်ဆုံး မိမိတို့ ဝန်ထမ်းအဖွဲ့ဝင်အချင်းချင်း Viber အမြဲဖွင့်ထားပြီး ဆက်သွယ်အလုပ်လုပ်ကြပုံဟာ တခြား ပြည်နယ်၊ တိုင်းဒေသကြီးတွေက နမူနာယူစရာပါ။

ဒီနှစ်အတွင်း မန္တလေးကို မရောက်ဖြစ်သေးပေမယ့် မန္တလေးမြို့ရဲ့ သန့်ရှင်းသပ်ရပ်ပြီး မြို့ပြဆန်လာမှု ပုံရိပ်တွေကိုတော့ အွန်လိုင်းပေါ်မှာ၊ သတင်းမီဒီယာတွေမှာ မပြတ်တွေ့နေရပါတယ်။ မန္တလေးဟာ တနှစ် ၂ နှစ်အတွင်း မျက်စေ့လည်စရာပြောင်းလဲလာနေတာ တွေ့ရပါပြီ။ မန္တလေးမြို့ကို နမူနာထားပြီး ကျန်တာဝန်ရှိသူအားလုံး နိုင်ငံအတွက် စိတ်စေတနာကောင်းတွေနဲ့ တက်ညီလက်ညီ အလုပ်လုပ်ကြမယ်ဆိုရင် နောက်ထပ်စမတ်စီးတီးတွေ ထွက်ပေါ်ဖို့ မျှော်လင့်နိုင်မယ် ထင်ကြောင်းပါ။

(ချစ်ဝင်းမောင်သည် ရန်ကုန်အခြေစိုက် ဝါရင့် သတင်းစာဆရာ အယ်ဒီတာတဦး ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading