“ဇာတ်” ဆိုတဲ့ မြန်မာစကားက ဇာတကဆိုတဲ့ ပါဠိဝေါဟာရကလာပြီး မွေးဖွားခြင်း၊ ဖြစ်လာခြင်း၊ ဇာတ်တော်လို့ အဓိပ္ပာယ် ဖွင့်ကြပါတယ်။ အထူးသဖြင့် ဗုဒ္ဓရဲ့ (၅၅၀) နိပါတ်တော်တွေနဲ့ ရာဇဝင်၊ မဟာဝင်တွေ အကြောင်း ခင်းကျင်း ပြသတင်ဆက်ခြင်းပါ။
အဲဒီ ဗုဒ္ဓဝင၊် မဟာဝင်၊ ရာဇဝင်တွေအကြောင်းကို မြန်မာ့ဇာတ်သဘင်မှာ ဂရိတ်ဦးဖိုးစိန်တို့ ရွှေမန်းတင်မောင်တို့ စသဖြင့် ခေတ်အဆက်ဆက် နောက်ပိုင်းဇာတ်တော်ကြီး အဖြစ် သူ့ထက်ငါ အပြိုင်အဆိုင် ခမ်းခမ်းနားနား ခင်းကျင်းဖော်ထုတ် တင်ဆက်ကြပါတယ်။ ဘုရင့် နန်းစဉ်အဆက်ဆက်မှာတော့ ရာမယန၊ အီနောင် စတဲ့ ယိုးဒယား ဇာတ်တော်ကြီးတွေလည်း ကပြခဲ့ကြတဲ့ အထောက်အထားတွေ၊ စာပေတွေရှိနေပါတယ်။
ကျနော်တို့ ခပ်ငယ်ငယ်အရွယ်အထိ ဇာတ်ကြီးတွေဟာ မင်းသားမင်းသမီးတွေရဲ့ သစ္စာထား နှစ်ပါးသွား အစီအစဉ်ကို ပြဇာတ်တွေကပြီးလို့ အားလပ်ချိန်အပြီး ည နှစ်ချက်တီးလောက်မှာ ကကြတယ်။ နှစ်ပါးသွား ပြီးရင်တော့ လူရွှင်တော် လေးယောက်လောက် ထွက်ပြီး ဇာတ်ပန္နက် ချကြပါတယ်။ ဒါကို အရပ်စကားနဲ့တော့ တိုင်းပြည်တည်တယ်လို့ ခေါ်ကြပါတယ်။ အချိန်ကာလကတော့ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး စိုးစံစဉ် ဘာညာ ပေါ့လေ။
နောက်ခံ ကတ္တီပါ ကားလိပ်ကြီးချပြီး ကျက်ထားတဲ့ ကာရန် နဘေ စာအထွေထွေကို လူရွှင်တော်တွေဟာ တယောက်နဲ့တယောက် အချိတ်အဆက်မိမိ ပြောသွားကြတာ၊ စာ တကယ်နာတဲ့ လူရွှင်တော်တွေဆို သိပ် နားထောင် ကောင်းပါတယ်။
နားအာရုံကတဆင့် ကိုယ့်ရဲ့ စိတ်အာရုံမှာ တကယ်ပဲ အဲဒီ ခေတ် အခြေအနေထဲ ရောက်သွားသလို ဖြစ်အောင် ပြောနိုင်ကြပါတယ်။ အဲဒါပြီးမှ မင်းသား မင်းသမီးများရဲ့ ဆိုငိုပြောတွေ အားပါးတရ ကြည့်ရတာပါ။
ဇာတ်တော်ကြီး ကဖို့ဆိုတာ တကယ့်ကိုမလွယ်တာပါ။ တော်ရုံကျွမ်းကျင်မှု အနုပညာ ဉာဉ်နဲ့ မရပါဘူး။ ဇာတ်စီးပြီး ဇာတ်သရုပ်ပါဖို့ မျက်နှာခံ မျက်နှာထား အမူအရာ အပြင်၊ စာစကားတွေကို ခွင်ကျအောင် အသံနေအသံထား ထိထိနဲ့ ပြောရတာမို့ နက်နဲတဲ့ပညာ ဆိုတာ အသိသာကြီးပါ။ စကားတွေ ပြောနေရာက နောက်ကပံ့ပိုးပေးနေတဲ့ ဆိုင်းသံထဲ ဇာတ်ကွက်ဝင်တဲ့ သီချင်းကို ဟစ်လိုက် ဆိုလိုက်ရ သေးတယ်။ ဒါကို မြန်မာ့ဇာတ်သဘင်ရဲ့ ဆို၊ ငို၊ ပြော ပညာလို့ ပြောကြတာပေါ့။
ဝမ်းနည်းစရာ ကောင်းတာက ဒီပညာတွေကို ယနေ့ခေတ် ဇာတ်ကြီးတွေမှာ မတွေ့ရတော့ဘူး။ ကနိုင်တဲ့ ပညာရှင်တွေက ကချင်သည့်တိုင် ပရိသတ်က မကြည့်ချင်တော့ဘူး။ ဒီလို အနှစ်သာရကို မကြည့်ချင်လို့ ဘာတွေ ကြည့်ချင်ကြသလဲဆိုတော့ … စတိတ်ရှိုးဆိုပြီး ခေတ်ကို အလိုလိုက် ရတဲ့ မဆီလျော်သော အဝတ်အစားများ ဝတ်ဆင်၊ ကော့လန်တွန့်လိန်သော ညကလပ်မီးရောင် မှိန်မှိန်ထဲက အကမျိုး ဖြစ်နေပါတယ်။
တချို့ဆို မောင်နဲ့နှမ သားနဲ့အမိ ကြည့်ဖို့တောင် တော်တော် မျက်နှာပူစရာပါ။ အဲဒါမျိုးတွေက ဇာတ်တော်ကြီး နေရာကို ယူသွားကြပါလေရော။
ဒါဆို ပေကပ်ပြီး ဇာတ်တော်ကြီးတွေ မဖြစ်မနေ ကကြမလား၊ မဖြစ်ပါ။ ပရိသတ်မဝင်တော့ဘဲ ဒီဇာတ်ကြီး ခေါင်းကွဲရပါလိမ့်မယ်။ သိပ်မကြာသေးခင်က မြန်မာစာ၊ မြန်မာဂီတ ပညာရှင် ဆရာကြီး ဦးမြင့်ကြည် TV talk show တခုမှာ မြန်မာ့ဂီတဟာ မကြာခင် ပြတိုက်ထဲကို ရောက်ရပါတော့မယ်လို့ မချိတင်ကဲပြောခဲ့တာ သတိရမိ ပါတယ်။
မြန်မာ့ဇာတ်တော်ကြီး ဆိုတာ အဆို၊ အငို၊ အပြောတင်မက၊ အတီး၊ အမှုတ်၊ အရေး၊ အက စတဲ့ မြန်မာ့ဂီတ၊ သဘင်နဲ့စာပေ အနုပညာ အားလုံး ပေါင်းစပ်ပါဝင် နေတာကြောင့် ဒါကြီး ပျောက်ကွယ် သွားရင် မြန်မာ့အနုပညာ အမွေအနှစ်တခု ပျောက်ကွယ်တာပါပဲ။
ဒီလိုအခြေအနေ မျိုးဟာ မြန်မာနိုင်ငံတင်ပဲလား ဆိုတော့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း ရိုးရာ အနုပညာ တွေဟာ ဒီပြဿနာ ရှိနေတာပါပဲ။ သူတို့ ဘယ်လို ဖြေရှင်းကြလဲ၊ ကယ်တင်ကြလဲ၊ နည်းလမ်း အမျိုးမျိုး၊ ပုံစံ အသွယ်သွယ်ပါပဲ။
တခါက ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကြုံကြိုက်လို့ သုခုမ ပွဲတခု ကြည့်ခဲ့ဖူးတာလေး တင်ပြချင်ပါတယ်။ ကြော်ငြာထားတဲ့ ပွဲက “ရာမယန ဇာတ်တော်ကြီး” တင်ဆက်မှုတဲ့။ ဂျာမန် အနုပညာအဖွဲ့တဖွဲ့ တင်ဆက်တာပါ။ တော်တော်စိတ်ဝင်စား သွားပါတယ်။ ရာမယန ဆိုတာ အိန္ဒိယနိုင်ငံက “ဝါလမိကီ” ဆရာကြီးရဲ့ မဟာကဗျာကြီး တပုဒ်ကနေ ပေါက်ဖွားလာတဲ့ သြဇာအင်မတန် ကြီးတဲ့ ဇာတ်လမ်းတပုဒ်ပါ။
အိန္ဒိယနိုင်ငံကနေ အရှေ့တောင်အာရှ နိုင်ငံအတော်များများကို ပုံစံအမျိုးမျိုးနဲ့ ပြန့်နှံ့ ခဲ့တာ ရာစုနှစ်ပေါင်း မနည်းတော့ပါဘူး။ မြန်မာနိုင်ငံမှာလည်း ရာမ၊ လက္ခဏ၊ သီတာ တို့ဟာ မြန်မာတို့နှလုံးသားမှာ စူးနစ် နေပြီးသားပါ။ ဒါကြီးကို အခု ဥရောပ ပုံစံနဲ့ ကမယ်ဆိုတော့ ကျနော် အတော် စိတ်ဝင်စားမိပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ ရာမဇာတ်တော်ကြီး ကွဲပြားမှုကို ရာမရကန် ဦးတိုးရဲ့ စာအုပ်ပါ ဟံသာဝတီ စာအုပ်တိုက် တည်းဖြတ်သူများရဲ့ စကားချီးကို ကိုးကားပါရစေ။
“ရာမဇာတ်တော်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရာမ၊ ဟိန္ဒူဘာသာဝင် အိန္ဒိယ လူမျိုးတို့၏ ရာမဟု နှစ်မျိုး ရှိသည်တွင် မြန်မာလူမျိုးတို့၏ ရာမကား ငါးရာ့ငါးဆယ်ဇာတ်၊ ဧကာဒသနိပါတ်၊ ဒသရထဇာတ်၊ ဇာတ်ဦးရေ ၄၆၁ တွင် လာ၏။
အိန္ဒိယလူမျိုးတို့၏ ရာမကား ဝလ္မိကီ မည်သော ရသေ့ကြီး ရေးသားစီရင်သည့် ရာမာယနကျမ်းကြီးမှ လာ၍ သက္ကတ ဘာသာဖြင့်ရှိနေ၏။ ဦးတိုးရေးသော ရာမရကန်မှာ မြန်မာရာမကို မမှီး၊ ဟိန္ဒီရာမ ဇာတ်ကို နောက်ခံထား၍ ဖွဲ့ဆိုခြင်းဖြစ်သည်။ အမည်တူသော်လည်း ဖြစ်စဉ်မတူ။ ဘုရားဟောရာမလည်းရှိ၊ ရာမယန အဆို ရာမလည်း ရှိသည်။
ယင်းသို့လျှင် အိန္ဒိယတွင် နှစ်ပေါင်းများစွာ တည်မြဲခဲ့သော ရာမဇာတ်သည် နောက်အခါ ယိုးဒယားသို့ ရောက်သွား၍ ယိုးဒယားသားတို့က ကဇာတ်၊ ပြဇာတ် ဖန်တီးကပြ နေခဲ့သဖြင့် “ယိုးဒယားရာမ” အမည် ပြောင်းပြန်သည်။ ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရား၏ သားတော်၊ မြေးတော်တို့သည် ယိုးဒယားသို့ စစ်ချီသော ကာလက ပညာသည်များကိုပါ ခေါ်ခဲ့လျက် အစုအကွက် နေရာချထား နေထိုင်စေခဲ့သည်။
ထိုအခါ ယိုးဒယား အနုပညာသည်များက ယိုးဒယား ဟန်အက အလေ့အလာဖြင့် ရာမဇာတ်ကို ကပြသည်မှစ၍ မြန်မာနိုင်ငံတွင် ယိုးဒယားရာမ တည်ထွန်းပြန့်ခဲ့သည်။ အမရပူရခေတ် ဘိုးတော်လက်ထက် ကျရောက် သောအခါ ယိုးဒယားသားတို့၏ ရာမဇာတ်ကို လူကြိုက်များ၍ ခေတ်စားလာပြီဖြစ်သဖြင့် နန်းတွင်းမှာ တင်ဆက်ကပြ စေသည်မှစ၍ “နန်းတွင်းရာမ ဇာတ်တော်ကြီး” ဟု အမည်တွင်ပြန်သည်။
ဘာလင်မြို့ရဲ့ ခေတ်မီဆန်းပြား ကြီးမားထည်ဝါလှတဲ့ ဇာတ်ရုံကြီးမှာ ပရိသတ် တော်တော်များများ လာအားပေး ကြပါတယ်။ လူငယ် တော်တော်များများကိုလည်း တွေ့ရပါတယ်။ ကြော်ငြာပိုစတာတွေ အားလုံးက ဂျာမန်လို ရေးထားလို့ နားမလည်တာကြောင့် ဒီ ပြဇာတ်အဖွဲ့က ဘယ်လောက် နာမည်ကြီးသလဲတော့ မသိခဲ့ရပါဘူး။
ဒါပေမယ့် သူတို့က ရာမယန ဇာတ်တော်ကြီးဆိုလို့သာ ကိုယ်က မှန်းပြီး နားလည်ရတာပါ။ ကပြ တင်ဆက် ကြတဲ့ အနုပညာရှင် အားလုံးက စကားပြောမပါဘဲ၊ အော်ခက်စတြာနဲ့ ပီယာနို တီးလုံးတွေကို အက အနုပညာ သရုပ်ဖော်ချက်တွေနဲ့သာ ကပြတင်ဆက်ကြတာပါ။ ခေတ်အဝတ်အစား၊ ခေတ်အပြင်အဆင် တွေနဲ့ ကိုရီယိုဂရပ်ဖ်လို့ ခေါ်တဲ့ ကိုယ်ဟန်၊ လက်ဟန်၊ ခြေဟန် ကကွက်တွေဟာ မြန်မာရာမယန၊ ယိုးဒယား ရာမယနနဲ့ အိန္ဒိယ ရာမယနတွေကို ယဉ်ပါးခဲ့တဲ့ ကျနော့်မျက်စိထဲ၊ နားထဲမှာ အဲဒီအချိန်က ဘယ်လိုမှ စိတ်ကျေနပ်မှု မရခဲ့ပါဘူး။
ဒါပေမယ့် အခုမှ ပြန်စဉ်းစားကြည့်တော့ ခေတ်လူတွေကို ခေတ်ပုံစံနဲ့ တင်ဆက်တာ သဘာဝ ကျပါကလားလို့ တွေးမိလာပါတယ်။ ဒါဟာ ဆင့်ပွား ခံစားတင်ဆက်ခြင်း၊ တနည်းအားဖြင့် အနုပညာ စီးကူးခြင်းပါလားလို့လည်း မြင်လာမိပါတယ်။
အနောက်နိုင်ငံသား လူငယ်တွေအနေနဲ့ တကယ့်မူရင်း ရာမယန ဇာတ်တော်ကြီးကို ခံစား နားလည်ဖို့ တော်တော် အလှမ်းဝေးပါလိမ့်မယ်။ ဘာသာ အယူဝါဒ၊ ခေတ်အခြေအနေ၊ ရိုးရာတွေဟာ ဘယ်လိုမှ မတူတဲ့အတွက် ဒီလို ခေတ်သစ်နည်းနဲ့ တင်ဆက်လိုက်တော့ တစ်စုံတစ်ခုသော အတိုင်းအတာ အထိတော့ ပရိသတ်ထဲကို ရောက်သွားမှာပဲ။ ဒီအထဲကမှ တဆင့်တက်ပြီး စိတ်ဝင်စားသူတွေက အရှေ့တိုင်း ရိုးရာတွေကို စိတ်ဝင်စားပြီး စူးစမ်းလေ့လာမိရင် အရင်းအမြစ်ကို သိကြမှာပေါ့။
အလှမ်းဝေးလို့ မလာရောက်နိုင်သူတွေဆီကို ကိုယ်က သူတို့နဲ့နီးစပ်အောင် လုပ်ဆောင်ပေးခြင်း ဟာလည်း အနုပညာတရပ် ဖြစ်မယ်ထင်ပါတယ်။ ဒါဟာ မူရင်းဇာတ်ကို ဖျက်ဆီးတယ်လို့ မဆိုနိုင်ပါဘူး။ မှားတယ်၊ မှန်တယ်ဆိုတာထက် နောက်ထပ်အနုပညာ ဆင့်ပွားဖန်တီးခြင်း တခုလို့ ပြောရပါမယ်။ သူတို့ အနုပညာ မြောက်ခြင်း၊ မမြောက်ခြင်းကတော့ သူတို့ရဲ့ ပညာအတိမ်အနက်ပေါ် မူတည်မှာပေါ့။ ပညာရှင်များ ဝေဖန် ထောက်ပြကြပါဦး ခင်ဗျာ။
မြန်မာ့အနုသုခုမ ပညာရပ်များ အသက်ရှည်ပါစေ။
(စာရေးသူသည် ရန်ကုန်အခြေစိုက် ဂီတမိတ် သင်တန်းကျောင်း၏ မန်နေဂျာနှင့် အဆိုရှင်တဦး ဖြစ်သည်။)