ရခိုင်ပြည်သူတွေ အဓိက ရင်ဆိုင်ကြုံတွေ့ ခံစားနေရတဲ့ ပြဿနာတွေ ဖြစ်တဲ့ လျှပ်စစ်မီး မလုံလောက်တာ၊ လမ်းပန်း ဆက်သွယ်ရေးမကောင်းတာ၊ ဆင်းရဲမွဲတေမှု မြင့်တက်နေတာ၊ အလုပ်အကိုင်အခွင့်အလမ်း မရှိတာ၊ ကျန်းမာရေး ဝန်ဆောင်မှု မကောင်းတာ၊ အစိုးရနဲ့ ရခိုင်ပြည်သူအကြား ယုံကြည်မှု မဲ့နေတာ၊ ပညာရေး နိမ့်ကျနေတာ၊ တရားဥပဒေစိုးမိုးမှု မရှိတာ၊ မူးယစ်ဆေးဝါး စတဲ့ ပြဿနာတွေ များပြားလှပါတယ်။
အဲဒီတော့ ၂ နှစ်ကျော်လာပြီ ဖြစ်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘာတွေတိုးတက် ပြောင်းလဲနိုင်ခဲ့ပြီလဲ၊ ဘာတွေ ဆောင်ရွက်ဖို့ ရှိသလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ဒုတိယ ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုနဲ့ ပတ်သက်လို့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီကနေ နံနက် ၁၁ နာရီအထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီးတွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြပေမယ့် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း တက်ရောက်လာတာကို မတွေ့ရပါဘူး။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒုတိယ ၁ နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနဲ့ ပတ်သက်လို့ အားရကျေနပ်မှုရှိပြီး တဦးချင်း ဝင်ငွေတိုးလာတာ၊ ပညာရေး၊ ကျန်းမာရေး လူမှုရေး စတဲ့ ကဏ္ဍအသီးသီးမှာ သိသိသာသာ တိုးတက်လာတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုပါတယ်။
ဦးညီပုက ရခိုင်ပြည်နယ်ဟာ ထိရှလွယ်တဲ့ ပြည်နယ်တခု ဖြစ်တာကြောင့် လုံခြုံ တည်ငြိမ်အေးချမ်းရေးကို အဓိက ဦးစားပေး ဆောင်ရွက်နေပြီး အခုအခါ မြင်သာတဲ့ တိုးတက်မှု ရရှိလာပြီလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ပြောသလို ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာ တည်ငြိမ်စပြုလာပေမယ့် အခြားတဖက်မှာက ဒီနေ့အချိန်ထိ မကြာခဏဆိုသလို တိုင်းရင်းသား မျိုးနွယ်စုတွေဟာ သတ်ဖြတ်မှုကို ခံနေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တွေမြို့အပါအဝင် တချို့မြို့နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေ၊ လုပ်ကြံ သတ်ဖြတ်မှုတွေ ရှိလာတာကို တွေ့ရပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP, 2011) ရဲ့ စစ်တမ်းတခုအရ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲနွမ်းပါးမှု အချိုးအစားဟာ ၄၃.၅ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာ့ဘဏ် (World Bank, 2014) အစီရင်ခံစာအရ ၇၈ ရာခိုင်နှုန်း (တနိုင်ငံလုံးအတိုင်းအတာအရ ၃၇.၅ ရာခိုင်နှုန်း) ရှိပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှု အမြင့်ဆုံး ပြည်နယ် တခုဖြစ်တယ်လို့ ယူဆကြပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စက်ရုံ၊ အလုပ်ရုံ၊ ပုဂ္ဂလိကပိုင် စက်ရုံငယ် ၈၅ ရုံကို ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရအဖွဲ့အနေနဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် ထွက်ပေါ်လာဖို့ တိကျတဲ့ မူဝါဒတွေ မချပြခဲ့သလို၊ ရခိုင်ပြည်နယ် ဆင်းရဲမွဲတေမှု ရာခိုင်နှုန်း ဘယ်လောက် ကျဆင်းလာသလဲ ဆိုတာကိုတော့ ထည့်သွင်း ပြောကြားခဲ့တာကို မတွေ့ရပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က စာရင်းဇယားအရ ရခိုင်ပြည်နယ်မှာ အသက် ၁၅ နှစ်ကနေ အသက် ၆၄ နှစ်အတွင်း အလုပ်လက်မဲ့ ၁၀.၄ ရာခိုင်နှုန်းရှိနေတာကြောင့် ရခိုင်ပြည်နယ်ဟာ အလုပ်လက်မဲ့ အများဆုံး ပြည်နယ်တခုလို့ ပြောလို့ရပါတယ်။
အစိုးရရဲ့ အစီရင်ခံစာ ၂၀၁၈ အရ စစ်တွေမြို့ SMART အထည်ချုပ်စက်ရုံ၊ ခိုင်ပြည်စိုး အထည်ချုပ်စက်ရုံ၊ ရွှေကျား လက်ရက္ကန်းလုပ်ငန်း အပါအဝင် ရွှေစီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှာ ဒေသခံ ၇၇၀ ဦးကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့တယ်။
ဒါပေမယ့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ၂ နှစ်ကျော် ကာလအတွင်း ရခိုင်ပြည်နယ်က အလုပ်လက်မဲ့ ရာခိုင်နှုန်း ဘယ်လောက် လျှော့ချနိုင်ပြီဆိုတာကို ရှင်းလင်းသွားခြင်း မရှိပါဘူး။
အခုလိုပဲ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် ရှားပါးမှု၊ ဆင်းရဲမွဲတေမှုတွေ မြင့်တက်နေတာကြောင့် ရခိုင် ပြည်သူတွေဟာ အလုပ်အကိုင်ရှာဖွေဖို့ တခြားနိုင်ငံများကို နေ့စဉ်နဲ့အမျှ သွားနေကြတာကို တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနဲ့ အိမ်ထောင်စုစာရင်း ထုတ်ပြန်ချက်အရ ရခိုင်လူဦးရေ ၁၁၅၅၀၂ ဦးဟာ နိုင်ငံခြားကို သွားရောက်ကြပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို သွားရောက်သူ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ ဝင်ငွေအရဆုံး ကဏ္ဍဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ စပါးစိုက်ဧက ၁, ၁၀၄,၀၅၇- ဧက စိုက်ပျိုး ခဲ့ကြောင်း၊ ပုစွန်မွေးမြူရေး ကန်ပေါင်း ၆,၈၄၂- ကန်နဲ့ စုစုပေါင်း ပုစွန်မွေးမြူရေးဧကပေါင်း ၁၁၀,၈၉၅ ရှိကြောင်း စတဲ့ အကြောင်းအရာတွေကို ထည့်သွင်း ရှင်းလင်းသွားပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ဆန်၊ စပါးနဲ့ သား၊ ငါး ထုတ်လုပ်မှုဟာ ယခင်နှစ်ထက် ဘယ်လောက် တိုးတက် လာတယ်ဆိုတာ အသေးစိတ် တိတိကျကျ ရှင်းလင်းသွားတာ မရှိပါဘူး။ တကယ်တော့ ရခိုင်ပြည်နယ်မှာ ၈၅ ရာခိုင်နှုန်းကို လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က အစီရင် ခံစာတခုအရ ၃၀.၃၅ ရာခိုင်နှုန်းကိုသာ လယ်ယာစိုက်ပျိုးမြေအဖြစ် အသုံးပြုနေတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ IHLCA-2 (2009-2010) စစ်တမ်းတခုက ရခိုင်ပြည်နယ်မှာ မြေယာမဲ့သူ မြင့်တက်နေတယ်၊ မြေယာမဲ့သူအချိုးအစား ၂၄.၆ ရာခိုင်နှုန်းရှိတဲ့အပြင် ဂီရိ မုန်တိုင်း တိုက်ခတ်ခဲ့တဲ့ မြေပုံ၊ မင်းပြား၊ ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ်တွေမှာ မြေယာမဲ့သူ ၅၂ ရာခုန်နှုန်း အထိ ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးစားရိတ် ချေးငွေအနေနဲ့ တောင်သူ ၁၁၃,၁၂၉- ဦးကို ကျပ် ၈၄၃၄၂ သန်း ထုတ်ချေးခဲ့တယ်လို့ ရှင်းလင်း တင်ပြခဲ့ပေမယ့် စိုက်ပျိုးရေး စားရိတ် ချေးငွေတွေဟာ အမှန်တကယ် လိုအပ်တဲ့ တောင်သူတွေ လက်ထဲကိုရောက်ရဲ့လား၊ တောင်သူတွေရဲ့ လူမှုဘ၀ ဘယ်လောက် ပြောင်းလဲတိုးတက်လာသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
တကယ်တော့ ရခိုင်ပြည်နယ် မြို့ပေါ်မှာရော၊ ကျေးလက်ဒေသတွေမှာပါ အစားအစာ ဆင်းရဲချို့တဲ့မှု မြင့်တက် နေပါတယ်။ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ ပေါက်တော မြို့နယ်တွေမှာ အစားအစာ ဆင်းရဲချို့တဲ့သူ အိမ်ထောင်စု ၆၉.၈ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်သူတွေ အစားအစာ ချို့တဲ့မှု ပြဿနာကို ဘယ်လို အစီအမံတွေ၊ မူဝါဒတွေနဲ့ ဆောင်ရွက်နေတယ်ဆိုတာ ပြောဆိုသွားတာ မတွေ့ပါဘူး။
ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၂၄၇ ခု ဆောင်ရွက်ပြီးစီးခဲ့သလို၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ မာန်အောင် မြို့နယ်တွေမှာ ၂၄ နာရီ လျှပ်စစ်ဓာတ်အားရရှိရေး အတွက် အကောင်အထည်ဖော်ဖို့ စီစဉ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ် လူဦးရေရဲ့ ၂၆.၄ ရာခိုင်နှုန်းက လျှပ်စစ်ဓာတ်အား ရရှိတယ်လို့ UNDP ရဲ့ IHLCA-2 အစီရင်ခံစာက ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံ လူဦးရေနဲ့ အိမ်ထောင်စုစာရင်း ထုတ်ပြန်ချက် စာရင်းအရ ရခိုင်ပြည်နယ်မှာ လူဦးရေ ၁.၄ ရာခိုင်နှုန်းက ချက်ပြုတ်ဖို့အတွက် လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်ပြီး ၅၉ ရာခိုင်နှုန်းက အလင်းရောင်ရရှိဖို့အတွက် ဖယောင်းတိုင်ကို အသုံးပြု နေရသေးပါတယ်။
အဲဒီတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ၂ နှစ်ကျော် သက်တမ်းအတွင်း ရခိုင်ပြည်နယ် အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲသူ ရာခိုင်နှုန်း ဘယ်လောက် တိုးတက်လာသလဲဆိုတာ တိတိကျကျ ရှင်းလင်း တင်ပြဖို့ လိုအပ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားအနည်းဆုံး ပြည်နယ်တခုလို့ ပြောရင် မှားမယ် မထင်ပါဘူး။ ရခိုင်ပြည်နယ် စစ်တွေမြို့အပါအဝင် ကျန်တဲ့မြို့နယ်တွေက လူနာတွေဟာ နေ့စဉ်နဲ့အမျှဆိုသလို ရန်ကုန်ကို ဆေးဝါးကုသဖို့ သွားနေရပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး ဝန်ထမ်း ၄၃၃၇ ဦး ခွင့်ပြုထားရှိပြီး ၁၇၄၀ ဦးသာ ခန့်အပ်ထားရသေးတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် လစ်လပ်နေတဲ့ ၂၅၉၇ ဦးဟာ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်နှခုနှစ်မှာ ရခိုင်ပြည်နယ်ကို ရောက်ရှိ လာမယ်လို့ ထည့်သွင်း ပြောဆိုခဲ့တာ မရှိပါဘူး။
ဒါပေမယ့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဒေသန္တရ ဆေးပေးခန်းတွေ၊ ဆေးခန်းတွေ၊ ကျောင်း ကျန်းမာရေး ဌာနတွေ၊ ကျေးလက် ကျန်းမာရေးဌာန ၅၈၈ ခန့် တည်ဆောက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ ဆေးရုံမှာ တက်ရောက်ကုသတဲ့ လူနာများထဲမှာ အသဲခြောက်ရောဂါနဲ့ သေဆုံးသူ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ လူနာ ၁၀၀ မှာ ၄ ဦးသေဆုံးမှု ရှိသလို၊ အသက် ၅ နှစ်အောက် ကလေး ဦးရေ ၁၀၀၀ မှာ ကလေးဦးရေ ၇၅ ဦး သေဆုံးနေပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း လမ်းတံတား (၁၅) ခု တည်ဆောက် ထားပြီး စည်ပင်သာယာရေးအနေနဲ့ မြို့ပြလမ်း၊ တံတားနဲ့ ရေရရှိရေး အခု (၂၀) ကို ဆောက်ရွက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီနေ့အချိန်အထိ ရခိုင်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး အလွန်တရာ ခက်ခဲတဲ့ ဒေသတခုလို့ ပြောရင် မှားမယ်မထင်ပါဘူး။ အခုလို ရခိုင်ပြည်ရဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ရခိုင်ပြည်နယ်ရဲ့ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ ထိခိုက်စေပါတယ်။
ရခိုင်ပြည်နယ်ရဲ့ စာတတ်မြောက်မှု နှုန်းဟာ မြန်မာနိုင်ငံမှာ အနိမ့်ဆုံး ဖြစ်နေပါတယ်။ အသက် ၁၅ နှစ်ကနေ ၂၄ နှစ် အကြား စာတတ်မြောက်မှုဟာ ၈၀.၁ ရာခိုင်နှုန်းသာ ရှိပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် ၉၅.၈ ရာခိုင်နှုန်း ရှိပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကတော့ ပညာရေးနဲ့ ပတ်သက်လို့ စာသင်ကျောင်း စုစုပေါင်း ၃၁၉၉ ကျောင်း ရှိကြောင်း၊ ပညာရေး တိုးတက်လာကြောင်းကိုသာ ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ်မှာ စာတတ်မြောက်မှုနှုန်း ဘယ်လောက် တိုးတက်လာသလဲ ဆိုတာ ရှင်းပြသွားတာ မတွေ့ရပါဘူး။
တကယ်တော့ ရခိုင်ပြည်နယ်ရဲ့ တက္ကသိုလ်ဝင်တန်း အောင်ချက်ဟာ တခြား တိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် ၂၁.၄၅ ရာခိုင်နှုန်းသာ ရှိနေပါသေးတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ MPT ၊ GSM ဆက်သွယ်ရေးစခန်း တည်ဆောက် ပြီးကြောင်း၊ တရားမဝင် သစ်ဖမ်းဆီးထားကြောင်း၊ ရခိုင်ပြည်နယ် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ကို ကမ္ဘာ့အမွေအနှစ် စာရင်း တင်သွင်းရေးအတွက် ဆောင်ရွက်နေကြောင်း စတဲ့ အကြောင်းအရာတွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် UEHRD ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အိမ်ဆောက်လုပ် ထားရှိမှု အခြေအနေ၊ လက်ခံဆောင်ရွက်ထားရှိမယ့် အခြေအနေကို အကျယ်တဝန်း ရှင်းလင်းခဲ့ပေမယ့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ အဂတိလိုက်စားမှု ပြဿနာ၊ မြို့တော် သန့်ရှင်းရေးပြဿနာ၊ ရခိုင်နိုင်ငံရေးပြဿနာကို ထည့်သွင်း ပြောကြားသွားတာ မတွေ့ရပါဘူး။
အားလုံးခြုံငုံ သုံးသပ်ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဒုတိယ ၁ နှစ် လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ လုပ်ငန်းဆောင်ရွက်ပြီးတာ၊ လုပ်ငန်းဆောင်ရွက်နေတာ၊ ဆက်လက် လုပ်ဆောင်ဖို့ လျာထားတာတွေကို ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ၂ ကျော် ကာလအတွင်း ဘယ်လို ပြောင်းလဲတိုးတက်လာသလဲ ဆိုတာကို အချက်အလက်တွေ၊ အထောက်အထားတွေနဲ့ တိတိကျကျ မချပြနိုင်ခဲ့ပါဘူး။
(ထွန်းထွန်းနိုင်သည် ရခိုင်နိုင်ငံရေးနှင့် မူဝါဒလေ့လာ သုံးသပ်သူတဦး ဖြစ်သည်။ သူသည် ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်တက္ကသိုလ်မှ မဟာဗျူဟာ ရေးဆွဲရေးနှင့် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ကို ရရှိခဲ့သည်။)