ဖုယွင် အလုပ်သမားသပိတ်က ပေးတဲ့ အတွေး
နိုင်ငံတနိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားစုအတွက် အလုပ်သမားလူတန်းစားဟာ အရေးပါတဲ့ လူတန်းစားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းကို အားပြုနေရတဲ့ အလုပ်သမားတွေ အများအပြားရှိပြီး ဒီလုပ်ငန်းကနေ ဒေါ်လာ ဘီလီယံချီ ရရှိနေတာပါ။ ဒါပေမယ့် နိုင်ငံထဲကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု လိုအပ်သလို၊ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် အစိုးရက ကာကွယ် ပေးရမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဖုယွင် အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားက ဖွင့်လှစ်ထားတဲ့ စက်ရုံပါ။ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကျော်ကို အလုပ်ရှင်က အလုပ်ထုတ်ပစ်တာကို အလုပ်ပြန်ခန့်ဖို့ တောင်းဆို ရာကနေ အလုပ်သမားသပိတ် စတင်ခဲ့ပါတယ်။ သြဂုတ်လကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ အလုပ်သမားသပိတ်ဟာ အောက်တိုဘာလ ရောက်တဲ့အထိ ပြေလည်မှုမရသေးပါဘူး။
အလုပ်သမားတွေဟာ သူတို့ရဲ့ နစ်နာမှုတွေကို သိရှိအောင် လမ်းပေါ်ထွက် ဆန္ဒပြရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ ထိခိုက်နစ်နာမှုတွေကို တာဝန်ရှိသူတွေဆီ တိုင်ကြားခဲ့ပါတယ်။ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင်ပြောကြားခဲ့ပေမယ့် အလုပ်ရှင်ဘက်က လက်ခံခြင်းမရှိခဲ့ပါဘူး။
အလုပ်ရှင်နဲ့ အလုပ်သမားအကြား မပြေလည်မှုတွေ ရှိတတ်ပေမယ့် တခြားစက်ရုံတွေမှာ မပြေလည်မှုတွေရှိလာရင် အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ဝန်ကြီးဌာနအကြား ညှိနှိုင်းပြီး ပြေလည်သွားတာ များပါတယ်။ ဒါပေမယ့် ဖုယွင် အထည်ချုပ် စက်ရုံကိစ္စမှာတော့ အဲဒီလိုမဟုတ်ဘဲ အခြေအနေတွေက တဖြည်းဖြည်း တင်းမာတဲ့ဘက်ကို ရောက်ရှိခဲ့ ပါတယ်။
တကယ်တော့ “အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေ” ကို (၂၀၁၂) ခုနှစ် မတ်လကတည်းက ပြဌာန်းခဲ့ပြီး ဒီဥပဒေကို ပြင်ဆင်တဲ့ “အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ” ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
“အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ” အခန်း (၈)၊ (၄၂) မှာ “မည်သူမျှ သပိတ်မှောက်ခြင်းတွင် ပါဝင် ဆောင်ရွက်လိုခြင်းမရှိသည့် အလုပ်သမားများ၏ လွတ်လပ်စွာ အလုပ်လုပ်ခွင့်ကို တားမြစ်ခြင်း သော်လည်းကောင်း၊ အလုပ်သမား၏ သပိတ်မှောက်ခြင်းပြုနိုင်သည့် အခွင့်အရေးကို နှောင့်ယှက်ဟန့်တားခြင်းသော် လည်းကောင်း မပြုရ” လို့ ပါရှိပါတယ်။ “အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ” မှာ ပုဒ်မ (၄၈) မှာပါရှိတဲ့ ငွေဒဏ်ကျပ် ၁ သိန်းအစား ကျပ် ၅ သိန်းဆိုပြီး ပြင်ဆင်ခဲ့ပါတယ်။
ဖုယွင် အလုပ်သမားသပိတ်ကိစ္စမှာ အလုပ်ရှင်ဘက်က အလုပ်သမားခန့်ထားမှုဆိုင်ရာ သဘောတူညီချက်ကိုပါ ဖောက်ဖျက် ခဲ့တာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားမှုကို မလိုက်နာခဲ့လို့ ဖြစ်ပါတယ်။ တခြား အကြောင်းရင်းတွေပြခဲ့ပေမယ့် အလုပ်ထုတ်ပစ်တဲ့ ကိစ္စဟာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းမှုနဲ့ ဆက်စပ်နေတာကို တွေ့မြင်ရပါတယ်။ “အလုပ်သမားအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ” ပုဒ်မ (၄၉) နဲ့ ပုဒ်မ (၅၀) မှာ အလုပ်သမား အဖွဲ့အစည်း တည်ထောင်မှုတွေကို ဟန့်တားနှောင့်ယှက်ရင် ထောင်ဒဏ် ၁ နှစ်၊ ဒဏ်ငွေ ၁ သိန်း ချမှတ် နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အလုပ်သမားခန့်ထားမှုဆိုင်ရာ သဘောတူညီချက်ကို အလုပ်ရှင်ဘက်က ဖောက်ဖျက်ခဲ့ရင် အမြင့်ဆုံးဒဏ်ငွေ ၁၀ သိန်း အထိပဲ ဒဏ်ရိုက်နိုင်တာက အားနည်းချက်အဖြစ် ဆက်ရှိနေပါတယ်။ ငြိမ်းချမ်းစွာ သပိတ်မှောက် တောင်းဆိုနေကြတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဘက်က လူမိုက်တွေငှားပြီး အကြမ်းဖက် ဖြိုခွင်းခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်ဟာ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီနေ့ နံနက် ရး၃၀ နာရီဝန်းကျင်မှာ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အရပ်ဝတ်လူမိုက်တွေက သပိတ်မှောက်နေတဲ့ အလုပ်သမားတွေကို အကြမ်းဖက် ရိုက်နှက်ခဲ့လို့ အလုပ်သမား ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့အထိ ဆိုးရွားခဲ့တာပါ။ သူတို့အပေါ် အကြမ်းဖက်နိုင်တဲ့ အန္တရာယ်ရှိလို့ သပိတ်မှောက်အလုပ်သမားတွေက ရဲတပ်ဖွဲ့ကို တနာရီလောက် ကြိုတင် အကြောင်းကြားခဲ့ပေမယ့် ဥပဒေရဲ့ အကာအကွယ်မရခဲ့ပါဘူး။
နောက်ပိုင်းမှာ အလုပ်သမားသပိတ်ကို ထောက်ခံတဲ့ ရပ်ကွက်နေ ပြည်သူတချို့ စက်ရုံကို ခဲနဲ့ထုတဲ့အထိ ဖြစ်လာမှ ရဲတပ်ဖွဲ့က စက်ရုံအလုပ်ရှင်ကို ကာကွယ်ဖို့ ရောက်လာတဲ့ အတွက် ပြည်သူတွေကြားမှာ ရဲတပ်ဖွဲ့ရဲ့ ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ပိုဆိုးတာက Yangon Police ရဲ့ Facebook က သတင်းထုတ်ပြန်ချက်မှာ “အလုပ်သမားအချင်းချင်း စကားများရာက ရန်ပွဲများဖြစ်ပွား ခဲ့ကြောင်း” ဆိုပြီး ဖော်ပြထားတာက အဖြစ်မှန်နဲ့ ကွဲလွဲပြီး ဘက်လိုက်တဲ့ သဘော သက်ရောက်နေပါတယ်။
စက်ရုံမှာ အလုပ်သမား ၁၀၀၀ နီးပါးရှိပါတယ်။ အဲဒီအထဲမှာ သပိတ်မမှောက်ဘဲ အလုပ်ဆင်းနေသူတွေ ၈၆၀ ကျော်ရှိပြီး အခုလို အကြမ်းဖက်မှုကို ဖြစ်စေတဲ့အထိ ဘယ်အခြေအနေတွေက တွန်းပို့ခဲ့သလဲ စဉ်းစားစရာ ကောင်းနေပါတယ်။
အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား ၃၀ ကို အလုပ်ပြန်ခန့်ဖို့ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြစိန်က အောက်တိုဘာ ၁၆ ရက်နေ့မှာ မေတ္တာရပ်ခံခဲ့ပေမယ့် အလုပ်ရှင်ဘက်က မလိုက်လျောခဲ့ပါဘူး။ လွှတ်တော် ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေး၊ ညှိနှိုင်းဖျန်ဖြေရေးရုံးက တာဝန်ရှိသူတွေ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေ တွေ့ဆုံပြီး မေတ္တာရပ်ခံခဲ့ တာဖြစ်ပါတယ်။ အခုလို အကြမ်းဖက်မှုကို ရှုတ်ချကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်အပါအဝင် အရပ်ဖက် အဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန် ကန့်ကွက်ခဲ့ကြ ပါတယ်။
ဒါတင်မကသေးပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်က သူတို့ရဲ့ သဘောထားကိုပါ ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက “အကြမ်းဖက်မှုတွေ ဖန်တီးပြီး ရိုက်တယ်၊ နှက်တယ်၊ အကြမ်းဖက်တယ်ဆိုတာက တရားဥပဒေနဲ့ ကင်းမဲ့နေတဲ့ လုပ်ရပ်” လို့ ဝေဖန်ခဲ့ပါတယ်။ ကျူးလွန်သူတွေကို တာဝန်ရှိသူတွေဘက်က ထိထိရောက်ရောက် အရေးယူပေးဖို့ လိုတယ်၊ အရေးမယူရင် နောက်ထပ် အကြမ်းဖက်မှုတွေ ရဲရဲတင်းတင်း လုပ်လာနိုင်တယ်လို့လည်း သူက ထောက်ပြပြောဆိုပါတယ်။
ဒီနေရာမှာ စဉ်းစားရမယ့် အချက်တွေက အလုပ်ရှင်ဟာ ပြဿနာကို ကြီးထွားလာတဲ့အထိ ဘာကြောင့် ရောက်စေခဲ့တာလဲ၊ အလုပ်သမားတွေဘက်က ဥပဒေကို ချိုးဖောက်တာလား၊ အလုပ်ရှင်ဘက်က ချိုးဖောက်တာလား ဆိုတဲ့အချက်တွေပါ။ နောက်ပြီး ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်က အလုပ်ရှင်နဲ့ အလုပ်သမားကြား အလုပ်ရှင်ကိုပဲ ကာကွယ်ပေးခဲ့တာ ဘာကြောင့်လဲ။
အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးသိရတဲ့ အနေအထားမှာတော့ အလုပ်သမားတွေ တောင်းဆိုနေတဲ့အချက် ၉ ချက်ထဲက ၇ ချက်ကို လိုက်လျောဖို့ အလုပ်ရှင်ဘက်က သဘောတူတယ်လို့ သိရပါတယ်။
ဒါပေမယ့် တောင်းဆိုချက် နံပါတ် (၁) ဖြစ်တဲ့ အလုပ်ရပ်စဲသည့် ကြေညာစာကို ပြန်လည်ရုပ်သိမ်းရန် ဆိုတဲ့ အချက်နဲ့ တောင်းဆိုချက်နံပတ် (၃) ဖြစ်တဲ့ Grade B+ ကနေ A+ အထိ ကျွမ်းကျင်ကြေးများကို (၄၀၀၀၀) မှ စ၍ (၁၀၀၀၀) စီ တိုးမြှင့်ပေးရန် ဆိုတဲ့အချက်နှစ်ချက်ကတော့ ပြေလည်မှုမရသေးပါဘူး။ ဒါကြောင့် အလုပ်သမားတွေကို အလုပ် ပြန်ခန့်ထားဖို့ မရေမရာ ဖြစ်နေပါသေးတယ်။
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေဟာ အမြင့်ဆုံး ဒဏ်ငွေ ၅ သိန်း၊ အလုပ်သမားခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်ကို ဖောက်ဖျက်ရင် အမြင့်ဆုံး ဒဏ်ငွေ ၁၀ သိန်းအထိပဲ ချမှတ်နိုင်လို့ အလုပ်ရှင်ဘက်က အလုပ်သမား တွေအပေါ် အနိုင်ကျင့်လို့ ရနေတာကို ဖုယွင်ကိစ္စက သက်သေပြနေပါတယ်။ ပြဿနာဖြစ်လာတိုင်းမှာ ကျောမွဲအလုပ်သမား တွေပဲ နစ်နာနေရတာပါ။
ခိုင်မာတိကျတဲ့ အလုပ်သမားဥပဒေတွေ၊ နည်းဥပဒေတွေ၊ ပြဌာန်းဖို့ လိုအပ်နေသလို၊ နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စက်ရုံတွေအနေနဲ့ တာဝန်ယူ၊ တာဝန်ခံမှုရှိဖို့၊ ဥပဒေနဲ့ ထိန်းကျောင်းဖို့ လိုအပ်နေပါတယ်။ အဲဒီလို မလုပ်ဆောင်နိုင်သရွေ့ အလုပ်သမားတွေဟာ အဖိနှိပ်ခံနေရဦးမှာ၊ ဥပဒေက တဖက်စောင်းနင်း ဖြစ်နေဦးမှာကို ဖုယွင် အလုပ်သမားသပိတ်က မီးမောင်းထိုး ပြသနေပါကြောင်း သုံးသပ်လိုက်ရပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်။)