စီမံခန့်ခွဲမှု (Management) က ယနေ့ခေတ် မြန်မာနိုင်ငံတွင် လူပြောများသည့် အကြောင်းအရာတခု ဖြစ်လာသည်။ ဖြစ် လည်း ဖြစ်သင့်ပါသည်။ ပြောရမည်ဆိုလျှင် အောင်မြင်မှုရရန်အတွက် စီမံခန့်ခွဲရေး နည်းလမ်းများနှင့် ပတ်သက်၍ သိရှိ နားလည်ထားရန် အရေးကြီးပါသည်။
လူအများစုအတွက် အရင်းအမြစ်၊ ဘဏ္ဍာရေးနှင့် အချိန် စီမံခန့်ခွဲမှု လိုအပ်ပါသည်။ ရလဒ်တခု အနေဖြင့် စီမံခန့်ခွဲရေး သင်တန်းများက ရေပန်းစားမှု တိုးလာသည်။ သို့သော်လည်း လူ့အဖွဲ့အစည်းတရပ် အနေဖြင့်ဆိုလျှင် ကျနော်တို့ အရေးအကြီးဆုံး လိုအပ်သည်မှာ ကျနော်တို့၏ စိတ်ဖိစီးမှုများကို စီမံခန့်ခွဲရေး ဖြစ်ပါသည်။
စိတ်ဖိစီးမှုက အိမ်တွင် ဖြစ်နိုင်သည်၊ လုပ်ငန်းခွင်တွင် ဖြစ်နိုင်သည်။ အမှန်တကယ်အားဖြင့် ဆိုလျှင် နေရာတိုင်းတွင် ဖြစ် နိုင်ပါသည်။ စိတ်ဖိစီးမှုက ယာဉ်ကျောပိတ်ဆို့မှုကြောင့်၊ မီးပျက်ခြင်းကြောင့်၊ အလုပ်မပြီးပြတ် ခြင်းကြောင့်နှင့် ငွေရေး ကြေးရေး ကိစ္စများကြောင့် အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်နိုင်ပါသည်။ ဘဝရပ်တည်ရေးအတွက် လှုပ်ရှား ရုန်းကန်နေရသူများ အတွက် စိတ်ဖိစီးမှုက အများစု ဖြစ်နေကျ ရလဒ်တခု ဖြစ်သည်။
နိုင်ငံရေးနှင့် လူမှုရေး အခြေအနေ များကြောင့်လည်း စိတ်ဖိစီးမှု ဖြစ်နိုင်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်း အတွင်းတွင် လူမှုရေး တရားမျှတမှု မရှိခြင်းကြောင့် မညီမျှသည့် လူ့အဖွဲ့အစည်းတခု အတွင်း နေထိုင်ရခြင်းက စိတ်ဖိစီးမှုကို ဖြစ်စေသည့် အကြောင်းတခု ဖြစ်ပါသည်။ ဖိနှိပ် ကန့်သတ်သည့် ဥပဒေများနှင့် ကြီးမားသည့် ရာဇဝတ်မှု ကျူးလွန်သူများကို အရေးယူနိုင်ခြင်း နည်းပါးသည့် အလေ့အထ ရှိနေခြင်းက ပြည်သူများ မလုံခြုံမှုကို ခံစားရစေပါသည်။
ထိုအခြေအနေများကြောင့် စိတ်ဖိစီးမှု ပိုဖြစ်လာစေသည်ဆိုလျှင် အံ့အားသင့်စရာ မဟုတ်ပါ။ ကျနော်တို့ကို စိန်ခေါ်နေသော ထိုစိတ်ဖိစီးမှု ဖြစ်စေသည့် အကြောင်းရင်းများကို ဖြေရှင်းရပါမည်။
စိတ်ဖိစီးမှု၏ ဘေးထွက်ဆိုးကျိုးများနှင့် သက်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းကိစ္စများ ရှိပါသည်။ အမေရိကန် စိတ်ပညာအသင်း (American Psychological Association) ၏ အဆိုအရ မဖြေရှင်းဘဲ လျစ်လျှူရှုထားသည့် စိတ်ဖိစီးမှုုကြောင့် ယင်း၏ ဆိုးကျိုးများဖြစ်သည့် စိုးရိမ်ကြောင့်ကျမှုနှင့် စိတ်ကျရောဂါ များကို ဆက်လက် ခံစားရ စေပါသည်။ ထိုကဲ့သို့ စိုးရိမ်ကြောင့်ကျမှုနှင့် စိတ်ကျရောဂါ ခံစားရသူများသည် နှလုံးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် နှစ်ဆ ပိုများပါသည်။
စိတ်ဖိစီးမှုက အရက်နှင့် မူးယစ်ဆေးကို အလွန်အကျွံ သုံးစွဲခြင်းသို့လည်း ရောက်ရှိသွားစေနိုင်ပြီး နှလုံးရောဂါနှင့် အဝလွန်ခြင်း ရောဂါကိုလည်း ပိုမိုဖြစ်လာစေနိုင်ပါသည်။
ပို၍ပင် စိုးရိမ်စရာမှာ စိတ်ဖိစီးမှုက စိတ်ကျရောဂါသို့ ဦးတည်နိုင်ခြင်း ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု မြင့်တက် လာနေသည့် မြန်မာနိုင်ငံတွင် စိတ်ကျရောဂါက ကြီးမားသော ပြဿနာတခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။
မျိုးဆက်သစ်များ ကြားတွင် သိရှိနားလည်မှု မြင့်တက်လာအောင် ကျနော်တို့ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ အတွင်းမှ စိတ်ဖိစီးမှု သို့မဟုတ် စိတ်ကျန်းမာရေးဆိုင်ရာ အကြောင်းကိစ္စ မှန်သမျှကို ကျနော်တို့ ဆက်လက် ဥပေက္ခာပြုထားရန် မဖြစ်နိုင်တော့ပါ။ စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်းက လူ့အဖွဲ့အစည်းအတွက် တည်ငြိမ်သော အခြေခံ အုတ်မြစ်ကို ဖန်တီး ပေးရာတွင် အခြေခံကျ ပါသည်။
ကျနော်တို့၏ လတ်တလော နိုင်ငံရေး သမိုင်းကြောင်းအရ မြန်မာနိုင်ငံတွင် စိတ်ဖိစီးမှု အဆင့်အမျိုးမျိုးက ပုံမှန်လို ဖြစ်နေမှုများ ပို၍ တိုးလာနေသည်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စိတ်ဓာတ် ပြန်လည်မြှင့်တင်ရေး ပရောဂျက် (Mental Health Assistance Project) က ပြုလုပ်ခဲ့သော လတ်တလော လေ့လာမှု တခုတွင် စစ်အာဏာရှင် အုပ်ချုပ်ရေးနှင့် လက်ရှိအချိန် စိတ်ဖိစီးမှု အဆင့်မြင့်မားနေခြင်းတို့ အကြား ဆက်နွှယ်မှုများ ရှိနေကြောင်း တွေ့ရှိခဲ့ရပါသည်။
အခက်အခဲများမှ ပြန်လည်ရုန်းထွက်နိုင်စွမ်း ဆိုသည်မှာ စိန်ခေါ်မှုများနှင့် နေ့စဉ်ဘဝမှ စိတ်ဖိစီးမှုများကို ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ဖြစ်ပြီး စိတ်ဖိစီးမှု စီမံခန့်ခွဲရေး၏ အဓိက အစိတ်အပိုင်း ဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် အခက်အခဲများမှ ပြန်လည် ရုန်းထွက်နိုင်စွမ်းကို မြှင့်တင်ခြင်းက အလွန်အရေးကြီးပါသည်။ အထူးသဖြင့် လူငယ်များ အတွက် ဖြစ်သည်။
ဘဝ တသက်တာလုံး စိတ်ကျန်းမာရေး ပြဿနာ ခံစားရသူများအားလုံး၏ တဝက်ခန့်က အသက်၁၄ နှစ် အရွယ်မတိုင်မီ စတင်ခဲ့ခြင်း ဖြစ်ကြောင်း လေ့လာမှုများက ဖော်ပြနေပါသည်။ စိတ်ဖိစီးမှု စီမံခန့်ခွဲရေးတွင် အခက်အခဲများမှ ပြန်လည် ရုန်းထွက်နိုင်စွမ်းကို စောင့်ရှောက်မွေးမြူခြင်းက ကျနော်တို့ကို အရေးကြီးသည့် နည်းလမ်း ၂ ခုပါသော ချဉ်းကပ်မှုတခုကို ရရှိစေပါသည်။
လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနေစဉ် အနာဂတ် ပြဿနာများကို ကာကွယ်တားဆီးခွင့် ရရှိစေပါသည်။ လွယ်ကူ၍ ဈေးသက်သာပါသည်။ ပြဿနာများ အမှန်တကယ် ပေါ်ပေါက်လာသည့် အချိန်တွင်မှ ဖြေရှင်းရန် စောင့်ဆိုင်းနေခြင်းထက် ၎င်းတို့ ထင်ထင်ရှားရှား ပေါ်ထွက်မလာမီ အလားအလာရှိသည့် ပြဿနာများကို ဖြေရှင်းခြင်း၊ သက်သာ စေခြင်းက များစွာ ပိုမိုကောင်းမွန်ပါသည်။
သင့်တော် မှန်ကန်သည့် စိတ်ဖိစီးမှု စီမံခန့်ခွဲရေး၏ အကျိုးကျေးဇူးများက တဦးတယောက်ချင်းစီအတွက် ကန့်သတ် ထားခြင်း မရှိပါ။ စိတ်ဖိစီးမှု စီမံခန့်ခွဲရေးကိုသုံး၍ မူလအခြေအနေသို့ ပြန်လည်ရုန်းထွက်နိုင်မှု မရှိလျှင် စိတ်ဖိစီးမှုအပေါ် တုန့်ပြန်မှု နည်းပါးသူများသည် ဒေါသကြီးသူ၊ ရန်လိုသူများ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှု စီမံခန့်ခွဲရေး နည်းလမ်းများ မြန်မာနိုင်ငံတွင် အားနည်းခြင်းက စိုးရိမ်စရာအခြေအနေ ကို ဖြစ်စေပါသည်။
မူးယစ်ဆေးဝါးနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်းကဲ့သို့သော လွဲမှားသည့် ဖြေရှင်းနည်းများက လူ့အဖွဲ့အစည်းကို ထိခိုက် နစ်နာစေသလို၊ လူတယောက်ချင်းစီ အတွက်လည်း ဆိုးကျိုး ဖြစ်စေနိုင်ပါသည်။ ဖြေရှင်းသည့် ယန္တယားများ အားနည်းခြင်းက ရန်လိုခြင်းကို ရောက်စေနိုင်ပြီး အကြမ်းဖက်မှုများကို ပေါ်ပေါက်စေနိုင်ပါသည်။
စိတ်ဖိစီးမှု စီမံခန့်ခွဲရေးကို သင်ကြားခြင်းက တရားထိုင်ခြင်း၊ အသက်ရှူ လေ့ကျင့်ခန်း လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း တို့ကဲ့သို့သော မှန်ကန်စွာဖြေရှင်းသည့် ယန္တယားများသို့ ဦးတည်ပေးနိုင်ပြီး ဖြေရှင်းနိုင်စွမ်းရည်ကို မြင့်မားလာစေနိုင်သလို၊ စိတ်ဖိစီးမှုနှင့် ၎င်း၏ ဘေးထွက်ဆိုးကျိုးများကို လျှော့ချပေးနိုင် ပါသည်။
လူ့အဖွဲ့အစည်းက ဟန်ချက်ညီမျှသော အခြေအနေတခုတွင် တည်ရှိနိုင်ရန် အတွက် မှန်ကန်ပြီး အပြုသဘော ဆောင်သော စိတ်ဖိစီးမှု စီမံခန့်ခွဲရေး လုပ်ဆောင်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆက်လက် ဆောင်ရွက်နေပြီး အတိတ်က ပြည်တွင်း ပဋိပက္ခများကို ချန်ထား၍ ရှေ့ဆက်သွားရန် ကြိုးစားနေသည့် အချိန်တွင် နိုင်ငံသားအားလုံးက စိတ်ရောကိုယ်ပါ ကျန်းမာနေရန် လိုအပ်ပါသည်။ ထိုသို့ မဟုတ်ခဲ့လျှင် ငုပ်လျှိုး ငြိမ်သက်နေသော စိတ်ကျန်းမာရေး ပြဿနာက အနာဂတ်ကို ဖျက်ဆီးလိုက်နိုင်ပါသည်။
မူဝါဒ ချမှတ်သူများ၊ ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ထိုကဲ့သို့ စိတ်ဖိစီးမှု အဆင့်များ မြင့်တက်နေခြင်း အတွက် စိုးရိမ်နေခြင်းမျိုးဖြင့်သာ ရပ်တန့်မနေသင့်ဘဲ စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်သည့် အသိပညာနှင့် နည်းလမ်းများကို စာသင်ခန်းများမှသည် ရုံးခန်းများအထိ စတင်မိတ်ဆက်ပေးရန် စီစဉ်သင့်ပါသည်။
လူ့အဖွဲ့အစည်းတခု ဆိုသည်မှာ လူတဦး တယောက်ချင်းစီကို စုပေါင်းထားခြင်း ဖြစ်သည်။ အကယ်၍ လူတယောက်ချင်း တိုင်းက စိတ်ဖိစီးမှုကို ခံစားနေရပြီး ဖြေရှင်းရေး ယန္တယားများကလည်း အားနည်းမည် ဆိုလျှင် စိတ်မကျန်းမာသည့် လူ့အဖွဲ့ အစည်းတခု ဖြစ်လာပေလိမ့်မည်။
လူတယောက်ချင်းစီတိုင်းက အနာဂတ်အတွက် အခြေခံ အုတ်မြစ်များ ဖြစ်ကြပါသည်။ သို့သော်လည်း သူတို့က စိတ်ဖိစီးမှု သို့မဟုတ် သံသယ၏ ထိုးနှက်မှုကြောင့် ထိခိုက် ပျက်စီးနေကြမည်ဆိုလျှင် တိုင်းပြည်အတွက် သူတို့၏ ကောင်းမွန်သည့် စွမ်းဆောင်ရည်များကို အသုံးချနိုင်လိမ့်မည် မဟုတ်ပါ။
(ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သည်)။