မကြာသေးမီက ရခိုင်လူငယ် တက်ကြွလှုပ်ရှားသူ ၃ ဦး အဖမ်းခံခဲ့ရခြင်းက ဒေသတွင်းမှ ဒေါသများကြောင့် ရှုပ်ထွေးပြီး ခန့်မှန်းရခက်လေ့ရှိသော ရခိုင်ပြည်နယ်၏ နိုင်ငံရေး မြင်ကွင်းတွင် ရှေ့ဆုံးသို့ရောက်လာခဲ့သည်။
သူတို့ အဖမ်းခံရခြင်းမှာ ပြီးခဲ့သည့် လအတွင်းက ရခိုင်ပြည်နယ်၏ မြို့ တော် စစ်တွေတွင် စစ်ထောက်လှမ်းရေး အဖွဲ့ဝင်တဦး ဖြစ်သည့် ဖိုးလုံး သေနတ်နှင့် အပစ်ခံရ၍ သေခံခဲ့ရခြင်း နှင့် ဆက်နွယ်၍ ဆက်တိုက်ဖမ်းဆီးမှုများထဲမှ တခုဖြစ်သည်။ အာဏာပိုင်များက လုံးဝနီးပါး တစုံတခု ထုတ်ဖော် မပြောကြားဘဲ၊ နောက်ပိုင်းတွင် သူတို့ ၃ ဦးကို ရုံးတင်၍ လူသတ်မှုနှင့် တရားစွဲဆိုခဲ့သည်။
ထိုအဖြစ်က ဒေသခံ ရခိုင်အသိုင်းအဝိုင်းကြားတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်စေသည့် နောက်ဆုံးပေါ် ဇာတ်လမ်းတခုသာ ဖြစ်သည်။
ဒေသခံများက လုံခြုံမှု မရှိဟု ခံစားရချက်များ တိုးလာနေခြင်း၏ အဓိက အကြောင်းရင်း ၂ ခုမှာ ရာဇဝတ်မှုခင်းများ မြင့်တက်လာနေခြင်းနှင့် နိုင်ငံရေး အရ အကဲဆတ်သည်ဟု အာဏာရှိသူများက ယူဆသည့် အကြောင်းအရာ မှန်သမျှကို လူသိရှင်ကြား အချေအတင် ပြောဆိုခြင်း မပြုအောင် ဖိအားပေးနေရသည်ဆိုသည့် အမြင်များ တိုးလာခြင်းတို့ ဖြစ်သည်။ အကြောင်းရင်း နှစ်ခု ပေါင်းဆုံမိသောအခါ နဂိုကပင် အကန့်အသတ် ခံထားရသည့် အသိုင်းအဝိုင်းတခု အတွင်းတွင် ဘေးဖယ်ခံထားရသည်ဆိုသည့် ခံစားချက်များက ပိုမို ခိုင်မာလာနေသည်။
ဖရိုဖရဲ ပြည်နယ်တခုမှ ပဋိပက္ခ
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်ကို ရှေးဟောင်းမြို့တော် မြောက်ဦးမှ လူအသေအပျောက်ရှိခဲ့သော အဓိကရုဏ်းဖြင့် စတင် ဖွင့်လှစ်ခဲ့သည်။ ရခိုင် အင်ပါယာ ကျဆုံးခြင်း နှစ်ပတ်လည် အခမ်းအနားတခုကျင်းပ ပြုလုပ်ခွင့်ကို အာဏာပိုင်များက အချိန်နီးကပ်မှ ပြန်လည်ရုပ်သိမ်းလိုက်သော ကြောင့် ဖြစ်သည်။
လူအုပ်နှင့် လုံခြုံရေးတပ်ဖွဲ့များကြားမှ နောက်ဆက်တွဲ ထိ တွေ့မှု တွင် အရပ်သား ၇ ဦးသေဆုံးခဲ့ရသည်။ သေနတ်ဒဏ်ရာဖြင့် ဆေးရုံတက်၍ ကုသမှုခံယူခဲ့ရသူ နောက်ထပ် ၈ ဦး ဖမ်းဆီးခြင်း ခံခဲ့ရပြီး အများပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှုဖြင့် ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည်။ ၈ လကြာ ထောင်ဒဏ် ပြီးဆုံး ပြီးနောက်တွင်လည်း ထိုလူငယ်များအား အဓိကရုဏ်း နှင့် ဆက်စပ်၍ ထပ်မံဖမ်းဆီးခြင်းက အများပြည်သူ၏ မကျေနပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်စေခဲ့သည်။
ထို့နောက် များမကြာမီတွင် လူသိများသော ရခိုင် နိုင်ငံရေးသမား တဦးဖြစ်သည့် ဒေါက်တာအေးမောင်ကို အလားတူ နှစ်ပတ်လည် အခမ်းအနားတွင် ဟောပြောခဲ့ခြင်း အတွက် မတရားအသင်း ဆက်သွယ်မှုပုဒ်မနှင့် နိုင်ငံတော် ပုန်ကန်မှုများဖြင့် တရား စွဲဆိုခဲ့သည်။ ရခိုင် ပြည်နယ် အချုပ်အချာပိုင်ဆိုင်ရေးအတွက် လက်နက်ကိုင်တိုက်ခိုက်မှု အသုံးပြုခြင်းကို သူက အားပေးခဲ့သည်ဟု အစိုးရဘက်က ဆိုသည်။ တက်ကြွလှုပ်ရှားသူများ နှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးခြင်းက လူနည်းစုများကို ဖိနှိပ်ရန် ဗမာလူမျိုး လွှမ်းမိုးသည့် အစိုးရ၏ အားထုတ်မှု တစိတ်တပိုင်းအဖြစ် ဒေသခံအများအပြားက ယုံကြည်ကြသည်။
ဒေါက်တာ အေးမောင် အဖမ်းခံရသည့် လအတွင်းမှာပင် အဓိကရုဏ်းတွင် အစိုးရ၏ ကိုင်တွင်ဖြေရှင်းမှုကို ကြီးကြပ်ခဲ့ရသော မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးမှာ စစ်တွေမြို့သို့ အသွား၌ အသတ်ခံခဲ့ရသည်။ အဓိကရုဏ်း နှင့် လူသတ်မှုတို့ ဆက်နွယ်မှုရှိကြောင်း သက်သေ အထောက်အထား မရှိသော်လည်း မှန်းဆမှု အများစုက ထိုသို့ ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။
ဖေဖော်ဝါရီလ အတွင်းတွင် စစ်တွေရှိ အစိုးရအဆောက်အဦးများနှင့် ဒေသတာဝန်ရှိသူတဦး၏ နေအိမ်အနီးတွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တဦး ဒဏ်ရာ ရရှိခဲ့သည်။ မကြာမီမှာပင် အာဏာပိုင်များက ရက္ခိုင့်တပ်မတော်(Arakan State Army) ၏ နိုင်ငံရေး အဖွဲ့ ဖြစ်သည့် ရခိုင်အမျိုးသားကောင်စီ (Arakan National Council) မှ ဝါရင့်ခေါင်းဆောင် တဦး အပါအဝင် သံသယရှိသူ ၇ ဦးကို ဖမ်းဆီးခဲ့သည်။
ရာဇဝတ်မှုများ မြင့်တက်နေသည်
နိုင်ငံရေးနယ်ပယ် အပြင်တွင်လည်း ပြည်သူများမှာ မလုံခြုံမှုများကို ယခင်ကထက်ပို၍ ခံစားနေရသည်။ အကြောင်းရင်းတခုမှာ ရာဇဝတ်မှု နှင့် ခိုးမှုများ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။ အထူးသဖြင့် စစ်တွေတွင် ဖြစ်သည်။ စနစ်တကျ စုစည်းထားသည့် ရာဇဝတ်ဂိုဏ်းတခု၏ လုပ်ရပ်ဖြစ်သည်ဟု ပြည်သူများက သံသယ ရှိနေကြပြီး အာဏာပိုင်များက တားဆီးရန် အနည်းငယ်မျှသာ အားထုတ်သည်ကို မြင်တွေ့ရကြောင်း ပြောကြသည်။
တရားမဝင် မူးယစ်ဆေးများကလည်း ပို၍ ပို၍ စိုးရိမ်စရာ တခုဖြစ်လာသည်။ ရခိုင်ပြည်နယ် တလွှားတွင် သန်းနှင့် ချီသော မက်သဖက်တမင်းဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် လက်ရောက်ကျူးလွန်ခြင်းမှသည် နေ့ခင်းကြောင်တောင် လုယက်ခြင်း အထိ လမ်းပေါ် ရာဇဝတ်မှုများက မြင့်တက်လာသည်။ ထိုအဖြစ်များက အစိုးရနှင့် တရားဥပဒေ စိုးမိုးရေး အပေါ်တွင် ပြည် သူများ၏ ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေသည်။
တိုးလာနေသော ဖိနှိပ်မှု ခံစားချက်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အတွက် လှုပ်ရှားနေသည့် အဖွဲ့အစည်းတခု ဖြစ်သည့် အသံ(Athan) အဖွဲ့၏ အစီရင်ခံစာတစောင်အရ မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိခဲ့သည့် ၂၀၁၆ ခုနှစ် အစောပိုင်း နောက်ပိုင်း တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျဆင်းလာခဲ့သည်ဟု သိရသည်။ သတင်းထောက်များနှင့် အစိုးရကို ဝေဖန်သည့် မည်သူကိုမဆို တရားစွဲရန် အတွက် ဆက်သွယ်ရေး ဥပဒေကို အသုံးပြုခြင်းတိုးလာသည်။
ရခိုင်ပြည်နယ်သည်လည်း ခြွင်းချက်မဟုတ်ပါ။ ရခိုင်ပြည်နယ် အစိုးရအနေဖြင့် လက်ရှိ အုပ်ချုပ်ရေး၏ ပထမပိုင်း ၂ နှစ်အတွင်းတွင် ဝေဖန်မှုများအပေါ် သည်းခံနိုင်ခဲ့ခြင်းအတွက် အသိအမှတ်ပြုခံရရန် ထိုက်တန်ပါသည်။ သို့သော် နောက်ပိုင်းတွင် စတင်၍ အခြေအနေ ဆိုးလာသည်ကို တွေ့ရပါသည်။
ရိုက်တာသတင်းဌာနမှ သတင်းထောက် ၂ ဦးကို ရန်ကုန်မြို့တွင် ဖမ်းဆီးထောင်ချခြင်းက ရခိုင် အသိုင်းအဝိုင်းအတွက် ရောထွေးသော သတင်းစကားတခု ဖြစ်ခဲ့သည်။ အချို့ အဖွဲ့အစည်းများ အဓိကအားဖြင့် အမျိုးသားရေး ဝါဒီများနှင့် တပ် မတော်ကို ထောက်ခံသူများက သတင်းထောက်များကို သစ္စာဖောက်များဟု ရှုတ်ချကာ ဂျာနယ်လစ်များ တရားစွဲခံရခြင်းကို ထောက်ခံ ခဲ့ ကြသည်။ သို့သော်လည်း အဆိုပါအဖွဲ့များ မျက်စိမှောက်နေခဲ့ကြသည်မှာ ရခိုင်လူထု၏ အသံများသည်လည်း အလားတူ နှုတ်ပိတ်သွားအောင် လုပ်နေခြင်း ဖြစ်ပါသည်။ ဒီမိုကရက်တစ် မြန်မာ့အသံမှ ဒေသခံ ရခိုင်သတင်းထောက်တဦး ဓားဖြင့်တိုက်ခိုက်ခံရသည့် အမှုကို မဖြေရှင်းနိုင်သေးဘဲ ရခိုင် အမျိုးသား စာရေးဆရာတဦးလည်း ဒေါက်တာအေးမောင်နှင့် အတူ တရားစွဲဆိုခြင်း ခံထားရသည်။
ရမ်းဗြဲ မြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးမှာ Facebook တွင် ရခိုင်တိုင်းရင်းသား ပညာရေးအကြောင်း တင်သည့်အတွက် တရားစွဲဆိုခြင်း ခံထားရသည်။ စစ်တွေမှ မြို့မိမြို့ဖတဦးမှာ လည်း မြောက်ဦး ပဋိပက္ခနှင့် ပတ်သက်၍ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးကို ဝေဖန်ခြင်းအတွက် တရားရင်ဆိုင်နေရသည်။
လတ်တလော အကျဆုံး ဖြစ်ရပ်မှာ ပင်လယ်ဂုံးကောင်များ အကြီးအကျယ်သေဆုံးခြင်းနှင့် ပတ်သက်၍ Facebook တွင် သတင်း ဝေမျှခဲ့သော အန်းမြို့နယ်မှ တက်ကြွလှုပ်ရှားသူတဦး တရားစွဲဆို ခံရခြင်း ဖြစ်သည်။ သတင်းအချက်အလက်များကို ဖြန့် ဝေခြင်းအားဖြင့် ပြည်သူများကို မငြိမ်မသက်ဖြစ်စေသည်ဟု အာဏာပိုင်များက စွပ်စွဲ၍ သူ့ကို ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲထားသည်။
ယခု နောက်ဆုံး အမှုတွင် လူငယ်တက်ကြွလှုပ်ရှားသူ တစုကို လူသတ်မှုဖြင့် ဖမ်းဆီးထားသည်။
အဆိုပါ အမှုအများစု အတွက် နောက်ဆုံး စီရင်ချက် ချမှတ်ခြင်း မပြုရသေးပါ။ သို့သော်လည်း အားလုံးတွင် တက်ကြွလှုပ်ရှားသူများ သို့မဟုတ် ဒေသတွင်းမှ လူသိများ ထင်ရှားသူများ ပါဝင်နေခြင်းမှာ ထူးခြားမှု ဖြစ်သည်။
မလုံခြုံမှု ခံစားချက်
မွတ်ဆလင်များမှာ ဒုက္ခသည် စခန်းများတွင် ပိတ်မိနေဆဲ ဖြစ်ပြီး တောက်ပသော အနာဂတ်တခုအတွက် အလားအလာ အနည်းငယ်မျှသာ မြင်ရသည်။ တချိန်တည်းမှာပင် ဗုဒ္ဓဘာသာဝင် ရခိုင်များက ရာဇဝတ်မှု နှုန်းမြင့်တက်လာခြင်းကို မြင် တွေ့နေရသည်။ ဖိနှိပ်မှု တိုးလာနေသည်ဟု ခံစားနေကြရသည်။ ရခိုင်ပြည်နယ်၏ ပြဿနာကို မွတ်ဆလင်များ၊ ရခိုင်များ နှင့် အစိုးရတို့က မိမိ၏ ကိုယ်ပိုင်အကျိုးကို ဦးစားပေးလျက် သက်သက်စီ လုပ်ဆောင်နေကြသည့် သုံးဦးသုံးဖလှယ် ပါဝင်သည့် ခက်ခဲရှုပ်ထွေးသော ယှဉ်ပြိုင်မှု အဖြစ် ရှုမြင်နိုင်ပါသည်။
တဦးချင်းအလိုက် ကိုယ်စီ စိုးရိမ် ထိတ်လန့်စရာများ ရှိနေသည်။ အစိုးရက ကိုယ့်ကိုယ်ကိုယ် အမျိုးသား စည်းလုံးညီညွတ်ရေး ကို ထာဝရ ကာကွယ်သူအဖြစ် သဘောထားသည်။ စည်းလုံးညီညွတ်ရေးအတွက် ခြိမ်းခြောက်မှုဟု ယူဆရသည်များကို မာမာထန်ထန်ပင် ပယ်ချ၏။ ထိုသို့ပြုလုပ်ရာတွင် လွယ်ကူစေရန် ယခင် စစ်အစိုးရက မြန်မာနိုင်ငံသည် ပြင်ပမှ (တခါတရံ အနောက်တိုင်း၏၊ အခြားသော အချိန်များတွင် အိမ်နီးချင်းများ၏) အန္တရာယ် အမြဲတမ်းရှိနေသည် ဆိုသော အကြောက်တရားကို ပျိုးထောင်ပေးခဲ့သည်။ ဆန့်ကျင်ပြောဆိုရန် ကြိုးစားသူများကိုလည်း အသံတိတ်စေခဲ့သည်။
အစိုးရက မောင်းနှင်သည့် ကြောက်ရွံ့မှု အသုံးပြုခြင်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်သည့် ၂၀၁၀ ခုနှစ်တွင် စတင်၍ ပျောက်ကွယ်သွားခဲ့သည့် အသွင်ရှိပါသည်။ ပြည်သူတို့၏ အသံကို ယခင်ကထက်ပို၍ ကြားလာရသည်။ သို့သော်လည်း လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံ၍ အသိုင်းအဝိုင်းများကို ခွဲခြားရန် အတွက် အခွင့်အရေးသမား အမျိုးသားရေး ဝါဒီများ ထိုစဉ်မှစ၍ ပေါ်ပေါက်လာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အစိုးရက ဖြိုခွဲမှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် သူတို့ ၏ သြဇာလွှမ်းမိုးမှု ကျဆင်းသွားရသည့်တိုင် တိုင်းပြည်တလွှားမှ အသိုင်းအဝိုင်းများကြားမှ ပဋိပက္ခများကို ကူညီ မီးထိုးပေးခဲ့ကြသည်။
ဒေသခံ မွတ်ဆလင် အသိုင်းအဝိုင်းမှာ ကြီးမားသော ထိုးနှက်မှု ၂ ခုနှင့် ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့ထဲမှ ၁ သန်းခန့်မှာ ပြီးခဲ့သည့် နှစ်များအတွင်းတွင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခိုလှုံရန် ရောက်ရှိသွားခဲ့ကြသည်။ မှန်းဆ မြင်နိုင်လောက် အနာဂတ်ကာလတစ်ခုအတွင်း ရခိုင်ပြည်နယ်မှ အခြေအနေများ တိုးတက်ကောင်းမွန်လာလိမ့်မည်ဆိုသည့် မျှော်လင့်ချက်က ပါးလျားလာနေသောကြောင့် ရခိုင်တိုင်းရင်းသားများမှာလည်း မကျေမနပ် ဖြစ်လာနေကြသည်။ ယခုအခါ ပြည်နယ်၏ လူမှုအဖွဲ့အစည်း အသီးသီး အတွင်းတွင် ကြောက်ရွံ့မှုက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပြီး ငုပ်လျှိုးနေသော ရှိရင်းစွဲ အစွဲများကို ရှေ့သို့ရောက်လာစေခဲ့သည်။
အစိုးရအနေဖြင့် ၎င်းသည် ကြားနေသက်သက် မဟုတ်ဘဲ ပဋိပက္ခတွင် ပါဝင်နေသည့် ဇာတ်ဆောင်တဦး ဖြစ်သည်ဆိုသည်ကို သတိပြုမိရန် လိုအပ်ပါသည်။ အသိုင်းအဝိုင်းကြားမှ တင်းမာမှုများကို ဖြေရှင်းရန် ကူညီရမည် ဖြစ်သည်။ သို့သော်လည်း လတ်တလော လများအတွင်းတွင် အစိုးရ၏ လုပ်ဆောင်ချက်များက ရည်ရွယ်ချက် ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ဒေါသအဖြစ် အချိန်မရွေး ပြောင်းလဲသွားနိုင်သည့် စိုးရိမ်ထိတ်လန့်မှုများကို မြှင့်တင်ပေးသလိုဖြစ်နေပါသည်။
ရခိုင်အသိုင်းအဝိုင်း၏ မကျေနပ်မှုများက အသစ်အဆန်းတခု မဟုတ်သော်လည်း ယခု နောက်ပိုင်းတွင် အစိုးရကြောင့် ပေါ် ပေါက်လာရသည့် စိုးရိမ်ထိတ်လန့်မှုများက မလုံခြုံသည့် ခံစားချက်ကို အသစ်ပြန်ဖြစ်စေခဲ့သည်။ ပဋိပက္ခများနှင့် မယုံ ကြည်မှုများ မြင့်တက်လာခြင်းက ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော ရခိုင်ပြည်နယ် ဖြစ်လာရေးမှ လမ်းလွဲထွက်လာနေသည်ဆိုသည့် အဓိပ္ပါယ်ပင် ဖြစ်ပါတော့သည်။
(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ် လေ့လာနေသူဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)