“ကျနော်တို့ အခုတော့ ဆိုင်ကယ် ကယ်ရီဆွဲနေပါတယ်”
တိုးတိတ်သော အသံဖြင့် ယင်းစကားကို ဆိုသူမှာ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုတွင် နေထိုင်သူ မောင်မောင် (အမည်လွှဲ) ဖြစ်ပါသည်။ သူနှင့် သူ့ယောက်ဖသည် ဧရာဝတီတိုင်း အတွင်းရှိ ငါးဖောင်များသို့ ပွဲစားမှတဆင့် ရောက်ရှိ သွားခဲ့ကြသည်။
ငါးဖောင်တွင် အလုပ်လုပ်ရန် ဖြစ်လာရသည့် အကြောင်းရင်းကို မေးကြည့်မိသည့်အခါ …
“ကျနော်က အရင်ကတည်းက ဆိုင်ကယ် ကယ်ရီဆွဲတာပါ။ သူများဆိုင်ကယ်ပေါ့။ တနေ့တော့ ဆိုင်ကယ် အခိုးခံရပါလေရော။ ၂ သိန်းခွဲ လျော်ရမယ်တဲ့”
၂ သိန်းခွဲဆိုသည့် ပမာဏသည် သူ့အတွက်တော့ အလွယ်တကူ ချေးငှား၍ မရသည့် ပမာဏဖြစ်သည်။ အကြံအိုက်နေတုန်း အလုပ်ပွဲစားဆိုသူ သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။
“တလကို ၂ သိန်းခွဲနဲ့ ၃ လ လုပ်ရမယ်တဲ့။ သုံးလစာ တခါတည်း ထုတ်ပေးမယ်။ လမ်းစရိတ်ကိုလဲ ပွဲစားကပဲ ခံမယ်တဲ့။ အဲဒါနဲ့ပဲ ကျနော် သွားဖို့ ဆုံးဖြတ်လိုက်တယ်” ဟု သူက ပြောသည်။
သူ့ကို ယောက်ဖဖြစ်သူက ကားဂိတ်ကို လိုက်ပို့သည်။
“ကားဂိတ်ရောက်တော့ ကျနော်လည်း မထူးပါဘူး၊ ငါလည်း ငွေလိုနေတာပဲ။ သူ့ကိုလည်း စိတ်မချတာနဲ့ တခါတည်း ကားပေါ် တက်လိုက်သွားလိုက်တယ်”
ယင်းသို့ စကားကို ရယ်ကျဲကျဲပြောသူက မောင်မောင်၏ ယောက်ဖ ကျော်ကျော် (အမည်လွှဲ) ဖြစ်သည်။
ဖျာပုံမြို့နယ်မှတဆင့် ပင်လယ်ဝသို့ ထပ်သွားရသေးသည်။ ငါးဖောင်သို့ရောက်သောအခါ သူဌေးက သူတို့နှစ်ယောက်အတွက် တယောက်လျှင် ၆ သိန်းနှုန်းဖြင့် ၁၂ သိန်း ပွဲစားလက်ထဲသို့ ပေးလိုက်သည်။ ပွဲခအဖြစ် တယောက်လျှင် ၂ သောင်းကျပ်ကိုလည်း ပေးသေးသည်။
သို့ရာတွင် အမှန်တကယ် သူတို့ အလုပ်လုပ်ရသည်ကတော့ ၅ လနှင့် ရက် ၂၀ ဖြစ်သည်။ ကမ်းမမြင် လမ်းမမြင် ငါးဖောင်တွင် လေးနာရီတကြိမ် ပိုက်ဖော်ရသည်။ ရလာသည့် ငါးများကို အမျိုးအစားခွဲခြင်း၊ လှမ်းသင့်သည်ကို လှမ်း၊ ပုံးထဲထည့်သင့်သည်ကိုထည့် စသဖြင့် လုပ်ရပြီး ပိုက်နောက်တကြိမ်ဖော်သည့် ကာလမတိုင်ခင် ခဏသာ အိပ်ရသည်။ လေကြီးမိုးကြီး ကျသည့် ကာလနှင့် မုန်တိုင်းဝင်သည့် ကာလများတွင်လည်း ဖောင်မှာ ကမ်းသို့ ပြန်မကပ်သဖြင့် ကြောက်ရွံ့ခဲ့ရပုံကို ပြန်ပြောင်း ပြောပြကြသည်။
“အိမ်ပြန်ချင်တယ်လို့ ပြောပေမယ့် ပေးမပြန်ဘူး။ တချို့ဖောင်တွေက ရေကူးတတ်တဲ့ လူတွေ ရေထဲ ခုန်ချပြီး ထွက်ပြေးဖို့ ကြိုးစားတယ်။ သိတာနဲ့ ချက်ခြင်း စက်လှေနဲ့ လိုက်ဖမ်းပြီး အသားကုန် ရိုက်တာဗျာ။ ပြေးဖို့ မကြိုးစားရဲပါဘူး။ သေသွားတဲ့ လူတွေကို ဒီအတိုင်း ရေထဲ ပစ်ချလိုက်တာပဲ။ လူသေတွေ ကျနော်တို့ဖောင်မှာ လာညိလို့ တုတ်နဲ့ ထိုးလွှတ်ရတယ်”
အခုထိ ကျောထဲ စိမ့်လာသည့် ဟန်ဖြင့် ကိုယ်ကို အနည်းငယ်ကျုံ့၍ မောင်မောင်က ပြောသည်။
၅ လနှင့် ရက် ၂၀ ပြည့်ပြီး ငါးဖောင်များ သိမ်းသည့်အခါ လမ်းစရိတ် တယောက် ၁၀၀၀၀ ကျပ်ပေး၍ ပြန်လွှတ် လိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ မိခင်ဖြစ်သူမှာ အိပ်ယာထဲ လဲနေပေပြီ။ သူတို့နှစ်ယောက်အား အဆက်အသွယ် မရသည့်အတွက် ငါးဖောင်သို့ ရောင်းစားခံရသည်ဟု ရိပ်စားမိသည်နှင့် မိခင်မှာ ရဲစခန်းတွင် အမှု ဖွင့်သကဲ့သို့ ဖျာပုံအထိ အခေါက်ခေါက်အခါခါ လာရောက် ရှာဖွေခဲ့သည်။ နေအိမ်ကို ရောင်းချ၍ သားပျောက်၊ သားမက်ပျောက် ရှာသော မိခင်မှာ ၅ လကျော်သည့်အခါ ငါ့သားတွေတော့ သေပါပြီဟု လက်လျှော့၍ အိပ်ယာထဲ ဘုန်းဘုန်းလဲ လေတော့သည်။
ပွဲစားက အိမ်ကို ပိုက်ဆံ ပြန်ပေးလားဟု မေးတော့ “တယောက်ကို တသိန်းနှုန်းနဲ့ နှစ်သိန်း လာပေးတယ်လို့ ပြောတယ်။ တရားစွဲတော့ သူတို့ ထွက်ပြေးသွားတယ်။ အခုတော့ မိပြီ။ ပြီးခဲ့တဲ့ အပတ်ကပဲ အမိန့်ချလိုက်တယ်။ ၁၀ နှစ် ကျတယ်လို့ ကြားတယ်” ဟု ပြန်ဖြေသည်။
သူဌေးကိုရော တရားစွဲသေးလား ဟုမေးသည့်အခါ “သူဌေးက မလိမ်ဘူးလေ။ ကြားက ပွဲစားက လိမ်တာ” ဟု အရိုးခံ ပြောသည်။
သူတို့အပေါ် အမှန်တကယ် ရက်စက်စွာ ခိုင်းစေသည့်သူမှာ သူဌေးဖြစ်ကြောင်း သူတို့ သတိထားမိပုံမပေါ်။ လုပ်အားခ မတန်တဆ ဈေးနှိမ်၍ အကန့်အသတ်မရှိ အလုပ်ချိန်ဖြင့် လူမဆန်သော ခိုင်းစေမှုကို ပိုက်ဆံ ပေးသည်ဟူသည့် အချက်တခုတည်းဖြင့်ပင် တာဝန်ကျေပြီဟု သူတို့ယူဆပုံပေါ်သည်။
လုပ်အားခ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း
လုပ်အား ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းသည်လည်း ခေတ်သစ် ကျွန်ပြုခြင်းပင် ဖြစ်ပါသည်။ ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာ အဖွဲ့အစည်းမှ ထုတ်ပြန်သည့် အချက်အလက်များအရ ယနေ့ကမ္ဘာပေါ်တွင် လူ သန်း ၄၀ ကျော်သည် ခေတ်သစ် ကျွန်ပြုခြင်း ခံနေရသည်။ ယင်းတို့အနက် ၂၅ သန်းခန့်မှာ အတင်းအဓမ္မ ခိုင်းစေခြင်း ခံနေရသူများ ဖြစ်သည်။ ယင်း ကျွန်ပြုခံနေရသူများ၏ ၇၃ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်သည်။ ၂၇ ရာခိုင်နှုန်းမှာ အမျိုးသားများ ဖြစ်ကြသည်။
အဘယ်ကြောင့် ကျွန်ပြုမှုများ ဖြစ်ပွားနေရပါသနည်း။
တကမ္ဘာလုံး ကုန်သွယ်ရေး ဈေးကွက် ချိတ်ဆက်လာနေသည်နှင့်အမျှ ဈေးကွက်ယှဉ်ပြိုင်မှု ကြီးမားလာသည်။ ပိုမို ဈေးသက်သာ၍ အရည်အသွေး ကောင်းမွန်သော စားသောက်ကုန်နှင့် လူသုံးကုန်များကို ဈေးကွက်သို့ တင်သွင်းရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ ယင်းကပင် ဈေးသက်သာသည့်၊ ကုန်ထုတ်လုပ်မှု အမြင့်ဆုံး ထုတ်လုပ် နိုင်မည့် လုပ်သားအင်အား အများအပြားလိုအပ်လာသည်။ ဈေးပေါသည့် လုပ်သားများ ဘယ်က ရပါမည်နည်း။ ဆင်းရဲမွဲတေမှုနှုန်း မြင့်မားသည့် ဒေသများမှ ထွက်ပါသည်။
ဈေးထဲတွင် ဈေးသက်သာသည့် ငါး၊ ပုဇွန်များကို အသဲအသန် ရှာဖွေနေကြသည့် အိမ်ရှင်မများစွာ ရှိသည်။ စူပါ မားကတ်ကြီး များတွင် လှပစွာ ထုတ်ပိုးထားသည့် ငါး၊ ပုဇွန်များကို မည်သည့် နေရာမှ ထုတ်လုပ်ပါသနည်းဟု သင်စဉ်းစားမိဖူး ပါသလား။
အင်ဒိုနီးရှားတွင် ကျွန်ပြုခြင်း ခံရသည့် မြန်မာရေလုပ်သားများ သတင်းက ကမ္ဘာကို ကိုင်လှုပ်ခဲ့သည့် အခိုက်အတန့် ကို မှတ်မိဦးမည် ထင်ပါသည်။ ယင်းအဖြစ်အပျက်ကြောင့်ပင် လူ့အခွင့်အရေးကို အလေးထားသည့် နိုင်ငံကြီးများ၌ စားသုံးသူများ တုန်လှုပ်ကုန်ကြသည်။ ကုန်ထုတ်လုပ်ရေး လုပ်ငန်းခွင်တွင် ကျွန်ပြုမှု ကင်းစင်သည့်၊ လုပ်အား ခေါင်းပုံဖြတ်မှု ကင်းစင်သည့် ကုမ္ပဏီများကို ပိုမို ရွေးချယ် အားပေးလာကြသည်။ လုပ်သားများအပေါ် ခေါင်းပုံ ဖြတ်သည်ဟု နာမည်ထွက်သည့် ကုမ္ပဏီမှ ကုန်ပစ္စည်းများကို သပိတ်မှောက်ကြသည်။
မြန်မာနိုင်ငံသားများသည် နိုင်ငံရပ်ခြားသွားမှ ကျွန်ပြုခံရသည့် လုပ်ငန်းခွင်အခြေအနေသို့ ကျရောက်နိုင်သည် မဟုတ်ဘဲ၊ မိမိနိုင်ငံအတွင်း၌ပင် ကျွန်ပြုမှု၊ လုပ်အား ခေါင်းပုံဖြတ်မှု ဖြစ်ပွားနေသည်ကို အထက်ပါ အဖြစ်အပျက်က မီးမောင်း ထိုးပြနေပါသည်။
သူတို့ သွေးချွေးဖြင့် ရင်းနှီးလိုက်သည့် ငါး၊ ပုဇွန်များ မည်သို့ တင်ပို့ရောင်းချပါသလဲ။ သင်နေ့စဉ် စားနေသည့် ငါး၊ ပုဇွန်များတွင် သွေးညှီနံ့ ကင်းပါရဲ့လား။
ကျွန်ပြုမှု၊ လုပ်အားခေါင်းပုံဖြတ် အမြတ်ထုတ်မှု ရပ်တန့်အောင် ကြားခံပွဲစားများကို အပြစ်ပေးနေရုံဖြင့် မရပါ။ အဓိက လုပ်ဆောင်နေသည့် ငွေရှင်ကြေးရှင် လုပ်ငန်းရှင်များကို ဥပဒေဖြင့် တားဆီးအရေးယူနိုင်မှ ဖြစ်ပေမည်။ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော လုပ်ငန်းများသာ လည်ပတ်ခွင့်ရအောင် စည်းကမ်းကြပ်မတ် အရေးယူမှုများ ပြုသင့်ပါသည်။
အဆုံးသတ် တိုက်တွန်းလိုသည်မှာ စားသုံးသူ မိဘ ပြည်သူများကို ဖြစ်ပါသည်။
တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိသော ကုန်ထုတ်လုပ်ငန်းများက ထုတ်လုပ်သည့် ပစ္စည်းများကိုသာ အားပေး ခြင်းဖြင့် မိမိ လူမျိုးအချင်းချင်း ကျွန်ပြုမှုနှင့် လုပ်အား ခေါင်းပုံဖြတ်မှုကို တားဆီးကြပါဟု အလေးအနက် တိုက်တွန်း လိုပါသည်။
(စာရေးသူသည် သုတေသနနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်သည်။)