မြို့တော်ရဲ့ အင်္ဂါရပ်တွေနဲ့ ညီညွတ်ဖို့၊ သန့်ရှင်းသာယာဖို့၊ မြို့တော်နေ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အတွက်ဆိုရင် စည်ပင်သာယာ အဖွဲ့ရဲ့ လုပ်ဆောင်ချက်နဲ့ အခန်းကဏ္ဍဟာ အထူးပဲ အရေးကြီးပါတယ်။ ရန်ကုန် မြို့ဟာ လူဦးရေများပြားတဲ့ မြို့ကြီးတမြို့ ဖြစ်သလို စီးပွားရေး အရလည်း အချက်အချာ ကျတဲ့ မြို့ဖြစ်တာကြောင့် ရန်ကုန်စည်ပင် အနေနဲ့ မှန်မှန်ကန်ကန် စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။
စည်ပင် ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလထဲမှာ ကျင်းပဖို့ စီစဉ်ထားတယ် ဆိုတာ သိရပေမယ့် နိုဝင်ဘာလ ရောက်တဲ့ အထိ အသေးစိတ်တော့ ပြည်သူတွေ ဘာမှ မသိရသေးပါဘူး။ အရင်က သမ္မတ (ဟောင်း) ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ စည်ပင်ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ပြည်သူတွေက ရွေးချယ်တဲ့ စည်ပင် ကိုယ်စားလှယ်တွေ ရှိခဲ့ပါတယ်။
NLD အစိုးရ တက်လာပြီတဲ့နောက် စည်ပင်ရွေးကောက်ပွဲ ထပ်မံ မကျင်းပ နိုင်ဘဲ၊ လာမယ့် ဒီဇင်ဘာလထဲမှာသာ ကျင်းပနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူထုကို အသိပေးမှုတွေပါ နည်းပါး အားနည်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် စည်ပင်ရွေးကောက်ပွဲ မကျင်းပနိုင်သေးတာ၊ ပြည်သူက ရွေးကောက်တဲ့ စည်ပင်ကိုယ်စားလှယ်တွေ မရှိသေးတာက ပြည်သူတွေ အတွက် အခက်အခဲ တခုခုနဲ့ တွေ့ကြုံလာရင် ဘယ်လို အကူအညီ တောင်းရမှန်းတောင် မသိနိုင်တဲ့ အနေအထားကို ရောက်စေပါတယ်။
လွှတ်တော်မှာ အချိန်ယူ ရေးဆွဲခဲ့တဲ့ “ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ” ဟာ ၂၀၁၈ ခုနှစ်၊ ဇွန် ၂၈ ရက်နေ့မှာ ထွက်ရှိလာပါတယ်။ ဒါ့အပြင် ဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က စပြီး အသက်ဝင်နေပြီ လို့လည်း ဆိုပါတယ်။ ရန်ကုန်စည်ပင်သာယာရေး ဥပဒေမှာ အခန်း ၃၁ ခန်း၊ နောက်ဆက်တွဲ ဇယားမှာလည်း ပြစ်မှုနဲ့ ပြစ်ဒဏ်တွေ ပါဝင်နေပြီး အသိပညာပေးမှုတွေလည်း ပါရှိနေတာ တွေ့ရပါတယ်။
ဥပဒေရဲ့ အခန်း ၁၃ မှာ “စည်ပင်သာယာရေး အခွန် အခများ စည်းကြပ်ခြင်း” နဲ့ ပတ်သက်ပြီး ဖော်ပြထားတာ တွေ့ရပါ တယ်။ အခွန်တွေထဲမှာ ပစ္စည်းခွန်၊ မြေခွန်၊ ပိုင်ဆိုင်မှုခွန်၊ ရေခွန်၊ ရေဖိုးရေခ၊ မိလ္လာအခွန်၊ အမှိုက်ခွန်နဲ့ အညစ်အကြေးခွန်၊ အိမ်သာခွန်၊ အထွေထွေအခွန်၊ ယာဉ်နဲ့ ပတ်သက်ရင် ဘီးခွန်၊ ညအိပ်ခွန် ကနေ စားသောက်ဆိုင်၊ အနှေးယာဉ်တွေကို ကောက်ခံတဲ့ အခွန်အထိ ကောက်ခံတဲ့ အခွန်တွေ ပါဝင်တာ တွေ့ရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့နေ ပြည်သူလူထုဟာ စည်ပင်ကို အခွန်ပေါင်းစုံ ပေးဆောင်ပြီး နေထိုင်နေကြရတာ ထင်ရှားပါတယ်။
“ပစ္စည်းခွန်” ဆိုပြီး လူနေထိုင်ခွင့် ကျပြီးသား အဆောက်အအုံတွေ ကနေ ၆ လ တကြိမ် ကောက်ခံနေတာ တွေ့ရပြီး ကျမတို့ ကိုယ်တိုင် ပေးဆောင်နေရတာပါ။ အံ့သြစရာ ကောင်းတာက ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၁၂ မြို့နယ်မှာပဲ ကောက်ခံနေတာမို့ ဒီလိုကောက်ခံမှုဟာ တပြေးညီ ညီမျှမှု မရှိပါဘူး။ စည်ပင်သာယာကော်မတီတွေရဲ့ တာဝန်ဟာ အခွန် ကောက်ခံရုံ သက်သက်တင် မကဘဲ၊ မြို့နေလူထု စိတ်ချမ်းသာမှု ရှိဖို့၊ နေပျော်စရာမြို့ ဖြစ်ဖို့ ကြိုးစားရမှာပါ။
“မြို့တော်နယ်နိမိတ်အတွင်းရှိ လူနေရပ်ကွက်များ၌ အဆောက်အဦများ ဆောက်လုပ်ရာတွင် အများပြည်သူ အနှောင့်အယှက် ဖြစ်စေခြင်းကို အကာအကွယ်ပေးရန် ထုတ်ပြန်ထားသည့် ကော်မတီ၏ ညွှန်ကြားချက်များကို ဖောက်ဖျက်ခြင်း” ဆိုတဲ့ ပုဒ်မ ၃၁၂ (တ) ကို ကျူးလွန်ခဲ့ရင် ပထမ တကြိမ်မှာ ဒဏ်ငွေ ကျပ် – ၅ သိန်းကနေ ကျပ်ငွေ သိန်း ၃၀ အထိ ချမှတ်နိုင်ပြီး ဆက်လက်ကျူးလွန်ပါက ထောင်ဒဏ် ၆ လ အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမယ့် လက်တွေ့ အခြေအနေမှာ ဆောက်လုပ်ဆဲ တိုက်တာတချို့ဟာ ည ၇ နာရီကျော်တဲ့ အထိ ဆောက်နေတာ၊ အုတ်သယ်တဲ့ ကားတွေ ည အချိန်မတော်မှ ရောက်လာပြီး တင်/ချ လုပ်နေတာ၊ ပတ်ဝန်းကျင်ကို ဆူညံစေတာတွေကို ထိထိရောက်ရောက် အရေးယူမှု မပြုနိုင်သေးတာတွေ တွေ့နေရဆဲ ဖြစ်ပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းတွေက ထွက်ပေါ်လာတဲ့ မြေကြီးတွေ၊ မြေစာခဲတွေကိုလည်း သတ်မှတ်ထားတဲ့ နေရာမှာပဲ စည်းကမ်းတကျ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ စည်ပင်ဥပဒေရဲ့ ပုဒ်မ ၃၁၅ (ဈ) မှာ ဆိုရင် – “မြို့တော်နယ်နိမိတ် အတွင်း လမ်းနှင့် စြင်္က ံများပေါ်တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း၊ ညစ်ညမ်းစေသည့် ပစ္စည်း၊ စွန့်ပစ် ပစ္စည်းများနှင့် အခြား ပစ္စည်းများကို စွန့်ပစ်ခြင်း၊ ဖိတ်စင်စေခြင်း” အတွက် ငွေဒဏ် ကျပ် – ၁ သိန်းကနေ ၅ သိန်း အထိ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် မြေစာခဲတွေကို ညအချိန်မတော် အများပြည်သူ သွားလာနေတဲ့ လမ်းပေါ်မှာ၊ လမ်းအနီးမှာ စွန့်ပစ်နေတာတွေ ဆက်ရှိနေဆဲမို့ ဘာကြောင့် အရေးမယူနိုင်ရသေးတာလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။ လုပ်ငန်းရှင်များကို အသိပညာ ပေးတယ် ဆိုတဲ့ သတင်း တပိုင်းတစတောင် ပြည်သူတွေ မကြားရ၊ မသိရ၊ မဖတ်ရသေးပါ။
ပြီးတော့ ရန်ကုန်မြို့ရဲ့ မြို့နယ် တော်တော်များများမှာ မြေညီထပ်ရဲ့ အိမ်ရှေ့ မျက်နှာစာနဲ့ ဘေးအဖီ၊ နောက်အဖီတွေ ဆွဲချပြီး စည်ပင်မြေပေါ် ကျူးကျော်ဆိုင်ခန်းတွေ ဆောက်လုပ်၊ ငှားရမ်းနေတာတွေကိုလည်း အရေးယူတယ် ဆိုတာ မတွေ့ရသလောက် နည်းပါးနေပါသေးတယ်။ အထင်ရှားဆုံး ဥပမာ အနေနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ဖဆပလ အိမ်ယာ၊ ရန်ကင်းမြို့နယ်က အိမ်ယာတချို့မှာ၊ ယုဇနဥယျာဉ်မြို့တော် စတဲ့ နေရာတွေမှာ ဆိုင်ခန်း အဖီတွေ ဆောက်လုပ် ငှားရမ်း နေထိုင်နေတာ တွေ့ရပါတယ်။ အဲဒီလို တိုးချဲ့ အဖီတွေ ဆွဲချပြီး ကျူးရာမှာ အဆိုးဆုံးလို့ ဆိုနိုင်တာက ရန်ကင်း မြို့နယ်ထဲက တချို့သော အိမ်ယာတွေပါ။
စည်ပင်ဥပဒေ အတည်ပြုပြီးခဲ့တဲ့နောက် တောင်ဥက္ကလာပမြို့နယ်နဲ့ လှိုင်မြို့နယ်တွေထဲက လမ်းနယ်ကို ကျူးကျော် ထားတဲ့ ဈေးဆိုင်တွေ၊ အိမ်နေဆိုင်ခန်းတွေကို အတိုင်းအတာတခု အထိ ရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပေမယ့် တကယ်တမ်း အများပြည်သူ အတွက် ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါသေးတယ်။
အောက်တိုဘာ ၁ ရက်နေ့က စပြီး ရှင်းလင်းမှု၊ စိစစ်မှု၊ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ဒဏ်ငွေ ကျပ် သိန်း ၅၀၀ ကျော် အထိ ဒဏ်ရိုက် အရေးယူပြီးပြီလို့လည်း သိရပါတယ်။ ရန်ကုန်မြို့တော်မှာ စည်ပင်တရားရုံး ၇ ရုံးရှိပြီး မြို့နယ် ၃၃ မြို့နယ်က စည်ပင်နဲ့ ဆိုင်တဲ့ အမှုတွေကို ကိုင်တွယ် ဆုံးဖြတ်ပေးတာလို့လည်း သိရပါတယ်။ စမ်းချောင်း၊ လသာ၊ ပုဇွန်တောင်၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ လှိုင်နဲ့ တောင်ဒဂုံမြို့နယ်တွေမှာ ဒီလို အရေးယူပေးတဲ့ ဌာနတွေ တည်ရှိပါ တယ်။
သက်ဆိုင်ရာ ဌာနတွေ အနေနဲ့ အခုလို လုပ်ဆောင်တာက ကောင်းမွန်ပေမယ့် နောက်ထပ်ရှေ့ဆက်ပြီး စောင့်ကြည့် အရေးယူမှု အပိုင်းမှာ အားနည်းနေနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ – ရန်ကုန်မြို့ရဲ့ လမ်းဘေးဈေးသည်တွေက အခုအချိန်အထိ အများပြည်သူသွားလမ်း လာလမ်းပေါ်မှာ ဆက်ပြီး ဈေးရောင်းနေဆဲ ဖြစ်သလို၊ အဲဒီလို အများ ပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ဈေးရောင်းတာတွေကို စနစ်တကျ ကြပ်မတ်အရေးယူပေးတာ မရှိသေးဘူး ဆိုတာ ထောက်ပြလိုတာပါ။
ဒီထက်ပိုပြီး ဆိုးဝါးတာက အများပြည်သူ၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတို့ကို ကျန်းမာရေးအရရော၊ စိတ်ပိုင်းဆိုင်ရာ အရရော အနှောင့်အယှက်ဖြစ်စေတဲ့ “လော်စပီကာ” ၊ တနည်းအားဖြင့် အသံချဲ့စက်နဲ့ ဈေးရောင်းသူတွေပါ။ လူနေရပ်ကွက် အတွင်းကို ကားနဲ့ တမျိုး၊ တွန်းလှည်းနဲ့ တသွယ်၊ လက်က ကိုင်ကာတဖုံ ဈေးရောင်းကြတာတွေ ဖြစ်ပါတယ်။
အခု ထုတ်ပြန်ထားတဲ့ စည်ပင်ဥပဒေ အတိုင်းဆို ကော်မတီရဲ့ ခွင့်ပြုချက်လိုင်စင် မရှိဘဲ အသံချဲ့စက် သုံးပြီး မြို့တော် နယ်နိမိတ် အတွင်း ယာဉ်တမျိုးမျိုးကို အသုံးပြု လှည့်လည်ကြော်ငြာခြင်း၊ ရောင်းချခြင်းတွေဟာလည်း စည်ပင်ဥပဒေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။ အဲဒီလို ချိုးဖောက်ကျူးလွန်ရင် ပထမ အကြိမ်ချိုးဖောက် ကျူးလွန်ပါက ဒဏ်ငွေ ကျပ် ၁ သောင်းကနေ ၁ သိန်း ပေးဆောင်ရန်နဲ့ ဆက်လက်ကျူးလွန်ရင် စည်ပင်ဥပဒေ ပုဒ်မ ၃၂၃ (ဈ) အရ ထောင်ဒဏ် ၁ လ ကျခံရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
သို့ပေမယ့် လက်ရှိ ရန်ကုန်မြို့တော်မှာတော့ လမ်းဘေးဈေးသည်တွေက ဈေးဆက်ရောင်းမြဲ ဖြစ်နေသလို၊ အများပြည်သူ တွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ လော်စပီကာ အမျိုုးမျိုး သုံးပြီး ကားနဲ့ လှည့်လည်ရောင်းချတာတွေ၊ လက်တွန်း လှည်းနဲ့ ရောင်းချတာတွေကို အရေးယူတယ်၊ အသိပညာပေးတယ် ဆိုတာ မတွေ့ရသလောက် နည်းပါးနေပါ သေးတယ်။
ဥပဒေတခုဟာ အသက်ဝင်လာပြီ ဆိုရင် “ဒီမြို့နယ်မှာတော့ အရေးယူမယ်၊ ဟိုမြို့နယ်မှာတော့ အရေးမယူဘူး” ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ ဥပဒေဆိုတာ ကျောသား ရင်သား မခွဲခြားဘဲ နေရာဒေသအားလုံး တပြေးညီ သက်ရောက်စေရမှာ ဖြစ်ပါတယ်။ ပြည်သူလူထု အများစု အတွက် “အသံချဲ့စက် ဥပဒေ” အမြန်ဆုံး အသက်ဝင်သင့်ပြီ ဖြစ်ပါတယ်။
နောက်ထပ် အများပြည်သူအတွက် အလေးထားရမယ့် ကိစ္စတရပ် တင်ပြပါဦးမယ်။ အဲဒါကတော့ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်နေတာ၊ အများပြည်သူ သွားလာတဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ မီးစက်တွေချထားတာ၊ ကွမ်းတံတွေးကို စည်းကမ်းမဲ့ ထွေးနေတာတွေပါပဲ။ အဲဒီလို ဖြစ်ပျက်နေတဲ့ အပေါ် စည်ပင်ရဲ့ အရေးယူ စည်းကြပ်လုပ်ဆောင်မှုက အခုအချိန်အထိ အားနည်းနေဆဲပါ။
စည်ပင်ဥပဒေရဲ့ ပုဒ်မ ၃၁၅ (တ) မှာဆိုရင် – “မြို့တော်နယ်နိမိတ် အတွင်း မီးစက်နှင့် အခြားပစ္စည်း ကိရိယာများကို အများ ပြည်သူ ဆိုင်ရာ လမ်းများ၊ စြင်္ကန်များပေါ်တွင် ချထားခြင်း၊ သုံးစွဲခြင်း” ကျူးလွန်ရင် ပထမအကြိမ် ဒဏ်ငွေ ကျပ် ၁ သိန်း ကနေ ၅ သိန်း၊ ဒုတိယအကြိမ်မှာ ထောင်ဒဏ် ၆ လ လို့ ဖော်ပြထားပါတယ်။ လက်တွေ့ အနေအထားမှာ ရန်ကုန်မြို့တွင်း နဲ့ ဆင်ခြေဖုံးမြို့နယ်တွေထဲက မီးစက်တွေနဲ့ စြင်္ကန်တွေပေါ် စုပုံထားတဲ့ ပစ္စည်းတွေကို အရေးယူမှု မရှိသလောက် ဖြစ်နေဆဲပါ။
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ရင်၊ နောက်ဖေးလမ်းကြားကို အမှိုက် စွန့်ပစ်ရင် စည်ပင်ဥပဒေ ပုဒ်မ ၃၂၂ (ည) ကို ကျူးလွန်ရာ ရောက်ပြီး၊ ပထမ အကြိမ် ကျူးလွန်ရင် ဒဏ်ငွေ ကျပ် ၃ သောင်းကနေ ၃ သိန်းအထိ၊ ထောင်ဒဏ် ၃ လ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် အဲဒီမှာ ပြဿနာက အခုလို စည်ပင်ဥပဒေ ချိုးဖောက်တဲ့ သူတွေကို တိုင်ကြားဖို့ ဆိုရင်တောင် တာဝန်သိ ပြည်သူတွေက သက်ဆိုင်ရာကို ဘယ်လိုတိုင်ကြားရမယ် ဆိုတာ မသိနိုင်တဲ့ အခြေအနေပါ။ ဘယ်လို အခြေအနေ၊ ဘယ်လို အနေအထားဆိုရင် ဘယ်ကို ဆက်သွယ် တင်ပြ တိုင်ကြားဖို့ကို စည်ပင် အနေနဲ့ စီစဉ်ပေးထားရမှာပါ။
နောက်တခုက စည်ပင်ဝန်ထမ်းတွေ အနေနဲ့ မိမိတို့ တာဝန်ကျရာ ရပ်ကွက်တွေ အတွင်း လုံလောက်တဲ့ စောင့်ကြပ် လေ့လာမှုမျိုး ရှိပါရဲ့လား၊ ပြည်သူတွေရဲ့ လိုလား တောင်းဆိုချက်၊ တင်ပြချက်တွေကို အလေးတယူ ဆောင်ရွက်ပေးပါ သလား ဆိုတဲ့ အချက်ပါပဲ။ အခုချိန် အထိတော့ ပြည်သူတွေ အနေနဲ့ ဘယ်ကို တင်ပြရမှန်းမသိ၊ တိုင်ကြားပြောပြရမှန်း မသိ ဖြစ်နေတဲ့ အနေအထားပါ။ ပြီးတော့ စည်ပင်အနေနဲ့လည်း အရေးယူချင်တဲ့ နေရာ အရေးယူပြီး အရေးမယူချင်တဲ့ နေရာ အရေးမယူတာမျိုးဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ အသက်ဝင် စနစ်ကျမှု အားနည်းနေဦးမှာပါ။
တကယ်တော့ စည်ပင်သာယာရဲ့ တာဝန်ဟာ အခွန်တွေ ကောက်ခံနေရုံနဲ့ မပြီးသေးဘဲ မြို့ပြအင်္ဂါရပ်နဲ့ တကယ့်ကို ကိုက်ညီတဲ့ မြို့တော် ဖြစ်လာဖို့၊ မြို့တော်သူ မြို့တော်သားများ စည်းကမ်းလိုက်နာဖို့ “ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ” ပါ ပြဋ္ဌာန်းချက်တွေအတိုင်း အရေးယူဖို့ လုပ်ဆောင်သွားရမယ့် အချိန်ရောက်ပြီ ဖြစ်ပါကြောင်း၊ ဒါမှသာ စည်ပင်သာယာ အပေါ် ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ ယုံကြည်မှု အပြည့်အ၀ ရရှိမှာ ဖြစ်ပါကြောင်း သုံးသပ် ရေးသားလိုက်ရ ပါတယ်။
(စာရေးသူသည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာ တဦးဖြစ်သည်။)