အကျဉ်းထောင်များသည် ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူများ အတွက် မဟုတ်

ဘိုကြည်
၂၀၁၈ စက်တင်ဘာလအတွင်း ရိုက်တာသတင်းထောက်များကို လွှတ်ပေးရန် တောင်းဆိုကြစဉ် / အောင်ကျော်ထက်

အကျဉ်းထောင်များကို မည်သည့်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားကြသနည်း။ အကျဉ်းထောင်များ တည်ဆောက်ထားရခြင်းမှာ ပြည်သူလူထုကို အန္တရာယ်ပြုမည့်သူများကို ပြည်သူနှင့် လူ့အဖွဲ့အစည်းအား အန္တရာယ်မပြုနိုင်စေရန် ထိမ်းသိမ်းထားရှိနိုင်ဖို့ ရည်ရွယ်ပါသည်။ အကျဉ်းထောင်ဆိုသည်မှာ အာဏာရှိသူများကို ဝေဖန်မှုများမှ ကာကွယ်ပေးရန် အသုံးပြုသည့် ဒိုင်းတခု အဖြစ် ရည်ရွယ်ထားခြင်း မဟုတ်ပါ။

အမေရိကန် နိုင်ငံတွင် သမ္မတ ဒေါ်နယ်ထရမ့်ကို သဘောမကျသူ များစွာ ရှိပါသည်။ သူ့ကို ဝေဖန်သူ၊ သူ နှင့် သူ၏ သမ္မတ ရာထူး နှင့် ပတ်သက်၍ တိုက်ခိုက်သော မှတ်ချက်များ ပေးခဲ့သူ အများအပြားရှိပါသည်။ သူ၏ ရုပ်ပုံကို မဖွယ်မရာ ဖန်တီးခဲ့သူ၊ ထိုကဲ့သို့ ပြုလုပ်ထားသော ဗီဒီယိုများကို YouTube တွင် ဖြန့်ချီခဲ့သူများသည်ပင် ရှိနေပါသည်။

သို့သော်လည်း အမေရိကန်နိုင်ငံသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခု ဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ကို ကာကွယ်ခြင်းနှင့် အာဏာရှိသူ များကို ဝေဖန်ခြင်းက ဒီမိုကရေစီ လူ့အဖွဲ့အစည်းတခု၏ အနှစ်သာရဖြစ်ကြောင်း နားလည်သည့်အတွက် အဆိုပါ သမ္မတကို ဝေဖန် ပုတ်ခတ်သော ပုဂ္ဂိုလ်များမှာ ဖမ်းဆီးခြင်း မခံကြရပါ။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတိုင်းကဲ့သို့ပင် အမေရိကန် နိုင်ငံတွင် သဘောထားကွဲလွဲခြင်းက အများပြည်သူ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတခု အဖြစ်မယူဆသလို ဆန္ဒပြသူများကိုလည်း အကြမ်းဖက်ရာဇဝတ်သား များသဖွယ် ဖမ်းဆီးထောင်ချခြင်း မပြုလုပ်ပါ။

ထိုအဖြစ်မျိုးက အမေရိကန်နိုင်ငံတွင် မဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဖြစ်နေပါသည်။ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ် လစ်များနှင့် ဆန္ဒပြသူများ ပုံမှန်လို ဖမ်းဆီးခြင်းခံနေရပြီး အာဏာရှိသူများကို ဆန့်ကျင်ပြောဆိုခြင်းအတွက် ထောင်ချခြင်း ခံနေရသည်။ ထိုကဲ့သို့ ဖမ်းဆီးမှုများက အာဏာရှင် စိတ်ထားမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဒီမိုကရေစီ စိတ်သဘော ထား မဟုတ်ပါ။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုသူ သို့မဟုတ် သူတို့၏ ခေါင်းဆောင်များကို ဆန့်ကျင် ဆန္ဒပြသူများမှာ ခေတ်နောက်ကျ၍ ဖိနှိပ်သည့် ဥပဒေများဖြစ်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅(ခ) သို့မဟုတ် ၁၂၄(က) တို့ အရ အရေး ယူခံရမည့်သူများ ဖြစ်နေသည်။

အကယ်၍ သင်က အစိုးရ ဖြစ်ခဲ့လျှင် သင့်ကို ထောက်ခံသည့် ပြည်သူများရော သင့်ကို ဆန့်ကျင်သည့် ပြည်သူများပါ ရှိလိမ့်မည် ဖြစ်သည်။ အုပ်ချုပ်ရေး၏ သဘောသဘာဝဖြစ်သည်။ အစိုးရတခု အနေဖြင့် ပြည်သူတို့၏ အနုတ်သဘောဆောင်သည့် အမြင်ကို အပြုသဘောဆောင်သည့် လုပ်ရပ်များမှ တဆင့် ပြောင်းလဲရန် ကြိုးစားသင့်ပါသည်။ ဖိနှိပ်ခြင်းမှ တဆင့် မဖြစ်သင့်ပါ။ တရားလက်လွတ် ဖမ်းဆီးခြင်းက လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပါသည်။ အစိုးရကို ထောက်ခံလာစေရန် အထောက်အကူပေးလိမ့်မည် မဟုတ်ပါ။

ယနေ့ မြန်မာနိုင်ငံတွင် အာဏာရှိသူများ အနေဖြင့် အတိတ်ကို သင်ခန်းစာ ယူသင့်ပါသည်။ ယခင်စစ်အစိုးရများ လက်ထက်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်းနှင့်ဖိနှိပ် ချုပ်ချယ်ခြင်းများက ဖြစ်ရိုးဖြစ်စဉ် အနေဖြင့် ရှိခဲ့သည်။ ရလဒ်တခု အနေဖြင့် နိုင်တကာ အသိုင်းအဝိုင်းက ဖိအားများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်စေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအများအပြားကို ပြန်လွှတ်ပေး၍ နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ပြုလိုက်သည့် အချိန်တွင် အဆိုပါနိုင်ငံများက သူတို့၏ဖိအားကို လျှော့ချ၍ ဒဏ်ခတ်အရေးယူမှုများကို ပယ်ဖျက်ပေးခဲ့သည်။ နိုင်ငံရေး အကျဉ်းသား များကို ပြန်လွှတ်ပေးခြင်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တိုင်းတာသည့် အတိုင်းအတာများထဲမှ တခု ဖြစ်ပါသည်။

ယခုအချိန်တွင် အလားတူ စံနှုန်းကို အသုံးပြုသင့်ပါသည်။ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်သည့် အပေါ်တွင် မူတည်၍ ဖိအားများကို လျှော့ပေးခဲ့သည်။ လက်ရှိ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကြောင့် ယခင်နိုင်ငံတကာဖိအားများ ပြန်လည်ခံစားရနိုင်ပါသည်။

လက်တွေ့တွင် နိုင်ငံတကာဖိအားက သက်ရောက်နေပြီးသား ဖြစ်သည်။ ဥရောပသမဂ္ဂ(EU) က မြန်မာနိုင်ငံ အပေါ် ကုန် သွယ်ရေးအထူး အခွင့်အရေး ပေးထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် ကြိုးစားနေသည်။ သြစတြေးလျ၊ ကနေဒါ နှင့် အမေ ရိ ကန်တို့က လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည့် ဗိုလ်ချုပ်ကြီးများ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်းက မှားယွင်းကြောင်း အာဏာရှိသူများကို သတိပေးရန် လိုအပ်ပါသည်။ ထို့ပြင် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းက ပြည်သူအများအပြား ကြိုးစားဆောင်ရွက် နေသည့် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ထိခိုက်ပျက်စီးစေပါသည်။

ရိုက်တာ သတင်းဌာနမှ ကိုဝလုံးနှင့် ကျော်စိုးဦး တို့ကဲ့သို့သော ဂျာနယ်လစ်များ တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု များအကြောင်း သတင်းရေးသား ခြင်းအတွက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရခြင်းက အစိုးရသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတခုကို ဆောင်ရွက်ရန် အသေအချာ ဆုံးဖြတ် မထားကြောင်း ပြသနေသည်။ ဆိုရှယ်မီဒီယာတွင် အစိုးရ ဝန်ကြီးများနှင့် ပတ်သက်၍ ပြောဆိုသူများ ဖမ်းဆီးခြင်းခံရသည့်အခါ အစိုးရသည့် နိုင်ငံသားတို့၏ ရပိုင်ခွင့် နှင့် နိုင်ငံရေး အခွင့်အရေးများကို မလေးစားကြောင်း ဖော်ပြနေသည်။

တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များကို ထောင်ချခြင်းက ရက်စက်ခြင်းသက်သက်သာ မဟုတ်ပါ။ တိုင်းပြည်ကိုလည်း အကျိုးယုတ်စေပါသည်။ တက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်ခြင်းနှင့် ဖမ်းဆီး ထောင်ချခြင်းက ပြည်သူ့ဘဏ္ဍာအများအပြားကို အသုံးပြုရပါသည်။

ကျောင်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံ အဆောက်အဦးတို့က အရင်းအမြစ် ဆိုးဆိုးရွားရွား လိုအပ်နေသည့် အချိန်တွင် အစိုးရက သတင်းအချက်အလက်ရရှိနိုင်မှုကို ကန့်သတ်ရေး နှင့် လွတ်လပ်စွာထုတ်ဖော်ခြင်းကို ထိန်းချုပ်ရေး တို့အတွက် ရဲတပ်ဖွဲ့ဝင်များကို တာဝန်ချထားပေးခြင်းအားဖြင့် ပြည်သူ့အခွန်ဘဏ္ဍာများကို ဖြုန်းတီးသလိုဖြစ်နေသည်။ ပြည်သူတို့၏ အခွန်ငွေများကို ပြည်သူကို ကူညီရန်အတွက် အသုံးပြုသင့်ပါသည်။ သူတို့ကို ဖမ်းဆီးရန် အတွက် မဖြစ် သင့်ပါ။

ထို့ပြင် မြန်မာနိုင်ငံမှ အကျဉ်းထောင်များသည် စီမံခန့်ခွဲမှု အားနည်းလွန်းလှသည်။ အကျဉ်းသားအရေအတွက်မှာ အကျဉ်းထောင် ဝင်ဆံ့နိုင်မှုထက် ပိုမိုပြည့်လျှံနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများက ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေသည်။ အကျဉ်းသားများမှာ ညှဉ်းပန်းနှိပ်စက်မှုကို ခံရလေ့ရှိပြီး လုံလောက် သည့် ကျန်းမာရေး စောင့်ရှောက်မှုလည်း မရရှိပါ။ အကျဉ်းထောင်စနစ်မှ ချို့ယွင်းအားနည်ချက်များအတွက် အစိုးရ၊ လွှတ်တော် နှင့် ပြည်ထဲရေး ဝန်ကြီးဌာန တို့၏ တာဝန် ရှိသည်။

အကျဉ်းထောင်များသည် အကြမ်းဖက်မှု ကျူးလွန်သူများကို ထိန်းသိမ်းရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သူတို့၏ အမြင်သဘောထားများကို ငြိမ်းချမ်းစွာ ထုတ်ဖော်သူများကို အနိုင်ကျင့်ရန်၊ ဖမ်းဆီးထိန်းသိမ်းရန် မဟုတ်ပါ။ အကျဉ်း ထောင်များသည် လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်သည့် အန္တရာယ်ရှိသောသူများကို ထားရှိရန် အတွက် ဖြစ်ပါသည်။

ဆန္ဒပြသူများ၊ ဂျာနယ်လစ်များ သို့မဟုတ် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများသည် လူ့အဖွဲ့အစည်းကို မည်သည့် ခြိမ်းခြောက် မှု သို့မဟုတ် အန္တရယ်ကို ပြုလုပ်ခဲ့ပါသနည်း။ အမှန်စင်စစ် အကျဉ်းထောင်များအား လူ့အဖွဲ့အစည်းကို အန္တရာယ်ပေးနိုင်သူများကိုသာ ထားရှိရမည့်အစား တက်ကြွလှုပ်ရှားသူများနှင့် အစိုးရအပေါ် ဝေဖန်သူများကို ထိန်းသိမ်းရန်၊ ထောင်ချရန် နှင့် နှိပ်စက်ရန် အကျဉ်းထောင်ကိုအသုံးပြုနေခြင်းသည် အကျဉ်းထောင်ကို မှားယွင်းစွာ အသုံးပြုနေခြင်းဖြစ်သည်။

(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပါသည်။)

Loading