နိုင်ငံခြားဘဏ်တွေ ဝင်လာတဲ့အခါ

စောဘိုဘို
နိုင်ငံခြားဘဏ်များ ဝင်ရောက်လုပ်ကိုင်လာခြင်းသည် ကောင်းကျိုးရော ဆိုးကျိုးပါ ဒွန်တွဲ ဖြစ်ပေါ်နိုင်သည် / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများ(Local Corporate) အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြုလိုက်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာ့ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော အခန်းကဏ္ဍများမှ ထောက်ပံ့ပေးနေပါသည်။ မြန်မာ့ဘဏ်လုပ်ငန်းများ တိုးတက်ဖွံ့ ဖြိုးလာသည်နှင့်အမျှ နိုင်ငံခြားဘဏ် ၉ ဘဏ်ကို ၂၀၁၄ ခုနှစ်တွင်၊ ထပ်မံ၍ ၄ ဘဏ်ကို ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခွင့်ပေးခဲ့ပါသည်။ နိုင်ငံခြားဘဏ်များ ဝင်ရောက်လာမှုသည် ယေဘုယျအားဖြင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းဈေးကွက်၏ ထင်ရှားသော တိုးတက်မှုတခု ဖြစ်လာခဲ့ပါသည်။

နိုဝင်ဘာ ၈ ရက် ဗဟိုဘဏ် ကြေညာချက်တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် နေ့စွဲပါ ညွှန်ကြားချက်အမှတ် ၉/၂၀၁၇ ဖြင့် ပို့ကုန်ချေးငွေဖြည့်ဆည်းမှု(Export Financing)နှင့် ပို့ကုန်လုပ်ငန်းနှင့်ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ(Related Banking Services for Export Financing) ကို ဆောင်ရွက်ခွင့်ပြုခဲ့ရာမှ ယခုအခါ “ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဘဏ္ဍာငွေ ရရှိနိုင်သည့်အခွင့်အရေး (Access to Finance) ပိုမိုရရှိစေရန် ရည်ရွယ်၍ နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ(Local Corporate)သို့ မည်သည့်ချေးငွေဖြည့်ဆည်းမှု(Any Financing)ကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ(Other Banking Services)ဆောင်ရွက်ခြင်းတို့ကို ခွင့်ပြုကြောင်း ညွှန်ကြားသည်”ဟု ဖော်ပြထားသည်။

ထိုသို့ ခွင့်ပြုလိုက်ခြင်းကြောင့် နိုင်ငံခြားဘဏ်များ မည်သို့လုပ်ငန်း ထပ်ချဲ့မည်ကို မေးစရာရှိသည်။ နိုင်ငံတကာကို ကြည့်ပါက နိုင်ငံခြားဘဏ်များ ပြည်တွင်းဘဏ်လုပ်ငန်းအသိုင်းအဝိုင်းသို့ ဝင်ရောက်လာနိုင်သော ပုံစံနှစ်မျိုး ရှိပါသည်။ ၁) နိုင်ငံခြားဘဏ်များအား ဘဏ်လုပ်ငန်းလိုင်စင်အမျိုးမျိုးဖြင့် ပြည်တွင်းဘဏ်လုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုခြင်း၊ ၂) လက်ရှိပြည်တွင်းဘဏ်များ၏ ဘဏ်လုပ်ငန်းများတွင် အကန့်အသတ်ဖြင့် ရှယ်ယာထည့်ဝင်စေခြင်း (သို့မဟုတ်) အပြီးအပိုင်ဝယ်ယူခွင့်ပြုခြင်းတို့ ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့ပြည်တွင်းဘဏ်လုပ်ငန်းများတွင် နိုင်ငံခြား ရှယ်ယာ ရင်းနှီး မြှုပ်နှံမှုအား သီးသန့်ခွင့်ပြုထားသော ခွင့်ပြုချက် မရှိသေးပေ။ ကုမ္ပဏီဥပဒေသစ်အရ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရှိသောကုမ္ပဏီများကို ပြည်တွင်းကုမ္ပဏီအဖြစ်သာ သတ်မှတ်မည်ဖြစ်သောကြောင့် ပြည်တွင်းဘဏ်များအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃၅ ရာခိုင်နှုန်းအထိ ရနိုင်မည်ကို မျှော်လင့်လျက် ရှိပါသည်။ ဘဏ်လုပ်ငန်းဖြစ်သောကြောင့် ကုမ္ပဏီဥပဒေသစ်အပြင် ဗဟိုဘဏ်၏ တိကျသော ညွန်ကြားချက် လိုအပ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ငွေကြေးအပြင် နည်းပညာနှင့် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုများပါ ပါဝင်လာမည်ဖြစ်သောကြောင့် ပြည်တွင်းဘဏ်များက အားပေးဖိတ်ခေါ်လိုကြသည်။ နိုင်ငံခြားဘဏ်များအတွက်မူ ယေဘုယျအားဖြင့် ပြည်တွင်းဘဏ်တွင် အသေးစား ရင်းနှီးမြှုပ်နှံခြင်းထက် အုပ်ချုပ်ခွင့်အာဏာပါရသည့် အကြီးစားရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ကိုယ်ပိုင်လိုင်စင်ဖြင့်သာ ရင်းနှီးမြှုပ်နှံလိုကြမည်။

နိုင်ငံတကာတွင် နိုင်ငံခြားဘဏ်များအား ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပေးသည့်အခါ လုပ်ဆောင်နိုင်သော ဘဏ်ဝန်ဆောင်မှု အမျိုးအစားအလိုက် မတည်ငွေသတ်မှတ်ပြီး ချမှတ်လုပ်ဆောင်ခွင့်ပေးပါသည်။ ယေဘုယျအားဖြင့် ၁) Corporate Banking License ( Foreign/Local Corporates ) နိုင်ငံခြားကုမ္ပဏီ (သို့မဟုတ်) ပြည်တွင်းကုမ္ပဏီများကိုသာ ဝန်ဆောင်မှု ပေးစေခြင်း၊ ၂) Subsidiary Retail Banking License ကန့်သတ် လက်လီ ဘဏ်လုပ်ငန်းလိုင်စင်၊ ဘဏ်ခွဲအရေအတွက်၊ လက်လီလုပ်ငန်းအသေးစိတ်ပေါ်တွင် ကန့်သတ်ချက်များ ရှိနိုင်သည်၊ ၃) Commercial Banking License ပုံမှန် ဘဏ်လုပ်ငန်းလိုင်စင် အစရှိသဖြင့် ခွဲခြားသတ်မှတ်ပေး၍ ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးပါသည်။

နိုင်ငံခြားဘဏ်များ ဝင်ရောက်လုပ်ကိုင်လာခြင်းသည် ကောင်းကျိုးရော ဆိုးကျိုးပါ ဒွန်တွဲ ဖြစ်ပေါ်နိုင်သည်။

ကောင်းကျိုးများ

၁) နိုင်ငံခြားဘဏ်များသည် နိုင်ငံတကာနှင့်အညီ ခေတ်မီသော ကောင်းမွန်သော ဘဏ်လုပ်ငန်း နည်းပညာများအား ယူဆောင်လာသောကြောင့် ပြည်တွင်းဘဏ်လုပ်ငန်း ပိုမို တိုးတက်လာနိုင်ပါသည်။
၂) ပြည်တွင်းဘဏ်များမှလည်း နိုင်ငံတကာဘဏ်များနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရမည်ဖြစ်သောကြောင့် ပြည်တွင်းဘဏ်များ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာနိုင်ပါသည်။
၃) နိုင်ငံခြားဘဏ်များသည် နိုင်ငံရေးနှင့် ဆက်နွယ်မှုနည်းပါးသောကြောင့် ၎င်းတို့၏ ဘဏ်လုပ်ငန်းတိုးတက်မှုသည် ၎င်းတို့၏ စွမ်းဆောင်နိုင်မှုအပေါ်သာ မူတည်သဖြင့် ပိုမိုကြိုးစားလုပ်ဆောင်ကြမည်ဖြစ်ရာ ဘဏ်လုပ်ငန်းများ ပိုမိုတိုးတက်လာနိုင်ပါသည်။
၄) နိုင်ငံခြားဘဏ်များသည် နိုင်ငံတကာတွင်ရှိသော ချေးငွေဈေးကွက်များနှင့် အတိုးနှုန်းများအား သေချာစွာ ဆန်းစစ်ပြီးနောက် ပြည်တွင်းနှင့် သင့်လျှော်သော ချေးငွေပုံစံများနှင့် အတိုးနှုန်း အမျိုးအစားများအား ခွဲခြား သတ်မှတ်ခြင်း ပြုလုပ်လာမည်ဖြစ်သောကြောင့် ပိုမိုကောင်းမွန်သည့် ဘဏ်ချေးငွေလုပ်ငန်းများ ဖြစ်ပေါ်လာနိုင်ပါသည်။

ဆိုးကျိုးများ

၁) နိုင်ငံခြားဘဏ်မျာ းဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းဘဏ်များ အကျိုးအမြတ် နည်းပါးလာနိုင်ပါသည်။
၂) နိုင်ငံတကာနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရမည်ဖြစ်သောကြောင့် နည်းပညာအခက်အခဲများ၊ လုပ်ငန် းကျွမ်းကျင် ဝန်ထမ်းများ ရှားပါးခြင်းကြောင့် ပြည်တွင်းဘဏ်လုပ်ငန်းများအား အခက်အခဲဖြစ်စေနိုင်ပါသည်။
၃) ပြည်တွင်းဘဏ်များသည် ချေးငွေလုပ်ငန်းအား ပုဂ္ဂိုလ်ရေးများနှင့်ရောထွေးလျက် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် ချေးငွေများ၏ အရည်အသွေး ကျဆင်းလာနိုင်သည့်အပြင် အမြတ်ငွေများ နည်းပါးလာနိုင်ပါသည်။
၄) ပြည်တွင်းဘဏ်များသည် နိုင်ငံခြားဘဏ်များ၏ချေးငွေလုပ်ငန်းအား ယှဉ်ပြိုင်ခြင်းမရှိပါက အခြားအတိုးနှုန်း မရရှိသည့် ထုတ်ကုန်များကိုသာ အာရုံစိုက် လုပ်ဆောင်လာရမည်ဖြစ်ပြီး ပြည်တွင်းဘဏ်များ၏ လုပ်ကိုင်ရည်များ ကျဆင်းလာနိုင်ပါသည်။
၅) နိုင်ငံခြားဘဏ်များသည် ၎င်းတို့ ပင်မနိုင်ငံများ၏ စီးပွားရေး/ နိုင်ငံရေးပေါ် မူတည်လုပ်ကိုင်ရမည်ဖြစ်သောကြောင့် မူဝါဒ အပြောင်းအလဲများဖြစ်ပေါ်လာနိုင်သည်။
၆) နိုင်ငံခြားဘဏ်များ၏ ရည်မှန်းချက်နှင့် အာရုံစူးစိုက်မှုများသည် ပြည်တွင်းစီးပွားရေးအခြေအနေ၊ အစိုးရ၏ ဦးစားပေးမှုများ၊ ပြည်တွင်းလုပ်ငန်းရှင်များ၏ အရေးကြီးဦးတည်ချက်များနှင့် မတူ ကွဲပြားနိုင်သောကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုအသုံးပြုနေသောပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အခက်အခဲ ရှိနိုင်ပါသည်။

ကောင်းကျိုးများ ပိုကောင်းလာစေရန်နှင့် ဆိုးကျိုးများ အနည်းဆုံးဖြစ်စေရန် ဗဟိုဘဏ်က အဓိက ထိန်းကျောင်းနိုင်သည်။ တချို့က ၁၉၉၇ အာရှငွေကြေး အကျပ်အတည်းသည် နိင်ငံခြားဘဏ်များက စသည်ဟု ကောလဟလများ လွှင့်ကြသည်။ ယင်းသို့ လုံးဝ မဟုတ်ပါ။ ဒေသတွင်း လူတစု လက်ထဲမှာသာ ငွေများ စုမိနေခြင်း၊ အစိုးရများက အကြွေး အမြောက်အမြား ယူထားခြင်း၊ အစိုးရ အသုံးစရိတ် အဆမတန် များပြားခြင်းတို့ကို အခြေခံကာ ဈေးကွက်အတွင်း asset bubble ဖြစ်လာခြင်းနှင့် ထိုင်းအစိုးရ အကြွေးမဆပ်နိုင်ခြင်းတို့ကြောင့် ၁၉၉၇ အာရှငွေကြေး အကျပ်အတည်း ဆိုက်ခဲ့ရသည်။ ယင်းအခက်အခဲကြား တိုင်းပြည်အတွက် အနစ်နာမခံဘဲ ကိုယ်ကျိုးသာ ကြည့်ခဲ့ကြောင်း နိုင်ငံခြားဘဏ်များ ဝေဖန် တိုက်ခိုက်ခံခဲ့ရသည်။

အခြားသော အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍသည် စီးပွားရေးကဏ္ဍများသို့ အထောက်အကူပြုမှုသည် အကန့်အသတ်ဖြင့်သာ ရှိနေပါသည်။ မြန်မာ့ဘဏ်လုပ်ငန်းများကို နိုင်ငံခြားဘဏ်များအား ဖွင့်ပေးလိုက်ပါက နိုင်ငံသားပိုင် ဘဏ်များအနေနှင့် ရပ်တည်မှု ခက်ခဲသွားမည်ကို စိုးရိမ်စရာဖြစ်သော်လည်း အိမ်နီးချင်း အာဆီယံနိုင်ငံများ၏ ဥပမာကို နမူနာယူသင့်သည်။

ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံခြားဘဏ်လုပ်ငန်းများအား ၁၉၉၄ ခုနှစ်တွင် စတင်၍ ပြည်တွင်းဘဏ်များနှင့်အတူ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်များ ပေးခဲ့သည်။ နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့်ပေးသည့်အပြင် ပြည်တွင်းဘဏ်လုပ်ငန်းများ၏ ရှယ်ယာစုစုပေါင်း ၆၀ ရာခိုင်နှုန်းအထိ ဝယ်ယူခွင့်ပြုခဲ့သည်။ ထိုကဲ့သို့ နိုင်ငံခြားဘဏ်များအား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်များ ပေးအပ်ပြီးနောက် ၁၀ နှစ်အတွင်း ဘဏ်လုပ်ငန်းအားလုံးတွင် နိုင်ငံခြားဘဏ်များ၏ ပိုင်ဆိုင်မှု Assets သည် ၁၃ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်းအထိသာ တိုးတက်လာခဲ့ပါသည်။

ထိုင်းနိုင်ငံသည် နိုင်ငံခြားဘဏ်လုပ်ငန်းများအား ၁၉၉၇ ခုနှစ်တွင် စတင်၍ ပြည်တွင်းဘဏ်များနှင့်အတူ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်များ ပေးအပ်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် နိုင်ငံခြားဘဏ်လုပ်ငန်းများအား ပိုမိုအားပေးခဲ့ပါသည်။ ထိုကဲ့သို့ နိုင်ငံခြားဘဏ်များအား ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်များ ပေးအပ်ပြီးနောက် ထိုင်းနိုင်ငံ၏ ဘဏ်လုပ်ငန်း အားလုံးတွင် နိုင်ငံခြားဘဏ်များ၏ ပိုင်ဆိုင်မှု Assets သည် ၁၉၉၇ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းရှိရာ ၂၀၁၃ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိသာ မြင့်တက်လာခဲ့ပါသည်။

မည်သို့ဆိုစေ နိုင်ငံခြားဘဏ်များသည် ပြည်တွင်းဘဏ်လုပ်ငန်းအတွက် စိန်ခေါ်မှုတခု ဖြစ်လာမည်။ အထူးသဖြင့် အမေရိကန်ဒေါ်လာ အတိုးနှုန်းနှင့် နှစ်ရှည် အပေါင်ပစ္စည်းမဲ့ ချေးငွေများအတွက် နိုင်ငံခြားဘဏ်များကို ဘယ်လိုမှ မယှဉ်နိုင်။ နည်းပညာနှင့် ဝန်ဆောင်ခများကလည်း နိုင်ငံခြားဘဏ်တွေက အများကြီးသာသည်။ ထို့ကြောင့် အထူးသဖြင့် နိုင်ငံတကာနှင့် ပေါင်းဆက်လုပ်ကိုင်နေတဲ့ လုပ်ငန်းကြီးကြီးမားမားများသည် နိုင်ငံခြားဘဏ်တွေဆီ တဖြည်းဖြည်းရောက်သွားနိုင်သည်။

သို့သော် ပြည်တွင်းဘဏ်များသည်လည်း သူ့အားသာချက်သူ ရှိသည်။ ပြည်တွင်းလုပ်ငန်းရှင်တွေအဖို့ နိုင်ငံခြားဘဏ်များနှင့် အလုပ်လုပ်ကြရသောအခါ အဆင်မပြေမှုများ ကြုံနိုင်သည်။ ကိုယ့်နိုင်ငံမှဘဏ်ကမှ ဆက်ဆံရ ပိုကောင်းသည်ဟု နိုင်ငံတကာက လုပ်ငန်းရှင်ကြီးတွေ ပြောနေကျ စကားရှိသည်။ ပြည်တွင်းဘဏ်များ၏ ဘဏ်ခွဲဖြန့်ကျက်နိုင်မှုကို နိုင်ငံခြားဘဏ်က မယှဉ်နိုင်ပေ။

နိုင်ငံခြားဘဏ်များအနေဖြင့်လည်း ချက်ချင်းငွေထုတ်ချေးနိုင်ဦးမည် မဟုတ်။ ဗဟိုဘဏ်က ခွင့်ပြုလိုက်သော်လည်း ၎င်းတို့ မိခင်ဌာနချုပ်သို့ မြန်မာနိုင်ငံနှင့် ပတ်သတ်သော ချေးငွေပေါ်လစီကို အဆင့်ဆင့်တင်ပြ အတည်ပြုရဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံအတွက် total credit exposure and country credit limit ချေးငွေပမာဏ စုစုပေါင်း မည်မျှထားမည်၊ မည်သည့်လုပ်ငန်းများအား မည်သည့်စည်းကမ်းများဖြင့် ကိုက်ညီမှ မည်သည့်အတိုးနှုန်းဖြင့် မည်မျှ ငွေချေးမည် စသည့် အသေးစိတ်များကို သတ်မှတ်ရန် နောက်ထပ် ၃ လမှ ၆ လထိ ကြာဦးမည်။

ငွေချေးလိုသော ပြည်တွင်းလုပ်ငန်းများအတွက်မူ အပေါင်ပစ္စည်းကို အဓိက မထားတတ်သော နိုင်ငံခြားဘဏ်များ၏ ချေးငွေပေါ်လစီကို နားလည်သင့် သိထားသင့်ပါသည်။ မိမိလုပ်ငန်း၏ တရားဝင် ကုမ္ပဏီ ဖွဲ့စည်းပုံများ အုပ်ချုပ်ပုံများ Legal entity structure and Governance Structure မှန်ကန်ရဲ့လား၊ လုပ်ငန်းစာရင်းဇယားများ နိုင်ငံတကာစံ ဝင်ရဲ့လား၊ လုပ်ငန်း၏ ငွေလိုမှုနှင့် လုပ်ငန်း ပုံစံကို လေးလေးနက်နက် သိသလား စသည့် မေးခွန်းများကို ကိုယ်တိုင် ဖြေဆိုရန် ပြင်ဆင်ထားသင့်သည်။ အတွေ့အကြုံ မရှိသေးသူများက အကြံပေးနိုင်သူများနှင့် အမြန်ဆုံး ဆက်သွယ် ပြင်ဆင်ထားသင့်သည်။

ယခု အပြောင်းအလဲတွင် နိုင်ငံခြားဘဏ်များ၊ ပြည်တွင်းဘဏ်များနှင့် လုပ်ငန်းရှင်များက အချိန်ယူ ကြိုးစား တုံ့ပြန်ကြရင်း အနေအထားသစ်တခု ဖြစ်ထွန်းလာလိမ့်မည်ဖြစ်သည်။ နတ်ရေကန်ထဲ ကျသလို ချက်ခြင်း ပြောင်းလဲသွားမည် မဟုတ်ပါ။ အနည်းဆုံး နောက်ထပ် ၂ နှစ် ကြာပြီးသည့်အခါ မည်သူတို့ မည်မျှအကျိုးခံစားရသည်ကို စတင် မြင်တွေ့ရနိုင်မည်ဟု ယူဆမိပါသည်။

(စောဘိုဘိုသည် ရန်ကုန်အခြေစိုက် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတဦး ဖြစ်သည်။ ၂၀၁၅ -၁၆ ခုနှစ် အမေရိကန် ဘဏ် Citibank ၏ ကိုယ်စားလှယ်အနေဖြင့် Myanmar Soverign Credit Rating မြန်မာ့ငွေကြေး အာမခံအဆင့် သတ်မှတ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading