အမှားကို ငြင်းဆန်ရဲတဲ့ သတ္တိရှင် (သို့မဟုတ်) ငပလီက ဆရာဝန်

မြတ်စုမွန်
ငပလီက ဆရာဝန်လို သူရဲကောင်းမျိုး အစိုးရဝန်ထမ်းတွေကြားမှာ အများကြီး ပေါ်လာဖို့ လိုအပ်တယ်
Want create site? Find Free WordPress Themes and plugins.

အစိုးရဝန်ထမ်း တယောက်ဟာ သူ့ထက် ရာထူးကြီးတဲ့ လူတယောက်ရဲ့ မမှန်ကန်တဲ့ အမိန့်ပေးခိုင်းစေမှုကို ငြင်းဆန်ရဲတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးဟာ အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ ကျမတို့ မျိုးဆက်မှာတော့ ရှားရှားပါးပါးကိစ္စ၊ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်လို့ပြောရမယ်။ အထူးသဖြင့် ကျမနေထိုင်တဲ့ တိုင်းရင်းသားဒေသ၊ နယ်မြို့လေးတမြို့မှာဆို ပိုလို့တောင် ဖြစ်ဖို့ခဲယဉ်းတဲ့ကိစ္စရပ်ပဲ။

ဒါပေမယ့် မကြာသေးခင်ရက်ပိုင်းက ကျမတို့မြို့မှာ ဟိုးလေးတကျော်ကျော် အဖြစ်အပျက်တခု ဖြစ်ခဲ့တယ်။ လူရည်လည်သူတွေ၊ သတ္တိရှိသူတွေပေါတဲ့ မြို့ကြီးပြကြီးမှာ ဒီအဖြစ်အပျက်ဟာ သိပ်မထူးဆန်းသလို ထင်ရ ပေမယ့် ခေတ်အဆက်ဆက်မှာ အစိုးရအရာရှိဆိုရင် ဘုရားထူးသူတွေများ၊ အကြောက်တရားတွေ များတဲ့ နယ်မြို့တမြို့ အတွက်ကတော့ ထူးထူးခြားခြား ပြောစမှတ်တွင်စေတယ်။

ကျမတို့မြို့မှာ ခရိုင်ပြည်သူ့ဆေးရုံတရုံနဲ့ တိုက်နယ်ဆေးရုံတွေရှိပါတယ်။ ကျမတို့မြို့နဲ့ မလှမ်းမကမ်းက ငပလီ ကမ်းခြေမှာ မြို့နယ်ဆေးရုံလေး တရုံရှိတယ်။ အခုအဖြစ်အပျက်က ငပလီဆေးရုံကနေ အစပြုပြီး ဖြစ်ရတဲ့ ကိစ္စ။

ငပလီ ဆေးရုံဆိုတာ မကြာသေးခင်နှစ်အနည်းငယ် အတွင်းကမှ အသစ်ဆောက်လုပ်ခဲ့တဲ့ တိုက်နယ် ဆေးရုံတရုံ ဖြစ်ပါတယ်။ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်း များများစားစားမရှိတဲ့ ၂၅ ခုတင်ဆံ့ ဆေးရုံတရုံလည်း ဖြစ်ပါတယ်။ ဒီနှစ် မိုးတွင်းမှာ အဲဒီဆေးရုံရဲ့ တိုက်နယ်ဆရာဝန်အဖြစ် အမျိုးသမီး ဆရာဝန် တယောက် တာဝန်ကျပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ နှောင်းပိုင်းက ကျမတို့မြို့မှာ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ကလေးစာပေပွဲတော်တရပ် စည်စည်ကားကား ကျင်းပခဲ့တယ်။ ပြည်ထောင်စုအဆင့် ပွဲမျိုးဖြစ်တဲ့အတွက် ပြည်ထောင်စုဝန်ကြီး အပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အစိုးရ အရာရှိတွေ လာရောက်ခဲ့ကြတယ်။ အဲဒီရက်တွေက ကျမတို့မြို့မှာ VIP ယာဉ်တန်းတွေ တဝီဝီနဲ့ စည်ကား နေတာပဲ။

အဲဒီရက်ပိုင်းမှာ ငပလီကမ်းခြေက ဟိုတယ်တခုမှာ တည်းခိုနေတဲ့ ပြန်ကြားရေး အရာရှိတယောက် ညစာ စားပွဲမှာ လဲကျလို့ ဦးခေါင်းထိခိုက်မှု ဖြစ်ခဲ့တယ်။ အဲဒီအတွက် ငပလီဆေးရုံမှာ တာဝန်ကျနေတဲ့ တိုက်နယ် ဆရာဝန်ကို ဆေးဝါးကုသမှု လုပ်ပေးဖို့အတွက် အဲဒီအရာရှိ တည်းခိုနေတဲ့ ဟိုတယ်ကို လာရောက်ဖို့ ခေါ်ပါတယ်။ သူ့မူလ အလုပ်တာဝန်တွေ ရှိနေတဲ့အတွက် လူနာဆီကို အရောက်မသွားခဲ့တဲ့ အဲဒီဆရာဝန်ကို ရခိုင်ပြည်နယ် ကုသရေးဦးစီးဌာနကနေ ရုံးအမိန့်စာထုတ်ပြီး ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ တဖွဲ့ ဖွဲ့တယ်။ ဒီစာဟာ လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့သွားပြီး ဝေဖန်မှု၊ ဌာနအပေါ် ပြစ်တင်ရှုတ်ချမှု၊ လဲကျပြီး ဦးခေါင်း ထိခိုက်ဒဏ်ရာ ရသွားတဲ့ အစိုးရအရာရှိအပေါ် အပြစ်တင်မှုတွေ ဆက်တိုက် ဖြစ်လာခဲ့တယ်။

ကျမကိုယ်တိုင်လည်း ကျန်းမာရေး ကုသမှုခံယူဖို့အတွက် ဆရာဝန်နဲ့ ဆေးဝါးတွေရှိတဲ့ ဆေးရုံဆီကို မလာဘဲ သူတည်းခိုနေတဲ့ နေရာကို အမိန်နဲ့ ခေါ်ရကောင်းလားဆိုတဲ့ အတွေးနဲ့ အတော်လေးကို စိတ်ဆိုးခဲ့ပါတယ်။ အာဏာရှင် ခေတ်က အပြုအမူတွေကို လူထုရွေးချယ်တဲ့ အစိုးရ လက်ထက်မှာပါ နှစ်နှစ်ခြိုက်ခြိုက် ဆက် ကျင့်သုံးနေတာတွေ ကို ရွံရှာမိတယ်။ ပညာရှင်တယောက်ကို အာဏာရှင်တွေက အနိုင်ကျင့် ရမ်းကားတယ်လို့ သဘော ပိုက်မိတယ်။ ဒီလို စာတတန်၊ ပေတတန်နဲ့ အနိုင်ကျင့် အရေးယူဖို့ ဆုံးဖြတ်တဲ့ လူတွေကိုလည်း ကျိန်ဆဲမိတယ်။

အဲဒီအစိုးရအရာရှိ လဲကျပြီး ဒဏ်ရာရတဲ့အချိန် အနီးဝန်းကျင်မှာရှိနေတဲ့ မိတ်ဆွေတချို့က ပြန်ပြောပြလို့ သိခွင့်ရတာ တခုလည်း ရှိပြန်တယ်။ ကာယကံရှင် ပြန်ကြားရေးအရာရှိက သူ့ကို ဝိုင်းဝန်း ဂရုစိုက် နေကြသူတွေကို သူ့ထိခိုက်ဒဏ်ရာဟာ များများစားစား မဟုတ်တာကြောင့် ဆေးရုံဆေးခန်း မသွားလိုကြောင်း၊ အနားယူလိုက်ရင် သက်သာသွားမယ့် အကြောင်း ပြောပြခဲ့တယ်လို့ သိရတယ်။ အခုလို တာဝန်ကျ ဆရာဝန် တယောက်ကို အမိန့်နဲ့ စေခိုင်းခြင်းမျိုး ကာယံရှင် အရာရှိကိုယ်တိုင် သိမယ်မထင်ဘူးလို့ သူတို့က ဆိုကြတယ်။

အဲဒီရက်မှာပဲ ငပလီဆေးရုံက တိုက်နယ်ဆရာဝန်က လုပ်ငန်းလိုအပ်ချက်အရ သံတွဲ ခရိုင်ပြည်သူ့ဆေးရုံမှာ တာဝန်ယူပေးရုံမက၊ သူ့မူလတာဝန်ကျရာ ငပလီဆေးရုံမှာလည်း အတွင်းလူနာ၊ အပြင်လူနာတွေ အတွက် တာဝန်ရှိနေခဲ့တယ်ဆိုတာ ကာယကံရှင်ဆရာဝန်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပြန်ရှင်းပြ ခဲ့တယ်။ သံတွဲဆေးရုံမှာ သူတဦးတည်း ဒိုင်ခံပြီး တာဝန်ယူပေးနေခဲ့တဲ့ အကြောင်း၊ VIP လမ်းကြောင်းအတွက် တာဝန်ချပေး ခံထားရခြင်း မရှိတဲ့အကြောင်း ဖော်ပြခဲ့တယ်။

သူ့ဌာနက အထက်လူကြီးက အမိန့်နဲ့ ဆင့်ခေါ်ခြင်းအပေါ် ဆေးဝါးနဲ့ ပစ္စည်းကိရိယာ အစုံအလင်ရှိတဲ့ ဆေးရုံကို လာရောက် ကုသမှုခံတာက အကောင်းဆုံး ဖြစ်တဲ့အကြောင်း၊ တာဝန်တဖက်နဲ့ ဖြစ်တဲ့အတွက် မူလ တာဝန်ကျရာ ဆေးရုံကနေ အသင့်ပြင်ဆင်ပြီး စောင့်နေမယ့် အကြောင်း တုန့်ပြန်ခဲ့တယ်ဆိုတာကို ရေးသား ဖော်ပြခဲ့တာ ဖတ်ရပါတယ်။

ဒီဖြစ်စဉ်မှာ ကျမအပါအဝင် ဒီသတင်းကို စိတ်ဝင်တစား နားစွင့်နေသူ အများစုက ကာယကံရှင်ရဲ့ မှန်တဲ့လမ်းကို လျှောက်ရဲတဲ့သတ္တိကို ချီးကျူးခဲ့ကြတယ်။ စာထုတ်ပြီး အမိန့်အာဏာနဲ့ ဖိနှိပ်ဖို့ကြိုးစားခဲ့တဲ့ သူတွေကို လူတွေက ပြစ်တင်ရှုတ်ချခဲ့ကြတယ်။ အမှားကို ကန့်ကွက်ရဲသူတွေ အများကြီး တွေ့လိုက်ရတယ်။

ပုံမှန်အားဖြင့်ဆိုရင် ကိုယ့်ရပ်ကိုယ့်ဒေသကို အလုပ်တာဝန်နဲ့ ခဏတဖြုတ်ရောက်လာတဲ့ ဧည့်သည် တယောက်ရဲ့ ကျန်းမာရေးကို ဒေသတာဝန်ရှိသူတွေက ဂရုတစိုက် စီမံဆောင်ရွက်ပေးဖို့ ကြိုးစားတဲ့ကိစ္စဟာ သာမန်လောက်နဲ့ ပြီးဆုံးသွားရမယ့် ကိစ္စပါပဲ။ ဒါပေမယ့် ဌာနတွင်းစစ်ဆေးဖို့ အမိန့် ထုတ်ပြန်လိုက်တာဟာ ရှက်တတ်ရင်တော့ ကိုယ့်အရှက်ကို ကိုယ်ခွဲလိုက်သလိုပါပဲ။

လူထုဘက်ကို တချက်ကြည့်မယ်ဆိုရင် ခေတ်အဆက်ဆက်က လူကြီးလာရင် ခြံစည်းရိုးထုံးသုတ်ခဲ့ရတဲ့ နမူနာ တွေကြောင့် လူကြီးဆိုရင် အာဏာပြမယ့်သူ၊ လူထုကို ဒုက္ခပေးမယ့်သူလို့ မြင်နေတဲ့ အမြင်တွေက စွဲထင် နေတုန်းပဲ။ ဒေသအတွက် ထူးခြားတဲ့ ပြောင်းလဲတိုးတက်မှုမရှိဘဲ ဒေသအရင်းအမြစ် တွေကို စုပ်ယူဝါးမြိုပြီး ပြန်ထွက် သွားကြတဲ့ ခေတ်အဆက်ဆက်က လူကြီးဆိုသူတွေကို စိတ်ပျက်နေကြတုန်းပဲ။ သူတို့ရဲ့ နေ့စဉ် လူနေမှု ဘဝတွေမှာ ကျန်းမာရေး ဝန်ထမ်း အလုံအလောက်မရှိ၊ အရည်အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်မှုတွေရဖို့ ခဲယဉ်းနေချိန်မှာ အခုအဖြစ်အပျက်က အင်မတန် အကျည်းတန်တယ်လို့ လူတွေက ခံစားကြရတယ်။

လူအများစုရဲ့ ရပ်တည်မှုကြောင့်လား၊ တခြား ဘယ်လို အကြောင်းပြချက်ကြောင့်လဲ ဆိုတာ မသိရပေမယ့် အဲဒီအမိန့်စာက ပျက်ပြယ်သွားခဲ့တယ်။ ဒီကိစ္စကို လူထု လက်မခံဘူး၊ နေရာတိုင်းမှာ အရင်တုန်းကလို အာဏာပြလို့ မရတော့ဘူးဆိုတဲ့ အခြေအနေကို သဘောပေါက်သွားတာမျိုး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

အဲဒီဖြစ်ရပ်မှာ အမိန့်စာ ပျက်ပြယ်သွားပြီး အခြေအနေတွေအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပေမယ့် ကျမ အတွက်တော့ တွေးစရာ၊ ရေးစရာတွေ ကျန်ခဲ့တယ်။ မြို့နယ်အဆင့် အရာရှိက ပြည်နယ်အဆင့် အရာရှိကို မှားမှားမှန်မှန် ကြောက်ရတဲ့ အခြေအနေတွေ၊ ပြည်နယ်အဆင့် အရာရှိက ပြည်ထောင်စုအဆင့် အရာရှိကို မှားမှားမှန်မှန် ကြောက်ရတဲ့ အခြေအနေတွေဆိုတာ နယ်မြို့လေးတမြို့ဖြစ်တဲ့ ကျမတို့ဆီမှာတော့ ရိုးနေပြီလို့ ဆိုနိုင်ပါတယ်။

အခုဖြစ်ရပ်က အဲဒီရိုးနေတာတွေကို တဖန်ပြန်ဆန်းသစ်အောင် တပ်လှန့်လိုက်သလိုပဲလို့ တွေးမြင်မိတယ်။ ဒီဆရာဝန်လို မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးတွေ၊ အမှားကို တော်လှန်ရဲတဲ့သတ္တိတွေက အစိုးရဝန်ထမ်းတိုင်းမှာ ရှိဖို့ လိုအပ်နေတာ အမှန်ပဲ။ မှန်ကန်တော်သင့်တဲ့ အစိုးရမျိုး ရဖို့ဆိုတာ အစိုးရဝန်ထမ်းတွေရဲ့ ပြုပြင်ပြောင်းလဲမှု အင်အားတွေ အများကြီးလိုအပ်ပါတယ်။

အရင် စစ်အာဏာရှင် ခေတ်တွေတုန်းကဆိုရင် ဒီအဖြစ်အပျက်ကို ဘယ်သူမှ သိလိုက်မှာ မဟုတ်သလို ဆရာဝန် ဟာလည်း အာဏာဖီဆန်မှုနဲ့ အခုလောက်ဆို စစ်ကြောရေးထဲ ရောက်ချင် ရောက်နေနိုင်ပါတယ်။ နိုင်ငံရေး အသင်းအဖွဲ့ တခုခုနဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ ပုဒ်မတပ်ပြီး ထောင်ထဲလည်း ရောက်သွားနိုင်သလို၊ အနိမ့်ဆုံးတော့ ရာထူးချတာ၊ ဝေးလံခေါင်သီ အရပ်ကို ပို့ပစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီဆရာဝန်ရဲ့ မှန်ကန်တဲ့ လုပ်ရပ်ကို ထောက်ခံတဲ့လူတွေကိုလည်း မျက်စိဒေါက်ထောက်ပြီး စောင့်ကြည့်နေတာ၊ တချိန်ချိန်မှာ အမြင်ကတ် ပုဒ်မနဲ့ ဒုက္ခပေးဖို့စာရင်းထဲ အသင့်ထည့်ထားတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။

အဲဒီခေတ်အဆက်ဆက်ကို ဖြတ်သန်းလာတဲ့ လူထုဟာ အဲဒီစနစ်တွေကို မုန်းတီးစိတ်၊ တော်လှန်လိုတဲ့ စိတ်တွေနဲ့ ပြည့်နှက်နေတယ်။ ဒီလိုအဖြစ်အပျက်တွေ ကြုံလာတဲ့အခါမှာ ဒါဟာ သိပ်ကိုသိသာတယ်။

အရင်တုန်းကလို ကိုယ်ပြောချင်တဲ့ စကားတခွန်း၊ ထုတ်ဖော်ချင်တဲ့ဆန္ဒ၊ တော်လှန်လိုတဲ့ အတွေးအခေါ်တွေကို အများသိအောင် ဖွင့်ဟဖို့အတွက် သတင်းစာတွေ၊ သတင်းဌာနတွေ၊ သတင်းထောက်တွေကိုပဲ အားကိုးနေရတဲ့ ခေတ်က တဖြည်းဖြည်း ကုန်လာပါပြီ။ ကိုယ်ပြောချင်တာကို လူမှုကွန်ရက်ကနေ စက္ကန့်ပိုင်းအတွင်း တကမ္ဘာလုံး သိအောင် ထုတ်ဖော်ဖွင့်ဟ ပြလို့ရနေပြီ။

ဒီလိုအချိန်မှာ လူထုရွေးချယ် တင်မြှောက်ထားပါတယ်လို့ ကြွေးကြော်ထားတဲ့ အစိုးရတရပ်ဟာ ဒီလို အာဏာ ပြမှုမျိုး၊ လူထုလက်မခံတဲ့ အလုပ်မျိုးတွေကို ယောင်လို့တောင် မလုပ်မိဖို့လိုပါတယ်။ လုပ်တဲ့လူတစု ကိုလည်း ထိထိရောက်ရောက် သတိပေးတာ၊ အရေးယူတာမျိုးတွေ လုပ်ဖို့ လိုအပ်တယ်။ အထက်လူကြီးကို မျက်နှာလို မျက်နှာရ လုပ်တတ်တဲ့ ဝန်ထမ်းတွေရဲ့ အပြုအစုတွေနဲ့ သာယာယစ်မူးပြီး အရင်လူတွေ လမ်းစဉ်အတိုင်း ရေလိုက်ငါးလိုက် လုပ်မနေဖို့လိုအပ်တယ်။

ဝန်ကြီးဆိုသူတွေ၊ ထိပ်တန်းအရာရှိ ဆိုသူတွေဟာ အစိုးရအသစ် ပြောင်းတိုင်း လူပြောင်းနေကြမှာပဲ။ ဒါကြောင့် အမိန့် အလွဲအမှားတွေဆိုရင် ငြင်းဆန်ရဲတဲ့ ပညာရှင်ပီသသူတွေ များနေရင် မူတခု ဖြစ်လာပြီး အသစ်အသစ် ရောက်လာတဲ့ ထိပ်ပိုင်းအရာရှိ ဆိုသူအနည်းစုက လိုက်နာလာရမှာပဲ။ အသစ်ရောက်လာတဲ့ ထိပ်တန်းအရာရှိ၊ ဆုံးဖြတ်နိုင်ခွင့် ရှိသူတွေဟာ လူကောင်းသူကောင်းတွေ ဖြစ်နေသည့်တိုင် အောက်ခြေ ဝန်ထမ်းတွေဟာ မျက်နှာတော် မော်ဖူး၊ သဘောတော်ကျ၊ ခေါင်းတော်ငြိမ့် ဖြစ်နေကြမယ်ဆိုရင် အကျင့်ပျက်ခြင်း၊ အာဏာ ယစ်မူးခြင်း သံသရာမှာ လည်နေကြဦးမှာပဲ။

ကျမကတော့ ကျမတို့ဒေသမှာ ဒီလိုပညာရှင် ဆန်တဲ့ ဆရာဝန်တယောက် ရှိနေတာကို သိပ်ကျေးဇူးတင်တယ်။ အထက်ဖားအောက်ဖိ ဗျူရိုကရေစီ ယန္တယားထဲမှာတော့ သူဟာ သိုးမည်းတကောင် ဖြစ်ကောင်းဖြစ်သွားနိုင် ပေမယ့် ကျမတို့အတွက်တော့ သူရဲကောင်းပဲ။ တော်သင့်မှန်ကန်တဲ့ အစိုးရတရပ်ကို ဒီလိုသူရဲကောင်းမျိုးတွေက သာ ဖန်တီးပေးနိုင်မယ်လို့ ကျမယူဆတယ်။ အဲလိုသူရဲကောင်းမျိုး အစိုးရဝန်ထမ်းတွေကြားမှာ အများကြီး ပေါ်လာဖို့ လိုအပ်တယ်။

ဒါကြောင့် မှန်တဲ့လမ်းကို လျှောက်ရဲတဲ့သတ္တိရှိတဲ့ ငပလီတိုက်နယ်ဆေးရုံက ဆရာဝန်ကို စံနမူနာကောင်းအဖြစ် ဒီစာစုနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

(မြတ်စုမွန်သည် သံတွဲအခြေစိုက် အမျိုးသမီး ဆောင်းပါးရှင်တဦးဖြစ်သည်။ မော်ကွန်းသတင်းမဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးသားလျက် ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading