နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကြီးဖြစ်များသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့က ပြည်နယ်နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ် အသီးသီး တို့တွင် အနိုင်ရခဲ့ကြသည်။ ဌာနေ တိုင်းရင်းသားပါတီ များသည် မျှော်မှန်းထားခဲ့သလောက် အောင်မြင်မှု မရခဲ့ကြသည်ကို တွေ့ရသည်။ ဘောလုံးဝေါဟာရ ဖြင့် ပြောရလျှင် မိမိ အိမ်ကွင်းတွင် အရှုံးနှင့် ရင်ဆိုင်ရသည့်အတွက် ပို၍ခံစားရ၊ ခံပြင်းကြမည်မှာ အမှန်ပင်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ် အခြေခံဥပဒေကို မပြင်နိုင်သ၍ လက်ရှိ မြန်မာ့နိုင်ငံရေးတွင် လူနည်းစု တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ အောင်မြင်ပြီး လွှတ်တော်သို့ရောက်သွားသည့်တိုင် ဥပဒေပြုရေးတွင် သြဇာအာဏာ ဆက်လက် ဆုံးရှုံး နေမည်ဖြစ်သည်။ တနည်းအားဖြင့်ပြောရလျှင် ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း မိမိတို့၏ တိုင်းရင်းသားပြည်သူများအတွက် (သို့မဟုတ်) မဲဆန္ဒနယ်များ အကျိုးအတွက် ထိရောက်သော ဥပဒေတွေကို ပြဌာန်းပြီး အကျိုးပြုနိုင်မည် မဟုတ်ပါ။
ဤသို့ဖြစ်ရခြင်းမှာ (၁) ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ (၂) တိုင်းဒေသကြီး ခုနှစ်ခု နှင့် ပြည်နယ် ခုနှစ်ခု အရေအတွက် တူညီနေခြင်းကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များတွင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်ဦးရေက ပိုများနေခြင်း နှင့် (၃) ဗမာ တိုင်းရင်းသားများသည် လူများစု ဖြစ်သည့် အလျောက် ဌာနေ တိုင်းရင်းသား ပြည်နယ်များသို့လည်း အလုံးအရင်းဖြင့် ဝင်ရောက် အခြေချ နေထိုင်လာခြင်းကြောင့် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် လူနည်းစု တိုင်းရင်းသားများအတွက် အကျိုးနည်းစေနိုင်သည့် ပုဒ်မ များစွာပါရှိသည်။ ၎င်းတို့အနက် ပုဒ်မ ၂ ခုကို အခြေခံပြီး ဥပမာအဖြစ် သုံးသပ် တင်ပြလို သည်။ ဥပဒေပြုရေးအာဏာနှင့် ပတ်သက်ပြီး ဦးစွာ ကြည့်လျှင် ပုဒ်မ ၉၅ (ခ) တွင် “ဥပဒေကြမ်း တရပ်နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သဘော ကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည်” ဟု ပါရှိသည်။ ဤသို့ မဲခွဲဆုံးဖြတ်လျှင် လူဦးရေများသော ဗမာတိုင်းရင်းသားများသာလျှင် အမြဲ အနိုင်ရ နေမည်ဖြစ်သည်။
ပြည်ထောင်စု၏ ဘဏ္ဍာငွေကို ထိန်းသိမ်း သုံးစွဲခွင့်နှင့် ပတ်သက်ပြီး ဆက်လက် ကြည့်လျှင် ပုဒ်မ ၁၀၃ (ဂ၊ င၊ စ) အရ ပြည်ထောင်စု၏ ဘဏ္ဍာငွေကိုလည်း ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ် အတည်ပြုရမည် ဖြစ်သည်။ ထို့ကြောင့် လူဦးရေများသော ဗမာတိုင်းရင်းသားကိုယ်စားလှယ်များသည် အစိုးရ ဘတ်ဂျက် အသုံးစရိတ်ကိုလည်း ချုပ်ကိုင်နိုင်ခွင့် ရှိနေသည်။ တနည်းအားဖြင့် ပြောရလျှင် လူနည်းစု တိုင်းရင်းသား ကိုယ်စားလှယ်များသည် မိမိတို့ မဲဆန္ဒနယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘတ်ဂျက်တောင်းခံရာတွင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်များကို အမြဲတန်း မှီခို နေရမည့် အခြေအနေဖြစ်နေသည်။
တိုင်းဒေသကြီး ၇ ခု နှင့် ပြည်နယ် ၇ ခု အရေအတွက် တူညီနေခြင်းကြောင့် ဗမာ တိုင်းရင်းသားများသည် ကိုယ်စားလှယ်အရေအတွက် များခြင်းကြောင့် လွှတ်တော်အားလုံးတွင် အသာရ နေသည်။ လွယ်ကူစွာ ဆွေးနွေးတင်ပြရလျှင် တိုင်းဒေသကြီးများတွင် ဗမာတိုင်းရင်းသားများ အများစု နေထိုင်ကြသည်။ ပြည်နယ်များတွင် ဌာနေတိုင်းရင်းသားများ အများဆုံး နေထိုင်ကြသော်လည်း လက်ရှိတွင် ဗမာ တိုင်းရင်းသားများလည်း အများအပြား ပြောင်းရွှေ့နေထိုင်လာကြသည်ကို တွေ့မြင်ရသည်။
မြန်မာနိုင်ငံ၏ လွှတ်တော်ဖွဲ့စည်းပုံအရ လွှတ်တော် သုံးရပ်ရှိသည်။ ၎င်းတို့မှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် ဤလွှတ်တော်နှစ်ရပ်ပေါင်းစပ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် တို့ဖြစ်သည်။ အမျိုးသား လွှတ်တော်တွင် စုစုပေါင်း ကိုယ်စားလှယ် ၂၂၄ ဦးရှိသည်။ တပ်မတော်သည် ပုဒ်မ (၁၄၁) အရ ကိုယ်စားလှယ် ၅၄ ဦး (၂၅ ရာခိုင်နှုန်း) ကို ရယူထားသည့်အတွက် ကျန် ကိုယ်စားလှယ် ၁၆၈ ဦးကိုသာ မဲဆန္ဒရှင်များက ရွေးကောက်ခွင့် ရှိသည်။ အဆိုပါ ကိုယ်စားလှယ် ၁၆၈ ဦးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီဖြင့် ရွေးကောက် တင်မြှောက်သည်။ ထို့ကြောင့် အမျိုးသားလွှတ်တော်တွင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်က ၈၄ ဦး (၅၀ ရာခိုင်နှုန်း) နှင့် လူနည်းစု တိုင်းရင်းသား ကိုယ်စားလှယ် က ၈၄ ဦး (၅၀ ရာခိုင်နှုန်း) ဖြစ်သည့်အတွက် အခွင့်အရေးတန်းတူ ဖြစ်နေသယောင်ပင်။
သို့သော် တကယ့်လက်တွေ့တွင် ဗမာတိုင်းရင်းသားများက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရေ ၅၀ ရာခိုင်နှုန်းထက် ပိုရနေသည်။ စာရေးသူက လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များ၏ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်ရာ ၁၆၈ ဦးအနက် လူနည်းစု တိုင်းရင်းသား ကိုယ်စားလှယ်သည် ၇၁ ဦးပဲရှိနေသည်ကို တွေ့ရသည်။ ထို့ကြောင့် စုစုပေါင်းအမျိုးသားလွှတ်တော် ကိုယ်စား လှယ် ၂၂၄ ဦး တွင် ဗမာ တိုင်းရင်းသားများက ၆၈ ရာခိုင်နှုန်း ရယူထားပြီးဖြစ်သည်။
ပြည်သူ့လွှတ်တော်သည် လူဦးရေနှင့် မြို့နယ်ကို အခြေခံပြီး ရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့်အတွက် ဗမာ တိုင်းရင်းသား ကိုယ်စားလှယ်များက အလိုအလျောက် အသာရ နေပြီးဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွှတ်တော် နှစ်ရပ်စလုံးတွင် ဗမာ တိုင်းရင်းသားများက လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာတွင် လူနည်းစု တိုင်းရင်းသားများထက် အမြဲအနိုင်ရ နေသည်။
ဌာနေ တိုင်းရင်းသားဒေသများသို့ ဗမာတိုင်းရင်းများ အလုံးအရင်းဖြင့် ဝင်ရောက် အခြေချ နေထိုင်ခြင်းသည် လူဦးရေ အချိုးအစားကို ပြောင်းလဲစေပြီး ရွေးကောက်ပွဲများတွင် မဲပေးရာ၌ မဲရလဒ်ကို အကြီး အကျယ် ဂယက်ရိုက်ခတ်စေသည်။ ဤအခြေအနေတွင် လူနည်းစု တိုင်းရင်းသား နိုင်ငံရေး ပါတီများ ဖောင်းပွမှုကြောင့် လူနည်းစုတိုင်းရင်းသားများ၏ မဲသည် ထပ်ကွဲရပြန်၍ အခြေအနေကို ပိုပြီး ဆိုးရွား စေသည်။ (ဤနေရာတွင် ပြောလိုရင်းမှာ တိုင်းရင်းသား နယ်မြေများတွင် မဲကွဲပြားသွားရခြင်းကိုသာ စိစစ်သုံးသပ်လိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံ၏ မည်သည့်နေရာတွင် မဆို လွတ်လပ်စွာ သွားလာ နေထိုင်ခွင့်ရှိသည်ကို အသိအမှတ်ပြုပါသည်။)
တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး ရရှိနိုင်ဖို့ဆိုလျှင် အခြေခံကျသော ပြောင်းလဲမှုများစွာ လုပ်ဆောင်ရန် လိုအပ်သည်။ ဗမာတိုင်းရင်းသားများသည် လူများစုဖြစ်၍ ပြည်သူ့ လွှတ်တော်တွင် အလိုအလျောက် အနိုင်ရပြီးသား ဖြစ်သည်။ ထို့ကြောင့် လူနည်းစု တိုင်းရင်းသားများသည် အမျိုးသား လွှတ်တော်တွင် အနိုင်ရမှ တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေး ရရှိမည်ဖြစ်သည်။
ဤသို့ အမျိုးသားလွှတ်တော်တွင် လူနည်းစု တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရလာစေဖို့ဆိုလျှင် လူများစု ဗမာ တိုင်းရင်းသားများ နေထိုင်ရာ လက်ရှိ တိုင်းဒေသကြီး ၇ ခုကို စုပေါင်းပြီး ဗမာပြည်နယ်ကြီး အဖြစ် ပြောင်းလဲသတ်မှတ် ဖွဲ့စည်းသင့်သည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုလည်း ဖျက်သိမ်းသင့်သည်။ ပြည်ထောင်စု လွှတ်တော် ရှိနေခြင်းသည် အမျိုးသားလွှတ်တော်၏ အခန်းကဏ္ဍကို မှေးမှိန်စေသည် သာမက တိုင်းပြည်၏ ဥပဒေပြုရေး အာဏာကို လူများစု ဗမာတိုင်းရင်းသားများကိုသာ ပုံအောပြီး အပ်နှံထားရာ ရောက်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကို ပယ်ဖျက်ပြီး ဥပဒေကြမ်းများ တင်သွင်းရာတွင် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်စလုံးတွင် သီးခြားစီ မဲခွဲဆုံးဖြတ်နိုင်သော အာဏာရှိရမည်။ သို့မှသာ လွှတ်တော်နှစ်ရပ်သည် အပေးအယူ ပြုလုပ်ပြီး ဆွေးနွေးအတည်ပြု ခြင်းဖြင့် ဥပဒေများကို ပြဌာန်းနိုင်မည်ဖြစ်ပြီး၊ ဥပဒေများသည်လည်း ပို၍ တရားမျှတမှု ရှိလာနိုင်မည်ဖြစ်သည်။
ဒီမိုကရေစီသည် ယေဘုယျအားဖြင့် အများနိုင်ဝါဒ ဖြစ်သောကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသည် တန်းတူအခွင့်အရေးကို ပြဌာန်းပေးနိုင်ခြင်း မရှိပါက ကြီးနိုင်ငယ်ညှင်းဝါဒ အသွင်ပြောင်းသွားစေနိုင်သည်ကို သတိပြုသင့်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား တန်းတူ အခွင့်အရေး ကင်းမဲ့နေခြင်း ကြောင့် ယနေ့တိုင် လက်နက်ကို ပဋ္ဋိပက္ခ ရှိနေခြင်းဖြစ်သည်။
ဤသို့ ပြုပြင်ပြောင်းလဲရန် နှောင့်နှေးနေမည်ဆိုပါက လူနည်းစု တိုင်းရင်းသားများသည် လွှတ်တော် တွင်း မဲခွဲဆုံးဖြတ်ရာတွင် အမြဲရှုံးနေမှာ ဖြစ်သည်။ ပြည်နယ်များတွင် ပြုလုပ်မည့် ဗဟိုအစိုးရ၏ စီမံကိန်းများကိုလည်း တားဆီး နိုင်စွမ်း ရှိမည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံရေး ပဋိပက္ခ၊ တိုင်းရင်း သားများ အချင်းချင်းကြား ယုံကြည်မှု ပိုမိုကင်းမဲ့လာပြီး လက်ရှိသွားနေသော ငြိမ်းချမ်းရေး ဖြစ်စဉ် သည်လည်း တိုးတက်မှု နှေးကွေးနေဦးမည် ဖြစ်ကြောင်း တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အကျိုးကို မျှော်ကိုးပြီး သုံးသပ်တင်ပြအပ်ပါသည်။
( ယော်ဘောမ် မန်ရှန်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးသား နေသူ တဦးဖြစ်သည်။ ၎င်းသည် The Fletcher School, Tufts University, USA မှ Law and Diplomacy မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။)ဗမာပြည်နယ်, ပြည်ထောင်စု လွှတ်တော်, အမျိုးသားလွှတ်တော်, ရွေးကောက်ပွဲ, ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ, ငြိမ်းချမ်းရေး