ရန်ကုန်မြို့ အလုံမြို့နယ် ရဲတပ်ဖွဲ့က ခရီးသွားလုပ်ငန်း “Babylon Trekking & Camping Tour” ဒါရိုက်တာ ကိုအောင်စိုးထိုက်ကို တရားခံနှင့်မှားပြီး ဖမ်းဆီး နှိပ်စက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ခုံရုံးဖွဲ့စစ်ဆေးမှုတွေ ပြန်ပြီး စတင် ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြပေမယ့် အသေးစိတ်တော့ မသိရပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာပိုင်တွေရဲ့ ညှင်းပမ်းနှိပ်စက်တာတွေကို ကြုံဖူးသူတွေအတွက် ဒါဟာ စိုးရိမ်စရာပါ။ ကိုအောင်စိုးထိုက်ရဲ့ ရင်ဖွင့်စကားကို ကြားလိုက်ရတဲ့အခါမှာလည်း တော်တော်လေးကို စိုးရိမ်မိပါတယ်။
“မနေ့ညကကိစ္စ ရင်ထဲမှာ ခုထိ တနုံ့နုံ့ဖြစ်နေတုန်း။ မြို့လည်ခေါင်ကြီးမှာ ကျနော့်အတွက်တော့ ကမ္ဘာပျက်သွားတဲ့ညပဲ။ စစ်ဆေးတဲ့ပုံစံ အလွဲတွေကြားထဲ အပြစ်မရှိတဲ့ ပြည်သူတယောက် မတရားခံလိုက်ရတယ်။ နယ်လှည့်လာတဲ့ မြို့နယ်ရဲမှူးနဲ့ ကိုယ့်မိတ်ဆွေတွေ စခန်းမှာတွေ့ပြီး CCTV ကို တိုက်စစ်မိလို့သာပေါ့… နို့မို့ဆို သူတို့ပြောတဲ့ “အေး…ဒီည မင်း ဝန်ခံရင်ခံ မခံရင် တညလုံးနာပြီသာမှတ်” ဆိုတဲ့အတိုင်း ဖြစ်မလားပဲ” တဲ့။
“ဒီကိစ္စက အပြစ်မဲ့ပြည်သူတယောက်အပေါ် ရဲဝန်ထမ်းအချို့ရဲ့ လုပ်ထုံးလုပ်နည်းကျော်လွန်ပြီး လုပ်တဲ့ မတရားမှု။ ဒီဝန်ထမ်းတွေ ဒီကိစ္စမတိုင်ခင် ရှေ့မှာ အပြစ်မဲ့ပြည်သူတွေကို ဘယ်လောက် ဒီလို ရက်စက်ခဲ့ပြီးပြီလဲ… မတွေးဝံ့စရာပဲ။ နောင်လည်း ဘယ်လောက်ထပ်လုပ်အုံးမလဲဆိုတဲ့ စိုးရိမ်စိတ်က ကိုယ်ခံလိုက်ရတာထက် ပိုနက်နဲတယ်” တဲ့။
ကိုအောင်စိုးထိုက်ရဲ့ ပြောစကားတွေကို ပြန်သုံးသပ်ကြည့်ရင်း တွေ့လိုက်ရတာကတော့ မြန်မာနိုင်ငံမှာ ဥပဒေမှ ရှိသေးရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာလဲ၊ ဘယ်လိုတည်ဆောက်မှာလဲ။ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းဖြစ်တဲ့ ရဲတွေကရော တရားဥပဒေ စိုးမိုးရေး ဆိုတာကို နားလည်ရဲ့လား။ ဥပဒေတွေကို နားလည်သဘောပေါက်မှု၊ ဥပဒေကို လေးစားလိုက်နာမှု အတိုင်းအတာများနဲ့၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းအတွက် အဓိကကြောရိုးအပေါ် သူတို့ကို သေသေချာချာ သင်ပေးထားရဲ့လား ဆိုတာ သံသယ ရှိလာတယ်။
အခုဖြစ်ရပ်က စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်မှုဆိုတာ လုပ်ရိုးလုပ်စဉ် ပုံစံဖြစ်နေတယ် လို့ ပြောရမလို ဖြစ်နေပါတယ်။ သံသယနဲ့ လူတယောက်ကို လက်လွတ်စပယ် ဖမ်းဆီးခွင့်ရှိသလား၊ သံသယနဲ့ ထိမ်းသိမ်းခံရသူရဲ့ ကိုယ်ရေးရာဇဝင်တွေကို စနစ်တကျ မေးမြန်းခြင်း အရင်မလုပ်ဘဲ ရဲက လိုချင်တဲ့အဖြေကို ရရှိနိုင်ဖို့ ညှဉ်းပန်းနှိပ်စက်ခြင်း နည်းလမ်း အသုံးပြုနေတာကို ပြည်ထဲရေးဝန်ကြီးအပါအဝင် အထက်အရာရှိအဆင့်ဆင့်က မသိချင်ယောင်ဆောင်နေတာလား။
ဒါကို မဖြစ်အောင် ဘယ်လိုစီမံမလဲဆိုတာ မသိကြတာလား။ အစိုးရအနေနဲ့ကရော ဒီလိုသတင်းတွေ မကြားသိတာလား၊ သိလျက်နဲ့ လုံခြုံရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခွင့် မရှိလို့ သိသိချည်းနဲ့ နူတ်ပိတ်နေတာလား။ ညှဉ်းပန်းနှိပ်စက်မှု မပြုလုပ်ရင် သတင်းမရဖူးဆိုတဲ့ အတွေးအခေါ်ကိုလည်း ရဲတွေကြားထဲ ယုံယုံကြည်ကြည် ကျင့်သုံးနေသလား။ ညှဉ်းပန်းနှိပ်စက်မှု လုပ်တော့ရော သတင်းအမှန် ရရဲ့လား။
ဥပဒေ သဘောမှာ အပြစ်ရှိတဲ့သူ ၁၀ ယောက် လွတ်ချင်လွတ်ပါစေ၊ အပြစ်မရှိတဲ့သူ တယောက် မှားပြီး မခံစေရ ဆိုတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ပြောင်းပြန်ဖြစ်နေသလိုဘဲ။
အခု ကိုအောင်စိုးထိုက်ဖြစ်ခဲ့တဲ့ ကိစ္စမှာ ကာယကံရှင်က ပြန်တောင်းပန်တာနဲ့ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့တဲ့ ရဲတွေကို အရေးယူပေးမယ်ဆိုတာနဲ့ ကျေနပ်ခဲ့တယ်။ နောက် ကျေနပ်ခဲ့ရတဲ့ အကြောင်းရင်း တခုထဲမှာ ဘာပါသလဲ ဆိုတော့ “တရားစွဲမယ်ဆိုရင် ရဲနဲ့ဖြစ်တဲ့အမူ…ကြာမယ် အီလည်ရိုက်မယ်…ကုန်မယ်” ဆိုတာပါ။
ဆိုလိုတဲ့သဘောက ပြည်သူတွေ တရားရုံးနဲ့ မထိတွေ့ရဲအောင် ခြိမ်းခြောက်လိုက်တဲ့သဘော သက်ရောက်နေတယ်။ တရားစွဲရင်လည်း တရားရုံးက ဒီလိုရဲနဲ့ဖြစ်တဲ့ ကိစ္စမျိုးမှာ တရားစွဲတဲ့ တရားလို အလုပ်ပျက် အကိုင်ပျက်ဖြစ်အောင် သူတို့ရဲ့ လုပ်ပိုင်ခွင့်ဘောင်အတွင်းက လုပ်မယ်ဆိုတဲ့သဘော သက်ရောက်နေတယ်။
မြန်မာနိုင်ငံမှာ တကယ်တမ်းကို တရားဥပဒေ စိုးမိုးရေး ရှိချင်တယ်ဆိုရင် ဒီလိုကိစ္စမျိုးမှာ ကာယကံရှင်က ကျေနပ်ရင်တောင် နိုင်ငံတော်က တရားစွဲဆွဲရပါမယ်။ ပြစ်မှုဆိုင်ရာဥပဒေ (သို့မဟုတ်) မြန်မာနိုင်ငံ ရာဇသတ်ကြီး ပုဒ်မ ၃၃၀ နဲ့ ၃၃၁ က ဒီလိုကိစ္စရပ်မျိုးတွေ ဖြစ်လာရင် ကိုင်တွယ်နိုင်ဖို့ သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။
ဒါကတော့ ပြစ်မှုဆိုင်ရာ ဥပဒေ (သို့မဟုတ်) မြန်မာနိုင်ငံ ရာဇသတ်ကြီး ပုဒ်မ (၃၃၀) ပါ။ ချောက်လှန့်၍ ဖြောင့်ချက်ယူရန်ဖြစ်စေ၊ ပစ္စည်းကို ပြန်ပေးအောင် အတင်း အဓမ္မ ပြုလုပ်ရန်ဖြစ်စေ မိမိအလိုအလျောက် နာကျင်စေမှု ဖြစ်ပါတယ်။
“အပြုခံရသူထံမှဖြစ်စေ၊ အပြုခံရသူနှင့် အကျိုးသက်ဆိုင်သောသူထံမှဖြစ်စေ ပြစ်မှု (သို့တည်းမဟုတ်) အကျင့်ပျက်ပြားမှု ဖြစ်ပေါ်စေနိုင်သော ဖြောင့်ချက်ကို (သို့တည်းမဟုတ်) ထိုသို့သော သတင်းပေးချက်ကို ချောက်လှန့်၍ တောင်းရန်သော်၎င်း၊ အပြုခံရသူအား (သို့တည်းမဟုတ်) အပြုခံရသူနှင့် အကျိုးသက်ဆိုင်သူအား ပစ္စည်းကိုဖြစ်စေ၊ အဘိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ပေးအောင် (သို့တည်းမဟုတ်) တောင်းဆိုချက်ကိုဖြစ်စေ၊ လိုလားချက်ကိုဖြစ်စေ ပေးအောင် (သို့တည်းမဟုတ်) ပစ္စည်းကိုဖြစ်စေ၊ အဘိုးတန် စာတမ်းအမှတ်အသားကိုဖြစ်စေ ပြန်ရစေနိုင်သော သတင်းကိုပေးအောင် အတင်းအဓမ္မပြုစေရန်သော်၎င်း မည်သူမဆို၊ မိမိအလိုအလျောက် နာကျင်စေမှုကိုပြုလျှင်၊ ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” လို့ ပြဌာန်းထားပါတယ်။
ဥပမာ ပေးရရင် (က) ရာဇဝတ်ပြစ်မှုကို ကျူးလွန်ကြောင်း မောင်မဲထံက ဖြောင့်ချက်ရစေရန်၊ ရဲအရာရှိ မောင်ဖြူသည် မောင်မဲကို ညှဉ်းပန်းနှိပ်စက်သည်လို့ ဆိုပါစို့။ မောင်ဖြူသည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်မည်၏။ (ခ) ခိုးရာပါပစ္စည်းထားတဲ့ အရပ်ကို ပြစေရန် ရဲအရာရှိမောင်ဖြူသည် မောင်မဲကို ညှဉ်းပန်းနှိပ်စက်သည်လို့ ဆိုပါစို့။ မောင်ဖြူသည် ဤပုဒ်မအရ ပြစ်မှုကို ကျူးလွန်သည်မည်၏ လို့ တထစ်ချ ဆိုနိုင်ပါတယ်။
အဲဒီအပြင် နိုင်ငံတကာ လူ့အခွင်အရေး စာချုပ်စာတမ်းများနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းတို့ကလည်း သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါတွေကို လိုက်နာပါမယ်လို့ မြန်မာနိုင်ငံအနေနဲ့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။ ဒါကို အထင်အရှားတွေ့နိုင်တာက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေမှာ အတိအကျ တွေ့နိုင်ပါတယ်။
အဲဒီဥပဒေ ရဲ့ အခန်း(၁) အပိုဒ်(၂)ရဲ့ အပိုဒ်ခွဲငယ်(ဂ) မှာ အခုလို ဖွင့်ဆို ထားပါတယ်။
“လူ့အခွင့်အရေးဆိုရာတွင် အောက်ပါတို့ ပါဝင်သည်၊
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသာများ၏အခွင့်အရေး၊
(၂) ကုလသမဂ္ဂက ထုတ်ပြန်ကြေငြာသော ကမ္ဘာ့လူ့အခွင့်အရေး ကြေငြာစာတမ်းပါ လူ့အခွင့်အရေးများ၊
(၃) နိုင်ငံတော်က လိုက်နာရန်ရှိသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်စာတမ်းများတွင် ပါရှိသည့် လူ့အခွင့်အရေးများ”
ဒါပေမယ့် ကိုအောင်စိုးထိုက် အဖြစ်အပျက်က အထက်ပါ ညွှန်းဆိုချက်များပါ အချက်အလက်တွေနဲ့ တည်ဆဲဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပေးရမည့်သူများ ကိုယ်နှိုက်က ချိုးဖောက်နေ တာ ဖြစ်တာမို့ ဌာနတွင်း အရေးယူရုံမျှဖြင့် မလုံလောက်ဘဲ နိုင်ငံတော်က တည်ဆဲဥပဒေများအရ အရေးယူဖို့ လိုပါတယ်။
သို့မှသာ တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ ကိုယ်နှိုက် ကျူးလွန်နေတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လျော့ပါးလာပြီး အနာဂတ်မှာ ပျောက်ပျက်သွားနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် အစိုးရ အနေနဲ့ Convention Against Torture ညှဉ်းပန်းနှိပ်စက်မှုများကို ဆန့်ကျင့်သည့် နိုင်ငံတကာ စာချုပ်စာတမ်းကို အမြန်ဆုံး လက်မှတ်ရေးထိုးသင့်သလို၊ လွှတ်တော်အမတ်များ အနေနဲ့ လည်း တည်ဆဲဥပဒေ တွေကို နိုင်ငံတကာစာချုပ်စာတမ်းတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်သင့် ပါတယ်။
အဲဒီလို ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲမှ ပြည်သူတွေ လုံခြုံစိတ်ချစွာ နေထိုင်နိုင်မှာ ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးဆိုတာ မြန်မာနိုင်ငံမှာ မြင်ရနိုင်မှာပါ။ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေ ဥပဒေချိုးဖောက်တာကို ပေါ့ပေါ့တန်တန် အပြစ်ပေးနေတာဟာ တရားဥပဒေဆိုတာ လူအများပြောသလို သရေကွင်းလို လိုသလို ဆွဲဆန့် ဆွဲတင်းတဲ့အဆင့်က တက်နိုင်တော့မှာ မဟုတ်ကြောင်း သတိချပ်စေလိုကြောင်းပါ။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့(AAPP) ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပါသည်။)
ဆက်စပ်ဖတ်ရှုရန် – ရဲတပ်ဖွဲ့က ခရီးသွားလုပ်ငန်းရှင်တဦးကို မှားဖမ်းပြီး နှိပ်စက်