အလွန်တရာ ထူးခြားဆန်းကျယ်လှသော ထောက်ခံပွဲများ မြန်မာနိုင်ငံတွင် ကျင်းပနေသည်မှာ သုံးနှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
ထိုထောက်ခံပွဲက နိုင်ငံရေးပါတီ တရပ်ကိုသော်လည်းကောင်း၊ အာဏာရပါတီ သို့မဟုတ် အစိုးရကိုသော် လည်းကောင်း၊ နိုင်ငံရေး အယူဝါဒကိုသော်လည်းကောင်း ထောက်ခံခြင်းလည်း မဟုတ်ပြန်။ ထောက်ခံခြင်း သို့မဟုတ် ချီးမွမ်း ထောမနာပြုခြင်း ခံရသည့် အဖွဲ့အစည်းက အခြားမဟုတ်၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ပြင်ဆင်ရန် အလွန်ခက်ခဲ့သည်ဟု ကျော်ကြားလှသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၆ (စ) အရ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် အစဉ်တစိုက် ပါဝင် ထမ်းဆောင်ခွင့်ရှိသည့် တပ်မတော် တည်းဟူသော အဖွဲ့အစည်းပင်ဖြစ်သည်။
တချို့သော ထောက်ခံပွဲတွင် လူအင်အား ရာဂဏန်း၊ တချို့ပွဲများတွင် ထောင်ဂဏန်း၊ တချို့ပွဲများတွင် သောင်းနှင့်ချီပြီး ပါဝင်ထောက်ခံ ဆန္ဒပြခဲ့သည်လည်း ရှိ၏။ ပါဝင်ဆင်နွှဲ ထောက်ခံကြသည့် ပုဂ္ဂိုလ် များတွင်လည်း မိမိကိုယ်မိမိ အမျိုးသားရေးဝါဒီဟု ခံယူထားသည့် အုပ်စုများကအစ၊ ရဟန်းပုဂ္ဂိုလ်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံရေးပါတီဝင် တချို့၊ တိုင်းရင်းသားလူမျိုးများဟု ယူဆရသော ပုဂ္ဂိုလ်များ ထွေပြားစုံလင်စွာ ပါဝင်သည်ကို တွေ့ရပြန်သည်။
ထောက်ခံပွဲများ ပြုလုပ်သည့် ပြည်နယ်ဒေသများတွင်လည်း ချင်းပြည်နယ်မှလွဲ၍ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်နယ်ဒေသ အသီးသီးတွင် လှုပ်ရှားသွားလာ ဆန္ဒပြကြသည်ကို တွေ့ရတတ်ပြန်သည်။
တပ်မတော်ထောက်ခံပွဲတွင် ထုတ်ဖော်ပြသလာသည့် စကားရပ်များ၊ စင်မြင့်ပေါ်တွင် ဟောပြောနေသည့် ပုဂ္ဂိုလ်များ၏ ဟောပြောမှုများတွင် တပ်မတော်အစိုးရ လက်ထက်ကတည်းက ပုံဖော်လာခဲ့သည့် နိုင်ငံရေး ဇာတ်ကြောင်း (Political Narratives) များကို တွေ့ရသည်။
တပ်မတော်သည် နိုင်ငံကိုထူထောင်သူ၊ နိုင်ငံတော် ကာကွယ်စောင့်ရှောက်သူ၊ တရားသောစစ်ကို ဆင်နွှဲနေသူ ဟူသော နိုင်ငံရေးဇာတ်ကြောင်းကို တွေ့နိုင်သလို၊ တပ်မတော်သည် တိုင်းပြည်နှင့် လူထုအတွက် အမြဲ ရပ်တည်ပေးနေသူ၊ ထို့အပြင် တပ်မတော်သည် အရပ်သားထက် သော်လည်းကောင်း၊ နိုင်ငံရေးသမားများ ထက်သော်လည်းကောင်း၊ နိုင်ငံရေးပါတီများထက် သော်လည်းကောင်း၊ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများ ထက်သော်လည်းကောင်း စည်းကမ်းကျင့်ဝတ်၊ စွမ်းဆောင်ရည် သာလွန်မြင့်မြတ် လွန်းသည်ဟူသော ဇာတ်ကြောင်းပုံဖော်မှုကို တွေ့နိုင်သည့်အပြင် နိုင်ငံ၏ အရေးအကြီးဆုံးသော အလှည့် အပြောင်း၊ အကျပ်အတည်း တိုင်းတွင် တပ်မတော်မှတပါး အခြားမရှိ ဟူသော အကောက်အယူ၊ အဟော အပြောတို့က လွှမ်းမိုး သက်ဝင်နေပြန်သည်။
မမောနိုင်၊ မပန်းနိုင် ထောက်ခံနေကြသည့် သုံးနှစ်တာရှည် ထောက်ခံပွဲများ၏ အသွင်သဏ္ဍာန်များက ယခင် တပ်မတော် အစိုးရလက်ထက်က ပြုလုပ်ကျင်းပခဲ့သည့် ပြည်သူ့သဘောထား ဆန္ဒခံယူပွဲများနှင့် ဆင်တူ ရှိနေသလို ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ ဖိအားကို ရင်ဆိုင်နေရသည့် အခြေအနေတွင် ထောက်ခံပွဲအတွင်း ဟောပြောဆန္ဒပြမှုများ၏ သဘောလက္ခဏာများကလည်း ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ၊ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ၊ ပြည်တွင်း ပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ ဟူသော စကားရပ်များ၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေပြန်သည်။
တပ်မတော် ထောက်ခံပွဲကို ဖြစ်ထွန်းရန် စေ့ဆော်သည့် အရင်းခံကလည်း ရှိပါသည်။ ပထမဆုံးသော အရင်းခံမှာ အစိုးရ အပြောင်းအလဲဖြစ်သည်။ ယခင် တပ်မတော် ခေါင်းဆောင်ဟောင်းများ ဦးစီးဦးရွက်ပြုသော အစိုးရမှသည် ဒီမိုကရက်တစ် အင်အားစုဟု ခေါ်ဆိုနိုင်သော ပါတီကြီးက အာဏာရ အစိုးရ ဖြစ်လာခြင်းပင်။ ဒုတိယအကြောင်းရင်းမှာ မ.ဘ.သ အဖွဲ့ကြီး ဖျက်သိမ်းခံရခြင်း ဖြစ်သည်။ မ.ဘ.သ အဖွဲ့ကြီး ဖျက်သိမ်း ခံပြီးနောက်ပိုင်း မ.ဘ.သ အဖွဲ့ဝင်များ၏ ရွေးချယ်စရာ လမ်းကြောင်းသည် တပ်မတော် ထောက်ခံပွဲ လမ်းကြောင်းကို ဦးတည်သွားစေသည်။ တတိယအရင်းခံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောတွင် ဖြစ်ပွားခဲ့သော အရေးအခင်းနှင့် ပတ်သက်ဆက်စပ်၍ ဖြစ်ပေါ်လာသော နိုင်ငံတကာ ဖိအားများဖြစ်သည်။ ထိုဖိအားများကို ရိုဟင်ဂျာ မုန်းတီးသူများ၊ အစ္စလမ်နိုက်ဇေးရှင်းကို စိုးထိတ်နေသည့် အုပ်စုများအတွက် အကြောင်းပြချက်ကောင်းကောင်း ဖြစ်သွားစေခဲ့သည်။
ပြည်နယ်ဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများအပေါ် မူတည်ပြီး တရားသောစစ်ဟူသော နိုင်ငံရေး ဇာတ်ကြောင်းကို သက်ဝင်ယုံကြည်ကြသည့် အင်အားစုများ အားကောင်းလာခြင်းကလည်း စတုတ္ထ အရင်းခံ ဖြစ်နိုင်သည်။ တရားသောစစ် ဟူသော နိုင်ငံရေးဇာတ်ကြောင်း အားကောင်းလာရခြင်းသည် တပ်မတော် အစိုးရ လက်ထက်ကတည်းက မြန်မာ့လူဘောင် အဖွဲ့အစည်း၏ အတွေးအခေါ်ပိုင်းတွင် အတိုင်းအတာ တခုအထိ စစ်ဘောင်ကျယ်ခြင်း၏ အကျိုးဆက်ကြောင့်လည်း ဖြစ်သည်။
တပ်မတော် ထောက်ခံပွဲသည် စင်စစ် နိုင်ငံရေး ဘာသာစကားအားဖြင့် ချဉ်းကပ်ကြည့်လျှင် နေရာပျောက်နေသည့် အင်အားစုအတွက် နိုင်ငံရေး အာသာဖြေဖျောက်မှု (Political Hysteria) သဘောကဲသည်။ ပါဝင်ကြသည့် အုပ်စု အသီးသီးတိုင်းတွင် တူညီကြသည့် ဘုံလက္ခဏာ တရပ်က နိုင်ငံရေးသိမှု ယောင်မှားခြင်း တရပ် ဖြစ်သည့် တပ်မတော်ကို ရှေ့တန်းတင်လွန်းခြင်း (Political Illusion on Tatamadaw or the illusion of Tatamdaw Preeminence) ဖြစ်သည်။
ထို့အပြင် ထောက်ခံပွဲများက ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တိုင်းပြည်တခု၊ အစိုးရ နှစ်ရပ် (One country, Two Governments) ဟူသော ယူဆချက်ကို ပိုမိုလေးနက်စွာ အတည်ပြုပေးရာ ရောက်စေသလို၊ တပ်မတော်သည် ယခင် တပ်မတော် အစိုးရလက်ထက် ကဲ့သို့ အာဏာအရပ်ရပ်ကို မချုပ်ကိုင် တော့သည့်တိုင်အောင်၊ မြန်မာ့နိုင်ငံရေးတွင် အလွန်တရာ အားကောင်းနေဆဲ (Not Governing but Ruling) ဟူသော အခြေအနေ တရပ်ကို ပုံဖော်ထုဆစ်နေသကဲ့သို့ ဖြစ်စေသည်။
ထောက်ခံပွဲတွင် တိုင်းရင်းသားလူမျိုးတချို့ ပါဝင်မှုပုံစံနှင့် ပြည်နယ်ဒေသများတွင် ပြုလုပ်ကျင်းပခြင်း၏ နောက်ဆက်တွဲ ရလဒ်က မလိုလားအပ်သည့် ဖြစ်စဉ်များကို ဖိတ်ခေါ်ရာ ရောက်စေနိုင်သည်။ ဥပမာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရန်ကုန်တွင် ပြုလုပ်ခဲ့သော တပ်မတော် ထောက်ခံပွဲတွင် ရခိုင်အမျိုးသား ဝတ်စုံဝတ်ဆင်ပြီး ဆန္ဒပြခဲ့ခြင်းအပေါ် ရခိုင်အရပ်ဖက် လူ့အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချမှုရှိခဲ့သည်။
လတ်တလော တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည့် တပ်မတော် ထောက်ခံပွဲနှင့်ပတ်သက်၍လည်း ရှမ်းဒေသခံ အဖွဲ့အစည်းများက ဘာသာရေးပွဲတော်ရက်နှင့် အလွန်နီးကပ်စွာ ပြုလုပ်သည့်အပေါ် ကန့်ကွက်စာ တင်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ပြန်သည်။ ထို့အပြင် တောင်ကြီးဖြစ်စဉ်နှင့် မရှေးမနှောင်း ကယားပြည်နယ် လွိုင်ကော် မြို့တော်တွင် ကျင်းပခဲ့သည့် တပ်မတော် ထောက်ခံပွဲနှင့် ပတ်သက်၍လည်း လူမှုမီဒီယာတွင် ဝေဖန်သံများ ဆူညံ ပွက်လောညံခဲ့သည်။
သာမန် ဆန္ဒပြပွဲပင်လျှင် ခွင့်ပြုမိန့်ရရန် ခက်ခဲကြန့်ကြာတတ်သည့် သဘောရှိသော်လည်း တပ်မတော် ထောက်ခံပွဲတိုင်းသည် ပွဲမိန့်နှင့်ပတ်သက်၍ ရှောရှောရှူရှူ ခွင့်ပြုချက်ရရှိသည့် အချက်ကလည်း ဆန္ဒထုတ်ဖော် ခွင့်ကို အလွန်တရာ လေးစားလိုက်နာသည့် ထွေ/အုပ် အာဏာပိုင်များအား ကြံဖန်ချီးကျူးစရာ တကွက်တော့ ဖြစ်နေပြန်သည်။
ထောက်ခံပွဲတွင် တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသည့် အခင်းအကျင်းတွင် နောင် ပါဝင်ဆင်နွှဲသည့် လူမျိုးစု အချင်းချင်းကြား ပဋိပက္ခတရပ်ရပ်ကို ဖြစ်ပွားစေရန် တွန်းအားပေးသလို ဖြစ်နိုင်ပါသည်။ ဒို့တာဝန် အရေးသုံးပါးတွင် နောက်ဆုံးအရေး ဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်လည်း ထိခိုက် စေနိုင်သည်ဟု ထင်သည်။
မည်သို့ပင်ဆိုစေ လာမည့် ကာလများတွင် တပ်မတော်ထောက်ခံပွဲများကို နေရာအနှံ့၊ လူဦးရေ အရေအတွက် အမျိုးမျိုး အဖုံဖုံဖြင့် ဆက်လက်တွေ့မြင်နေရဦးမည် ဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တပ်မတော်၏ ရပ်တည်ချက် အသံများ ပွက်လောရိုက်ချိန် တွင်လည်းကောင်း၊ နိုင်ငံတကာ ဖိအားများ တရစ်ပြီးတရစ် တင်းကျပ် လာသည့်အခါတွင် လည်းကောင်း၊ ဒီမိုကရက်တစ် နိုင်ငံရေးသမားများ၊ မီဒီယာသမားများ တပ်မတော်အပေါ် ဝေဖန်ထောက်ပြမှု ပြင်းထန်စူးရှ လာသည့် အခါတွင်လည်းကောင်း၊ ပြည်နယ်ဒေသရှိ တိုက်ပွဲစဉ်များ ပြင်းထန်လာသည့် အခါတွင်လည်းကောင်း၊ တပ်မတော်ကို ပြည်မနှင့် တောင်တန်းဒေသရှိ လူထုက ထောက်ခံမှုရှိနေကြောင်း ပြသရန် လိုအပ်သည့် အခါတွင်လည်းကောင်း ထောက်ခံပွဲများသည် ဆက်လက် ပေါ်ပေါက်လာဦးမည် ဖြစ်ပါသည်။
စင်စစ် တပ်မတော် ထောက်ခံပွဲဟူသည် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းရှိ တချို့သော အင်အားစု၊ အစုအဖွဲ့များတွင် နက်နက်ရှိုင်းရှိုင်း စွဲကပ်အမြစ်တွယ် နေသော နိုင်ငံရေးသိမှု ယောင်မှားခြင်းကို ထပ်ခါတလဲလဲ ပြသနေသည့် နိုင်ငံရေး စတန့်ထွင်မှု တရပ်သာ ဖြစ်သည်။ ထို့ထက်၊ ဘာမှ မပိုချေ။
(ကိုဇန်သည် ပြည်ထောင်စုအင်စတီကျုမှ သုတေသီတဦး ဖြစ်သည်။)