ဒေါ်အောင်ဆန်းစုကြည်ဆီက AI ဆုပြန်သိမ်းတာ ဘာကြောင့် မှားလဲ

Abhijit Dutta
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၄ ရက် စင်ကာပူတွင် ကျင်းပသော အာဆီယံ-တရုတ် ထိပ်သီး ဆွေးနွေးပွဲတွင် တွေ့ရသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် / Reuters
Want create site? Find Free WordPress Themes and plugins.

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်ခြင်းမှာ လျှော့ကျသွားခြင်း မရှိပေ။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ဖြစ်စေ၊ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်ဖြစ်စေ မည်သူမဆိုသည် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ကြက်ဥဖြင့် ပစ်ပေါက်ပြီး ၎င်းတို့၏ အရည်အချင်းကိုပြသရန် အချိန်မစောင့်နိုင်တော့အောင်ပင် ဖြစ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်အပြင်းထန်ဆုံး စွပ်စွဲချက်မှာ ကာကွယ်ပြောဆိုမှုမရှိခြင်းနှင့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသော မြန်မာစစ်တပ်ကို ပြစ်တင်ရှုတ်ချမှု မရှိခြင်းပင်ဖြစ်သည်။ ယုံကြည်ချက် သံတမန်ဟု ဆက်လက် မသတ်မှတ်တော့ကြောင်း AI က ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းကြားသောစာတွင် “ သင်သည် မြန်မာနိုင်ငံအတွင်းတွင်သာမက မည်သည့်နေရာတွင်မဆို မတရားမှုများကို တွေ့ပါက ဆက်လက် ထုတ်ဖေါ်ပြောဆိုရန် သင်၏ ကျင့်ဝတ်ဆိုင်ရာ သြဇာကို သုံးလိမ့်မည်ဟု မိမိတို့ မျှော်လင့်ခဲ့ကြသည်”ဟု ရေးခဲ့သည်။

မည်မျှနိမ့်ကျသည့် မျှော်မှန်းချက်ဖြစ်ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည် အတွက် ပရိသတ်အများစု ရစေခဲ့သည့် နေအိမ် အကျယ်ချုပ်ကာလ အတွင်းက ဒေါ်အောင်ဆန်းစုကြည် လုပ်နိုင်သည်မှာ ထုတ်ဖေါ်ပြောဆိုခြင်းသာ ရှိသည်။ သူသည် စာရေး၊ စာဖတ်၊ စန္ဒယားတီး၊ တရားထိုင်ပြီး ဇိမ်ခံနေနိုင်ခဲ့သည်။ နောက်ပြီး အထိမ်းအမှတ် သင်္ကေတတခုလည်း ဖြစ်နေနိုင်ခဲ့သည်။ ယနေ့တွင်မူ သူ့တွင် လုပ်စရာ အလုပ် ရှိလာပြီ ဖြစ်သည်။ ထိုအလုပ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀ လုံးလုံး စနစ်တကျ အခွံသက်သက်ကျန်အောင် လုပ်ထားခဲ့သော အဖွဲ့အစည်းများသာ ကျန်တော့သော နိုင်ငံကို ပြန်လည်တည်ဆောက်ရန်နှင့် နိုင်ငံကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းတွင် ဆက်လက်တည်ရှိနေအောင် လုပ်ဆောင်ရေး ဖြစ်သည်။

မတရားမှုများကို ထုတ်ဖေါ်ပြောဆိုရန်မှာ အရေးကြီးသော်လည်း မတရားမှု၏ အရင်းခံအကြောင်းရင်းများကို ဖြေရှင်းခြင်းသည် ပိုမို အသုံးဝင်သည်။ ကျနော်တို့ ထုတ်ဖေါ်ပြောဆိုရမည်၊ သို့သော် မည်သို့အဆုံးသတ်မည်နည်းဟု မေးစရာရှိသည်။ စစ်တပ်ကို ပြစ်တင်ရှုတ်ချခြင်းသည် နေရပ်ပြန်ရမည်ကို ကြောက်နေသော ဒုက္ခသည်များအတွက် အထောက်အကူ မပြုသလို ၎င်းတို့အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကိုလည်း ဖန်တီးပေးနိုင်ခြင်း မရှိပေ။ ဘေးကင်းလုံခြုံပြီး သဟဇာတရှိသော ပတ်ဝန်းကျင်နှင့် နိုင်ငံသားဖြစ်စေမည့် ရှုမျှော်ချက်တို့ကသာ အဖြေမဟုတ်လော။

ဘေးကင်းလုံခြုံ သဟဇာတရှိသော ပတ်ဝန်းကျင်ကို မည်သို့ တည်ဆောက် မည်နည်း။ တရားဥပဒေ စိုးမိုးရေးနှင့် အားလုံးအတွက် လုံခြုံမှုရှိအောင် လုပ်ရမည်။ အသိုင်းအဝန်းများအကြား မယုံကြည်မှု၊ မုန်းတီးမှုများ ပြည့်နှက်နေသော၊ တရားဥပဒေစိုးမိုးရေး အင်အားစုများ ကိုယ်တိုင် အကြမ်းဖက်မှုအတွက် တာဝန်ရှိနေသော ဒေသတခုတွင် တရားဥပဒေ စိုးမိုးရေးကို မည်သို့ထူထောင်မည်နည်း။ မယုံကြည်မှုနှင့် မုန်းတီးမှုများ မည်သည့်အတွက် ရှိနေရသည်ကို ဦးစွာ မေးရမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေး အင်အားစုများသည် မည်သည့်အတွက် လွန်စွာ သတ်လိုဖြတ်လို၊ မီးရှို့လို၊ အဓမ္မပြုကျင့်လိုနေကြသနည်းဟု မေးရမည် ဖြစ်သည်။ မယုံကြည်မှုနှင့် အမုန်းများရှိနေခြင်းမှာ မြန်မာပြည်သူများ၏ လူမှုစိတ်ဓါတ်တွင် ဝင်ရောက်လောင်ကျွမ်းနေသည့် လတ်တလောနှင့် ရှည်ကြာ ရှုပ်ထွေး သမိုင်းများကြောင့် ဖြစ်ပြီး သတ်ဖြတ် လုယက်သော စစ်သားများသည်လည်း လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း ဖြစ်နေသည်။ အလားတူ စစ်သားများသည် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းပို့စရာ မလိုပါ။

နိုင်ငံတကာ သတင်းများတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ အမည်မခံသော ခေါင်းဆောင်အဖြစ် ဖေါ်ပြပြီး သူသည် နိုင်ငံ၏ တရားဝင် အကြီးအကဲ မဟုတ်သော်လည်း အစိုးရကို စီမံသည်ဟု ဆိုလိုသည်။ သူသည် အစိုးရကို စီမံသော်လည်း ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုသလောက်သာ စီမံသည်။ ထိုအတိုင်းအတာမှာ လွန်စွာကျပ်တည်းလှသော အတိုင်းအတာ ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်အကြီးအကဲဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏ တပ်ဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည်ထံမှ အမိန့် ခံယူခြင်းမရှိဟု ဆိုလိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်ကို မထိန်းချုပ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်သည့် အများအပြားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိန်းချုပ်ထားသည်။ ကာကွယ်ရေးဝန်ကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သော လက်ရှိတာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိဖြစ်ပြီး ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများမှာလည်း အလားတူပင် ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်း ဦးစီးဌာနနှင့် နိုင်ငံတော်၏ အဓိက ယန္တရားဖြစ်သော အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ကို ထိန်းချုပ်ထားသည်။ ထိုသို့ လုပ်ဆောင်သည်မှာလည်း ငြိမ်းချမ်းသော အချိန်ကာလတွင်သာ ဖြစ်သည်။ နိုင်ငံတော် အရေးပေါ်အခြေအနေ ပြဌာန်းရန် ပေါ်ပေါက်လာပါက သို့မဟုတ် ပေါ်ပေါက်ရန် ခိုင်လုံသော အကြောင်းရှိပါက အာဏာကို စစ်တပ်က ပြတ်ပြတ်သားသား သိမ်းယူခွင့်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုထားသည်။ အလိုအလျှောက်ဖြစ်စေ လှုံ့ဆော်၍ဖြစ်စေ ရခိုင်ပြည်နယ်တွင် အဓိကရုဏ်းများဖြစ်လာပါက သို့မဟုတ် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ကဲ့သို့သော အကြမ်းဖက်သမားများက နောက်တကြိမ်တိုက်ခိုက်ပါက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ဝင်ရောက်စွက်ဖက်ပြီး စိတ်တိုင်းကျလုပ်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးရှိနေသည်။

တပ်မတော်၏ ထောက်ခံမှုမရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မဖြစ်နိုင်ပေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မည်သည့် ပြင်ဆင်မှုမဆို လွှတ်တော်ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်းက မဲပေးထောက်ခံရန် လိုသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ယူထားသော တပ်မတော်တွင် တချက်လွှတ် ဗီတို အာဏာ ရှိနေသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အားလုံးသည် လက်ရှိ တာဝန်ထမ်းဆောင်ဆဲဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမိန့်ကို နာခံရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဖက်- အရပ်ဖက် ဆက်ဆံရေး၏ အတိမ်းအစောင်း မခံသော အခြေအနေတွင် ဗိုလ်ချုပ်ဟောင်းများ အပါအဝင် အခြားသူများနှင့် သတိထား မဟာမိတ်ဖွဲ့ရပြီး ဟန်ချက် မပျက်အောင် လျှောက်လှမ်းနေရကာ နိုင်ငံရေးနှင့် တရားဥပဒေ ပြုရေးစနစ်များတွင် အခြေခံစွမ်းဆောင်ရည်ကို တဖြည်းဖြည်း တည်ဆောက်နေရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရက နိုင်ငံရေးသဘောထားကွဲလွဲသူများနှင့် တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ရာတွင် သုံးသော ၁၉၇၅ ခုနှစ် နိုင်ငံတော်ကို ထိပါးနှောက်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်သည့် ဥပဒေနှင့် ၁၉၅၀ ခုနှစ် အရေးပေါ် စီမံချက် ဥပဒေတို့ကဲ့သော ဖိနှိပ်သည့် ဥပဒေများကို ပြင်ဆင်ရာတွင် အောင်မြင်ခဲ့သည်။

သူသည် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကိုလည်း အကောင်အထည်ဖေါ်ရန် ကြိုးစားပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ( UEHRD) ကို တောင့်တင်းခိုင်မာအောင် လုပ်သည်။ သို့သော် ထိုလုပ်ငန်းသည် ဖြည်းဖြည်းနှင့် ဇွဲရှိရန်လိုသော လုပ်ငန်းဖြစ်ပြီး အိန္ဒိယက အာသံပြည်နယ်တွင်ကဲ့သို့ပင် မြန်မာနိုင်ငံတွင် အများစုက ရိုဟင်ဂျာများသည် အိမ်နီးချင်း ဘင်္ဂလားဒေ့နိုင်ငံမှ ခိုးဝင်လာသူများဟုသာမြင်ပြီး စာနာမှု ကင်းမဲ့နေဆဲ ဖြစ်သောကြောင့် လုပ်ဆောင်ရန် များစွာ ရှိနေသေးသည်။

ထုတ်ဖေါ်ပြောဆိုခြင်းသည် နိုင်ငံတကာ သတင်းများတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် အမြင်ကောင်းမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ ရင်ဆိုင်နေရသော အခက်အခဲများကို မည်သို့မျှ ဖြေရှင်းပေးနိုင်ခြင်း မရှိပေ။

နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် လုပ်ဆောင်ရမည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ လက်ကို ပိုမိုအင်အားတောင့်တင်းစေရေးသာ ဖြစ်သည်။ အင်အားချိနဲ့ သွားစေရေး မဟုတ်ပါ။

(Abhijit Dutta သည် အိန္ဒိယ စာရေးဆရာတဦးဖြစ်ပြီး Hindustan Times သတင်းစာပါ ၎င်း၏ Why Amnesty was wrong to strip Myanmar’s Aung San Suu Kyi of top honour ကို ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန် – ဒေါ်အောင်ဆန်းစုကြည်၏ သူရဲကောင်း ပုံရိပ် အဆုံးသတ်သွားသော နေ့ရက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading