အခြားနေရာတိုင်းကဲ့သို့ပင် မြန်မာနိုင်ငံတွင် အဖြစ်မှန်များက စွမ်းအားရှိသည်။ ကျနော်တို့၏ ရိုက်တာသတင်းဌာနမှ သတင်းထောက် ၂ ဦးဖြစ်သည့် ဝလုံးနှင့် ကျော်စိုးဦးတို့ ဖော်ထုတ်ခဲ့သည့် အဖြစ်မှန်များက သူတို့ကို ထောင်ချောက်ဆင်၊ ဖမ်းဆီး၊ တရားစွဲဆိုခံရခြင်းသို့ ရောက်ရှိခဲ့သည်။
စက်တင်ဘာလအတွင်းတွင် သူတို့ကို ပြင်းထန်သည့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ များမကြာမီတွင် မြန်မာနိုင်ငံ၏ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မတရားသည့် စီရင် ဆုံးဖြတ်မှုကို ပြတ်ပြတ်သားသားပင် ကာကွယ်လိုက်ပြီး စီရင်ချက်ကို အငြင်းပွားလိုသူများ အနေဖြင့် တရားစီရင်ရေးတွင် မည်သို့ ချို့ယွင်းမှု ရှိနေသည်ဆိုသည်ကို ရှင်းပြရန် တောင်းဆိုခဲ့သည်။
ယခု ဆောင်းပါးနှင့် ကျနော်တို့ တင်ပြခဲ့ပြီးဖြစ်သည့် အယူခံလွှာတို့က အဆိုပါတောင်းဆိုမှုကို ဖြေကြားခြင်း ဖြစ်ပါသည်။ အဖြစ်မှန်များက ဤသို့ ရှိပါသည်။
ရိုဟင်ဂျာဟု ၎င်းတို့ကိုယ်ကိုယ်ခေါ်ဆိုသူများသည် ဗုဒ္ဓဘာသာ လူများစုဖြစ်သည့် မြန်မာနိုင်ငံ၏ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အခြေစိုက်သည့် လူနည်းစု မွတ်ဆလင် အသိုင်းအဝိုင်းတခု ဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ်တွင် မြန်မာ့တပ်မတော်၏ တန်ပြန် စစ်ဆင်ရေးတခုက ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော်ကို ဘင်္ဂလာဒေ့ရှ် နိုင်ငံမှ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးရောက်ရှိစေခဲ့ပါသည်။ လူမျိုးဖြုတ်သုတ်သင်ခြင်း အဖြစ် ကုလသမဂ္ဂက မြန်မာအစိုးရကို စွပ်စွဲခဲ့ပြီး မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မှ ၎င်း၏ စစ်ဆင်ရေးများသည် ရိုဟင်ဂျာ လက်နက်ကိုင်များက လုံခြုံရေးတပ်ဖွဲ့စခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းအတွက် လက်တုန့်ပြန်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းတွင် ဝလုံးနှင့် ကျော်စိုးဦးတို့က ရခိုင်ကျေးရွာတရွာတွင် ရိုဟင်ဂျာ လူငယ်နှင့် အမျိုးသား ၁၀ ဦး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် ရဲအဖွဲ့တို့၏ အခန်းကဏ္ဍကို စုံစမ်းနေခဲ့ကြသည်။ အစုအပြုံလိုက် သတ် ဖြတ်မှုကို မှတ်တမ်းတင်ထားသော ဓာတ်ပုံများကို ကျေးရွာလူကြီးတဦးက သတင်းထောက်များသို့ ပေးခဲ့သည်။ ဓာတ်ပုံ တပုံတွင် လူငယ်နှင့် အမျိုးသား ၁၀ ဦး ကွင်းပြင်တခုအတွင်းတွင် ဒူးထောက်နေသည်ကို တွေ့ရပြီး နောက်ထပ် တပုံတွင် မြေကျင်းတခုထဲ၌ သေသည်အထိ ခုတ်ထစ်ခံထားရသော၊ သေနတ်နှင့် အပစ်ခံထားရသော သူတို့ကို တွေ့ရသည်။
သတ်ဖြတ်မှုများ၏ အနီးတွင် ရှိနေခဲ့သည့် ဒါဇင်နှင့် ချီသောလူများက မည်သို့ဖြစ်ပျက်ခဲ့သည်ကို ရှင်းပြခဲ့ကြသလို ရိုဟင်ဂျာ အိမ်များကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ခြင်းနှင့် လုယက်ခြင်းများကို ပြောပြခဲ့ကြသည်။ ကျွမ်းကျင်သည့် သတင်းထောက်များ ဖြစ်ကြသည့် ဝလုံးနှင့် ကျော်စိုးဦးတို့က ထွက်ပြေးသည့် မွတ်ဆလင်များနှင့် သာမက ဗုဒ္ဓဘာသာဝင်များ၊ ရဲ အဖွဲ့နှင့် အခြားသော လုံခြုံရေး တပ်ဖွဲ့များကိုလည်း သူတို့ တတ်နိုင်သလောက် လူတိုင်းကို တွေ့ဆုံ မေးမြန်းခဲ့သည်။
သူတို့ တွေ့ခဲ့သည့် ထိတ်လန့်စရာ သက်သေအထောက်အထားက ငြင်းဆန်၍ မရနိုင်စရာ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းက ဒေသခံဘာသာစကားကို ပြောတတ်သော၊ အမှီအခိုကင်း၍ ဖြောင့်မတ်မှန်ကန်ရမည့် တင်းကြပ်သော စည်းကမ်းဥပဒေသ များကို လိုက်နာသော၊ သူတို့ ရေးရမည့် အကြောင်းအရာကို သိရှိသော သတင်းထောက်များ ကျင့်သုံးခဲ့သည့် ကွင်းဆင်း သတင်းရယူခြင်း၏ ကျင့်ဝတ် ဖြစ်ပါသည်။
ကျနော်တို့ လုပ်ကိုင်နေသည့် နိုင်ငံပေါင်း ၁၆၆ ခုတွင် ရိုက်တာသတင်းများ၏ အဓိကနေရာတွင် ရှိသော အဆိုပါ သတင်း ရေးသားပေးပို့သည့် အမျိုးအစားက ထင်မြင်ယူဆချက် သို့မဟုတ် တဆင့် ကြားသတင်းများက မပေးနိုင်သည့် အဖြစ်မှန်များအတွက် သက်သေကို ပေးနိုင်ပါသည်။ အမှန်တကယ်တွင်လည်း မြန်မာ အာဏာပိုင်များသည် ထိုအဖြစ်ကို ဖော်ထုတ်ခြင်းအတွက် ကျနော်တို့၏ ဂျာနယ်လစ်များကို တရားစွဲဆိုခဲ့သည့်တိုင် အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း မဖြစ်မနေ ဝန်ခံခဲ့ကြရသည်။
သူတို့ကို ဖမ်းဆီးခြင်းက ရိုက်တာ၏ အရင်းအမြစ်များကို ဖော်ထုတ်ရန်နှင့် အစုအပြုံလိုက် သတ်ဖြတ်မှုကို ထုတ်ဖော်ရေး သားခြင်းမှ တားဆီးရန် ရည်ရွယ်ချက်ဖြင့် အကွက်ဆင်ခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။ ခြိမ်းခြောက်မှုများက ပြင်းထန် သည်။ သတင်းထောက်များကို ခေါင်းစွပ် စွပ်၍ လျှို့ဝှက် စစ်ဆေးရေး စခန်းတခုသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုစခန်းတွင် သူတို့ကို ဆက်လက်၍ လက်ထိပ်ခတ်ထားခဲ့ပြီး ဆက်တိုက် စစ်ဆေးသည်။ ခြိမ်းခြောက်ခဲ့သည်။ အိပ်စက်ခွင့် မပေးခဲ့ပါ။ သတ်ဖြတ်မှု ဓာတ်ပုံများကို သူ၏ ဖုန်းအတွင်း တွေ့ရှိသည့် အချိန်တွင် အရာရှိများကို ကျော်စိုးဦးကို နာရီနှင့် ချီ၍ ဒူးထောက် ခိုင်းထားခဲ့သည်။ သူတို့ မည်သည့်နေရာတွင် ရှိကြောင်း သူတို့၏ မိသားစုများ၊ ရှေ့နေ သို့မဟုတ် ရိုက်တာမှ ကျနော်တို့ သိရှိရန် ၂ ပတ်ကြာမြင့်ခဲ့ပါသည်။ ကျနော်တို့ သူတို့နှင့် အဆက်အသွယ်ရသည့် အချိန်တွင် သူတို့၏ သတင်းကို အပြီးသတ်၍ သတင်းထောက်များ၏ အပြည့်အဝ ထောက်ခံမှုဖြင့် ထုတ်ဝေဖြန့်ချိလိုက်ပါသည်။
ကျနော်တို့၏ သတင်းထောက်များ သံတိုင်များနောက်သို့ရောက်ပြီး ၈ လကြာသည့် အချိန်တွင် ရန်ကုန်မြို့မှ တရားရုံး တရုံး က အမှုကို စွဲချက်တင်ခွင့် ပြုလိုက်ပါသည်။ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သော ရဲ အရာရှိတဦးက သူ၏ မှတ်တမ်းများကို မီးရှို့ခဲ့ ကြောင်း ထွက်ဆိုခဲ့သည်။ နောက်ထပ်သက်သေတဦးမှာ မည်သို့ ထွက်ဆိုရမည်ကို မှတ်မိရန် သူ၏ လက်တွင် ရေး၍ မှတ်သားခဲ့ကြောင်း ကိုယ်တိုင် ဝန်ခံခဲ့သည်။
ထို့နောက် မျှော်လင့် မထားသည့် သူရဲကောင်းဆန်ဆန် အခြေအနေတခု ပေါ်လာသည်။ ဝလုံးကို စာရွက်စာတမ်းများ ပေး၍ ထောင်ချောက်ဆင်ရန်နှင့် ဖမ်းဆီးရန် ရဲမှူးချူပ်တဦးက လက်အောက် အရာရှိတဦးကို ညွှန်ကြားခဲ့ကြောင်း ရဲ အရာရှိ တဦးက ထွက်ဆိုခဲ့သည်။ ထိုသို့ ထွက်ဆိုခဲ့သော်လည်း စစ်ဆေးမှုကို ဆက်လက်ပြုလုပ်ခဲ့ပြီး အဆိုပါ ရဲ အရာရှိ ကိုယ်တိုင်မှာလည်း အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်ခြင်း ခံခဲ့ရသည်။
ရယ်စရာ တရားခွင်စစ်ဆေးမှုသည် ကျနော်တို့၏ ဂျာနယ်လစ်များကို အပြစ်ပေးရန်နှင့် အခြားသော သတင်းထောက်များက ရခိုင်ပြည်နယ်မှ အဖြစ်အပျက်များကို သတင်းရေးသားခြင်းမှ တားမြစ်ရန် အားထုတ်မှုတခု ဖြစ်သည်ဟု နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများက မြင်ခဲ့ကြသည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ နော်ဝေနှင့် သြစတြေးလျ အပါအဝင် နိုင်ငံ အများအပြားမှ သံတမန်များက မျှတမှုနှင့် တရားဥပဒေ စိုးမိုးမှုမရှိခြင်းနှင့် ဒီမိုကရေစီကို ကတိပေးထားသည့် နိုင်ငံ တခုတွင် လွတ်လပ်သော စာနယ်ဇင်းကို ဖိနှိပ်ခြင်းအတွက် ဝေဖန်ပြောဆိုခဲ့ကြသည်။
သို့သော်လည်း ယခုအချိန်အထိ ကမ္ဘာ၏ ဒေါသက တစုံတရာ ပြောင်းလဲခြင်း မရှိသေးပါ။ ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခြင်းသည် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် မသက်ဆိုင်ကြောင်းနှင့် တရားစီရင်ခြင်းသည် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေအရ တရားဝင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေသည် ရန်သူကို အထောက်အကူ ဖြစ်စေမည့် လျှို့ဝှက်စာရွက်စာတမ်းများ စုဆောင်းခြင်းမှ တားမြစ်ထားသော ကိုလိုနီခေတ် ဥပဒေတခု ဖြစ်သည်။ သက်သေအထောက်အထား တခုလုံးက အဓိပ္ပါယ် လွဲမှားနေသည်။ မှန်ကန်စွာ သတင်းရေးသားရန် ရည်ရွယ်သည့် ကျနော်တို့၏ သတင်းထောက်များကို ရဲအဖွဲ့က မသင်္ကာဖွယ်ရာ စာရွက်စာတမ်းများ ပေးခဲ့ခြင်း ဖြစ်သည်။
တရားရုံး၏ စီရင်မှုမှ ဥပဒေပိုင်းဆိုင်ရာနှင့် အချက်အလက်ပိုင်းဆိုင်ရာ အမှားအယွင်း အများအပြားကို ထောက်ပြ၍ ကျနော်တို့က သူတို့၏ အပြစ်ဒဏ်အပေါ် အယူခံ တင်သွင်းခဲ့ပြီး ဖြစ်ပါသည်။ အကယ်၍ အဖြစ်မှန်များကို အလေးထားခဲ့ လျှင် သူတို့၏ အပြစ်ဒဏ်များကို ပယ်ဖျက်ပေးမည်ဟု ကျနော်တို့ မျှော်လင့်ပါသည်။
သို့သော် ၎င်းတို့သည်လည်း အဖြစ်မှန်များ ဖြစ်ကြပါသည်။
အယူခံ စောင့်ဆိုင်းနေစဉ်အတွင်းမှာပင် ဖြစ်သော်လည်း ခင်ပွန်းနှင့် ဖခင် ၂ ဦးကို လွတ်ငြိမ်းခွင့်ပေးရန် မိသားစုများ၏ မေတ္တာရပ်ခံ ချက်ကို ခွင့်ပြုပေးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်အရာကမျှ တားဆီးမထားပါ။ သူတို့ ၂ ဦးသည် ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် မဟုတ်ဘဲ ပြည်သူ့ ဝန်ဆောင်မှုတခုကို ဆောင်ရွက်ခြင်းအတွက် ထောင်အတွင်း အချိန်ကုန်ခဲ့ရသည်မှာ ၁ နှစ်နီးပါး ရှိပါသည်။ အမှုမှ ဖြစ်ရပ်မှန်များအရ လွတ်ငြိမ်းခွင့်ပေးခြင်းက ဆိုးရွားသည့် မမျှတမှုကို ပြန်လည်တည့်မတ်ခြင်း၊ တရားဥပဒေစိုးမိုးရေးကို လျော့ပါးမသွားအောင် ထိန်းသိမ်းခြင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ တိုင်းပြည်၏ ကတိကဝတ်ကို ဖော်ပြခြင်း ဖြစ်ပါသည်။
ယခုအချိန်သည် ဤအမှု၏ အဖြစ်မှန်များကို အတည်ပြုရန် အချိန် ဖြစ်သည်သာမက အဖြစ်မှန်များ၏ တန်ဖိုးကို အတည်ပြု ရမည့် အချိန်၊ အချို့သော အရာများသည် မှန်ကန်၍ အခြားအရာများက မမှန်ကန်ကြောင်း ကျနော်တို့၏ သေချာမှုကို ကြေညာရမည့် အချိန် ဖြစ်ပါသည်။ လူတိုင်းက သူတို့ကိုယ်ပိုင်အချက်အလက်များသာ မှန်ကန်ကြောင်း ပြောဆိုနေသော အဆိုးမြင် အန္တရာယ်ရှိသည့် အတွေးအခေါ်ကို ကျနော်တို့ ငြင်းပယ်ရမည် ဖြစ်သည်။ ထိုသို့သော တဘက်သက် အယူအဆများကြောင့် မည်သို့ဖြစ်ခဲ့ရသည်ကို မြန်မာနှင့် အခြားနေရာများတွင် ကျနော်တို့ မြင်နိုင်ပါသည်။ အဖြစ်မှန်များ ဖော်ထုတ်ရေးတွင် လွတ်လပ်သော စာနယ်ဇင်း၏ မရှိမဖြစ် အခန်းကဏ္ဍကို ကျနော်တို့က ထပ်မံ၍ ခိုင်မာစေရန် လိုအပ်ပါသည်။
ဂျာနယ်လစ်များသည် လူသားများ ဖြစ်သည့်အတွက် မပြည့်စုံနိုင်ပါသည်။ သို့သော်လည်း စာနယ်ဇင်းပညာ(journalism) အများပြည်သူ မြင့်မားစွာ အကျိုးရှိစေရေးအတွက် မှန်ကန်စွာ ဝန်ဆောင်ပေးခဲ့ပါသည်။ စာနယ်ဇင်းက ဈေးကွက်များကို ပွင့်လင်းမြင်သာ စေခဲ့သည်။ အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများကို တာဝန်ခံစေခဲ့သည်။ ပြည်သူများ အချက်အလက် ပြည့်စုံစွာ ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် ကိရိယာများ ပေးခဲ့သည်။ အမှားအယွင်းများကို ဖော်ထုတ်ပေးခဲ့သည်။ ပြုပြင်ပြောင်းလဲရေးများကို လှုံ့ဆော်ပေးခဲ့သည်။ မှန်ကန်သော၊ မှတ်သားလောက်ဖွယ်ရာဖြစ်သော သတင်းများကို ပြောပြ ပေးခဲ့ပါသည်။
ဝလုံးနှင့် ကျော်စိုးဦးကို လွတ်ငြိမ်းခွင့်ပေးခြင်းက အဆိုပါ စံများအတွက် အစိုးရ၏ ကတိကို ထပ်မံ အတည်ပြုပေးပါလိမ့်မည်။ သတ္တိရှိသော၊ တိုင်းပြည်ကို ချစ်သော သတင်းထောက်၂ ဦးကို လွတ်ငြိမ်းခွင့်ပေးခြင်းက အသွင်ပြောင်းလဲလာသော၊ စည်းလုံး ညီညွတ်သော မြန်မာနိုင်ငံအတွက် ကမ္ဘာ၏ မျှော်လင့်ချက်ကို အသစ် ပြန်ဖြစ်စေပါလိမ့်မည်။
(Stephen J. Adler သည် Reuters သတင်းဌာန၏ အယ်ဒီတာချုပ်လည်း ဖြစ်၊ ဥက္ကဋ္ဌလည်း ဖြစ်သည်။ South China Morning Post ပါ ၎င်း၏ Myanmar is jailing journalists for truthful reporting. It must respect the facts and free the reporters ကို ဘာသာပြန်ဆိုသည်။)