မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်အတူ နိုင်ငံတကာ၏ ဖိအားကို တောက်လျှောက် ရင်ဆိုင်နေရသည်။ ရင်ဆိုင်ခဲ့ရသော နိုင်ငံတကာ ဖိအားများထဲတွင် အဆိုးဆုံးဟုပင် ယူဆနိုင်စရာ ရှိပါသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသာ ပဋိပက္ခသည် အကဲဆတ်လှသော၊ ထိလွယ် ရှလွယ်သော၊ မြန်မာ ပြည်သူလူထုအတွက် စိတ်ခံစားချက် မြင့်လွယ်သော အရေးပင်ဖြစ်သည်။ ထို့အပြင် စိတ်ခံစားချက်ကို နှိုးဆွ ပေးနေသော အမျိုးသားရေးလှုပ်ရှားမှု အဖွဲ့အစည်းများလည်း ပေါ်ပေါ်ထင်ထင်ပင် မြင်တွေ့နေရသည်။
စာရေးသူကိုယ်တိုင်သည်ပင် ဤအရေးကိစ္စကို သုံးသပ်ရေးသားခဲ့သည်များ ရှိသည်။ ထိုသို့ရေးသားရာတွင် ပြင်ပ ဆင်ဆာထက် မိမိကိုယ်ကိုယ် ဆင်ဆာများထား၍ ရေးသားခဲ့ရသည်။
ယခုရက်ပိုင်းအတွင်း တရစပ် ဖြစ်ပေါ်လာနေသော ကိစ္စရပ်များကို မြင်လာရ၍ နိုင်ငံတကာအနေဖြင့် မည်သည့်အချက်များကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ရိုဟင်ဂျာ (မြန်မာနိုင်ငံတွင် တရားဝင်လက်ခံ သုံးစွဲခြင်း မရှိသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများက ‘ရိုဟင်ဂျာ’ ဟုသာ သုံးနှုန်းလျက် ရှိသောကြောင့် ယခုဆောင်းပါးတွင် ရိုဟင်ဂျာဟုသာ သုံးစွဲရန် ရွေးချယ်ခြင်းဖြစ်သည်) အရေးကို အာရုံစိုက်ခြင်းနှင့် ပြည်တွင်း မြန်မာပြည်သူလူထုတို့၏ စိုးရိမ်ချက်များအကြား ကွာဟချက်များ ယှဉ်တွဲဖော်ပြလို၍ ယခုဆောင်းပါးကို ရေးသားရန် ရဲရဲဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရိုဟင်ဂျာအရေးနှင့် နိုင်ငံတကာ တုံ့ပြန်မှု နောက်ဆုံးအခြေအနေ
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်နိုင်ငံ သဘောတူညီမှုအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ရောက် ဒုက္ခသည် များကို ပြန်လည်လက်ခံရန် နိုင်ဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာအစိုးရ တာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းတွင် စောင့်ဆိုင်းနေခဲ့ကြသော်လည်း မည်သူမျှ ပြန်လည် ရောက်မလာခဲ့ပေ။
ထိုနေ့တွင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နက်ဖ်ရှိ အန်ချီပရန် ဒုက္ခသည်စခန်းမှ ရာနှင့်ချီသော ရိုဟင်ဂျာ များသည် တရားမျှတမှု၊ လုံခြုံရေးအာမခံချက်နှင့် နိုင်ငံသား အဆင့်အတန်းရရေးတို့ကို တောင်းဆို ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။ ဒုက္ခသည်များ ပြန်လည် လက်ခံမည့်ရက်မတိုင်ခင် နှစ်ရက်အလိုတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်နာမင်းကြီး Michelle Bachelet က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများ အပေါ် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုအပါအဝင် ကန့်သတ်ချက်တွေ ရှိနေဆဲကြောင့် ယခုလို အခြေအနေမျိုးတွင် ပြန်မပို့သင့်သေးကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီ (လူမှုရေး၊ ယဉ်ကျေးမှု၊ လူသားခြင်း စာနာ ထောက်ထားမှုနှင့် လူ့အခွင့်အရေးများကို အဓိကထား ဆွေးနွေးသော ကော်မတီ) အစည်းအဝေးတွင် ဥရောပသမဂ္ဂနှင့် အစ္စလာမ်မစ် နိုင်ငံများအဖွဲ့ (OIC) တို့မှ ပူးတွဲရေးဆွဲ တင်ပြသော မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းကို ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၁၄၂ မဲ၊ ကန့်ကွက်မဲ ၁၀ မဲ နှင့် ကြားနေမဲ ၂၆ မဲတို့ဖြင့် အတည်ပြုခဲ့သည်။
၎င်းမူကြမ်းကို အခြေခံ၍ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အားလုံးကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် အဓိကအားဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ပြစ်မှုကျူးလွန်သူများအား တာဝန်ခံနိုင်ရေး အားစိုက်ရန်နှင့် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ရိုဟင်ဂျာများအပေါ် လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ရန် ကော်မတီက မှတ်ချက်ပြုခဲ့ပြီး ရှေ့တပတ်တွင် ဆက်လက် ဆွေးနွေးမည်ဖြစ်သည်။
၎င်းမူကြမ်းအဆိုကို မြန်မာအပါအဝင် ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ဖိလစ်ပိုင်၊ ရုရှား၊ ဗီယက်နမ်၊ ဇင်ဘာဘွေနှင့် ဘူရွန်ဒီ နိုင်ငံတို့က ကန့်ကွက်ခဲ့ကြသည်။ ထိုင်း၊ စင်ကာပူ၊ ဂျပန်နှင့် နိုင်ဂျီးရီးယား အစရှိသော နိုင်ငံများက ကြားနေမဲ ပေးခဲ့ကြသည်။
၎င်းအစည်းအဝေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ ကိုယ်စားလှယ်က တဖက်သတ် ဆန်သော၊ ဘက်လိုက်မှု ရှိသော၊ နိုင်ငံရေးသဘော ပါဝင်မှုများ ရှိနေခြင်းကြောင့် ကန့်ကွက်ကြောင်း၊ ၉၀ ရာခိုင်နှုန်းခန့်က ရခိုင်ပြည်နယ်အတွင်း မွတ်စလင်များ၏ အခွင့်အရေးကိုသာ ထည့်သွင်း စဉ်းစားထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးတို့ အတွက် ကြိုးပမ်းမှုတို့ကို ထည့်သွင်း စဉ်းစားမှု မရှိခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း တင်ပြခဲ့သည်။
ဘယ်လာရုစ်နိုင်ငံ၏ ကိုယ်စားလှယ်က ရခိုင်ပြည်နယ်၏ ပဋိပက္ခတွင် OIC ပါဝင်နေမှုမှာ စိုးရိမ်စရာ ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံ၏ ကိုယ်စားလှယ်ကမူ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရခိုင်အရေးတွင် စိတ်ရှည်ရန်လိုအပ်ကြောင်းနှင့် ပိုမိုရှုပ်ထွေးအောင် မဆောင်ရွက် သင့်ကြောင်း တင်ပြ၍ ကန့်ကွက်မဲ ပေးခဲ့သည်။
ဗီယက်နမ်နိုင်ငံ၏ ကိုယ်စားလှယ်က လက်ရှိမြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ယန္တရား ခုနစ်ခု အောက်တွင် ရှိနေသောကြောင့် ဝန်ထမ်း ၆၂ ယောက် လိုအပ်ပြီး နှစ်စဉ် ရံပုံငွေ အမေရိကန်ဒေါ်လာ ၂၆ သန်း လိုအပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား အသစ်တခုကို အဘယ်ကြောင့် ဤမျှ ငွေကြေးသုံးစွဲ၍ ဖွဲ့စည်းရန် လိုအပ်သနည်းဟု မေးခွန်းထုတ်ခဲ့သည်။
နိုဝင်ဘာလ ၁၆ ရက်နေ့မနက်တွင် ရခိုင်ပြည်နယ် စစ်တွေဒုက္ခသည်စခန်းမှ မလေးရှားဘက်သို့ ထွက်ပြေး ရာတွင် လမ်းခရီး၌ ဆီပြတ်၍ ကမ်းကပ်ခဲ့သော ဒုက္ခသည် ၁၀၇ ဦးပါရှိသည့် စက်လှေတစီးကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာတွင် စစ်ဆေးတွေ့ရှိခဲ့သည်။
ဤဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် ပေါက်တောမြို့ အနောက်ရဲ ဒုက္ခသည် စခန်းတွင် နိုဝင်ဘာ ၁၈ ရက်နေ့က လူမှောင်ခိုကူးမှုနှင့် သံသယရှိသူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ လေးဦး ဒဏ်ရာ ရရှိခဲ့သည်။
ဤဖြစ်စဉ်သည် ယခုတပတ်အတွင်း ဆက်လက် ဆွေးနွေးမည့် မြန်မာ့အရေး ဆုံးဖြတ်ချက်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယ ကော်မတီ အစည်းအဝေးအတွက် စွပ်စွဲချက်များ ပို၍ ခိုင်မာစေရန် သက်သေ ထောက်ပံ့ပေးနေသကဲ့သို့ ဖြစ်နေသည်။
နိုင်ငံတကာဖိအားနှင့် မြန်မာပြည်သူလူထု
မြန်မာပြည်သူလူထုသည် ယခုမှ နိုင်ငံတကာဖိအားကို ခံစားရခြင်းမဟုတ်ပေ။ စစ်အစိုးရ အုပ်ချုပ်စဉ်ကာလ ကတည်းက နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပြစ်တင် ရှုတ်ချ ခြင်းများကို တွေ့ကြုံခဲ့ကြသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုသည် နှစ်ပေါင်းများစွာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ထိတွေ့ ဆက်ဆံခွင့်မရခဲ့ပေ။
ထိုကာလများက ဒီမိုကရေစီရေးနှင့် စစ်အစိုးရ ပြုတ်ကျရေးအတွက် အနောက်အုပ်စု၏ ဝင်ရောက် စွက်ဖက်မှုကို အားကိုးမျှော်လင့်ခဲ့သည်။ သို့သော်လည်း ထိရောက်သော ဝင်ရောက် စွက်ဖက်မှုတော့ မရှိခဲ့ပေ။
ယခုမူ ဤအတွေ့အကြုံကို အခြေခံ၍ မြန်မာပြည်သူလူထုက နိုင်ငံတကာ၏ ဝင်ရောက် စွက်ဖက်မှုကို ဂရုစိုက်စရာမလို၊ ကြောက်စရာမလိုဟု အထင်ရှိလာသည်။
အမှန်တကယ်အားဖြင့် ကြောက်ခြင်း မကြောက်ခြင်းထက် နိုင်ငံတကာနှင့် မိမိနိုင်ငံ ထိတွေ့ ဆက်ဆံ ရခြင်းကြောင့် မည်သူက မည်မျှ အကျိုးစီးပွား ဖြစ်ထွန်းမည် ဆိုသည့် လက်တွေ့ကျသော ကိုယ်ကျိုးစီးပွား အခြေပြု ချဉ်းကပ်နည်းဖြင့် စဉ်းစားကြည့်လျှင် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံမျိုးအနေဖြင့် ထိခိုက်မှု များဖို့သာ ရှိလေသည်။
ဥပမာ အားဖြင့် မိမိထက် ရှေ့ရောက်နေသော ထိုင်းနိုင်ငံပင်လျှင် ပင်လယ်စာ လုပ်ငန်းနှင့် ပတ်သတ်၍ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများနှင့် စပ်လျဉ်းပြီး ဥရောပ သမဂ္ဂက အဝါကတ်ပြ၍ အရေးယူ ဆောင်ရွက်သောအခါ ထိုင်းနိုင်ငံအစိုးရက ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ကြသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တရားဝင်အားဖြင့် ရိုဟင်ဂျာ အရေးတခုတည်းကိုသာ အာရုံစိုက် ခြင်းတော့မဟုတ်။ ဥပမာ စက်တင်ဘာလ အတွင်း ထုတ်ပြန်ခဲ့သော အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကိုပါ ထည့်သွင်း ဖော်ပြထားသည်။
သို့သော် ရခိုင်ပြည်နယ်အရေးကို အလေးသာသည်။ ထို့အပြင် တတိယကော်မတီ အစည်းအဝေးတွင် ဆွေးနွေးသော မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းသည် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးကို အဓိက ဇောင်းပေးသော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ကိုလည်း ထည့်သွင်း ဖော်ပြသွားသည်။
တခြားသော တိုင်းရင်းသားပြည်နယ်များတွင် မိမိတိုင်းရင်းသားကို ကိုယ်စားပြုသော လက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက် အဖွဲ့အစည်းများရှိပြီး အတိုင်းအတာ တခုအထိ မိမိတို့ တိုင်းရင်းသားများ အရေး တောင်းဆို ဆောင်ရွက်နိုင်ကြသည်။
သို့သော် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအတွက် ပြည်တွင်းတွင် ကိုယ်စားပြု တောင်းဆို ဆောင်ရွက် နိုင်သော အဖွဲ့အစည်း မရှိသလောက်နည်းပါးသည်။
၂၀၁၀ နောက်ပိုင်းတွင် လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်သူ အရပ်ဖက်အဖွဲ့အစည်းများ ပိုမို အားကောင်းလာသော်လည်း ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ အထူးသဖြင့် တဖက် လူ့အသိုင်းအဝိုင်း ဖြစ်သော ရိုဟင်ဂျာများအတွက် ကိုယ်စားပြု ဆောင်ရွက်နိုင်ခြင်း အားနည်းသည်။
၎င်းတို့အနေဖြင့်လည်း အကဲဆတ်လှသော၊ စိတ်ခံစားချက်ပြင်းလှသော၊ အမျိုးသားရေး တက်ကြွမှုများနှင့် ယှဉ်တွဲနေသောကြောင့် ဤအရေးကို ပါဝင်ဆောင်ရွက်ရန်မှာ အလွန် အန္တရာယ်များလှသည်။
ရိုက်တာ သတင်းဌာနမှ သတင်းထောက်နှစ်ဦးအား အရေးယူ၍ ထောင်ဒဏ် ချမှတ်လိုက်ခြင်းသည် အရပ်ဖက် အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ သမားတို့အတွက် လုံခြုံရေး ပို၍ စိုးရိမ်စရာဖြစ်ခဲ့ရပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်လည်း ထောက်ပြစရာ ဖြစ်ခဲ့ရသည်။
ထိုအချက်များကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ရိုဟင်ဂျာအရေးသည် ပြည်တွင်း အင်အားစု မရှိဘဲ ပြည်ပက ထောက်ပံ့မှသာ ရမည်ဟု ယူဆ၍ ပို၍ အားစိုက်ကြခြင်း ဖြစ်နိုင်သည်။
ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းက ချဉ်းကပ်သည်မှာ လူသားခြင်း စာနာထောက်ထားမှု၊ လူတယောက်၏ တန်ဖိုးနှင့်အညီ အခြေခံ လူ့အခွင့်အရေးများကို ရရှိရန်၊ မိမိကိုယ်ကိုယ် ပြဌာန်း သတ်မှတ်သော အမှတ်သရုပ်လက္ခဏာကို လက်ခံဖို့ (ဥပမာ ‘ရိုဟင်ဂျာ’) စသည့် နိုင်ငံတကာ စံနှုန်း အယူအဆများဖြင့် ချဉ်းကပ်ကြသည်။
နောက်ဆုံးအချက်ဖြစ်သော မိမိကိုယ်ကိုယ် ပြဌာန်း သတ်မှတ်ခွင့်မှလွဲ၍ ကျန်သော အချက်များမှာ ငြင်းနိုင်ဖွယ်ရာ မရှိပေ။ သို့သော် မြန်မာပြည်သူလူထု၏ စိုးရိမ်ချက်မှာ နိုင်ငံသားပေးရမှု၊ နိုင်ငံရေး အခွင့်အရေး၊ နယ်မြေထိခိုက် ဆုံးရှုံးလာနိုင်မှု အစ္စလမ်ဘာသာ လွှမ်းမိုးလာမည့် အရေးတို့ဖြစ်သည်။
နိုင်ငံသားဖြစ်မှုနှင့် နိုင်ငံရေးအခွင့်အရေးတို့မှာ ၁၉၈၂ နိုင်ငံသားဥပဒေအရ ဌာနေ တိုင်းရင်းသားများနှင့် နိုင်ငံသားဖြစ်မှု ချိတ်ဆက်ထား၍ ကိုယ့်ခြေထောက်ကိုယ် တုပ်မိနေသလိုဖြစ်နေသည်။ တဖက်ကလည်း နိုင်ငံသား အခွင့်အရေး တောင်းဆိုနေခြင်းမှာ နိုင်ငံရေးမျှော်လင့်ချက် ပါကောင်းပါနိုင်ပါသည်။
ထို့အတွက်တော့ နိုင်ငံသားဥပဒေကို အကောင်းဆုံးပြင်ဆင် မွမ်းမံရမည်ဖြစ်သည်။ ဌာနေတိုင်းရင်းသားနှင့် နိုင်ငံသားဖြစ်မှု၏ အဆင့်အတန်းနှင့် အခွင့်အရေးတို့ကို အဆင့်ဆင့် ပိုင်းခြားသတ်မှတ်ရမည်။ သို့သော် ဤအကြောင်းပြချက် များဖြင့် လူသားချင်း စာနာထောက်ထားမှု အခြေအနေများနှင့် အခြေခံ လူသား အခွင့်အရေးတို့ကို ငြင်းဆို၍ မရနိုင်ပေ။
မြန်မာ ပြည်သူလူထုအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်ကင်းကွာ၍ အထီးကျန်စွာ နှစ်ပေါင်းများစွာ နေခဲ့ရသည်က တကြောင်း၊ အမျိုးသားရေးသည် စိတ်ခံစားမှု နှိုးဆွပေးရန် အလွယ်ကူဆုံး ဖြစ်သည်တို့က တကြောင်းကြောင့် ပြည်တွင်း၌ပင် နိုင်ငံရေး အမြတ်ထုတ်လိုသူ (သို့) အဖွဲ့အစည်းများရှိနေနိုင်သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် နိုင်ငံခေါင်းဆောင်များ အနေဖြင့် မြန်မာပြည်သူ လုထုအား အခြေအနေမှန်ကို မြင်နိုင်ရန် ဦးဆောင်၍ လမ်းပြပေးရမည်ဖြစ်သည်။
ထို့ပြင် မိမိကိုယ်ကိုယ် ချောင်ပိတ်မိနေနိုင်သည့် လမ်းဆီသို့ ဦးတည်မသွားသင့်ပေ။ အများလက်ခံသည့် လမ်းကြောင်းတခုကို ရွေးချယ်၍ ထွက်နိုင်ရန် စဉ်းစားရမည်ဖြစ်သည်။
တပြိုင်တည်းတွင်ပင် မြန်မာ ပြည်သူလူထု၏ စိုးရိမ်စိတ်ကို နားလည်နိုင်သော်လည်း အထူးသဖြင့် ရိုဟင်ဂျာ အသိုင်းအဝိုင်းအပါအဝင် ရခိုင်ပြည်နယ် အတွင်း နေထိုင်သူအားလုံးအတွက် လူသားခြင်းစာနာမှုနှင့် အခြေခံ လူ့အခွင့်အရေးများ (အစားအသောက်၊ နေထိုင်ရေး၊ အခြေခံ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အလုပ်လုပ်ပိုင်ခွင့်) ကို ရရှိအောင် တာဝန်ယူ ဆောင်ရွက်ပေးရန် လိုသည်။
ထို့အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ယုံကြည်ရန် ကြိုးစားရမည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ စွပ်စွဲမှုမှန်သမျှ အရာအားလုံး မျက်စိမှိတ်ငြင်းနေ၍ အကျိုးမထူးနိုင်ဟု ယူဆမိသည်။
ထို့အတွက် အစိုးရတရပ်တည်းသာ လိုအပ်နေသည်မဟုတ်ဘဲ လက်ရှိ နိုင်ငံခေါင်းဆောင်များ၏ အမြင် ကျယ်ကျယ် ဦးဆောင် လမ်းပြမှုဖြင့် အတူ ပြည်သူတရပ်လုံးပါ ယုံကြည် နားလည်လက်ခံ၍ ပူးပေါင်း ပါဝင်လာရန် အရေးကြီးပါသည်။ သို့မဟုတ်ပါက အရှေ့ကပိတ် အနောက်ကဖော် ဆိုသလိုသာ ဖြစ်နေပါ လိမ့်မည်။
(ထွဋ်မင်းမြတ်သည် ထိုင်းနိုင်ငံ ဘန်ကောက် ချူလာလောင်ကွန်း တက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံဌာနမှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကုန်အခြေစိုက် လွတ်လပ်သော သုတေသီ တဦးအဖြစ် မြန်မာနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ပဋိပက္ခဖြစ်စဉ်များ၊ ဒီမိုကရေစီရေး၊ နိုင်ငံရေးအခြေအနေများကို လေ့လာနေသည်။)