မြန်မာပြည်အတွက် သတင်းကောင်းရော သတင်းဆိုးရော နှစ်ခုစလုံးရှိပါတယ်။ သတင်းကောင်းကတော့ ဘိန်းစိုက်ပျိုးမှု သိသိသာသာကျဆင်းလာတာဖြစ်ပြီး သတင်းဆိုးကတော့ စိတ်ကိုပြောင်းလဲနိုင်စေတဲ့ စိတ်ကြွရူးသွပ်ဆေးတွေ ထုတ်လုပ်ဖြန့်ဖြူးမှု အဆမတန် မြင့်တက်လာတာပဲဖြစ်ပါတယ်။
အနှစ်၂၀ အတွင်းမှာ ဘိန်းစိုက်ပျိုးမှု လေးပုံသုံးပုံလောက်ထိ ကျဆင်းသွားတာကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုခင်းဆိုင်ရာရုံး (UNODC) က စာရင်းဇယားတွေကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ၁၉၉၆ခုနှစ်လောက်က မြန်မာပြည်မှာ ဘိန်းစိုက်ဧရိယာ ဟက်တာပေါင်း တသိန်းခြောက်သောင်းကျော်ရှိခဲ့ရာကနေ ၂၀၁၆ခုနှစ်မှာ ဟက်တာလေးသောင်းကျော် အထိ ကျဆင်း သွားခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ အင်မတန်မှ သိသာထင်ရှားတဲ့ အပြောင်းအလဲ တစ်ခုပါ။
ဒါပေမယ့် လက်ရှိကာလမှာ ဒေသတွင်းအစိုးရတွေနဲ့ UNODC အတွက် စိုးရိမ်စရာ အကောင်းဆုံးကိစ္စကတော့ ဘိန်းနေရာမှာ အစားထိုးဝင်ရောက်လာတဲ့ အများစုက ယာဘ လို့ သိကြတဲ့ စိတ်ကြွရူးသွပ်ဆေးပြဿနာပဲ ဖြစ်ပါတယ်။ အရှေ့နဲ့ အရှေ့တောင်အာရှက မဲခေါင်ဒေသ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ စိတ်ကြွရူးသွပ်ဆေး အဓိက ထုတ်လုပ်ဖြန့်ချိတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်လို့ ပြောဆိုလာကြပါတယ်။
၂၀၁၈ ဇွန်လလောက်ကစပြီး မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးသူတွေနဲ့ ပါတ်သက်တဲ့ အထူးတိုင်ကြားစာတွေကို လက်ခံတဲ့ဋ္ဌာနတခုကို သမ္မတရုံးကဦးဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီဋ္ဌာနကို ရောက်ရှိလာတဲ့ တိုင်ကြားစာတွေကို အရေးယူစုံစမ်း ဖေါ်ထုတ်မှုတွေအရ လေးလအတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၁၃၂ သန်း လောက် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက် ၂၆ သန်းကျော် ကို ပဋ္ဋိပက္ခဒေသတွေ ဖြစ်တဲ့ ရှမ်း၊ ကချင်နဲ့ ရခိုင်ဒေသတွေမှာ အများဆုံး ဖမ်းဆီးရမိခဲ့တာကို တွေ့ရပါတယ်။ ဖမ်းဆီးရမိတဲ့အထဲမှာ အခြားမူးယစ်ဆေးတွေဖြစ်တဲ့ ဘိန်း၊ ဟီးရိုးအင်းနဲ့ စိတ်ကြွရူးသွပ်ဆေး အမျိုးအစားတချို့လည်း ပါဝင်ပါတယ်။ စိတ်ကြွရူးသွပ်ဆေး ထုတ်လုပ်ရာမှာသုံးတဲ့ ပရီကာဆာ ဓါတုဆေးဝါးတွေကိုတော့ ရှမ်းပြည်နယ်အတွင်းမှာ အများဆုံးဖမ်းဆီးရမိခဲ့တာကို သမ္မတရုံးထုတ်ပြန်ချက်တွေအရ တွေ့ရှိရပါတယ်။
UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရယ်မီ ဒေါက်ဂလပ်(စ)က ဒေါ်လာပေါင်း ဘီလီယံချီတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးကုန်သွယ်မှုမှာ နိုင်ငံဖြတ်ကျော်မှုခင်းတွေ ကျူးလွန်နေတဲ့ အဖွဲ့ကြီးတွေပါဝင်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။
ဘိန်းကုန်ကူးမှုကြောင့် တချိန်က နာမည်ကျော်ခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဒီကနေ့မှာတော့ စိတ်ကြွရူးသွပ်ဆေးထုတ်လုပ် ဖြန့်ချိမှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလာပြန်ပြီ ဖြစ်ပါတယ်။ နိုင်ငံဖြတ်ကျော်မှုခင်းတွေ ကျူးလွန်နေတဲ့ အဖွဲ့တွေဟာ မြန်မာပြည်ရဲ့ ပြည်တွင်းစစ် ပဋိပက္ခအပေါ်မှာ အခွင့်ကောင်းယူပြီး စိတ်ကြွရူးသွပ်ဆေး ထုတ်လုပ် ဖြန့်ချိမှုတွေ ပြုလုပ်လာကြပါတယ်။ တရားဥပဒေစိုးမိုးမှုမဲ့တဲ့ ဒေသတွေဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖို့ အကောင်းဆုံးနေရာ တွေဖြစ်လာပါတယ်။ ဘိန်းစိုက်ပျိုးသလို မြေနေရာ အများကြီးမလို၊ ဘိန်းစိုက်တောင်သူ အများအပြားမလို၊ ရာသီဥတုအနေအထားကို စောင့်စရာမလိုတာတွေဟာ စိတ်ကြွရူးသွပ်ဆေးထုတ်လုပ်မှုရဲ့ အားသာချက်တွေပဲ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
မြန်မာပြည်က ထုတ်လုပ်တဲ့ crystal methamphetamine လို့အမည်ရတဲ့ အဆင့်မြင့် စိတ်ကြွရူးသွပ်ဆေးတွေဟာ နယူးဇီလန်နိုင်ငံက လမ်းမတွေပေါ်အထိ ရောက်ပါတယ်။ နယူးဇီလန် ဟာရဲလ် သတင်းစာမှာ ရေးထားတာအရ အဲဒီလို အဆင့်မြင့်မူးယစ်ဆေးတွေ ထုတ်လုပ်ရာမှာ ကမ္ဘာ့အဆင့်မီ ဓါတုဆေးဝါးပညာရှင်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။ “ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ အဆင့်မြင့်စိတ်ကြွ မူးယစ်ဆေး ထုတ်တဲ့ ဓာတ်ခွဲခန်းတွေမှာ ကမ္ဘာ့အဆင့်မီ ဓာတုဆေးဝါးပညာရှင်တွေကို အလုပ်ခန့်အပ်ထားပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ လောက် တန်ဘိုးရှိတဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေကို ဒေသတွင်းမှာ ပြုလုပ်နေတယ်” လို့ သတင်းမှာ ပါရှိပါတယ်။
၂၀၁၈ နှစ်ဆန်းပိုင်းလောက်ကစပြီး မြန်မာပြည်မှာ ထုတ်လုပ်တဲ့ စိတ်ကြွမူးယစ်ဆေးဝါး တွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယနိုင်ငံ တွေထဲမှာ မကြာခဏဖမ်းဆီးမိတဲ့သတင်းတွေတက်လာပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေကတော့ မြန်မာပြည်က လက်နက်ကိုင် ခွဲထွက်အဖွဲ့တွေဟာ ရှမ်းပြည်နယ်မှာရှိတဲ့ စိတ်ကြွဆေးထုတ်လုပ်တဲ့ စက်ရုံ ၃၇ ရုံနဲ့ ပါတ်သက်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒီနှစ်အစောပိုင်း ဖေဖေါ်ဝါရီလလောက်က လည်း ရှမ်းပြည်နယ်အတွင်းက စစ်ဆင်ရေးတစ်ခုမှာ မူးယစ်ဆေးဝါး ဓါတ်ခွဲခန်းတွေ တွေ့ရှိခဲ့ပြီး ပရီကာဆာ ဓါတုဆေးဝါးတွေနဲ့ ထုတ်လုပ်ရေးမှာသုံးတဲ့ ပစ္စည်းကိရိယာတွေ ကို ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ သတင်းတွေမှာ ပါရှိခဲ့ပါတယ်။
အမျိုးသား မူးယစ်ဆေး ထိန်းချုပ်ရေးပေါ်လစီ စာတမ်းထဲမှာတော့ မူးယစ်ဆေးကုန်သည် တွေဟာ ပရီကာဆာ ဓါတုဆေးဝါးတွေကို မြန်မာပြည်ထဲကို သွင်းကုန်အနေနဲ့ တင်သွင်းပြီး စိတ်ကြွရူးသွပ်ဆေးဝါးအဖြစ် ထုတ်လုပ်ဖြန့်ချီတဲ့ “နှစ်လမ်းသွားကုန်သွယ်ရေး”လုပ်ငန်းကို လုပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။
ပြည်တွင်းစစ် ပဋ္ဋိပက္ခနဲ့အတူ
မြန်မာပြည် ရွှေတြိဂံဒေသက ဘိန်းကုန်ကူးမှုဟာ ပြည်တွင်းစစ်နဲ့အတူ ပေါက်ဖွါးလာတာ ဖြစ်ပါတယ်။ ကူမင်တန်စစ်ဗိုလ်ချုပ် အမျိုးသားရေးဝါဒီ Duan Xiwen ရဲ့ ထင်ရှားတဲ့ စကားတခွန်းက မူးယစ်ဆေးနဲ့ ပြည်တွင်းစစ်ပဋ္ဋိပက္ခရဲ့ ဆက်စပ်မှုကို ဖေါ်ပြနိုင်ပါတယ်။ “ကွန်မြူနစ်တွေကို တိုက်ထုတ်ဖို့ စစ်တပ်ရှိရမယ်။ စစ်တပ်မှန်ရင် လက်နက်ရှိရမယ်။ လက်နက်ဝယ်ဖို့ ငွေလိုတယ်။ ဟောဒီ တောင်ကုန်းတွေပေါ်မှာ ငွေနဲ့တူတာဆိုလို့ ဘိန်းပဲရှိတယ်”လို့ သူက ဆိုခဲ့တယ်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အားလုံးကတော့ ဒီပြောဆိုမှုကို သဘောတူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် လက်နက်ကိုင် ပဋ္ဋိပက္ခရှည်ကြာလာတာနဲ့အမျှ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရပ်တည်ဖို့ လက်နက် ငွေကြေးလိုအပ်မှုကို ဖြေရှင်းနိုင်တာဆိုလို့ မူးယစ်ဆေးဝါး ကုန်သွယ်မှု လုပ်ရင်လုပ်၊ မလုပ်ရင် ဒေသခံပြည်သူတွေ (သို့မဟုတ်) မူးယစ်ဆေးကုန်သည်တွေဆီက အခွန်ကောက်ခံ ဒါမှမဟုတ် လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသက သဘာဝအရင်းအမြစ်တွေကို ထုတ်ရောင်း စတဲ့ နည်းလမ်းတွေပဲ ရှိပါတယ်။
၁၉၉၀ ပတ်ဝန်းကျင်တုန်းက မြန်မာစစ်အစိုးရက အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုနဲ့ အလဲအလှယ်လုပ်တဲ့အနေနဲ့ ဘိန်းကုန်ကူးမှုထဲမှာ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အတိုင်းအတာတခုအထိ အကာအကွယ်ပေးထားခဲ့ဖူးတယ်ဆိုတာကို လန်ဒန်တက္ကသိုလ်က သုတေသနပညာရှင် Patrick Meehan ရဲ့ Drugs, Insurgency and State-Building in Myanmar ဆိုတဲ့ စာတမ်းတစ်စောင်မှာ ဖတ်ရပါတယ်။
သိသာ ထင်ရှားတဲ့ဖြစ်ရပ် တခုကတော့ အမေရိကန် Drug Enforcement Agency က ဖမ်းဆီးဖို့ အလိုရှိခဲ့တဲ့ နာမည်ကြီး ဘိန်းဘုရင်ခွန်ဆာဟာ ၁၉၉၆ခုနှစ်လောက်က မြန်မာစစ်အစိုးရ ဆီမှာ လက်နက်ချခဲ့ပြီး ကွယ်လွန်ချိန် ၂၀၀၇ ခုနှစ်အထိ ရန်ကုန်မြို့မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားခဲ့တာဖြစ်ပါတယ်။
ဘာတေးလင့်တနာနဲ့ မိုက်ကယ်ဘလက်တို့ရေးသားပြီး ၂၀၀၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Merchants of Madness ဆိုတဲ့ စာအုပ်မှာ ဖေါ်ပြထားတဲ့ မူးယစ်ရာဇာ အယောက် ၂၀ ထဲမှာ ၁၉၈၉ခု ကနေ နောက်ပိုင်း အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အတော်များများ ပါဝင်နေတာကို တွေ့ရပါတယ်။
အပစ်အခတ်ရပ်စဲရေးလုပ်ရုံနဲ့ ပဋ္ဋိပက္ခတွေ တမဟုတ်ခြင်း ချုပ်ငြိမ်းသွားတာတော့ မဟုတ်ပါဘူး။ ဆိုးကျိုးတခုက အပစ်အခတ်ရပ်စဲရေး လုပ်ပြီးမှ ပိုကြီးထွားလာတဲ့ စိတ်ကြွမူးယစ်ဆေး ကုန်သွယ်မှုပါပဲ။
UNODC ရဲ့ မူးယစ်ဆေးဖမ်းဆီးရရှိမှု နှစ်ပတ်လည် စာရင်းဇယားတွေကိုကြည့်ရင် ၁၉၉၆ ခုနှစ်မတိုင်မီမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရရှိမှုတွေ လုံး၀ မတွေ့ခဲ့ရသလောက်ပါပဲ။ စစ်အစိုးရနဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေအကြား အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ လက်မှတ်ထိုးပြီး နောက်ပိုင်း နယ်မြေခွဲေ၀ အုပ်ချုပ်ကြ၊ စီးပွါးရေးလုပ်ပိုင်ခွင့်တွေ ခွဲဝေယူကြတဲ့ ကာလတွေကျမှ စိတ်ကြွရူးသွပ်ဆေးကုန်သွယ်မှုတွေ စတင်လာပုံရတယ်ဆိုတာကို မူးယစ်ဆေး ဖမ်းဆီးရရှိမှု စာရင်းဇယားတွေအရ သိနိုင်ပါတယ်။
လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလတွေမှာ တရုတ်၊ ထိုင်း၊ လာအိုနယ်စပ်က ဒေသတွေကို “အထူးဒေသ” တွေ အဖြစ် သတ်မှတ်ပြီး နယ်စပ်ကုန်သွယ်ရေးတွေ အကြီးအကျယ် လုပ်လာကြပါတယ်။ အဲဒီကာလတွေမှာ လက်နက်ကိုင်ပဋ္ဋိပက္ခတွေ ချုပ်ငြိမ်းသယောင် ရှိပေမယ့် မူးယစ်ဆေးကုန်သွယ်မှုကတော့ သိသိသာသာ မြင့်တက်လာတယ်ဆိုတာကို စာရင်းဇယားတွေအရ သိနိုင်ပါတယ်။
နယ်စပ်ဖြတ်ကျော် ဘိန်းကုန်ကူးမှုတွေဟာ သမိုင်းအစဉ်အဆက်ကတည်းက ရှိခဲ့ပါတယ်။ အင်္ဂလိပ်လက်ထက်မှာ ဘိန်းကိုသုံးပြီး နိုင်ငံတကာကုန်သွယ်ရေးကို မြှင့်တင်ခဲ့တယ်။ ၁၈ရာစု အလယ်ပိုင်းလောက်မှာ အင်္ဂလိပ်က ဘိန်းစစ်ပွဲ (၁၈၃၉-၆၀) နဲ့ တရုတ်ကို အကျပ်ကိုင်ပြီး နိုင်ငံတကာကုန်သွယ်မှု ထဲမှာ ဝင်ပါလာအောင် လုပ်ခဲ့တယ်။ ပြင်သစ်က အာဖဂန်နစ္စတန်၊ အိန္ဒိယနဲ့ ဟနွိုင်းကနေ တရုတ်ပြည်အထိ ဘိန်းတင်သွင်းလာခဲ့တယ်။ ၁၉၅၀ ဝန်းကျင်က တရုပ်ဖြူကူမင်တန်တွေနဲ့ အမေရိကန်စီအိုင်အေရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး ပူးတွဲစစ်ဆင်ရေးတွေနောက်ပိုင်း ရွှေတြိဂံဒေသမှာ ဘိန်းကုန်သွယ်မှုတွေ ဖွံ့ဖြိုးလာတယ်။
လက်ရှိ ၂၁ရာစုမှာတော့ ရွှေတြိဂံဒေသက စိတ်ကြွရူးသွပ်ဆေးတွေကို ဘိန်းနေရာမှာ အစားထိုးပြီး နိုင်ငံတကာဈေးကွက်ကို တင်ပို့နေကြပြီဖြစ်ပါတယ်။ မူးယစ်ဆေးက ရတဲ့ငွေကြေးတွေနဲ့ တကမ္ဘာလုံး လည်ပတ်နေခဲ့တယ်လို့ ပြောမယ် ဆိုရင်တောင် ရလောက်ပါတယ်။
UNODC က နှစ်ပါတ်လည်အစီရင်ခံစာက ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ စိတ်ကြွရူးသွပ်ဆေးထုတ်လုပ်မှုဟာ ၁၉၉၆ကနဲ့စာရင် ၁၀ဆနီးပါး မြင့်တက်လာပီး နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးကုန်သွယ်မှုတစ်ခုအနေနဲ့ စိုးရိမ်ပူပန်စရာအနေအထား တစ်ရပ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
မူးယစ်ဆေးနဲ့ပတ်သက်တဲ့ တိုင်ကြားစာများ
မူးယစ်ဆေးနဲ့ပတ်သက်တဲ့ တိုင်ကြားစာများလက်ခံရေးဋ္ဌာနကို သမ္မတရုံးကနေ ၂၀၁၈ ခုနှစ် ဇွန်လမှာဖွဲ့စည်းခဲ့ပါတယ်။ တိုင်ကြားစာတွေနဲ့ပါတ်သက်ပြီး အဆင့် ၂ ဆင့် လုပ်ဆောင်တာကို တွေ့ရပါတယ်။ ပထမတဆင့်က တိုင်ကြားစာတွေကိုလက်ခံပြီး ပြည်ထဲရေးဝန်ကြီးဋ္ဌာနကို ပေးပို့တာနဲ့ နောက်တဆင့်အနေနဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီ းတိုင်စာမှာပါတဲ့ သတင်းအချက်အလက်တွေကို စုံစမ်းစစ်ဆေးတာ၊ နယ်စပ်ဂိတ်တွေမှာ ရှာဖွေတာ၊ ကားတွေကို ရပ်တန့်စစ်ဆေးတာ စတဲ့ လုပ်ငန်းစဉ် တွေပဲဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်တွေရဲ့ အကျိုးအမြတ် တချို့ကတော့ နိုင်ငံသားတွေကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ကိုယ်တိုင်ပါဝင်လာစေနိုင်တာရယ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ရဲ့ မူးယစ်ဆေးဝါးဈေးကွက်မှာ ပါဝင်နေမှုကို ဖေါ်ထုတ်လာနိုင်တာရယ်တို့ဖြစ်ပါတယ်။ နိုင်ငံအနှံ့ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး အရေအတွက်က ကြောက်ခမန်းလိလိဖြစ်သလို၊ မြန်မာဟာ ထုတ်လုပ်သူ ဖြန့်ဖြူးရောင်းချသူအဖြစ်သာမက တွင်တွင်ကျယ်ကျယ်သုံ းစွဲသူ အဖြစ်ကိုပါ ရောက်နေတာတွေ့ရပါလိမ့်မယ်။
ဒါပေမယ့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အစိုးရထိန်းချုပ်ထားတဲ့ နေရာတွေမှာပဲ လုပ်နိုင်ပြီး၊ နယ်စပ်တလျှောက်က ပဋ္ဋိပက္ခဖြစ်နေတဲ့နေရာ အများစုကိုတော့ လက်နက်ကိုင်တပ်ဖွဲ့အချို့က ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ သမ္မတရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေဟာ အပေါ်ယံက ခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်းနေသလိုသာဖြစ်နေပြီး အောက်ခြေက အမြစ်ကိုဆွဲ နှုတ်နိုင်တဲ့ အနေအထားအထိတော့ ရောက်မလာသေးပါဘူး။
မူးယစ်ဆေးကုန်သွယ်မှုနဲ့ အမျိုးသမီး
လက်နက်ကိုင်တပ်ဖွဲ့တွေမှာရော မူးယစ်ဆေးနဲ့ပါတ်သက်တဲ့ လုပ်ငန်းတွေမှာရော များသောအားဖြင့် အမျိုးသားတွေကသာ ဦးဆောင်လေ့ရှိပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာလိုပဲ မြန်မာပြည်မှာလည်း အမျိုးသမီးတွေကို ဘိန်းစိုက်ပျိုးတဲ့လုပ်ငန်းတွေမှာပဲ ပါဝင်တာကို တွေ့ရတတ်ပါတယ်။ ဒါပေမယ့် လက်ရှိစာရင်းဇယားတွေအရ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားရာမှာလည်း အမျိုးသမီးတွေ အတော်များများ ပါဝင်လာတာကို သတိထားမိပါတယ်။
သမ္မတရုံးကိုပေးပို့တဲ့တိုင်ကြားစာတွေအရ လေးလအတွင်းဖေါ်ထုတ်ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကား သူတွေထဲမှာ အမျိုးသမီး ၁၂၀၀ ကျော် ပါဝင်နေပါတယ်။ အဲဒီအရေအတွက်ဟာ ဖမ်းဆီးရမိသူအားလုံးရဲ့ ၁၄ ရာနှုန်းလောက် ရှိပါတယ်။ များသောအားဖြင့် မူးယစ်ဆေးရောင်းဝယ်မှုထဲပါဝင်လာတဲ့ အမျိုးသမီးတွေဟာ ကိုယ်တိုင်မူးယစ်ဆေးစွဲနေတာမျိုးကြောင့်ဖြစ်စေ၊ လူကုန်ကူးခံရလို့ဖြစ်စေ၊ ဆင်းရဲတွင်းက လွတ်မြောက်ချင်လို့ဖြစ်စေ ပါဝင်လာကြတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
နိုင်ငံပေါင်း ၉၈ နိုင်ငံက UNODC ကိုပေးပို့ထားတဲ့ ၂၀၁၂ က ၂၀၁၆ ခုနှစ် အတွင်းက ရာဇဝတ်မှု စာရင်းဇယားတွေအရ၊ မူးယစ်ဆေးဝါးနဲ့ပါတ်သက်လို့ ဖမ်းဆီးရမိတဲ့အမျိုးသမီး အရေအတွက်ဟာ ဖမ်းဆီးရမိသူ အားလုံးရဲ့ ၁၀ ရာနှုန်းလောက်ရှိတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ စီမံချက် လေးလအတွင်း အဖမ်းဆီးခံရတဲ့ အမျိုးသမီးအရေအတွက်က တခြားနိုင်ငံတွေနဲ့စာရင် ပိုများတယ်လို့ ဆိုနိုင်ပေမယ့် မြန်မာနိုင်ငံက မူးယစ်ဆေးသားကောင် အမျိုးသမီးတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ပေးနိုင်တဲ့နေရာ များများစားစား မရှိပါဘူး။
တနိုင်ငံလုံး အတိုင်းအတာအရ အစိုးရက ဖွင့်လှစ်ထားတဲ့ မူးယစ်ဆေးဖြတ်စင်တာတွေ ထဲမှာလည်း အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ ဝန်ဆောင်မှုတွေ မပေးနိုင် သေးပါဘူး။ အထူးသဖြင့် စိတ်ကြွရူးသွပ်ဆေးစွဲနေသူတွေအတွက် ကုသပေးနိုင်တဲ့ ဝန်ဆောင်မှုတွေ မြန်မာနိုင်ငံမှာ အဆင်သင့်ဖြစ်မနေသေးတဲ့အတွက် တိုးချဲ့ရပါဦးမယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးပေါ်လစီ စာတမ်းထဲမှာ ဖတ်ရပါတယ်။
လူဖန်တီးတဲ့ မူးယစ်ဆေးဝါးနဲ့ လူဖန်တီးတဲ့ ပဋိပက္ခ
ခေတ်ကာလတွေရွေ့လျားသွားပေမယ့် မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အသွင်သဏ္ဍန်အမျိုးမျိုးနဲ့ ဆက်ရှိနေတုန်းပါပဲ။
အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ နေရာအချို့မှာ လက်နက်ကိုင် ပဋ္ဋိပက္ခတွေ ရပ်တန့်သွားသယောင် ထင်ရပေမယ့် တရားဥပဒေစိုးမိုးမှု မရှိတဲ့ဒေသတွေမှာတော့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချီတာတွေ ဆက်ရှိနေတုန်းပါပဲ။
အမျိုးသားအဆင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးပေါ်လစီမှာ “မူးယစ်ဆေးထိန်းချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ တိုးမြှင့်ရန်” ဆိုတဲ့ ဦးစားပေးလုပ်ရမယ့် လုပ်ငန်းစဉ်တခု ပါလာပါတယ်။
မူးယစ်ဆေးဝါးကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို တရားဥပဒေအောက်မှာ အကာအကွယ်ပေးခြင်းဟာ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းတခုမဟုတ်ပါဘူး။ အဲဒီနည်းလမ်းဟာ အလုပ်မဖြစ်ဘူးဆိုတဲ့ သက်သေသာဓက တွေလည်း ရှေ့မှာရှိခဲ့ပါပြီ။
ဒါ့အပြင် လက်နက်ကိုင် ပဋိပက္ခ ဒေသတွေမှာ တဘက် လက်နက်ကိုင် ပုန်ကန်မှုကို တန်ပြန်နှိမ်နင်းရေးမှာ ပါဝင်ကူညီဖို့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေကလည်း သက်ဆိုင်ရာနယ်မြေတွေအတွင်း မူးယစ်ရာဇာ မာဖီးယားဂိုဏ်းတွေ ဖြစ်လို့နေပါပြီ။
ဒေသတွင်းပြဿနာတခုဖြစ်လာတဲ့ နယ်စပ်ဖြတ်ကျော် တရားမဝင် မူးယစ်မှောင်ခိုမှုတွေကို တရားဥပဒေဘောင်အတွင်းက ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒေသတွင်းနိုင်ငံတွေအားလုံး ခေါင်းချင်းရိုက် စဉ်းစားနေချိန်မှာပဲ မူးယစ်ရာဇာတွေက တောရိုင်းဥပဒေသကသာလျှင် သူတို့ရဲ့ ဥပဒေအဖြစ် ဆက်လက်ကျင့်သုံးနေဆဲပါ။
မူးယစ်ရာဇာတွေကို မနှိမ်နင်း မထိန်းချုပ်နိုင်သမျှ မြန်မာဟာ မူးယစ်ဆေး ထုတ်လုပ်သူအဖြစ် နာမည်ပျက်နေဦးမှာ ဖြစ်ပါကြောင်း။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)