တိုင်းရင်းသားပါတီများ နိုင်ရင် ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးပါ

ဆလိုင်းကျဲအိုဘိခ်ထောင်
မြန်မာပြည်သည် လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ဒီမိုကရေစီနိုင်ငံ အများစုတွင်ကဲ့သို့ ပါလီမန်စနစ်ကို အသားပေး ကျင့်သုံးသင့်သည် / Reuters

၂၀၀၈ အခြေခံဥပဒေဘောင်အတွင်း ကျင်းပခဲ့သမျှ ရွေးကောက်ပွဲများတွင် ရခိုင်နှင့် ရှမ်းပါတီတချို့မှအပ ကျန် တိုင်းရင်းသားပါတီများ ထင်သလို ခရီးမပေါက်ဖြစ်နေရသည်နှင့် စပ်လျဉ်း၍ ထင်ကြေးအမျိုးမျိုး ပေးနေကြ သည်။

ပြည်မပါတီ (သို့မဟုတ်) ဗမာပါတီများဟု အလွယ်ခေါ်လေ့ရှိသော NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့က ပြိုင်ဘက် တိုင်းရင်းသားပါတီများထက် တစုံတရာ အရည်အသွေး ကောင်းမွန်ခြင်း၊ ဘဏ္ဍာငွေအင်အားနှင့် လူအင်အား အရ မမျှတခြင်း၊ တိုင်းရင်းသားပါတီ ခေါင်းဆောင်များ ဦးဆောင်နိုင်မှု အရည်အချင်း နိမ့်ပါးခြင်းနှင့် တိုင်းရင်းသား မဲဆန္ဒရှင်ပြည်သူများ ကိုယ်တိုင် စစ်အာဏာရှင် ဖြုတ်ချရေးနှင့် ဒီမိုကအရေစီ အသွင် ကူးပြောင်းရေး အတွက်သာ အာရုံစိုက် မဲပေးလိုသေးခြင်း စသည်ဖြင့် အကြောင်းရင်း မနည်းမနော ရှိပါလိမ့်မည်။

သို့သော် တိုင်းရင်းသားပါတီများ အင်အားချိနဲ့နေရခြင်းသည် ထိုအချက်များထက်ပိုပါသည်။အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအပါဝင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများဖြင့် တိုင်းရင်းသားပါတီ များအပေါ် အကွက်ကျကျဖြင့် ဖြစ်စေ၊ မရည်ရွယ်ဘဲလျှက် ဖြစ်စေ၊ ဘောင်ခတ်ချည်နှောင်မှုများ ရှိနေသည်ကို တွေ့ရပါသည်။

ယင်းတို့အထဲက အဓိက (၅) ချက်ကို အကျဉ်းချုံး ဖော်ပြလိုပါသည်။

၁။ ပြည်နယ်အစိုးရကို ပြည်နယ်အဆင့် ရွေးကောက်ပွဲဖြင့် ဖွဲ့စည်းခွင့်မရှိခြင်း

ဖက်ဒရယ်နိုင်ငံများတွင် သက်ဆိုင်ရာပြည်နယ် (Constituent unit) အစိုးရများကို ဗဟိုက ခန့်ထားရိုးထုံးစံ မရှိဘဲ ပြည်နယ်အဆင့် ရွေးကောက်ပွဲများဖြင့်သာ ဖွဲ့စည်းစေပါသည်။ သို့သော် ကျနော်တို့နိုင်ငံတွင် အခြေခံဥပဒေ (၂၆၁) အရ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်အပ်ပြီး အစိုးရဖွဲ့ခိုင်းသည်။ သာဓကအားဖြင့် ရခိုင်ပြည်သူအများစုက ၂၀၁၅ ခုနှစ်တွင် ရခိုင်အမျိုးသားပါတီကို မဲပေး ရွေးချယ်ခဲ့သော်လည်း အဆိုပါပါတီအား ပြည်နယ်အစိုးရဖွဲ့ခွင့်ကို ထိုပုဒ်မဖြင့် ကန့်သတ်ခဲ့သည်။ ထို့ကြောင့် မဲဆန္ဒရှင်ပြည်သူများက တိုင်းရင်းသား ပါတီများကို “ခင်ဗျားတို့က ပြည်နယ်မှာ အနိုင်ရရင်လည်း ပုဒ်မ ၂၆၁ အရ ပြည်မပါတီ (NLD သို့မဟုတ် USDP) ကပဲ ကြိုက်တဲ့ အစိုးရ လာဖွဲ့မှာပဲဆိုတော့ ဘာထူးမှာလဲ” ဟု မေးခွန်းထုတ်ကြရာ တိုင်းရင်းသား ပါတီများအတွက် အကြီးအကျယ် အကျပ်ရိုက်စေပါသည်။

ဤကန့်သတ်ဘောင်သာ ဆက်လက်ရှိနေပါက နောင်တွင် အမျိုးသားနိုင်ငံရေး ခိုင်မာပါသည်ဆိုသည့် ရခိုင်ပြည်နယ် မှာပင် စိန်ခေါ်မှု မြင့်မားလာမှာ သေချာသည်။ ခြုံပြောရလျှင် ဤကန့်သတ်ပိတ်ပင်မှုှုသည် လုံး၀ မတရားသည့်အတွက် ချွင်းချက်မရှိ ပြင်ဆင်ရပါလိမ့်မည်။

သို့သော် ကာချုပ် ကိုယ်တိုင် ၁၀+၁၀ ဆွေးနွေးပွဲတွင် ထိုအချက်ကို ထောက်ပြလိုက်ပြီ ဖြစ်သောကြောင့် ၂၀၂၀ မတိုင်ခင် ပြင်ဆင်နိုင်လိမ့်မည်ဟု မျှော်လင့်နိုင်သည်။

၂။ ပြည်နယ်/တိုင်းဒေသကြီးနှင့် ဗဟို (အမျိုးသား/ပြည်သူ့) ရွေးကောက်ပွဲ ရောထွေးကျင်းပခြင်း

ဖက်ဒရယ်စနစ်၏ အင်္ဂါရပ် တခုအဖြစ် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသန္တရ အဆင့်နှင့် ရပ်ကျေးအဆင့် စသည်ဖြင့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအတွက် ရွေးကောက်ပွဲများကို တခုနှင့်တခု ခွဲ၍ ကျင်းပရသည်။ ယင်းသည် မတူညီသော အလွှာများနှင့် လုပ်ငန်းတာဝန်များကို အသိအမှတ် ပြုခြင်းဖြစ်သည်။

လက်ရှိအခင်းအကျင်းအရ ပြည်နယ်နှင့်ပြည်ထာင်စုအဆင့် အလွှာနှစ်ခုကို ပေါင်းပြီး တပြိုင်တည်း မဲထည့် ခိုင်းသည့်အတွက် အကျိုးဆက်အနေဖြင့် နိုင်ငံတော်၏ ဒုတိယအလွှာဖြစ်သည့် ပြည်နယ်အဆင့် အစိုးရနှင့် ယင်း၏ ရွေးကောက်ပွဲနိုင်ငံရေး အခန်းကဏ္ဍကို ဗဟိုအာဏာ လွန်ဆွဲမှုအောက်တွင် မှေးမှိန်စေပြီး ဗဟိုလွှမ်းမိုးမှု မြင့်မားစေပါသည်။

ထပ်ဆင့် ဆိုးကျိုးအနေဖြင့် တိုင်းရင်းသားပါတီများကို ထိုးနှက်စေပါသည်။

၃။ ရွေးကောက်ပွဲ စည်းရုံးရေးကာလ တိုတောင်းလွန်းခြင်း

ဥပမာအားဖြင့် ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၌ နိုင်ငံရေးပါတီများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာတွင် အစိုးရယန္တရားကို အသုံးပြုခဲ့သည့် NLD နှင့် နှစ်ပေါင်း ၂၀ ကျော် အစိုးရ ကျောထောက်နောက်ခံ ပေးမှု အထူးအခွင့်အရေးကို ခံစားခဲ့ရသည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အဆိုပါမြို့နယ်ရှိ ကျေးရွာပေါင်း ၁၂၀ ခန့်ကို ရက်ပေါင်း ၆၀ အတွင်း နှံ့စပ်ပြီး နယ်လှည့် သွားလာနိုင်ခဲ့သော်လည်း အမတ်လောင်းကို အခြေပြု၍ စည်းရုံးရေး လှုပ်ရှားသည့် တိုင်းရင်းသားပါတီ အနေဖြင့် နှစ်လအတွင်း မဲဆန္ဒရှင်ပြည်သူ အားလုံးရှေ့တွင် မျက်နှာပြနိုင်ရေးနှင့် မူဝါဒသဘောထား ချပြနိုင်ရေးအတွက် လုံလောက်သည့် အချိန်မရှိခဲ့ပေ။

တကယ်တမ်း စည်းရုံးရေးကာလကို နှစ်လအစား သုံးလ သတ်မှတ်လျှင်လည်း မည်သူမျှ နစ်နာစရာမရှိသလို နိုင်ငံတော် ဘဏ္ဍာလည်း ပြောပလောက်အောင် ပို၍ကုန်ကျစရာ အကြောင်းမရှိပေ။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်၍ မြို့ပြတွင် နေထိုင်သူများအတွက် ထိုအချက်သည် လိုအပ်ချက် မဟုတ်လောက်သော်လည်း နယ်စပ် ဒေသအတွက် အရေးကြီးသည်။

၄။ တိုင်းရင်းသားလက်နက်ကိုင် များနှင့် နိုင်ငံရေးပါတီများအကြား ပူးပေါင်းဆာင်ရွက်မှု ကန့်သတ်ခြင်း

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (EAOs) နှင့် နိုင်ငံရေးပါတီ (EPP) ဆိုသည်မှာ ရွေးချယ်ထားသည့် လမ်းကြောင်း (လက်နက်ကိုင်လမ်းကြောင်းလား၊ ရွေးကောက်ပွဲ လမ်းကြောင်းလား) သာ ကွာခြားပြီး မျှော်မှန်းပန်းတိုင် ဖြစ်သည့် ဖက်ဒရယ် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတွင် အတူတူပင် ဖြစ်ပါသည်။

တနည်းအားဖြင့် သူတို့နှစ်ဖွဲ့စလုံးသည် နိုင်ငံရေးပေါ်လစီကို အခြေခံ၍ ဖွဲ့စည်းထားသည့် နိုင်ငံရေး အဖွဲ့အစည်းများ (Political organization) ဖြစ်ကြပါသည်။ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့သော ကချင်၊ ရှမ်းနှင့် ချင်းတို့သည် ဆယ်စုနှစ်တခုလောက် ကြာခဲ့သည်အထိ လက်နက်ကိုင် လမ်းစဉ်ကို မရွေးချယ်ခဲ့သည်ကို ထောက်ရှုခြင်းအားဖြင့် ပင်လုံကတိကဝတ်သာ မပျက်ပယ်ခဲ့ပါက (သို့မဟုတ်) ဖက်ဒရယ် ကိုယ်ပိုင်ပြဌန်းခွင့်သာ အပြည့်ရရှိခဲ့ပါက ယနေ့ လက်နက်ကိုင်တပ်ဖွဲ့ အများစုသည်လည်း ရွေးကောက်ပွဲဝင် နိုင်ငံရေးသမားများ ဖြစ်ကြလိမ့်မည်ဟု ကောက်ချက်ချနိုင်ပါသည်။

သေချာသည်မှာ တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် တိုင်းရင်းသား ပါတီများသည် အနာဂတ် ဖက်ဒရယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးဆိုသည့် ဘုံအကျိုးစီးပွားတွင် လက်တွဲလုပ်ဆောင်ရန် အာသီသ ရှိကြပြီး အထူးသဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထိုသို့ ဆောင်ရွက်လိုကြသည်ကို အရိပ်အယောင် တွေ့ရပါသည် (အထူးသဖြင့် လူမျိုးအလိုက်)။

နိုင်ငံရေးမှာ မပါဝင်သင့်ဟု ယူဆရသည့် အစိုးရ တပ်မတော်ပင်လျှင် တချို့ပါတီကို ပြောင် မျက်နှာသာ ပေးနေသည့်အတွက် အထူးအဆန်းတော့ဖြင့် မဟုတ်။ အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ဆောင်နေသည့် အပစ်ရပ် လက်နက်ကိုင်များသည် မတရားအသင်းအဖြစ်မှ လွတ်ငြိမ်းသွားပြီ ဖြစ်သောကြောင့် ထိုအတွက် ကန့်သတ်မှု မရှိသင့်။

၅။ သမ္မတစနစ်ကို အသားပေးခြင်း၊ ပါလီမန်စနစ်နှင့် သွေဖည်ခြင်း

လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ပါလီမန်စနစ်နှင့် သမ္မတစနစ်ကို ရောစပ်ထားသည် ဆိုသော်လည်း သမ္မတ စနစ်ကို အသားပေးသည့်စနစ် (Semi-presidential system) ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ယင်းသည် တိုင်းရင်းသားများ လိုလားသော ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် စ လွဲခြင်းဖြစ်သည်။ အခြေခံအားဖြင့် သမ္မတစနစ်သည် နှစ်ပါတီစနစ် (Two-party system) ကို အားပေးပြီး ပါလီမန်စနစ်သည် ပါတီငယ်များ၏ အခန်းကဏ္ဍ (Multi-party system) ကို ထည့်တွက်ထားသည့် လက္ခဏာ ရှိသောကြောင့် ဖြစ်သည်။

တကယ်လည်း လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ဒီမိုကရေစီနိုင်ငံ အများစုတွင် ပါလီမန်စနစ်ကို အသားပေး ကျင့်သုံးနေကြသည်ကို တွေ့ရပါမည်။

အထူးသဖြင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့် ကမ္ဘာ့နိုင်ငံပေါင်း (၂၈) နိုင်ငံတွင် အများစု (၁၇ နိုင်ငံ) ခန့်က ပါလီမန် စနစ်ကို အသားပေးပြီး ကျန် ၁၁ နိုင်ငံခန့်ကသာ သမ္မတစနစ်ကို ဇောင်းပေးနေကြသည်ကို တွေ့ရသည်။

ထို့ကြောင့် လွှတ်တော်ကို ဗဟိုပြုသည့် ပါလီမန်စနစ်သည် ပါတီငယ်များ၏ အခန်းကဏ္ဍကို ထည့်တွက်သည့် အတွက် တိုင်းရင်းသား လူနည်းစုကိုယ်စားပြုသည့် အသံကို ဗဟို (Mainstream) တွင် ထိရောက်စွာ ရောက်ရှိ စေလိုပါက ယင်းစနစ်ဖြင့် ပြောင်းလဲသင့်သည်။

လွတ်လပ်ရုံဖြင့် မလုံလောက်၊ မျှတဖို့လို

ဒီမိုကရေစီ ရွေးကောက်ပွဲဆိုသည်မှာ လွတ်လပ်ပြီး တရားမျှတ (Free and fair) ရပေမည်။ ကနေ့တွင် ရွေးကောက်ပွဲများ အတန်အသင့် လွတ်လပ်ပြီ ဆိုသော်ငြားလည်း တရားမျှတသည့် အခင်းအကျင်း ဖြစ်ပေါ်ရန် ပြုပြင် ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်ရန် လိုအပ်ပါမည်။
အထူးသဖြင့် တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ် အင်္ဂါရပ်နှင့် ညီညွတ်ဖို့ ပြုပြင်ပြောင်းလဲရန် များစွာ လိုအပ်ပါ သေးသည်။ အထက်မှာ ဖော်ပြထားသည့် အချက်များ ပြုပြင်ခြင်းအားဖြင့် နိုင်ငံတော် နစ်နာစရာ အကြောင်းလည်း မရှိသလို၊ တိုင်းရင်းသားများက သာဓုသုံးကြိမ် ခေါ်ကြမည် ဖြစ်သောကြောင့် ပို၍ပင် အကျိုးပြု ပါလိမ့်မည်။

အဓိကက ပြိုင်ပွဲစည်းမျဉ်းကို ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲပြင်ဆင်၊ ကိုယ်တိုင်ဝင်ကစား၊ ကိုယ်တိုင် ဒိုင်လူကြီး လုပ်နေသည့် ပြည်မပါတီကြီးနှင့် တပ်မတော်အနေဖြင့် ပြိုင်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် မဲဆန္ဒရှင်များ အတွက် မျှတသော ကစားကွင်း ဖော်ဆောင်ရန် သတ္တိရှိဖို့ သာလိုအပ်ပါသည်။

(ဆလိုင်းကျဲအိုဘိခ်ထောင်သည် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၏ လက်ရှိ အထွေထွေ အတွင်းရေးမှူး ဖြစ်ပြီး ချင်းတိုင်းရင်းသားပါတီ ၃ ပါတီ ပေါင်းစည်းထားသည့် မှတ်ပုံတင်ဆဲ ပါတီသစ် (ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) တွင်လည်း အထွေထွေအတွင်းရေးမှူး ပူးတွဲတာဝန်ယူထားသူ ဖြစ်သည်။)

Loading