ဒစ်ဂျစ်တယ်ခေတ်မှာ သတင်းတွေ အွန်လိုင်းပေါ်ကနေ အချိန်နဲ့ တပြေးညီဖြစ်လာသလို ဆိုရှယ်မီဒီယာ ပလက်ဖောင်း ကျယ်ပြန့်ဖြစ်ထွန်းလာတဲ့အတွက် သတင်းစာတိုက်ဟာလည်း စာဖတ်သူနဲ့ ကြမ်းတပြေးတည်း ဖြစ်သွားတယ်။ ဆိုရှယ်မီဒီယာမှာ အားလုံးဟာ တပြေးညီ တတန်းစားတည်း ဆက်ဆံရေးကို ပေးထားတယ်။
ရှေးရိုးထုံးစံ သတင်းကို သတင်းသမားက လိုက်၊ အယ်ဒီတာက တည်းဖြတ်ပြီး နည်းပညာဌာနက ဖြန့်ချိပြီး ပရိသတ်ဆီရောက်တဲ့ခေတ်ကနေ လူတိုင်းက သတင်းဖြန့်ချိနိုင်တဲ့ သတင်းရင်းမြစ်တွေ ဖြစ်လာပြီး အပြန်အလှန် ယှက်နွယ် ပေါင်းစပ်ဖြစ်ထွန်းနေကြတဲ့ ဆိုရှယ်မီဒီယာခေတ် ပြောင်းသွားခဲ့ပါပြီ။ အထက်အောက် ဆက်သွယ်ရေး ပုံစံကနေ ပုခုံးချင်းတိုက် ဆက်သွယ်ရေးပုံစံကို ရောက်လာကြတယ်။ ကမ္ဘာပြားသလိုပဲ မီဒီယာဟာလည်း ပြားသွားတယ်။
ပုံနှိပ်ခေတ် ရုပ်မြင်သံကြားခေတ်က မီဒီယာဆိုတာ သတင်းစာတို့ တီဗီတို့စတဲ့ မီဒီယမ်တွေက တဆင့် လူထုနဲ့ ဆက်သွယ်ကြတယ်။ အခုကတော့ လူထုလက်ဖဝါးထဲက မိုဘိုင်းဖုန်းတွေပေါ်က ဆိုရှယ်မီဒီယာ အပလီကေးရှင်းတွေက မီဒီယမ်ဖြစ်လာကြတယ်။ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းရဲ့ ကိုယ်ပိုင်မီဒီယာ ဖြစ်လာကြတယ်။
လူထုဆက်သွယ်ရေး မီဒီယမ်တခု ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အကြီးဆုံး စိန်ခေါ်မှုက နည်းပညာ အပြောင်းအလဲပဲ။ သူ့ကြောင့် ပရိသတ် ပျောက်သွားတယ်။ ဈေးကွက်ပျောက် သွားတယ်။ မီဒီယမ်ရဲ့ အခန်းကဏ္ဍ ပျောက်သွားတယ်။ အင်တာနက်က ပုံနှိပ်မီဒီယာရဲ့ ဈေးကွက်ကို လု သွားတယ်။ ဆိုရှယ်မီဒီယာက အင်တာနက် သတင်းမီဒီယာရဲ့ ဈေးကွက်ကို ဖြတ်ခုတ်သွားတယ်။ သတင်းမီဒီယာရဲ့ ပရိသတ်တွေ ဘယ်ကိုရွေ့သွားကြပြီလဲ။
လူထုကိုယ်နှိုက်က UGC လို့ခေါ်တဲ့ User-generated content ကိုယ်တိုင်ရေးတဲ့ သတင်းတွေ သတင်းဓါတ်ပုံတွေ ဗီဒီယိုတွေ ဖန်တီးလာနိုင်ကြပြီ။ သတင်းစာခေတ်က ပြောလေ့ရှိကြတဲ့ voice for the voiceless ဆိုတဲ့စကားက ခေတ်နောက်ကျကျန်ခဲ့ပြီ။ အခုကတော့ လူတိုင်းမှာ ကိုယ်ပိုင်အသံ ရှိလာကြသလို၊ အခြားသူတွေအတွက်လည်း အသံထုတ်ပေးနိုင်လာကြပြီ။
သတင်းမီဒီယာတွေဆီက ကြော်ငြာရှင်တွေ အတော်များများဟာ သုံးစွဲသူ ဘီလီယံ ချီပြီးရှိတဲ့ ဆိုရှယ်မီဒီယာပေါ် ရောက်သွားကြတယ်။ ကြော်ငြာမရှိပဲ ပရိသတ်မရှိပဲ သတင်းမီဒီယာတွေ ရပ်တည်နိုင်ဖို့ တနေ့တခြား ပို ပို ခက်လာတယ်။ ဆိုရှယ်မီဒီယာပလက်ဖေါင်းကို မီဒီယမ်တခုလိုသုံးပြီး ပရိသတ်တွေနောက်က တကောက်ကောက် လိုက်နေရတဲ့ အနေအထားကို ရောက်လာတယ်။
သတင်းမီဒီယာတွေ ရပ်တည်ဖို့ ခက်လာတဲ့အထဲမှာ အကြီးဆုံးစိန်ခေါ်မှုက လူတွေက သတင်းတွေကို ဝယ်ပြီး မဖတ်ချင်ကြတော့တာပဲ။ လက်ဖဝါးပေါ် အလိုလိုရောက်လာတဲ့ သတင်းတွေထဲကပဲ ဖတ်ချင်တာ ရွေးချယ်ဖတ်လာကြတော့တယ်။
နောက်ထပ်စိန်ခေါ်မှုတခုက သတင်းမီဒီယာအပေါ် ယုံကြည်မှုကျဆင်းလာတာဖြစ်တယ်။ သတင်းမီဒီယာပေါ်က ရတဲ့သတင်းတွေဟာ ဆိုရှယ်မီဒီယာပေါ်က လူထုသတင်းသမားတွေရဲ့ သတင်းတွေ လောက် အချိန်နဲ့တပြေးညီ မဖြစ်တော့ဘူးလို့ ယူဆလာကြတယ်။ နေရာတိုင်းမှာ လူထုသတင်းသမားတွေရှိနေတော့ သူတို့က သတင်းမီဒီယာတွေထက် အမြဲတမ်း သတင်းဦးတယ်။ အဲဒီတော့ ဆိုရှယ်မီဒီယာပေါ်က လူထုသတင်းသမားတွေရဲ့ ကိုယ်ပိုင်မီဒီယာတွေကို ကျော်လွှားဖို့ အဓိကပြိုင်ရတာက quality content နဲ့ ပြိုင်လာရတယ်။ ပိုပြီး တိကျခိုင်မာတဲ့၊ အကြောင်းရင်း အချက်အလက် ပြည့်စုံတဲ့ ယုံကြည်ကိုးစားနိုင်လောက်တဲ့ သတင်းအရေးအသားတွေနဲ့ ပြိုင်လာရတယ်။
မီဒီယာရေစီးကြောင်း အရွေ့ထဲမှာ လူထုက ပဉ္စမမဏ္ဍိုင် နေရာကို တဖြည်းဖြည်းရောက် လာသလို၊ ဒီမိုကရေစီစနစ်ဟာလည်း မဲပေးသူ/မီဒီယာစားသုံးသူတွေက မဏ္ဍိုင်တရပ်လို ထောက်ကူထားတဲ့ ငါးချောင်းထောက် စားပွဲဝိုင်းပေါ်ကို ရောက်လာတယ်။
အမေရိကန်ရွေးကောက်ပွဲကို ဂျင်းထည့်ခံလိုက်ရတဲ့ ကိစ္စမျိုးတွေ၊ ဇူကာဘတ် ဦးဏှောက်ဖေါက်စားခံလိုက်ရတဲ့ ကိစ္စတွေ၊ Facebook ရဲ့ လုံခြုံရေးစည်း ကျိုးပေါက်မှုတွေ ဖြစ်လာတဲ့ဖြစ်ရပ်တွေအပေါ် ဘယ်သူတွေက တာဝန်ယူမလဲ တာဝန်ခံမလဲ ဆိုတဲ့ မေးခွန်းတွေရှိလာတဲ့အခါ ဆိုရှယ်မီဒီယာတွေအပေါ်မှာလည်း စားသုံးသူတွေရဲ့ ယုံကြည်မှု ကျဆင်းလာရပြန်တာပါပဲ။
ဆိုရှယ်မီဒီယာ မင်းမဲ့ကမ္ဘာကြီးပေါ်မှာ ဒီမိုကရေစီ အနိုင်ကျင့်ခံရမှုတွေ တဖြည်းဖြည်းများ လာသလို သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ လုံခြုံမှု မရှိသလို ဖြစ်လာပြန် ပါတယ်။ ဆိုရှယ်မီဒီယာခေတ်အလွန်မှာ နောက်ထပ် ဘယ်လိုအရွေ့တခုကို ဆက်သွားမလဲဆိုတာတော့ လက်ရှိမှာ ဆိုရှယ်မီဒီယာတွေ မျက်ခုံးလှုပ်နေရတဲ့ကိစ္စပါ။ ဘာပဲဖြစ်ဖြစ် မီဒီယာအခင်းအကျင်းတွေ ပြောင်းလဲပုံက မျက်စိတမှိတ် လျှပ်တပြက် အတွင်းမှာပဲ ဖြိုးကနဲ ဖျတ်ကနဲ ပြောင်းလဲသွားတတ်ကြလို့ ဝါးလုံးခေါင်းထဲ လသာနေတဲ့ နိုင်ငံတွေကတော့ အဆက်ပြတ် ကျန်ခဲ့မှာပါပဲ။
သမရိုးကျမီဒီယာကနေ မီဒီယာပုံစံသစ်တခုကို ပြောင်းသွားတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ မဖြစ်မနေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအသစ် ၃ ခုရှိတယ်လို့ မီဒီယာ သုတေသနပညာရှင် Jose Luis Orihuela က ရေးသားခဲ့ပါတယ်။ အဲဒါတွေက ပရိသတ်နဲ့ အချိန်နဲ့တပြေးညီ အပြန်အလှန် ဆက်သွယ်ရတဲ့ ဆက်သွယ်မှုပုံစံ အသစ်၊ multimedia မာလတီမီဒီယာ ဆိုတဲ့ ဘာသာစကားအသစ် နဲ့ hypertext ဆိုတဲ့ အင်တာနက် သဒ္ဒါအသစ်တို့ပဲ ဖြစ်တယ်။
ဒစ်ဂျစ်တယ်ခေတ်မှာ ပြောင်းသွားတဲ့ ရှုမြင်ချက် ၁၀ မျိုး အကြောင်းကို ပရော်ဖက်ဆာ Jose Luis Orihuela က ခုလို ရေးသားထားပါတယ်။
၁။ ကြည့်ရှုသူက သုံးစွဲသူဖြစ်လာတယ် (From audience to user)
၈၀ ခုနှစ်ဝန်းကျင်တွေမှာ ဂြိုလ်တုတွေ ကေဘယ်လိုင်းတွေ ပေါ်လာပြီးတဲ့နောက် ရုပ်သံလွှင့်မီဒီယာ ဖွံ့ဖြိုးလာတယ်။ အဲဒီကနေတဆင့် ရည်ရွယ်တဲ့ ပရိသတ်အုပ်စုတွေ အတွက် သီးသန့်ထုတ်လွှင့်ပေးတဲ့ အသံလွှင့်အစီအစဉ်တွေ (from broadcasting to narrowcasting)၊ ၉၀ ခုနှစ်ဝန်းကျင်မှာ အင်တာနက်ဖွံ့ဖြိုးလာတော့ သတင်းမီဒီယာတွေဟာ စားသုံးသူ တယောက်ချင်းကို ဦးတည်တဲ့ခေတ်ရောက်လာတယ် (from narrowcasting to pointcasting)၊ ဒစ်ဂျစ်တယ် ဆိုရှယ်မီဒီယာခေတ်မှာတော့ မီဒီယာပရိသတ်တွေ ကိုယ်တိုင်က မီဒီယာသုံးစွဲသူတွေ ဖြန့်ဝေသူတွေ ဖြစ်လာတယ်။ အဲဒီမှာပဲ ဆက်သွယ်ရေးပုံစံက ပြောင်းသွားတော့တယ်။ သုံးစွဲသူဗဟိုပြု ပုံစံဖြစ်လာတယ်။ သုံးစွဲသူမှာပဲ ရွေးခြယ်ခွင့်၊ ဆုံးဖြတ်ခွင့်၊ ရှာဖွေခွင့်၊ သတ်မှတ်ခွင့်၊ သတင်းပေးပို့ချက် တွေကို လက်ခံ မခံ ဆုံးဖြတ်ခွင့်၊ မှတ်ချက်ပေးခွင့်၊ အရေးအကြီးဆုံးကတော့ ရေးသားခွင့်၊ ပြောဆိုခွင့်နဲ့ ရိုက်ကူးခွင့်တွေပါ ရှိသွားတယ်။
၂။ မီဒီယာအစား အကြောင်းအရာက ပိုအရေးပါလာတယ် (From media to content)
National Geographic ဆိုရင် သဘာဝပါတ်ဝန်းကျင်အကြောင်း ရိုက်ကူးပြသတဲ့ မီဒီယာတခု၊ CNN ဆိုရင် သတင်းနဲ့ပါတ်သက်တဲ့ မီဒီယာတခုအနေနဲ့ သူတို့ထုတ်လွှင့်လေ့ရှိတဲ့ အကြောင်းအရာပေါ်မူတည်ပြီး သိကြတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာမှာ ဘယ်သတင်းဌာနက ရေးတာဆိုတာထက် ဘယ်အကြောင်းအရာဆိုတာက လူတွေက ပိုစိတ်ဝင်စားတယ်။ ပိုလိုက်တယ်။ ပိုရှယ်မယ်။ ချက်ခြင်း ကော်မန့် ဝင်ရေးလိုက်ဦးမယ်။ ဒီထက်ပိုလို့ စိတ်တူကိုယ်တူ ဂရုဖွဲ့လို့ ရသေးတယ်။
၃။ တမျိုးတည်းက မျိုးစုံ မီဒီယာကို လိုက်ပြောင်းလာရတယ် (From monomedia to multimedia)
အသုံးပြုတဲ့အမျိုးအစား (ပုံနှိပ်၊ ရေဒီယို၊ တီဗီ) ပေါ်မူတည်ပြီး မီဒီယာအမျိုးအစား ကွဲပြားတာတွေမရှိတော့ဘူး။ အွန်လိုင်းမီဒီယာဟာ ကဏ္ဍစုံထည့်လို့ရတဲ့ မီဒီယာတစ်ခု ဖြစ်လာတယ်။ ခင်ဗျား လက်ဖဝါးပေါ်မှာတင် အရုပ် အသံ စာသား အကုန် အဆက်အသွယ် ရနေပြီ။
၄။ အချိန်နဲ့တပြေးညီ ဖြစ်လာတယ် (From periodicity to real-time)
လစဉ်၊ အပါတ်စဉ်၊ နေ့စဉ်ထုတ်တွေကနေ အချိန်နဲ့တပြေးညီ ထုတ်လွှင့်ရတဲ့ ပုံစံပြောင်းသွားတယ်။ သတင်းကို နောက်တရက် မနက်ခင်း သတင်းစာ ဂျာနယ်မှာ ပါမယ့် သတင်းတွေဟာ အွန်လိုင်းမှာ ဖော်ပြပြီးတာတွေမို့ နောက်ကျသွားပြီ။ သတင်းထူးရင်လည်း တီဗီရှေ့ ပြေးကြည့်ဖို့ မလိုတော့ဘူး။ ကိုယ့်လက်ဖဝါးပေါ် ကြည့်ရုံပဲ။
၅။ သတင်းရှားပါးရာကနေ သတင်းတွေ ဖေါင်းပွလာတယ် (From scarcity to abundance)
သတင်းမီဒီယာ ပရိသတ်တွေကိုယ်တိုင် ရေးသူတွေဖြစ်လာတဲ့အတွက် သတင်းတွေ ထင်မြင်ယူဆချက်တွေ ဆောင်းပါးတွေ မှိုလိုပေါက်လာတယ်။ Influencer လို့ခေါ်တဲ့ ဆိုရှယ်မီဒီယာမှာ လူကြိုက်များသူတွေ အလေးပေးခံလာရတယ်။ လူအများ စိတ်ဝင်စားတဲ့ဟာ သတင်း ပိုဖြစ်တာမို့ ဆယ်လီသတင်းတွေ၊ ရာဇဝတ်မှုတွေ၊ အရှုပ်အရှင်းတွေက နိုင်ငံရေး၊ စီးပွားရေး သတင်းတွေထက် engage ဆက်သွယ်မှု ပိုများတယ်။
၆။ အယ်ဒီတာ ဦးဆောင်မှု ပျောက်လာတယ် (From editor-mediated to non-mediated)
Gatekeeper Paradigm လို့ခေါ်တဲ့ သတင်းခန်းတွေမှာ အယ်ဒီတာဦးဆောင်ပြီး သတင်းထောက်တွေကို သတင်းရေးဖို့ တာဝန်ခွဲဝေပေးတဲ့ အခန်းကဏ္ဍ ပျောက်သွားတယ်။ သတင်းရေးဖို့ သတင်းရင်းမြစ်တွေ များလာတဲ့အတွက် သတင်းရင်းမြစ်တွေဆီက သတင်းအတိုအစတွေက အဓိက နှပ်ကြောင်းပေးရမယ့် သတင်းကြီးတွေ အလိုအလျောက် ဖြစ်လာကြတယ်။ ဒါကို အယ်ဒီတာက သတင်းစာ ပေါ်လစီနဲ့ ကိုက်ညီမယ့် ရှုထောင့်နဲ့ ဘယ်လို တင်ပြမလဲ တာဝန်ယူမယ့် သတင်းထောက်နဲ့ လက်တွဲလုပ်ရုံပါပဲ။
သတင်းစာတိုက်တွေမှာ ဆိုရှယ်မီဒီယာ အယ်ဒီတာခန့်ပြီးလည်း ထွက်သမျှ သတင်းကို လူတွေ ဖတ်အောင် ရှယ်အောင် ကော်မန့် ပေးအောင် ဘယ်လိုတင်မလဲ တာဝန်ယူစေတယ်။ သက်ဆိုင်ရာ ကျွမ်းကျင်ဘာသာရပ်အလိုက် အယ်ဒီတာတွေလည်း များလာတယ်။ တယောက်တည်းက အကုန် မသိနိုင်တော့ဘူး။ အများနဲ့ ကွဲတဲ့ သတင်းကောင်းတပုဒ် ရေးသားပေးပို့နိုင်ဖို့က ဘက်ပေါင်းစုံ ကောင်းဖို့လိုတော့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုက ပို အရေးပါလာတယ်။
၇။ ဖြန့်ချိသူကနေ စားသုံးသူဗဟိုပြုအရွေ့ကို ရောက်လာတယ် (From distribution to access)
သတင်းအချက်အလက်ဖြန့်ဝေတဲ့ သတင်းမီဒီယာတွေအနေအထားကနေ စားသုံးသူက ဖတ်မယ်မဖတ်ဘူး ဆုံးဖြတ်တဲ့ စားသုံးသူဗဟိုပြုအရွေ့ကို ရောက်သွားတယ်။ သတင်းအချက်အလက်ရှာဖွေတာ၊ ဘယ်ဟာကိုဖတ်မလဲဆုံးဖြတ်တာ၊ ဆန္ဒအလျောက် ဆက်သွယ် ပြောဆိုတာ၊ ဦးဆောင်ဆုံးဖြတ်တာ၊ အရင်တုန်းက သတင်းသမားတွေ လုပ်ခဲ့တာတွေအားလုံးကို အခု အင်တာနက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကိုယ်တိုင် လုပ်လာကြတယ်။
၈။ တလမ်းသွားကနေ အပြန်အလှန်ဆက်သွယ်ရေးစနစ်ကို ရောက်လာတယ် (From one way to interactivity)
ဆက်သွယ်ရေးပုံစံက သတင်းစာခေတ်တုန်းကလို စာမျက်နှာပေါ်ကနေသွားတဲ့ တီဗီဖန်သားပြင်ပေါ်ကသွားတဲ့ one way communcication ပုံစံသေ ဆက်သွယ်ရေး မဟုတ်တော့ဘူး။ အပြန်အလှန်ဆက်သွယ်မှုသဘောဆောင်လာတယ်။ သမ္မတ ထရမ့်ကို ဝေဖန်မလား၊ သမ္မတဦးဝင်းမြင့်ကို တိုင်စာပို့မလား၊ နိုင်ငံတော်အတိုင်ပင်ခံကို ပစ်တင်ရှုံ့ချ မလား၊ အချိန်နဲ့တပြေးညီ လုပ်လို့ရလာပြီ။
၉။ တဖြောင့်တည်းကနေ လမ်းဆုံလမ်းခွဖြစ်လာတယ် (From linear to hyper text)
သတင်းတွေကို ဖတ်မယ်၊ သတင်းကြေငြာသူပြောတဲ့ သတင်းနားထောင်မယ် ဆိုတာတွေက သမရိုးကျ မီဒီယာခေတ်က အစီအစဉ်တကျလုပ်ခဲ့တဲ့ လုပ်ရိုးလုပ်စဉ် ပုံစံတွေပေါ့။ ဒစ်ဂျစ်တယ်သဘာဝမှာတော့ တခုပြီးမှ တခုသွားတာမျိုး မဟုတ်တော့ဘူး။ လမ်းတွေအားလုံး ပွင့်သွားတယ်။ သတင်းစာမျက်နှာပေါ်မှာ ဖေါ်ပြထားတဲ့ Link လင့် တခုကနေ အခြား ဝက်(ဘ)ဆိုက်တွေ၊ ဘလော့(ဂ)တွေ၊ ဆိုရှယ်မီဒီယာစာမျက်နှာတွေကို ခုန်ကူးလို့ ရလာတယ်။ ကျယ်ပြောလှတဲ့ မျက်မြင်ပုံတူ ဟင်းလင်းပြင် Virtual spaces ထဲမှာ အချင်းချင်း တွေ့ဆုံနိုင်လာတယ်။ လေ့လာနိုင်လာတယ်။ သတင်းအချက်အလက်တွေ အတွေးအမြင် အယူအဆတွေ စုဆောင်း မျှဝေနိုင်လာတယ်။ ဈေးဝယ်မလား၊ ဂိမ်းဆော့မလား ဒါမှမဟုတ် သီချင်းနားထောင် ရုပ်ရှင်ကြည့်မလား၊ အနုပညာလက်ရာ တခုခုဖန်တီးမလား ကြိုက်တာလုပ်လို့ ရလာတယ်။
၁၀။ အချက်အလက်ကနေ ဗဟုသုတအဖြစ်ကို ထုပ်ပိုးလာရတယ် (From data to knowledge)
ဒစ်ဂျစ်တယ်ခေတ်မှာ မရေမတွက်နိုင်အောင် ဖေါင်းပွနေတဲ့ သတင်း အချက်အလက်တွေကြောင့် သတင်းမီဒီယာရဲ့ ဗျူဟာကျတဲ့အခန်းကဏ္ဍက ဗဟုသုတ ဟင်းလေးအိုးကြီး (social manager of knowledge) အနေနဲ့ ပြန်ပေါ်လာတယ်။
ဒေတာတွေကို ဝေဖန်ဆန်းစစ်ပြီး ဗဟုသုတတခုဖြစ်လာအောင် ပြောင်းလဲတာက သတင်းမီဒီယာတွေရဲ့ အဓိက ဝင်ရိုးဖြစ်လာတယ်။ ဒီကနေ့ သတင်းမီဒီယာတွေရဲ့ ဗျူဟာကျတဲ့တာဝန်က အချက်အလက်တွေကို ဗဟုသုတအဖြစ် ပြောင်းပေးဖို့၊ ဉာဏစွမ်းရည်ပြည့်ဝတဲ့ သတင်းအချက်အလက်တွေ ဖြစ်လာဖို့၊ ဆက်စပ်ပေါင်းစည်းပေးဖို့၊ လစ်ဟာနေတဲ့ အချက်အလက်တွေကို ဖြည့်စွက်ပေးဖို့၊ အပြန်အလှန်ဆက်သွယ် ပေါင်းကူးပေးနိုင်တဲ့ ပုံစံသစ် မာလ်တီမီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်ဖို့ ဖြစ်လာတယ်။
သတင်းမီဒီယာဟာ လှေနံဓါးထစ် ကြားခံ လူထုဆက်သွယ်ရေး ပေါင်းကူးမီဒီယမ် တခုအနေနဲ့ ရပ်တည်ဖို့ ခက်လာပြီ။ အင်တာနက်ဆိုတာကလည်း လူထုသိချင်တဲ့ အချက်အလက်တွေ ရှာဖွေနိုင်တဲ့ ကြားခံ မီဒီယမ် တခုပဲ။ ဂူဂဲလ်လို search engine ရှာဖွေရေး အင်ဂျင်တွေကနေ ကိုယ်လိုချင်တဲ့ စာလုံးတွေ ရိုက်ပြီး သတင်း အချက်အလက်တွေ အလွယ်တကူ ရှာလို့ ရနေပြီ။
ဆိုရှယ်မီဒီယာဆိုတာကလည်း လူမှုကွန်ယက် ကြားခံမီဒီယမ်တခုပဲ။ သတင်းမီဒီယာက အသစ်အသစ်ပေါ်လာသမျှ လူထုဆက်သွယ်ရေး ကြားခံမီဒီယမ်တွေ အားလုံးနဲ့ ပြိုင်နေရတာပဲ။ အဓိကက ပရိသတ်ရှိမယ့်နေရာ စားသုံးသူရှိမယ့်နေရာကို သတင်းမီဒီယာတွေ အားလုံး လိုက်နေရတာကြောင့်ဖြစ်တယ်။
ဆိုရှယ်မီဒီယာပလက်ဖေါင်းကို ဘယ်လောက်ပဲ ဈေးအိမ်သာကြီးနဲ့တူတယ်ပဲဆိုဆို သာလာယံဇရပ်ကြီးနဲ့ တူတယ်ပဲ ပြောပြော သတင်းသမားတွေကိုယ်နှိုက်က မသုံးပဲ နေလို့ မရတော့ဘူး ဖြစ်လာတယ်။ ဘာလို့လည်းဆိုတော့ ကမ္ဘာ့လူဦးရေရဲ့ တဝက်ကျော်ကျော်က အဲဒီပေါ်မှာ ရောက်နှင့်ပြီး ဖြစ်နေတာကိုး။
အစိုးရတရပ်ကို Check and Balance လုပ်ပြီး ထိန်းကျောင်းတဲ့အလုပ်ကို ဆိုရှယ်မီဒီယာပေါ်က လူထုကပါ လုပ်လာနိုင်ကြပြီဆိုတော့ သတင်းမီဒီယာသမားတွေ ဩဇာကျ လုပ်ကွက်ပျောက်လာတာတော့ အမှန်ပါပဲ။ သတင်းမီဒီယာသမားတွေကိုယ်နှိုက်က ပရော်ဖက်ရှင်နယ်ဆန်ဖို့ ပို လိုအပ်လာပါတယ်။ ငါတို့သတင်းသမားကွလို့ ကော်လာတထောင်ထောင် လုပ်နေလို့ မရတော့ဘူး၊ ကိုယ့်သတင်းတွေက ဘယ်လောက်ထိ ကျင့်ဝတ်နဲ့ ညီညွတ်သလဲ။ ဘယ်လောက်ထိ အမှန်တရားနဲ့ နီးစပ်သလဲ။ ဘယ်လောက်အထိ ဘက်လိုက်မှု ကင်းသလဲ။ ဘယ်လောက်အထိ စိတ်ခံစားမှု နောက်မလိုက်ဘူးလဲ။ ဘယ်လောက် အရင်းအမြစ် ကြွယ်ဝသလဲ။ ဘယ်လောက် ကျယ်ကျယ် ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးနိုင်သလဲ။ ဘယ်လောက် အများပြည်သူ အကျိုးစီးပွားကို ဖြစ်ထွန်းစေသလဲ ဆိုတာတွေက ပိုအရေးကြီး လာတယ်။ တချို့ သမရိုးကျ မီဒီယာသမားတွေထက် ကျင့်ဝတ်ပြည့်ဝတဲ့ တာဝန်ကျေပွန်တဲ့ လူထုတွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ အပြိုင်းအရိုင်း ရှိနေကြတာကိုး။
ဒစ်ဂျစ်တယ်လိုက်ဇေးရှင်းကြောင့် ကမ္ဘာပြားသလိုပဲ ဆိုရှယ်မီဒီယာကြောင့် သတင်းမီဒီယာ ပြားသွားပါပြီ။ သေချာတာကတော့ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ နည်းပညာကို တားဆီးထားနိုင်မှာ မဟုတ်တာပါပဲ။
(ဆောင်းပါးရှင် မွန်မွန်မြတ်သည် စာရေးဆရာမတဦးဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဖယပ်တက္ကသိုလ်တွင် Peace Building PhD program တက်ရောက် သင်ယူနေသူဖြစ်သည်)