ရခိုင်မြောက်ပိုင်းပြဿနာနှင့် ပတ်သက်၍ အနောက်နိုင်ငံများက အစိုးရအပေါ် အပြစ်တင်ဝေဖန်မှုများ ဆက်လက်ပြုလုပ်နေချိန် တွင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုက မြင့်တက်လာနေသည်။
တရုတ်အစိုးရ၏ (ယခင်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် လက်ထက်တွင် စတင်ကျယ်ပြန့်လာသည့် အနောက်တိုင်း၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ရည်ရွယ်သည့်) နေပြည်တော်မှ အစိုးရ ခေါင်းဆောင်များနှင့် ခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲ ထိတွေ့ ဆက်ဆံမှုက အကျိုးဖြစ်ထွန်းနေသည်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်ရာသို့ ရွေ့လျားနေသည်ဟု မြင်နေရ သည်။
သူ၏ အစိုးရအဖွဲ့ အာဏာမရရှိမီ အချိန်ကပင် ထိုစဉ်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံတွင် အနောက်တိုင်း၏ သြဇာလွှမ်းမိုးမှုမြင့်တက်နေခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ကူညီရန် ဆန္ဒရှိကြောင်းကိုလည်း သိစေခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သူ၏ ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်မရရှိမီ အချိန်ကတည်းကပင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ဘေဂျင်းသို့ ဖိတ်ခေါ်ခဲ့သည်။
ရခိုင်မြောက်ပိုင်းအရေးနှင့် ပတ်သက်၍ အနောက်တိုင်း၏ ဝေဖန်ပြစ်တင်ခြင်းနှင့် အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည် ပြုလုပ်ခြင်းက ယခုအခါ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်ခဲ့ရသည့် အသွင်ရှိသည်။ ပြည်သူလူထု တရပ်လုံးက တရုတ်လိုလားသူများ ဖြစ်လာခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော်လည်း တိုင်းပြည်၏ နိုင်ငံခြား ဆက်ဆံရေးက ဒေသတွင်း အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့ကြားတွင် ဟန်ချက်ညီမျှမှုတခု ဖော်ဆောင်နိုင်သည်ကို မြန်မာပြည်သူများက မြင်တွေ့လိုကြသည်။ အနောက်တိုင်းနှင့်လည်း ထိုနည်းတူ ဖြစ်သည်။
တရုတ်နိုင်ငံနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံ အနေဖြင့် မိမိတို့၏ အမျိုးသား အကျိုးစီးပွားအတွက် ရှေ့တန်းထားပြီး မြန်မာ နိုင်ငံအပေါ် တရုတ်အစိုးရ၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်သော စိုးရိမ်မှုများကို အမြဲအလေးထားသည့် သတိကြီးသော၊ ရည်ရွယ်ချက်ပါသော ချဉ်းကပ်မှုတခုကို ကျင့်သုံးသင့်ပါသည်။
ပြီးခဲ့သည့်နှစ်အတွင်းတွင် သတင်းမီဒီယာများတွင် မှန်မှန်ဖော်ပြခြင်းနှင့် ဖိုရမ်အများအပြား ကျင်းပပြုလုပ်ခဲ့ခြင်းများ၏ ကျေးဇူးကြောင့် တရုတ်နိုင်ငံ၏ ရည်ရွယ်ချက် ကြီးမားလှသော ခေတ်သစ်ပိုးလမ်းမ (Belt and Road Initiative -BRI) စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ရသည်။ စီမံကိန်းကို မြန်မာ အချို့က စွဲစွဲမြဲမြဲ ကန့်ကွက်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ အခြားသူများက သတိကြီးကြီး ကြိုဆိုခဲ့ကြသည်။ ဆန့်ကျင် တုန့်ပြန်မှုများ ရှိခဲ့ပြီး ဖြစ်သည်။
တရုတ်အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ သဘောသဘာဝနှင့် အချုပ်အခြာ အာဏာ၊ ပြည်သူတို့၏ စိုးရိမ်ပူပန်မှုတို့ကို လေး စားမှုထားရှိရင်း ၎င်းတို့ မည်သည့်အတိုင်းအတာထိ တွန်းအားပေးနိုင်မည်၊ မည်သည့်အချိန်တွင် အရှိန်လျှော့ရမည် ဆိုသည်ကို နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံမှ ခေါင်းဆောင်များအတွက် (အကယ်၍ သူတို့တွင် လုံလောက်သည့် အမြင်ရှိခဲ့လျှင်) သူတို့ကိုယ်သူတို့ ခိုင်မာ အောင်ပြုလုပ်ရန်နှင့် အလယ်အလတ် လမ်းကြောင်းတခုကို ရွေးချယ်ရမည့် အချိန်ဖြစ်ပါသည်။ ရှင်းနေသည့် အချက်မှာ မြန်မာနိုင်ငံက မည်သည့်နိုင်ငံ၏ ရုပ်သေးရုပ်မဟုတ်ပါ။ ကမ္ဘာပေါ်မှ အခြားသောနိုင်ငံ မှန်သမျှကဲ့သို့ပင် မိမိ၏ အမျိုးသား အကျိုးစီးပွားကို အစက ပထမထားရမည် ဖြစ်သည်။
အတိတ်ကာလများအတွင်းတွင် အတက်အကျ များပြားလှသည့် ၂ နိုင်ငံ ဆက်ဆံရေးမှ တဆင့် တရုတ်အစိုးရက ယခင် တပ်မတော်ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် မြန်မာနိုင်ငံ၏ ခေါင်း ဆောင်များနှင့် ထိတွေ့ဆက်ဆံနိုင်သည့် အထူးအခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထို့ကြောင့် တရုတ် နိုင်ငံက ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ရှိအစိုးရနှင့် နီးကပ်သောဆက်ဆံရေးများ ဖော်ဆောင်နိုင်သည်ကို မြင်တွေ့ရခြင်းက အံ့သြဖွယ်ရာ မဟုတ်ပါ။ အရှေ့ကိုမျှော်သည့် မူဝါဒ (Look East) ကို ကျင့်သုံးသည့်အတွက် တရုတ်နိုင် ငံနှင့် အိမ်နီးချင်းများအားလုံးနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းက မြန်မာနိုင်ငံအတွက် အကျိုးရှိမည် ဖြစ်သည်။
မြန်မာ သမ္မတ ဦးဝင်းမြင့်က ပြည်တွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် တာဝန်ရှိသော ဝန်ကြီးဌာန အသစ်တခုကို ဦးဆောင်ရန် အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းကို ခန့်အပ်ခဲ့သည်။ ဝန်ကြီးဌာနသစ်၏ တာဝန်များထဲမှ တခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အားလုံးက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာအရ တာဝန်ယူမှုရှိရေး သေချာစေရန် ဖြစ်သည်။ ထိုသို့ ခန့်အပ်ခြင်းက အစိုးရသည် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ခြင်းအားဖြင့် စီးပွားရေးတိုးတက်အောင် ပြုလုပ်ရန် ဦးစားပေးနေခြင်း ဖြစ်ကြောင်း ဖော်ပြနေသည်။
မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ နိုင်ငံတကာရေးရာဌာန အကြီးအကဲ ဆွန်တောင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အဆင့်မြင့်တာဝန်ရှိသူအသီးသီးနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
ဆွန်တောင်ကို လက်ခံတွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရပ်သား အဝတ်အစား ဝတ်ဆင်ပြီး လက်ခံတွေ့ဆုံခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးများနှင့် ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်ကို နောက်ထပ် တိုးမြှင့်မှုများ ပြုလုပ်သွားလိမ့်မည်၊ နိုင်ငံအတွင်းမှ နိုင်ငံရေး အင်အားစုများ၊ ပြည်သူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ကြားမှ ကောင်းမွန်သော ဆက်ဆံရေးများကို ထိန်းသိမ်းစောင့်ရှောက်သွားလိမ့်မည် ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွန်တောင်ကို ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြေင်း ဆွန်တောင်က ကတိပြုခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများစု အထူးသဖြင့် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြောက်ပိုင်းနယ်စပ် တလျှောက်မှ အဖွဲ့အစည်းများက ယခုအခါ တရုတ် အစိုးရ၏ သြဇာလွှမ်းမိုးမှု အောက်တွင် ရှိနေသည်။
ပြီးခဲ့သည့် လအတွင်းတွင် ဒေသအတွက် တရုတ်အစိုးရ၏ အခြေခံအဆောက်အဦး စီမံချက်၏ တစိတ်တပိုင်းအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်နှင့် မန္တလေးကို ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းတခု တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်နိုင်ချေလေ့လာဆန်းစစ်မှုတခု အကောင်အထည်ဖော်ရန် မြန်မာအစိုးရက သဘောတူညီ ခဲ့သည်။ စီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် သို့မဟုတ် CMEC ၏ တစိတ်တပိုင်း ဖြစ်ပြီး CMEC သည် ခေတ် သစ်ပိုးလမ်းမ သို့မဟုတ် BRI ၏ အစိတ်အပိုင်းတခု ဖြစ်သည်။
မူဆယ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ် နှင့် မြန်မာနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်သည့် နေရာတွင် ရှိနေသည်။ အကယ်၍ ယခင်အစိုးရလက်ထက်က အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်မည်ဆိုလျှင် မည်သို့ ဖြစ်ခဲ့မည်နည်း။ ပြည်သူလူထု၏ ဆန့်ကျင်မှုများ ပေါ်ထွက်ခဲ့ဖွယ်ရာ ပို၍များပါသည်။ သို့သော်လည်း ယခု အကြိမ်တွင်မူ မြန်မာပြည်သူတို့က ထိုကိစ္စနှင့် ပတ်သက်၍ ရေးကြီးခွင်ကျယ် မလုပ်ခဲ့ကြပါ။
ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် တရုတ်ကုမ္ပဏီတခုက ရခိုင်ပြည်နယ်တွင် အထူးစီးပွားရေးဇုန် (SEZ) တခု အကောင်အထည်ဖော်ရန် မူဘောင်သဘောတူညီချက်တခု လက်မှတ်ရေးထိုးခဲ့သော မြန်မာအစိုးရနှင့် ၎င်း၏ ဆက် ဆံ ရေးကို တရုတ်နိုင်ငံက ပိုမိုနက်ရှိုင်း စေခဲ့သည်။ ထိုစီမံကိန်းက တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိခွင့် ပေးမည် ဖြစ်သလို BRI ၏ အစိတ်အပိုင်းဖြစ်သည့် ဒေသတွင်းဆက်သွယ်မှုကိုလည်း တိုးမြှင့်ပေးနိုင်မည် ဖြစ်သည်။
အဆိုပါ သဘောတူညီချက်ကို လက်မှတ်မရေးထိုးမီ တရုတ်နိုင်ငံ၏ အကြွေးထောင်ချောက်တခုအတွင်းသို့ ကျဆင်းသွား နိုင်သည့် အန္တရယ်နှင့် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ၏ ဗျူဟာမြောက်အကျိုးစီးပွားတို့နှင့် ပတ်သက်၍ မြန်မာမီဒီယာတွင် အပြုသဘောဆောင် ရှင်းလင်း ဆွေးနွေးမှုများ ရှိခဲ့သည်။ ဧရာဝတီကလည်း ထိုစီမံကိန်းနှင့် ပတ်သက်၍ ဆောင်းပါးများ၊ တွေ့ဆုံမေးမြန်းမှုများနှင့် လေ့လာဆန်းစစ်မှုများကို မြန်မာဘာသာနှင့်ရော အင်္ဂလိပ်ဘာသာနှင့်ပါ ဆက်တိုက် ရေးသား ဖော်ပြခဲ့ပါသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံ စီးပွားရေး ၃ ခုကို ဆက်သွယ်ပေးသည့် ကုန်သွယ်ရေး စြင်္ကန်တခုအနေဖြင့် ဝန်ဆောင်ပေးနိုင်မည့် အလွန်ထူးခြားသည့် နေရာတွင် ရှိနေသည်။ အဓိက အချက်မှာ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အပေါ် လုံးလုံးလျားလျား မှီခိုနေခြင်း မဟုတ်သလို ထိုသို့လည်း မလုပ်သင့်ပါ။
အောက်တိုဘာလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးတက် ရောက်ရန် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဒါဇင်ပေါင်းများစွာသော ဂျပန် စီးပွားရေးလုပ်ငန်းရှင်များနှင့် သူ တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် သူတို့ကို ဖိတ်ခေါ်ခဲ့သည်။ ၂၀၁၇ ခုနှစ် အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် စတုတ္ထမြောက်အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။
ဧရာဝတီနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုတခုတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး အိချိရို မာရုယာမက ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ အရေးယူမှုများ ပြုလုပ်ရန် အဆိုပြုခြင်းကို ဂျပန်နိုင်ငံက ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ မြန်မာပြည်သူအများစု လိုချင်သည့် ဒီမိုကရေစီအရေးတွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ရည်မှန်းချက်ဆန္ဒနှင့် ထပ်တူ ဖြစ်ခဲ့သော်လည်း ရခိုင်အရေးတွင် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု သူက ဆိုသည်။ ထိုအဖြစ်အပျက်များက ရခိုင်ပြည်နယ် အခြေအနေ၏ ရှုပ်ထွေးမှုကို ဖော်ပြနေကြသည်ဟု ဂျပန် သံအမတ်ကြီးက ပြောသည်။
သို့သော်လည်း အရှေ့ကို မျှော်သည့် မူဝါဒတွင် နောက်ထပ် ဇာတ်ကောင်တခု ရှိပါသေးသည်။ အိန္ဒိယ ဖြစ်ပါသည်။
အနောက်နိုင်ငံများကဲ့သို့ မဟုတ်ဘဲ အိန္ဒိယ အစိုးရက မြန်မာနိုင်ငံ၏ သမိုင်းနှင့် ရှုပ်ထွေးမှုကို နားလည်သည်။ မြန်မာအစိုးရ နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒပြင်းပြနေသည်။ အိန္ဒိယ နိုင်ငံက (မြန်မာနိုင်ငံနှင့်) ကုန်သွယ်ရေး မိတ်ဘက်တဦး အနေဖြင့် တရုတ်နိုင်ငံနှင့် ယှဉ်လျှင် နောက်ကျနေဆဲ ဖြစ်သည်။ မြန်မာ နှင့် တရုတ်နိုင်ငံ ကြားမှ ကုန်သွယ်ရေးက ယခုနှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ကျော်မည်ဟု မျှော်လင့်ရသည်။
အိန္ဒိိယ၏ ကိုယ်ပိုင် အရှေ့မျှော်ဝါဒကို အရှေ့တွင် လှုပ်ရှားသည့်ဝါဒ(Act East) အဖြစ် အမည်ပြောင်းခဲ့သော အိန္ဒိယ ဝန်ကြီးချုပ် နေရိန်ဒြာ မိုးဒီက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်သမားများက မြန်မာလုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
တိုက်ပွဲများ၏ ရလဒ်တခု အဖြစ် သိန်းနှင့်ချီသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည်။ မြန်မာနိုင်ငံ သည်လည်း နိုင်ငံတကာ၏ ဝေဖန်ကန့်ကွက်မှုများ ရင်ဆိုင်ရသည့် အခြေအနေသို့ လျှင်လျှင်မြန်မြန်ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း နေရိန်ဒြာ မိုးဒီ၏ လက်တွေ့ကျသော ထိတွေ့ဆက်ဆံမှုက မြန်မာနိုင်ငံတွင် ကျေနပ်လက်ခံမှုများ ရရှိ ခဲ့သည်။
စစ်ကိုင်းတိုင်းမှ တမူးနှင့်အိန္ဒိယ နိုင်ငံ မဏီပူရ် ပြည်နယ်၊ မိုးရေးတို့ကြားမှ နယ်စပ်ဖြတ်ကျော်ရေး စခန်းသစ်တခု ဖွင့်လှစ်ခဲ့ပြီးသည့် အချိန်မှစ၍ ထိုဧရိယာအတွင်းသို့ ကမ္ဘာလှည့် ခရီးသည်များ စတင်ဝင်ရောက်လာခဲ့သည်။ အခြေခံ အဆောက်အဦး တိုးတက်လာသည်နှင့် အမျှ ၂ နိုင်ငံကြားမှ ကုန်သွယ်ရေးက တိုးတက်လာလိမ့်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ်သြဇာ လွှမ်းမိုးမှု၊ ၎င်းနှင့် အိန္ဒိယ နယ်စပ်နှင့်မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်အနီးတွင် အခြေစိုက် သည့် ရက္ခိုင့်တပ်မတော်(AA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် တရုတ်နိုင်ငံ၏ ထောက်ပံ့မှုတို့ကို အိန္ဒိယ အစိုးရက စိုးရိမ်ခဲ့သည်။ AA က ယခုအခါ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကြား နယ်စပ်အနီးတွင် စစ်ရေးလှုပ်ရှား မှုများ ပြုလုပ်နေသည်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တုန့်ပြန်ရန် အိန္ဒိယ နိုင်ငံဘက်မှ ပို မို၍ ထိတွေ့ဆက်ဆံရန် လိုအပ်နေသည်။
ဒေသက အမေရိကန်နိုင်ငံ၏ ဗျူဟာမြောက် အကျိုးစီးပွားအတွင်းတွင် ရှိနေသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာခြင်းကို တန်ပြန်ရန် ခေတ်မီ၍ပါးနပ်လိမ္မာသော သံတမန်နည်းလမ်းဖြင့် ထိတွေ့ဆက် ဆံရန် လိုအပ်လာပါလိမ့်မည်။
အာရှဒေသတွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြားမှ ယှဉ်ပြိုင်မှုနှင့် တင်းမာမှု တိုးလာခြင်းက ၎င်း၏ အရှေ့မျှော် မူဝါဒ နှင့် ပတ်သက်၍ ပိုမို၍ ဂရုပြုစဉ်းစားရန် မြန်မာနိုင်ငံအတွက် ဖိအားဖြစ်လာပါလိမ့်မည်။ အထူး သဖြင့် အရှေ့မျှော် ဗျူဟာ နှင့် ပတ်သက်၍ ဖြစ်သည်။
မကြာသေးမီက စင်ကာပူတွင် ပြုလုပ်ခဲ့သည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က“အင်ဒို-ပစိဖိတ် ဒေသတွင်းမှာ အင်ပါယာနဲ့ ကျူးကျော်ရန်စမှုအတွက် နေရာမရှိဘူးလို့ ကျနော်တို့ အားလုံး သ ဘောတူပါတယ်” ဟု တက်ရောက်လာသူခေါင်းဆောင်များကို ပြောကြားခဲ့သည်။
“ဒါပေမယ့် ကျနော်ရှင်းအောင် ပြောပါရစေ။ အင်ဒို-ပစိဖိတ် ဒေသ အတွက် ကျနော်တို့ရဲ့ အမြင်က နိုင်ငံ မခွဲခြားပါဘူး။ နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ အိမ်နီးချင်းတွေကို လေးစားမှုနဲ့ ဆက်ဆံဖို့၊ ကျနော်တို့ နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာ နဲ့ နိုင်ငံတကာ ဥပဒေစည်းကမ်းတွေကို လေးစားဖို့ပဲ လိုအပ်ပါတယ်။ ဟု သူက တရုတ်နိုင်ငံကို ရှင်းလင်းစွာ ဦးတည်သည့် သတိပေးချက်တခုတွင် ပြောကြားခဲ့သည်။
စင်ကာပူတွင် ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မိုက်ပန့်စ်နှင့် တွေ့ဆုံခဲ့သည်။ အမေရိကန် ဒုတိယ သမ္မတက ရိုဟင်ဂျာ မွတ်ဆလင်များအပေါ် မြန်မာတပ်မတော်၏ အပြုအမူများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ “ရိုဟင်ဂျာ မွတ်ဆလင် ၇၀၀၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးစေခဲ့တဲ့ တပ်မတော်နဲ့ လုံခြုံရေးတွေရဲ့ အကြမ်းဖက်မှုနဲ့ နှိပ်စက်မှုတွေက ခွင့်လွှတ်လို့ မရပါဘူး” ဟု သူက ပြောသည်။ ခေါင်းဆောင် ၂ ဦးက ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “ ဟုတ်ပါတယ် လူတွေမှာ ကွဲပြားခြားနားတဲ့ အမြင်တွေရှိပါတယ်။ ဒါပေမယ့် အရေးကြီးတာက ရှင့်အနေနဲ့ ဒီအမြင်တွေကို ဖလှယ်သင့်တယ်။ တယောက်ကို တယောက်ပိုပြီး နားလည်အောင် ကြိုးစားသင့်တယ်။” ဟု မိုက်ပန့်စ်ကို ပြောကြားခဲ့သည်။
“တနည်းအားဖြင့် ကျမတို့နိုင်ငံကို ကျမတို့က တခြားနိုင်ငံတွေထက် ပိုပြီးကောင်းကောင်း နားလည်တယ်လို့ ကျမတို့ ပြောလို့ ရပါတယ်။ ရှင့်နိုင်ငံနဲ့ ပတ်သက်လို့ ရှင်က တခြားလူတွေထက် ပိုပြီး နားလည်တယ်လို့ အလားတူ ရှင်ပြောလိမ့်မယ်ဆိုတာ သေချာပါတယ်” ဟု သူက ထပ်ပြောသည်။
တွေ့ဆုံဆွေးနွေးမှုက အဖြေမထွက်ခဲ့ပါ။ ဒီလို စကားပြောဆိုမှုတွေက ဆက်ရှိနေဦးမှာ မသေချာပါ။
သို့သော်လည်း စင်ကာပူ ထိပ်သီး အစည်းအဝေးတွင် အမေရိကန် အစိုးရ၏ ပစ်မှတ်မှာ တရုတ်ဖြစ်သည်။ တရုတ်အစိုးရ အတွက် နောက်ထပ် ပြောင်ပြောင်တင်းတင်း သတိပေးချက်တခု အနေဖြင့် မိုက်ပန့်စ်က “အင်ဒို-ပစိဖိတ် အတွက် အမေရိကန်ရဲ့ ကတိကဝတ်က တည်ကြည်ခိုင်မြဲပါတယ်” ဟု ပြောကြားခဲ့ပြီးနောက် အာဆီယံသည် ဒေသနှင့် ပတ်သက် သည့် အမေရိကန်၏ အမြင်တွင် မရှိမဖြစ်သော၊ အစားထိုး၍ မရနိုင်သော ဗျူဟာမြောက် မိတ်ဘက်တဦး အနေဖြင့် အဓိက နေရာတွင် ရှိနေသည်ဟု ထပ်မံပြောကြားခဲ့သည်။
“ကျနော်တို့ လုပ်သမျှအားလုံးမှာ အမေရိကန်က ပူးပေါင်းဆောင်ရွက်ဖို့ပဲ ကြိုးစားပါတယ်။ မထိန်းချုပ်ပါဘူး” ဟု သူက ပြောသည်။ “ခင်ဗျားတို့လိုပါပဲ။ ကျနော်တို့က ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ နိုင်ငံအားလုံးက အောင်မြင်တိုးတက်နိုင် တဲ့၊ အချုပ်အခြာအာဏာ လုံခြုံသေချာတဲ့၊ ကျနော်တို့ရဲ့ တန်ဖိုးတွေကို ယုံကြည်စိတ်ချတဲ့ အတူတကွ အားကောင်းဖွံ့ဖြိုး လာတဲ့ အင်ဒို-ပစိဖိတ် ဒေသ တခုဖြစ်စေချင်ပါတယ်။”
တရုတ်နှင့် အမေရိကန် ကြားမှ တင်းမာမှုများ မြင့်တက်လာချိန်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်များ အနေဖြင့် ယှဉ်ပြိုင်မှု အတွင်းတွင် ပိတ်မိခြင်းမှ ရှောင်ရှားနိုင်မည့် လမ်းကြောင်းတခုကို ဖော်ထုတ်ရန် ရှေ့ရေးကို မျှော်တွေးခြင်းနှင့် ရှင်းလင်းသော အမြင်တခု လိုအပ်လိမ့်မည်။
ဒုတိယ ကမ္ဘာစစ်အတွင်းက ဒေသတွင်းတွင် သူတို့၏ ကိုယ်ပိုင် ဗျုဟာ ဦးစားပေးမှုများ ရှိကြသည့် မြန်မာနိုင်ငံသည် ဗြိတိန်၊ အမေရိကန်နှင် ဂျပန်တပ်ဖွဲ့များ တိုက်ခိုက်ကြရာ စစ်မြေပြင်တခု ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံက ကစားပွဲတွင် နယ်ရုပ်တခုမျှသာ ဖြစ်ခဲ့ရသည်။
ယခုတကြိမ်တွင် မြန်မာနိုင်ငံက တရုတ်နှင့် အမေရိကန်တို့၏ ယှဉ်ပြိုင်မှုကြားတွင် ပိတ်မိခြင်းကို ရှောင်ရှားနိုင်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံက တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ကျန်သည့် အာရှနိုင်ငံများနှင့် ဆက်လက် ထိတွေ့ဆက်ဆံရေးကို ပုံဖော်ရာတွင် တည်ငြိမ်မှုနှင့် အမျိုးသားအကျိုးစီးပွားကို ဖြစ်စေမည့် မူဝါဒများနှင့် လက်တွေ့ကျခြင်းတို့က အခြေခံ ဖြစ်ရမည် ဖြစ်သည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ အနေဖြင့် အမေရိကန် အပါအဝင် အနောက်တိုင်း နှင့် လုံးလုံးလျားလျား ခွာပြဲရန်လည်း ဖြစ်နိုင်မည် မဟုတ်ပါ။
(အောင်ဇော်သည် ဧရာဝတီ အယ်ဒီတာချုပ်နှင့် တည်ထောင်သူ ဖြစ်သည်။ ၎င်း၏ Look East Policy Is Fine, but a Balancing Act Is Needed ကို ဘာသာပြန်ဆိုသည်။)