အစိုးရက မီဒီယာတာဝန်ကို ယူပြီး သတင်းထုတ်ပြန်နေသင့် မသင့်ဆိုတာ ဆွေးနွေးမှုတွေ ကြားရပါတယ်။ အင်္ဂလိပ်လိုဆိုရင် State media (State-owned media, State-run media) တချို့က Government media လို့ သုံးနှုန်းကြတာလည်း တွေ့ရတယ်။
State vs Government (နိုင်ငံရယ် နိုင်ငံကိုအုပ်ချုပ်နေတဲ့ အစိုးရရယ်) လက်တွေ့အဓိပ္ပာယ်မှာ ထပ်တူကျမကျ ကတော့ တခြားသော ဆွေးနွေးစရာဖြစ်တယ်။ State media ကို မြန်မာလို တခါပြန်ပြောရရင် နိုင်ငံပိုင် မီဒီယာ ပဲဆိုပါတော့။ နိုင်ငံတခုမှာ တချို့သော လုပ်ငန်းတွေကို နိုင်ငံပိုင် (State-owned) ပဲ ဖြစ်ရမယ်လို့ ပြဌာန်း ထားတဲ့ ဥပဒေမျိုးတွေရှိတယ်။
မြန်မာနိုင်ငံမှာဆိုရင် SEE Law လို့ ခေါ်တဲ့ State-owned Economic Enterprises Law မှာ နိုင်ငံပိုင် အနေနဲ့သာ လုပ်ဆောင်နိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြဌာန်းထားတာ ရှိတယ်။ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ရမှသာ ပုဂ္ဂလိကက လုပ်ဆောင်နိုင်မယ်။
နောက်တခု စဉ်းစားစရာကတော့ State vs People (နိုင်ငံနဲ့ ပြည်သူ) ဖြစ်တယ်။ နိုင်ငံပိုင်လို့ ပြောလိုက်ရင် ပြည်သူပိုင်လို့လည်း ရည်ညွှန်းစရာ ဖြစ်သင့်တယ်။ ပိုင်ဆိုင်မှုမှာ အရေးကြီးတဲ့ အချက် နှစ်ခု ရှိတယ်။ တခုက ငွေကြေးကိစ္စ၊ နောက်တချက်က အုပ်ချုပ်ရေးအတွက် ဆုံးဖြတ်ချက်တွေ။ နိုင်ငံပိုင်လို့ ဆိုရင် နိုင်ငံရဲ့ ဘဏ္ဍာ ဖြစ်တယ်။ ဆုံးဖြတ်ချက်ကလည်း နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရက ချမှတ်တယ်။
ဒီနေရာမှာ နိုင်ငံရဲ့ ဘဏ္ဍာဟာ အခွန်ထမ်း ပြည်သူတွေရဲ့ ဘဏ္ဍာဖြစ်ပြီး၊ အစိုးရဆိုတာလည်း ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်မယ်ဆိုရင် နိုင်ငံပိုင်ဆိုတာ ပြည်သူပိုင် ဆိုတာနဲ့ ထပ်တူကျမကျ စဉ်းစား ရပါမယ်။
ဆုံးဖြတ်ချက် ချတဲ့အပိုင်းမှာလည်း နိုင်ငံအုပ်ချုပ်သူတွေဟာ ပြည်သူက ရွေးချယ် တင်မြှောက်ထားသူတွေ ဖြစ်ခဲ့ရင် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူကို ကိုယ်စားပြုပြီး သဘောတရားအားဖြင့် ပြည်သူနဲ့ ထပ်တူ ကျရမှာဖြစ်တယ်။ ဖြစ်သင့်တဲ့ အနေအထား အရပေါ့လေ။
တချို့သော လုပ်ငန်းတွေအပေါ်မှာ အစိုးရတွေရဲ့ စဉ်းစားပုံရှိပါတယ်။ အဲဒါကတော့ ပြည်သူလူထု အကျိုးစီးပွား ဆိုတာပါပဲ။ သမဝါယမစနစ် လုပ်ကြတဲ့အခါ အဲဒီစဉ်းစားပုံတွေ ပါတယ် (လက်တွေ့မှာ မှန်းသလို ဖြစ်မဖြစ် ဆိုတာကတော့ တပိုင်းပေါ့)။ တခြားသော ဥပမာတွေကတော့ လမ်းတံတား Infrastructure တို့၊ ကျောက်မျက် တွင်းထွက်တို့ စသဖြင့်ပေါ့။
စဉ်းစားတဲ့အထဲမှာ လုံခြုံရေးလို ကိစ္စမျိုး ပါတတ်သလို၊ ငွေကြေးနဲ့ သက်ဆိုင်တဲ့ အကြောင်းလည်း အဓိက ပါတယ်။ အဲဒီလို လုပ်ငန်းမျိုးကို အစိုးရက ဦးစီးလုပ်ဆောင်တဲ့အခါ နိုင်ငံနဲ့ ပြည်သူ ဆိုတာလည်း ဆက်စပ် နေတဲ့အတွက် ရတဲ့အကျိုးအမြတ်ဟာ ပြည်သူ့အတွက်၊ ပြည်သူ သက်သာချောင်ချိဖို့ အတွက် ဆိုတာမျိုး (သီအိုရီအားဖြင့်) စဉ်းစားတတ်ကြပါတယ်။
နိုင်ငံပိုင်မီဒီယာတွေနဲ့ ပတ်သက်လို့ ကွဲလွဲတဲ့ အယူအဆ ၂ မျိုးရှိတယ်။ ပထမ တခုကတော့ Public Interest Theory က ဆင်းသက်တယ်။ ပြည်သူ့ အကျိုးစီးပွား ရှေ့ရှုတယ်လို့ ဆိုရမယ်။ ပြည်သူ့အကျိုးစီးပွား ဘက်က ကြည့်ရှုသူတွေ ကတော့ သတင်းအချက်အလက် ဆိုတာ Public goods ဖြစ်တယ်။ သတင်း အချက် အလက်ဟာ တန်ဖိုးကြီးတယ်၊ သတင်းအချက်အလက် ရယူခြင်း၊ ဖြန့်ဝေခြင်းတွေ ဟာလည်း ကုန်ကျစရိတ် များတယ်။ ဒါကြောင့် နိုင်ငံရဲ့ ဘဏ္ဍာငွေနဲ့ သတင်းအချက်တွေကို ပြည်သူတွေအတွက် ရယူဖြန့်ဖြူးပေးခြင်းဟာ လိုလားဖွယ်ဖြစ်တယ်။
အစိုးရကိုယ်တိုင်က သတင်းအချက်အလက် စုဆောင်းပေးတဲ့အခါ တဦးတယောက်ပိုင် မီဒီယာထက်၊ ဘက်လိုက်ခြင်း ပိုကင်းမယ်၊ ကုန်ကျစရိတ် ပိုသက်သာပြီး အချက်အလက် ပိုမိုပြီးပြည့်စုံ၊ တိကျမယ်လို့ ဆိုတယ်။
တဖက်ကတော့ Public Choice Theory က ဒီအဆိုကို ဆန့်ကျင်တယ်။ အစိုးရတရပ်က သတင်းမီဒီယာကို ကိုယ်တိုင် စုစည်းဖြန့်ချိတဲ့အခါ အုပ်ချုပ်သူ အနိုင်ရပါတီရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဘက်က အသားပေးအောင် သတင်းအချက်အလက်ကို ပုံဖော်လိမ့်မယ်လို့ ဆိုတယ်။ အစိုးရရဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေ ရှိလာရင် အစိုးရက တာဝန်ယူထုတ်ဝေနေတဲ့ မီဒီယာကနေ ထောက်ပြဝေဖန် ထိန်းကျောင်းဖို့ မဖြစ်နိုင်ဘူး။ အဲဒါဟာ ဒီမိုကရေစီစံနှုန်းနဲ့ ပဋိပက္ခဖြစ်စရာ အကြောင်းရှိပါတယ်။
ပြီးတော့ ပုဂ္ဂလိကနဲ့ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ အသံတွေကို တားမြစ်ဟန့်တားရာလည်း ရောက်စေတယ်လို့ ဆိုတယ်။ အာဏာရှင်ကြီးစိုးတဲ့ နိုင်ငံတွေမှာ နိုင်ငံပိုင် သတင်းစာကတဆင့် ဝါဒဖြန့်ချိတာတွေကိုလည်း နမူနာ အားဖြင့် ကြုံတွေ့ခဲ့ကြရတယ်။
နိုင်ငံပိုင်မီဒီယာ တည်ရှိမှုဟာ ပုဂ္ဂလိကပိုင်မီဒီယာတွေရဲ့ လွတ်လပ်မှုကို နှောင့်ယှက်နေသလား ဆိုတာက တခြားသော မေးခွန်းဖြစ်တယ်။
နိုင်ငံပိုင် မီဒီယာ တမျိုးတည်းကိုသာ ခွင့်ပြုထားပြီး ပုဂ္ဂလိကပိုင် မီဒီယာတွေကို ခွင့်ပြုမထားဘူး ဆိုရင် ပြိုင်ဆိုင်မှုအရ လက်ဝါးကြီး အုပ်ထားတာဖြစ်လို့ မီဒီယာလွပ်လပ်ခွင့်ကို ထိပါးတာ သေချာတယ်။ ဒါပေမဲ့ နိုင်ငံပိုင်မီဒီယာလည်း တည်ရှိနေတဲ့အပြင်၊ ပုဂ္ဂလိကပိုင် မီဒီယာတွေကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပြုထားတယ် ဆိုရင် လက်ဝါးကြီးအုပ်တယ်လို့ ဆိုရမှာ ခက်ခဲပါတယ်။
နိုင်ငံပိုင်မီဒီယာ တည်ရှိမှုဟာ ပုဂ္ဂလိကပိုင်မီဒီယာတွေကို လူတွေ မသုံးစွဲဖြစ်အောင် (မဝယ်အောင်) တားဆီး ပိတ်ပင်ရာ ရောက်နေသလား ဆိုတာလည်း စဉ်းစားနိုင်တဲ့ မေးခွန်း နောက်တခုဖြစ်တယ်။ နိုင်ငံပိုင်မီဒီယာကို အစိုးရဟာ ဝါဒဖြန့်ဖို့ သုံးစွဲနေပြီး သတင်းတွေရဲ့ အရည်အသွေးဟာ ကျဆင်းနေတယ်ဆိုရင်တော့ သတင်း အမှန်တွေနဲ့ အရည်အသွေးရှိတဲ့ သတင်းတွေကို တခြားသော မီဒီယာတွေဆီက ဖတ်သူဟာ ရွေးချယ်နိုင်ခွင့် ရှိတယ်။ အဲဒီအခြားသော မီဒီယာတွေ ထုတ်ဝေရေးသားခွင့် ရှိနေဖို့တော့ လိုအပ်မယ်။
နိုင်ငံပိုင်မီဒီယာတွေရဲ့ ဈေးနှုန်းဟာ သက်သာနေတာကြောင့် ပုဂ္ဂလိကမီဒီယာကို လူတွေမဝယ်အောင် တားဆီးပိတ်ပင်ရာ ရောက်နေသလားဆိုတာလည်း မေးစရာ ရှိကောင်းရှိမယ်။
နိုင်ငံဘဏ္ဍာဖြစ်တဲ့အတွက် အစိုးရဟာ သတင်းစာတွေကို လိုအပ်ရင် အရှုံးခံပြီး သက်သာတဲ့ ဈေးနှုန်းနဲ့ ဖြန့်ချိနိုင်တယ်။ အစိုးရဖြစ်တဲ့အတွက် သတင်းယူတဲ့ နေရာမှာရော၊ ဖြန့်ချိတဲ့နေရာမှာပါ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကွန်ရက် ချိတ်ဆက်မှုမှာလည်း အားသာတယ်။ ဒါပေမယ့် ဈေးသက်သာတာ တခုနဲ့တင် အရည်အသွေးကို မကြည့်တော့ဘဲ လူတွေဟာ မီဒီယာကို သုံးစွဲနေတာလားလို့ ပြန်လည် မေးခွန်းထုတ် နိုင်တယ်။
မိမိကိုယ်ပိုင် အတွေ့အကြုံနဲ့ ပြောရရင်တော့ တချိန်က စစ်အစိုးရလက်ထက်မှာ နိုင်ငံပိုင် သတင်းစာတွေကနေ သတင်းအမှန် မရနိုင်တဲ့အခါ ပြည်ပမှာ နေထိုင်စဉ်ကတော့ မဇ္ဈိမ၊ ဧရာဝတီ၊ မိုးမခ၊ ဟစ်တိုင်၊ ဘီဘီစီ စတဲ့ ပြည်ပ အခြေစိုက် မီဒီယာတွေကနေ သတင်းတွေရော၊ ဆောင်းပါးတွေပါ အမြဲမပြတ် ဖတ်ရှုခဲ့တယ်။ ဘလော့ဂ်တွေ ခေတ်စားလာတော့ ဒေါက်တာလွဏ်းဆွေလို သတင်းအမြန်သိနိုင်၊ လင့်ခ်တွေစုံလင်တဲ့ ဘလော့ဂ်တွေကို မဖြစ်မနေ ဖတ်ခဲ့ပါတယ်။
နောက်တော့ ပုဂ္ဂလိက ပြည်တွင်း သတင်းစာ ဂျာနယ်တွေ ထုတ်ဝေခွင့်ရလာတဲ့အခါ ပြည်ပအခြေစိုက် မီဒီယာတွေထက် ပိုမြန်ပြီး ပိုအသေးစိတ် သိနိုင်တဲ့ ပြည်တွင်း ပုဂ္ဂလိက သတင်းစာ ဂျာနယ်တွေကို ပိုပြီး ဦးစားပေး ဝယ်ယူဖတ်ရှုခဲ့တယ်။
အခုနောက်ပိုင်း ဆိုရှယ်မီဒီယာမှာ သတင်းရင်းမြစ်တွေကို အလွယ်တကူ အခမဲ့ ရနိုင်လာတဲ့အခါ သိလိုတဲ့သတင်း အတော်များများကို ဆိုရှယ်မီဒီယာထဲက တဆင့် ဖတ်ရှုတဲ့အတွက် ပုံနှိပ်စာစောင်တွေကို မဝယ်ဖြစ်သလောက် ဖြစ်လာပါတယ်။ အစိုးရထုတ် သတင်းစာကိုတော့ သာရေးနာရေး ကိစ္စတွေ၊ ကြော်ငြာတွေ အတွက် ယခင်ကလိုပဲ စာမျက်နှာကို နောက်ကနေ ပြန်လှန် ဖတ်ဖြစ်နေပါတယ်။
မိမိအတွက်တော့ ပုဂ္ဂလိကထုတ် ပုံနှိပ် သတင်းစာ၊ ဂျာနယ်၊ စာစောင်တွေ အရင်ကလို သိပ်မဝယ်ဖြစ်တော့တာ ဆိုရှယ်မီဒီယာမှာ အမြန်ဆုံး တက်လာတဲ့ သိပြီးသား သတင်းတွေကို ပုံနှိပ်မှာ နောက်တခေါက် ပြန်မဖတ်အား၊ အချိန်မရ၊ မဖတ်ချင်တော့တာက တကြောင်း၊ ဆောင်းပါးတွေကို အရင်ကလောက် စိတ်ဝင်တစား မဖတ်ဖြစ် တော့တာက တကြောင်း စတဲ့ အကြောင်းတွေကြောင့် ဖြစ်တယ်။
အစိုးရထုတ် သတင်းစာနဲ့တော့ မသက်ဆိုင်ပါ။ အစိုးရထုတ် သတင်းစာ မရှိလည်း ဝယ်ချင်မှ ဝယ်ပါမယ်။
သတင်းမီဒီယာမှာ ဆိုရှယ်မီဒီယာရဲ့ အခန်းကဏ္ဍဆိုတာ ကိုယ့်ဆီမှာမှ မဟုတ်ဘဲ တကမ္ဘာလုံးက စိတ်ဝင်စား သိချင်နေကြတဲ့ ပုစ္ဆာတပုဒ်ဖြစ်တယ်။ အင်တာနက်ပေါ်လာပြီး ဆိုရှယ်မီဒီယာတွေ ခေတ်စားလာပြီးတဲ့နောက် သတင်း မီဒီယာအပါအဝင် ပုံနှိပ်စာစောင်တွေ ကျဆုံးလာပါတယ်။
Business model လို့ခေါ်တဲ့ ဈေးရောင်းနည်းကို ပြောင်းလဲရတော့မယ်လို့ ပြောနေတာ အနည်းဆုံး ဆယ်စုနှစ် တစု မကတော့ပါဘူး။
မီဒီယာတွေနဲ့ ပတ်သက်လာရင် လွတ်လပ်ခွင့် ဆိုတဲ့ စကားဟာလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတခုပါပဲ။ လွတ်လပ်ခွင့်ဆိုရာမှာ အုပ်ချုပ်သူ အာဏာပိုင်များက ပေးတဲ့ ဥပဒေဆိုင်ရာ လွတ်လပ်ခွင့်ဟာ အရေးကြီးပါတယ်။ မီဒီယာတွေ လွတ်လပ်ဖို့ မီဒီယာတွေ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုခွင့်ကို အစိုးရတရပ်က ဥပဒေအရ ခွင့်ပြုပေးဖို့ လိုပါတယ်။
ဥပဒေတွေထဲမှာ လွတ်လပ်ပွင့်လင်းစွာ ဝေဖန်ပြောဆို ထောက်ပြတာကို ချုပ်ချယ် တားဆီး ပိတ်ပင်တာ၊ အရေးယူ အပြစ်ပေးတာတွေ ရှိနေရင် လွတ်လပ်ခွင့်ဟာ ကျိန်းသေ ကျဆင်းမှာပါ။
လွတ်လပ်ခြင်းရဲ့ အခြားသော အနက်အဓိပ္ပာယ်မှာ အမှီအခို ကင်းဖို့၊ ဘက်လိုက်မှုကင်းဖို့ ပါပါတယ်။ ဒီနေရာမှာလည်း ပိုင်ဆိုင်မှုအောက်မှာ ငွေကြေးကိစ္စနဲ့ ဆုံးဖြတ်ချက်ကိစ္စ ပါလာပါတယ်။ အစိုးရရဲ့ ဘဏ္ဍာငွေနဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်အောက်မှာ ရေးသားလုပ်ဆောင်တဲ့ မီဒီယာမို့ အစိုးရအဖြစ် အုပ်ချုပ်နေတဲ့ အနိုင်ရ ပါတီရဲ့ အာဘော်အတိုင်းပဲ ဖြစ်ပြီး ဝေဖန်ထောက်ပြမှုတွေကို မလုပ်ဆောင်ဘူးဆိုရင် ဒီမိုကရေစီမဆန်သလို တဦးတယောက် သို့မဟုတ် အဖွဲ့အစည်းတခု ပိုင်တဲ့ မီဒီယာမို့ ထိုသူများရဲ့ အာဘော်အတိုင်းပဲ ဖြစ်ပြီး ဘက်လိုက်မှု ရှိနေတယ်ဆိုရင်လည်း ဒီမိုကရေစီစံနှုန်းနဲ့ မညီပါဘူး။
ဒီတော့ လက်တွေ့မှာ ဘာတွေဖြစ်နေလဲ ဆိုတာသိဖို့ မီဒီယာတွေရဲ့ အရည်အသွေးကို တိုင်းတာစရာ လိုအပ်လာပါမယ်။
လွတ်လပ်ခွင့်ပေးထားခြင်း မခံရရင် မီဒီယာတွေရဲ့ အရည်အသွေးကို ထိခိုက်စရာအကြောင်း ရှိပေမဲ့ လွတ်လပ်ခွင့် တခုတည်းကသာလျှင် မီဒီယာတွေရဲ့ အရည်အသွေးကို တိုင်းတာတဲ့ အတိုင်းအတာ လို့တော့လည်း ဟုတ်မယ်မထင်ပါဘူး။
သတင်းမှန်ကန်ခြင်း၊ တိကျခြင်း၊ လိုရာဆွဲမှု ထိန်ချန်မှု မရှိခြင်း၊ သမာသမတ်ကျခြင်း၊ ဘက်လိုက်မှုကင်းခြင်း၊ ထောင့်စေ့ပြီး လိုအပ်တဲ့ အသေးစိတ်ကို သတင်းလိုက်ယူနိုင်စွမ်း ရှိခြင်း၊ အချိန်နဲ့ တပြေးညီဖြစ်ခြင်း၊ အများ ပြည်သူ့ အကျိုးစီးပွား ရှုထောင့်ကနေ အရေးကြီးတဲ့သတင်းနဲ့ အရေးမကြီးတဲ့သတင်းကို သင့်တင့်အောင် ခွဲခြားဖြန့်ချိနိုင်စွမ်းရှိခြင်း၊ ပရော်ဖက်ရှင်နယ် ဆန်ပြီး မီဒီယာ ကျင့်ဝတ်နဲ့ ညီညွတ်ခြင်း၊ စတာတွေဟာ မီဒီယာ တခုအပေါ်မှာ ဖြစ်စေချင်တဲ့ သာမန် ပြည်သူတယောက်ရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။
တခြားနိုင်ငံတွေမှာလည်း မီဒီယာတွေကို ဘယ်သူတွေက ပိုင်ဆိုင်နေပြီး ဘယ်လိုပုံစံနဲ့ စီမံအုပ်ချုပ်နေကြသလဲ ဆိုတာ လေ့လာစရာ ဖြစ်ပါတယ်။
BBC ဟာ Charter နဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ Statutory body ဖြစ်တယ်။ Public-owned အများပိုင်ဖြစ်တယ်။ BBC Board အဖွဲ့က စီမံတယ်။ အစိုးရရဲ့ တိုက်ရိုက် စီမံအုပ်ချုပ်မှု မဟုတ်ဘူးလို့ ဆိုတယ်။
VOA ဟာ အမေရိကန်အစိုးရရဲ့ ငွေကြေးနဲ့ လည်ပတ်တဲ့ မီဒီယာဖြစ်တယ်။ သူလည်း Charter အဖွဲ့အစည်း ဖြစ်တယ်။ Channel News Asia ဟာ Mediacorp ရဲ့ Subsidiary ဖြစ်တယ်။ Mediacorp ဟာ Temasek Holdings ပိုင် ဖြစ်တယ်။ Temasek Holdings ဟာ စင်ကာပူ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်။
သူတို့တတွေရဲ့ စီမံအုပ်ချုပ်ပုံတွေ၊ အာဘော်တွေဟာ အစိုးရဖြစ်နေတဲ့ အနိုင်ရပါတီရဲ့ သြဇာကနေ သို့မဟုတ် မီဒီယာပိုင်ဆိုင်သူရဲ့ သြဇာကနေ ကင်းလွတ်သလား၊ ကင်းလွတ်တယ်ဆိုရင် ကင်းလွတ်အောင် မီဒီယာအဖွဲ့အစည်းရဲ့ အုပ်ချုပ်မှုစနစ်ကို ဘယ်လို စီမံနိုင်သလဲဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်တယ်။ တကယ်လို့ နိုင်ငံပိုင် ဆိုတာဟာ ပြည်သူပိုင် ဆိုတာနဲ့ ထပ်တူကျမယ်ဆိုရင်တော့ ပြည်သူနဲ့ထပ်တူ ကိုယ်စားပြုဖို့ မျှော်လင့်နိုင်မယ်။
အစိုးရက မီဒီယာတာဝန်ကို ယူပြီး သတင်းထုတ်ပြန် မနေသင့်တော့ဘူးဆိုရင် လက်ရှိ အစိုးရပိုင်မီဒီယာတွေကို ရပ်ဆိုင်း လိုက်ရမှာလား။ အဲဒီဘတ်ဂျက်ကို ရပ်ဆိုင်းရမှာလား။ ဝန်ထမ်းတွေ အလုပ်ဖြုတ်ရမှာလား။ ရှိပြီးသား ကွန်ရက်တွေ၊ ရှိပြီးသား Infrastructure တွေ၊ ရှိပြီးသား ကျွမ်းကျင်မှုတွေကို ဘယ်လို အသုံးချမှာလဲ။
ဒါမှမဟုတ် Privatized လုပ်ရမှာလား။ ပုဂ္ဂလိကပိုင်လုပ်ရင်ရော တစိတ်တပိုင်းလား၊ အပြည့်လား၊ အစိုးရနဲ့ ဖက်စပ်လား။ အဲဒီပုဂ္ဂလိက ကဏ္ဍကို ဘယ်သူတွေကို ပေးမှာလဲ။ ဘာနဲ့ရွေးချယ်မှာလဲ။ အဲဒါကိုလည်း တရားမျှတအောင် ဘယ်လိုလုပ်မလဲ။ အသေးစိတ်တွေ စဉ်းစားဖို့ လိုပါမယ်။ တိုက်တွန်းသူတွေက စဉ်းစား ပြီးသားလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။
တဖက်ကလည်း ဘယ်သူပိုင် ဘယ်သူစီမံတာပဲဖြစ်ဖြစ် နိုင်ငံတွင်းက (Local) မီဒီယာတွေဟာ မိမိနိုင်ငံ ပြည်သူ့အသံကို ကိုယ်စားပြုပြီး မိမိ ပြည်သူရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုရမယ်လို့ ဆိုတာကလည်း စဉ်းစားစရာဖြစ်လာတယ်။
ယနေ့ ကမ္ဘာဆန်လာတဲ့ ခေတ်ကြီးမှာ မေးခွန်း တွေပိုကြီးလာတယ်။ အကျိုးစီးပွားတွေ၊ စံချိန်စံနှုန်းတွေ ထပ်တူ မညီနိုင်တဲ့အခါ မီဒီယာတခုက ထုတ်ပြန်လိုက်တဲ့ သတင်းဟာ မှန်ကန်ပြီး အမှီအခိုကင်းမဲ့၊ ဘက်မလိုက်တဲ့ သတင်းဖြစ်နေစေကာမူ နိုင်ငံက ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေတာမျိုးရော ဖြစ်တတ်သလားလို့ မေးစရာပေါ်လာမယ်။
မီဒီယာတွေရဲ့ အရည်အသွေးကို ဘာတွေနဲ့ ဘယ်လိုတိုင်းတာပြီး ဘယ်လိုမီဒီယာမျိုး ဖြစ်စေချင်တာလဲ ဆိုတာ ဒီ့ထက် အသေးစိတ် စဉ်းစားချင်ပါသေးတယ်။
(ပန်ဒိုရာသည် မြန်မာ အမျိုးသမီး ကဗျာဆရာ တဦး ဖြစ်သည်။ သူ၏ ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားချက်ကို စာရေးသူ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်။)
ဆက်စပ်ဖတ်ရှုရန် – မီဒီယာ ပြားပြီ