ကချင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူများဖြစ်သော လွမ်းဇောင်း၊ ဇော်ဂျက်နှင့် နန်ပူတို့အား မကြာသေးမီက ချမှတ်ခဲ့သော စီရင်ချက်သည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတိုးခြင်းမှ လွဲပြီး အခြားမည်သည့် အကျိုးကိုမျှ မဖြစ်စေပေ။ မြစ်ကြီးနားမှ တရားရုံးများသည် ဒီဇင်ဘာလ ၇ ရက်နေ့က အထက်ပါ တက်ကြွလှုပ်ရှားသူသုံးဦးကို ထောင် ၆ လနှင့် ဒဏ်ငွေကျပ် ၅ သိန်းစီ ချမှတ်ခဲ့သည်။
တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) တို့အကြား တိုက်ပွဲများပြင်းထန်နေချိန်ဖြစ်သည့် ယခုနှစ်အစောပိုင်းက ထောင်နှင့်ချီသော ကချင်တိုင်းရင်းသားများသည် နေအိမ်များမှ ထွက်ပြေးလာပြီးနောက် တောများအတွင်း ပိတ်မိနေကြသည်။ ထိုပိတ်မိနေသော အမျိုးသားများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များကို ကယ်ဆယ်ရန် ကြိုးစားသည့်အနေဖြင့် ခရစ်ယာန် ခေါင်းဆောင်များ၊ ရာနှင့်ချီသော လူမှုအခြေပြု အဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာထွက်ပြေးရသူများသည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ မေတ္တာရပ်ခံစာများ ပေးပို့ခဲ့ကြသည်။
နိုင်ငံခေါင်းဆောင်များသည် ထိုစာများကို တုံ့ပြန်သည့်အနေဖြင့် မည်သည့်အရေးယူဆောင်ရွက်မှုကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိကြပေ။ ထိုသို့လုပ်ဆောင်မှု မရှိသောကြောင့် ကချင်လူငယ်များသည် လူထုဆန္ဒပြပွဲတခုကို ဧပြီလ ၃၀ ရက်နေ့က မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည်။ ထိုသို့သော ကန့်ကွက်ပွဲများသည် အခြားသော ပြည်နယ်၊ တိုင်းများသို့ သာမက အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်ကဲ့သို့သော ပြည်ပနိုင်ငံများသို့လည်း ကူးစက်သွားသည်။
ထိုသို့မေတ္တာရပ်ခံခဲ့သည်ကို ရှောင်ရှားနေခဲ့ရုံသာမက အာဏာပိုင်များသည် ဆန္ဒပြပွဲများကိုပါဖြိုခွဲပြီး လူအများအပြားကို ဖမ်းဆီးကာ ဥပဒေနှင့် မညီသောလုပ်ရပ်များဆောင်ရွက်သည်ဟု တရားစွဲဆိုခဲ့သည်။ မြန်မာသေနင်္ဂဗျူဟာနှင့် မူဝါဒလေ့လာရေးဌာနက ကောက်ယူခဲ့သော အချက်အလက်များအရ ဆန္ဒပြသူ စုစုပေါင်း ၄၅ ဦးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ၊ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖေါ်ခွင့် ဥပဒေနှင့် အသရေဖျက်မှု ဥပဒေ များကို ချိုးဖေါက်သည်ဟု ဆိုကာ တရားစွဲဆိုခဲ့သည်။
အထက်ပါ ကချင်တက်ကြွလှုပ်ရှားသူ သုံးဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက ရာဇဝတ်မှု ဥပဒေ ပုဒ်မ ၅၀၀ ဖြင့် မေလ ၈ ရက်နေ့တွင် တရားစွဲဆိုသည်။ ၇ လကြာ တရားရင်ဆိုင်အပြီး ဒီဇင်ဘာလ ၇ ရက်နေ့တွင် အထက်ပါ တက်ကြွလှုပ်ရှားသူ သုံးဦးကို တရားရုံးက ထောင် ၆ လနှင့် ဒဏ်ငွေကျပ် ၅ သိန်းစီ ချမှတ်လိုက်သည်။ ဒဏ်ငွေပေးဆောင်ရန် ပျက်ကွက်ပါက နောက်ထပ် ထောင် ၆ လစီ ထပ်မံချမှတ်ခံရမည်ဖြစ်သည်။
တရားရုံး၏ စီရင်ချက်ကို တုံ့ပြန်သည့် အနေဖြင့် ထိုနေ့နှောင်းပိုင်းမှာပင် ကချင်လူငယ်များသည် တရားရုံးပြင်ပတွင် စုဝေးပြီး မနောကွင်းသို့ ချီတက်ကာ တက်ကြွလှုပ်ရှားသူ ၃ ဦးအတွက် တရားမျှတမှုကို တောင်းဆိုကြသည်။ အံ့သြစရာကောင်းသည်မှာ ထိုချီတက်ဆန္ဒပြပွဲခေါင်းဆောင် ၃ ဦးဖြစ်သည့် ဆတ် ဆိုင်းထွိုင်၊ ဆိုင်းခမ်အောင်နှင့် ဘရန်မိုင် တို့ကို ဖမ်းဆီး တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။
ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖေါ်သူ ၃ ဦးအပေါ် ချမှတ်လိုက်သည့် ပြင်းထန်သော စီရင်ချက်ကြောင့်သာမက နောက်ထပ် ၃ ဦးကို ထပ်မံဖမ်းဆီးလိုက်ခြင်းကြောင့် လူအများအပြား စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြသည်။ ထိုဖြစ်ရပ်ကို တုံ့ပြန်သောအားဖြင့် ရာနှင့်ချီသော လူမှုအခြေပြုအဖွဲ့များ၊ အခွင့်အရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ သံရုံးများနှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲနှင့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက တရားရုံးရုံး၏ ဆုံးဖြတ်ချက်ကို ရှုတ်ချပြီး ထိုဆုံးဖြတ်ချက်ကို ပယ်ဖျက်ရန် တောင်းဆိုခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် ရိုဟင်ဂျာတို့၏ ကံကြမ္မာကြောင့်သာမက ကချင်နှင့် ရှမ်းပြည်နယ် တဝန်းတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြင့်မားလာသော နိုင်ငံတကာဖိအားကို အစိုးရနှင့် တပ်မတော်တို့ ရင်ဆိုင်နေရပြီး အရေးကြီးသည့် လမ်းစုံလမ်းခွသို့ ရောက်ရှိနေသည်။
တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ အဂတိလိုက်စားမှု၊ မြေယာ သိမ်းယူမှု၊ စီးပွားရေးကျဆင်းလာခြင်းနှင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့် ပျက်စီးလာခြင်းတို့အပြင် နိုင်ငံတကာဖိအားသည် အစိုးရနှင့် တပ်မတော်တို့အတွက် ဆိုးရွားလှသော ဝန်ထုတ်ဝန်ပိုးကို ဖြစ်စေသည်။ အထက်ပါ ကချင် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးလိုက်ခြင်းကြောင့် ယခုအခါ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအား ပိုမိုများပြားလာပြန်သည်။
သို့သော် ကချင်တိုင်းရင်းသားများသည် အလျှော့ပေးမည့်သူများ မဟုတ်ပေ။ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် တက်ကြွလှုပ်ရှားသူ သုံးဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့် လူထု ဆန္ဒ ပြပွဲ ထောင်နှင့်ချီသည့် ကချင်တိုင်းရင်းသားများ တက်ရောက်မည်ဟု မျှော်လင့်ရသည်။
ထို့ကြောင့် အစိုးရနှင့်တပ်မတော်တို့သည် ပြည်သူများ၏တောင်းဆိုမှုကို လက်ခံခြင်းနှင့် တက်ကြွလှုပ်ရှားသူ ၃ ဦးအပေါ်ချမှတ်ထားသည့် စီရင်ချက်များ ပယ်ဖျက်ခြင်း၊ ဒီဇင်ဘာလ ၇ ရက်နေ့က ဆန္ဒထုတ်ဖေါ်သူများကို စွဲဆိုထားသည့် စွဲချက်များ ရုတ်သိမ်းခြင်းတို့ဖြင့် သဘောထားကြီးမှုနှင့် အကျင့်သီလကို ပြသင့်ပေသည်။ ထိုသို့ပြုလုပ်ခြင်းမရှိပါက မိမိတို့၏ အနာများကို မိမိတို့ဖာသာ ဆားနှင့်ပွတ်ခြင်းသာ ဖြစ်နေပေလိမ့်မည်။
(Myanmar Rubbing Salt into its Own Wounds ကို ဆီလျော်အောင် ဘာသာပြန်သည်။)