တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs) သုံးခု၏ မဟာမိတ်အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်း ပါဝင်မည်ဆိုသည့် မြန်မာငြိမ်းချမ်းရေးကော်မရှင်၏ ကြေညာချက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လေ့လာသူ အများအပြား ကျေနပ်အားရ ဖြစ်ကြသည်။
မြန်မာ့တပ်မတော်နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်သည် တရုတ်နိုင်ငံတွင် ၂ နှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများ၏ ရလဒ်ဖြစ်သည်။
နောက်ဆုံး ကြေညာချက်တွင် လက်နက်ဖြုတ်သိမ်းရေး ဟူသောစကားလုံးကိုသုံးရန် တပ်မတော်က တောင်းဆို သောကြောင့် ဆွေးနွေးပွဲများ ကာလရှည်ကြာစွာ တုံ့ဆိုင်းနေခဲ့ဖူးသည်။
EAOs သုံးခုတို့သည် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် လက်နက်ကိုင်မည့်အစား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လိုသော စစ်မှန်သည့် ဆန္ဒရှိကြသည်ဟု ငြိမ်းချမ်းရေးကော်မရှင်၏ ကြေညာချက်က ဖော်ပြသည်။ ထိုကြေညာချက်ကို EAOs ၃ ခုက ၎င်းတို့သည် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘော ဆောင်သော ခြေလှမ်းများကို ကြိုဆိုကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ငြိမ်းချမ်းရေး ကော်မရှင်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်းတို့ ၃ ဖွဲ့သည် နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းလိုသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်ဆင်ရေးများ ရပ်ဆိုင်းထားမည်ဟု ၎င်းတို့ပြောပြီး မြန်မာ့တပ်မတော်ကလည်း ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရန် အလားတူပြုလုပ်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြသည်။
ထိုအဖွဲ့ ၃ ဖွဲ့နှင့် သဘောတူညီချက် လက်မှတ်ထိုးရန် တပ်မတော်၏ ဆုံးဖြတ်ချက်ကြောင့် တချို့သော ငြိမ်းချမ်းရေး လေ့လာသူများ နားမလည်နိုင်ဖြစ်ကြသည်။ တပ်မတော်သည် ၎င်းတို့ကို ခါးခါးသီးသီး ဆန့်ကျင်နေသည်မှာ အတန်ကြာပြီ ဖြစ်သည်။ ၎င်းတို့နှင့် တိုက်ခိုက်ရင်း တပ်မတော်တပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး အထူးသဖြင့် မကြာသေးမီက ကိုးကန့်ဒေသနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် အများအပြား သေဆုံးခဲ့သည်။ တပ်မတော်က ၎င်းတို့ကို အကြမ်းဖက် သမားများအဖြစ် ယခင်က ကြေညာထားသည်။
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရသော အစိုးရအောက်တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု စတင်ခဲ့ပြီးမှ ထို EAOs ၃ ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုလက်နက်ကိုင် အဖွဲ့အစည်း ၃ ခုကို တပ်မတော်က အသိအမှတ်မပြုဘဲ ဒီမိုကရေစီ အစိုးရအောက်တွင် တိုင်းရင်းသား အခွင့်အရေးအတွက် လက်နက်ကိုင် တိုက်ခိုက်ရမည်ဟူသော အယူအဆကို ပယ်ချသည်။
ထိုအဖွဲ့များကို နှစ်ပေါင်းများစွာ တပ်မတော်က အသိအမှတ်မပြုလိုရခြင်း အကြောင်းရင်းများစွာရှိသည်။ ထိုအကြောင်းများ အနက် တခုမှာ ၎င်းတို့ကို တပ်မတော်က အသိအမှတ်ပြုလိုက်လျှင် ၎င်းတို့၏ တိုင်းရင်းသားဒေသသို့ ပြန်ရန် မလွယ်ကူ ခြင်းကြောင့် ဖြစ်သည်။ ဥပမာ ဆိုရပါက AA သည် ၎င်းတို့ ဒေသသို့ တနေ့တွင် ပြန်နိုင်ကောင်း ပြန်နိုင်မည်ဖြစ်သော်လည်း လတ်တလောတွင် ကချင်ပြည်နယ် လွိုင်ဇာတွင် အခြေစိုက်နေသည်။
ထိုလက်နက်ကိုင် အဖွဲ့များသည် စစ်ရေးအင်အား ကောင်းကြသည်မှာလည်း အချက်တချက်ဖြစ်သည်။ ဥပမာဆိုရပါက TNLA တွင် အင်အား ၆ ထောင်ရှိပြီး AA တွင် အင်အား ၄ ထောင်ရှိသည်။
နှိုင်းယှဉ်ချက်အားဖြင့် မကြာသေးမီကမှ ဖွဲ့စည်းခဲ့သော်လည်း ၎င်းတို့သည် တိုက်ရည်ခိုက်ရည်ကောင်းကြသည်။ ၎င်းတို့နှင့် တိုက်တိုင်း တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးများကြသည်။ ၎င်းတို့ကို စေ့စပ်ညှိနှိုင်းရေး စားပွဲသို့ ဆောင်ယူ လိုက်ခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်သော်လည်း ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် မကြာမီ တိုက်ပွဲများ ရပ်ဆိုင်းခြင်းရှိမရှိကိုမူ ဆက်လက် စောင့်ကြည်ရဦးမည်ဖြစ်သည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဦးဆောင်သော အခန်းကဏ္ဍရှိသော်လည်း မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် တပ်မတော်၏ သဘောထားကို အကြီးအကျယ် မှီခိုနေရသည်။ သို့သော် ငြိမ်းချမ်းရေး ကော်မရှင်၏ လုပ်ဆောင်ချက်ကို မိမိတို့အားလုံး ကြိုဆိုရမည်ဖြစ်သည်။
ငြိမ်းချမ်းရေးလိုလားလျှင် တပ်မတော်အနေဖြင့် ပြောင်းလဲရမည့် အရာများစွာရှိသည်။ သို့သော် ကရင်အမျိုးသား အစည်းအရုံး (KNU) က ဆွေးနွေးပွဲများတွင် ပါဝင်မှု ဆိုင်းငံ့ထားသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လတ်တလော ရပ်တန့်လုနီး ဖြစ်နေသည်။ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုမှ ခွဲမထွက်ကြောင်း ကတိပေးပြီး နိုင်ငံတနိုင်ငံတွင် တပ်မတော်တခုသာ ရှိရမည်ဟု မကြာသေးမီက ပြောလိုက်သောအခါ တင်းမာမှု မြင့်မားလာသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် တပ်မတော်၏ သြဇာသက်ရောက်မှုနှင့်ပတ်သက်ပြီး KNU သည် စိတ်မချမ်းမသာ ဖြစ်နေသည်။ ငြိမ်းချမ်းရေးညှိနှိုင်းရာတွင် တန်းတူညီမျှမရှိဟု ခံစားရသောကြောင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေး ပူးတွဲ ကော်မတီ အစည်းအဝေးမျာကို တက်ရောက်မည်မဟုတ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကလည်း ကြေညာခဲ့သည်။
အထက်ပါ အဖွဲ့အစည်း ၃ ခုကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများအပြားက တပ်မတော်ကို တောင်းဆိုနေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ ထို ၃ ဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်က လက်ခံခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ KNU ပြန်လာရန် အားပေးနိုင်ခြင်းကြောင့် လုပ်ငန်းစဉ် တခုလုံးအတွက်ကောင်းသည်။ သို့သော် ထိုသို့လက်ခံခြင်း၏ နောက်တွင် နိုင်ငံရေးပြဿနာများ ရှိနိုင်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ရှမ်းပြည်မြောက်ပိုင်းတွင် မကြာသေးမီက တိုက်ပွဲများ မကြာခဏ ဖြစ်ပွားသည်။ ထိုတိုက်ပွဲများကို တပ်မတော်က လက်ရှောင်နေသည်။ RCSS သည် TNLA ၏ မဟာမိတ်အဖွဲ့တဖွဲ့နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့နှင့်တိုက်သည်။ ယခင်ကတိုက်ပွဲများတွင် တပ်မတော်နှင့် EAOs တဖွဲ့ သို့မဟုတ် တဖွဲ့ထက် ပိုသော အဖွဲ့များသာ တိုက်ပွဲဖြစ်လေ့ရှိသောကြောင့် ပြိုင်ဘက် EAOs အချင်းချင်းတိုက်ပွဲများသည် တပ်မတော်၏ ပုံရိပ်ကို မြှင့်တင်ပေးသကဲ့သို့ ဖြစ်သည်။
TNLA သည် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် လက်မှတ်ရေးထိုးပါက TNLA နှင့် RCSS အကြား နယ်မြေပိုင်နက်အတွက် တိုက်ခိုက်မှုများ ပိုမို ဖြစ်ပေါ်လာနိုင်သည်။ ထိုနည်းအားဖြင့် တပ်မတော်သည် ရန်သူများကို ကိုယ်တိုင် တိုက်စရာမလိုတော့ဘဲ ပြိုင်ဘက် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုအချင်းချင်း သတ်ဖြတ်သည်ကို အသာအယာ ခွင့်ပြုထားလိုက်နိုင်သည်။ သို့သော် ထိုအချက်သည် တိုင်းပြည်အတွက် ကောင်းမည့်ပုံမပေါ်ပေ။
တပ်မတော်က ထို ၃ ဖွဲ့ကို ယခင်က လက်မခံလိုသည့် တခြား အကြောင်းရင်းတခုမှာ ၎င်းတို့သည် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ အဖွဲ့ဝင်များ ဖြစ်သောကြောင့်ဖြစ်သည်။ FPNCC တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) နှင့် SSPP အပါအဝင် အဖွဲ့ ၇ ဖွဲ့ပါဝင်သည်။ အထက်ပါ ၃ ဖွဲ့ကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးလိုက်လျှင် ကျန် FPNCC အဖွဲ့ဝင်များလည်း အလိုအလျောက် ပါဝင်လာမည်ဟု တပ်မတော်နှင့် အစိုးရက ထင်ကောင်း ထင်နိုင်ပေသည်။
(လဝီဝမ်သည် ဧရာဝတီမီဒီယာ အင်္ဂလိပ်ပိုင်းအကြီးတန်း သတင်းထောက် တဦးဖြစ်သည်။ ၎င်း၏ Peace Commission’s Acceptance of Three EAOs Deserves Praise ကို ဘာသာပြန်ဆိုသည်။)